ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

မလေးရှားနိုင်ငံ၏ စားအုန်းဆီဈေးနှုန်းသည် ဩဂုတ်လ၌ အတက်အကျ အကန့်အသတ်အတွင်းရှိနိုင်

    မလေးရှားနိုင်ငံရှိ စားသုံးဆီအဓိကတင်သွင်းသူများအနေဖြင့် စားအုန်းဆီဝယ်လိုအား အေး နေပြီး စွမ်းအင်ဈေးနှုန်း အခိုင်အမာရှိနေသော်လည်း စားအုန်းဆီဈေးနှုန်းသည် နောက်လအတွင်း အတက်အကျ အကန့်အသတ်အတွင်း ရှိနိုင်ကြောင်း စားအုန်းဆီကောင်စီ(industry council) က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

    စားအုန်းဆီကြမ်းဈေးနှုန်းသည် ဩဂုတ်လတွင် တစ်တန်ကို ၄,၄၀၀ ရင်းဂစ် မှ ၄,၆၅၀ ရင်းဂစ် အကြား အရောင်းအဝယ်ဖြစ်နိုင်မည်ဟု မျှော်မှန်းထားကြောင်း မလေးရှားစားအုန်းဆီ ကောင်စီက ထုတ်ပြန်ကြေညာချက်တစ်ခုမှာ ပြောကြားခဲ့သည်။ ဘိုင်အိုဒီဇယ်ဝယ်ယူမှု စည်းမျဉ်း သတ်မှတ်ချက်များအပြင် အမေရိကန်-အီရန် ပဋိပက္ခပြန်လည်ဖြစ်ပွားခြင်းကြောင့် လောင်စာဆီ ဈေးနှုန်းသည် စားအုန်းဆီနှင့် ပဲပုတ်ဆီဈေးနှုန်းထက် ပိုမိုမြင့်တက်စေလာသည်ကို ဂရုပြုမိလာ စေခဲ့သည်။

    အဓိကစားသုံးသည့် ဈေးကွက်တွင် ဟင်းသီးဟင်းရွက်ဆီလက်ကျန်ပမာဏမြင့်မားနေခြင်း နှင့် ဝယ်လိုအားနည်းနေခြင်းတို့ကြောင့် ဈေးနှုန်းပိုမိုရရှိရန် အကန့်အသတ်ရှိနိုင်ကြောင်း အဆိုပါ ကောင်စီက ဆိုသည်။

    ရေခဲမုန့်မှသည် ဆပ်ပြာဆီအထိ တွင်ကျယ်စွာ အသုံးပြုလျက်ရှိသည့် စားသုံးဆီ၏ ဈေးနှုန်း သည် ရာသီဥတု အခြေအနေအပေါ် စိုးရိမ်မှုများကြောင့် ကုန်ထုတ်လုပ်မှုကျဆင်းခဲ့သဖြင့် ယခုနှစ် မှစ၍ ၁၄ ရာခိုင်နှုန်း မြင့်တက်သွားသည်။ သို့သော်ငြားလည်း ဝယ်လိုအားနည်းနေချိန် ပစ္စည်းလက် ကျန် များပြားခြင်းက ဈေးနှုန်း အဆမတန်မြင့်တက်ခြင်းကို ထိန်းသိမ်းနိုင်ဖို့အတွက် အထောက် အပံ့ ဖြစ်စေခဲ့သည်။

    မတ်လကစတင်ပြီး ရာသီအလိုက် ထုတ်လုပ်မှု တိုးတက်သည့် ကာလသို့ ရောက်ရှိလာသဖြင့် လစဉ်ထုတ်လုပ်မှုပမာဏသည် ဇွန်လ၌ ၈ ရာခိုင်နှုန်းထိ မြင့်တက်ကာ တန်ချိန်ပေါင်း ၁.၆၃သန်းထိ ရှိခဲ့သောကြောင့် မလေးရှားနိုင်ငံရှိ ဆီလက်ကျန်ပမာဏသည် ‌၄ လ အတွင်း အမြင့်ဆုံး မြင့်တက် ခဲ့သည်။

    အဓိက တင်သွင်းသည့်ဈေးကွက်၌ ဟင်းသီးဟင်းရွက်ဆီဝယ်လိုအားသည် အသင့်အတင့် အနေအထားသာ ရှိနေသေးကြောင်း အဆိုပါ ကောင်စီက ပြောကြားခဲ့သည်။ ထို့အပြင် တင်သွင်းမှု နှေးကွေးနေသော်ငြားလည်း လက်ကျန်ပမာဏမြင့်မားနေခြင်းက ငွေကြေးဖောင်းပွမှု ဖိအားများ ကြားတွင် ဆီစားသုံးမှုနည်းပါးနေသည်ကို ညွှန်းဆိုနေကြောင်း သိရသည်။

    သို့သော်လည်း အိန္ဒိယနိုင်ငံသည် ဒီပါဝလီ (Diwali) ပွဲတော် မတိုင်မီကာလများဖြစ်သည့် ဇူလိုင်လ နှင့် စက်တင်ဘာလအကြားကာလများတွင် ပုံမှန်အားဖြင့် နှစ်စဉ် ဟင်းသီးဟင်းရွက်ဆီ လိုအပ်ချက်၏ ၃၀ ရာခိုင်နှုန်းခန့်ကို တင်သွင်းလေ့ရှိသဖြင့် ကုန်ပစ္စည်း ပြန်လည်ဖြည့်တင်းမှုများ ပြုလုပ်လာမည်ဖြစ်ရာ ဝယ်လိုအားကို ပြန်လည်ဖြည့်တင်းပေးလိမ့်မည်ဟု ကောင်စီက မျှော်လင့် ထားသည်။

   မလေးရှားနိုင်ငံစားအုန်းဆီကောင်စီကို အစိုးရမှကိုယ်စားလှယ်များအပြင် ဆီစက်ပိုင်ရှင် များ၊ ဆီသန့်စင် စက်ပိုင်ရှင်များ၊ စိုက်ပျိုးသူ တောင်သူငယ်များ၊ ထုတ်လုပ်သူများနှင့် အခြားသော စက်မှုလုပ်ငန်း အသင်းအဖွဲ့များဖြင့် ပါဝင်ဖွဲ့စည်းထားရှိကြောင်း သိရသည်။

Source: The Edge Malaysia, 23 Jul 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အင်ဒိုနီးရှားအစိုးရက ဇီဝဒီဇယ်ဆီ B50 ထုတ်လုပ်ပိုင်ခွင့်ပြုမှုသည် စားအုန်းဆီကြမ်းတင်ပို့မှုကို မထိခိုက်စေကြောင်း ပြောကြား

    အင်ဒိုနီးရှားနိုင်ငံ၊ စီးပွားရေးရေးရာ ပေါင်းစပ်ညှိနှိုင်းရေးဝန်ကြီးဌာနက စားအုန်းဆီ ၅၀ % ပါဝင်သည့် ဇီဝဒီဇယ်ဆီ(B50)အစီအစဉ်ကို မဖြစ်မနေအကောင်အထည်ဖော်ပါက အင်ဒိုနီးရှား၏ စားအုန်းဆီကြမ်း (CPO) တင်ပို့မှုပမာဏကို လျှော့ချစေမည်မဟုတ်ကြောင်း အာမခံထားသည် ကို အင်ဒိုနီးရှားအခြေစိုက် ANTARA သတင်းဌာနက ဇူလိုင်လ ၂၀ ရက်က ဖော်ပြထားသည်။

    စီးပွားရေးရေးရာပေါင်းစပ်ညှိနှိုင်းရေးဝန်ကြီးဌာနမှ ချိတ်ဆက်မှုနှင့် ဝန်ဆောင်မှုဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်ဖြစ်သူ ဒုတိယဝန်ကြီး Mr. Dida Gardera က (B50) အစီ အစဉ်ကို  မဖြစ်မနေ အကောင်အထည်ဖော်ပါက အင်ဒိုနီးရှား၏ စားအုန်းဆီကြမ်း (CPO) တင်ပို့မှု ပမာဏကို လျှော့ချစေမည်မဟုတ်ကြောင်း အာမခံထား ပြောကြားရခြင်းမှာ ၂၀၂၄ ခုနှစ် တွင် B35 အစီအစဉ်မှ B40 အစီအစဉ်သို့အကူးအပြောင်းကာလအတွင်း နိုင်ငံ၏အောင်မြင်သော လမ်းကြောင်း မှတ်တမ်းက ကျောထောက်နောက်ခံပြုထားခြင်းကြောင့်ဖြစ်ကြောင်း ဇူလိုင်လ ၁၇ ရက် (တနင်္လာနေ့) တွင် ပြောကြားခဲ့သည်။

    ၂၀၂၄  ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း B35 မှ B40 သို့ တိုးမြှင့်လိုက်သည်နှင့်အမျှ ပြည်တွင်း စားအုန်းဆီ လိုအပ်ချက်သည် ကီလိုလီတာ ၃ သန်းမှ ၄ သန်းအထိ မြင့်တက်လာခဲ့သည်။ အဓိက အားဖြင့် နိုင်ငံတော်၏ စားအုန်းဆီပို့ကုန်ကလည်း အဆိုပါကာလတွင်  ကီလိုလီတာ ၃ သန်းမှ ၄ သန်းအထိ မြင့်တက်လာပါသည်ဟု Mr. Dida က ရှင်းလင်းပြောကြားသည်။

   ခိုင်မာသော ပို့ကုန်များသည် ပြည်တွင်း ဇီဝဒီဇယ်ဆီကဏ္ဍအတွက် အရေးပါသော မက်လုံး တစ်ခု အဖြစ်ရပ်တည်နေကာ နိုင်ငံတကာကုန်သွယ်မှုကို အထိခိုက်ခံ၍ မရသည့်အတွက် အစိုးရ အနေဖြင့် ဟန်ချက်ညီအောင် ထိန်းသိမ်းဖော်ဆောင်လျက်ရှိကြောင်း ၎င်းကအလေးပေး ပြောကြား ခဲ့သည်။

     ၎င်း၏အဆိုအရ အစိုးရက စားအုန်းဆီမဟာဗျူဟာတွင် အဓိကကဏ္ဍကြီးသုံးရပ်ဖြစ်သည့် B50 လုပ်ပိုင်ခွင့်ပြုမှု၊ ပြည်တွင်းစားသုံးဆီရရှိမှုနှင့် အသေးစားစိုက်ခင်းများ သက်သာချောင်ချိရေး တို့ကို ဦးစားပေးဆောင်ရွက်ခဲ့သည်။

       အဆိုပါ ဦးစားပေးလုပ်ငန်းသုံးရပ် တစ်ပြိုင်နက် အောင်မြင်မှုရရှိစေရန် ဝန်ကြီးဌာနက ဆီအုန်း စိုက်ခင်းရန်ပုံငွေ စီမံခန့်ခွဲရေးအင်ဂျင်စီ (Plantation Fund Management Agency (BPDP)) အပါအဝင် သက်ဆိုင်ရာအေဂျင်စီများနှင့် အနီးကပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း ၎င်းက ဆိုသည်။

       အစိုးရက ကာဗွန်ထုတ်လွှတ်မှုလျှော့ချရန်နှင့် အမျိုးသားစွမ်းအင်လုံခြုံရေးကို အား ကောင်း ခိုင်မာစေရန် အစိုးရ၏မဟာဗျူဟာကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် ၂၀၂၆ ခုနှစ် ဇူလိုင်လတွင် B50 လုပ်ပိုင်ခွင့်ပြုမှုကို တရားဝင်စတင်ခဲ့သည်။ B50 မူဝါဒက သဘာဝပတ်ဝန်းကျင် အကျိုးကျေးဇူး များအပြင် ၂၀၂၆ ခုနှစ်ကုန်တွင် နိုင်ငံခြားငွေ ရူပီ ၁၇၀ ထရီလီယံ (ညီမျှအမေရိကန်ဒေါ်လာ ၉.၄၈ ဘီလီယံ)ကို နိုင်ငံတော်က ချွေတာနိုင်မည်ဖြစ်ပြီး ပြည်တွင်းစားအုန်းဆီကြမ်း၏ တန်ဖိုးကို မြှင့်တင်ကာ လူပေါင်း ၂.၁ သန်းခန့်အတွက် လည်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေး မည်ဖြစ်သည်။

      လွန်ခဲ့သည့် နှစ်ပတ်အကြာ ဇူလိုင်လ ၉ ရက်တွင် သမ္မတက B50 မူဝါဒကို တရားဝင် စတင် ဆောင်ရွက်ရေးမိတ်ဆက်သည့် Launch အခမ်းအနားပြုလုပ်ခဲ့ပြီး B50 အားအပြည့်အဝ ဖော်ဆောင်မှုကို ကြိုတင်စီမံထားသည့်အဆင့်လိုက် အချိန်ဇယားအတိုင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
      လက်ရှိ B40 စားအုန်းဆီစတော့လက်ကျန်များကို ဖျက်သိမ်းရန်နှင့် B50 စံနှုန်းနှင့်အညီ နည်းပညာပိုင်းဆိုင်ရာ ရောစပ်မှုလုပ်ငန်းစဉ်များကို ချိန်ညှိဆောင်ရွက်ရန် လောင်စာဆီဖြန့်ဖြူး ရောင်းချသူများအား သုံးလကြာ အကူးအပြောင်းကာလအဖြစ် ခွင့်ပြုသတ်မှတ်ထားကြောင်း သိရ သည်။
      B50 အစီအစဉ်အတွက် အရာအားလုံး အဆင်သင့်ဖြစ်နေပါကြောင်း၊ သို့သော် ကျန်ရှိနေ သေးသည့် B40 စားအုန်းဆီစတော့လက်ကျန်များကြောင့် ထုံးစံအတိုင်း အကူးအပြောင်း ဖြစ်စဉ် တစ်ခု ဖြစ်လာမှာဖြစ်ကြောင်း၊ လက်ရှိမှာတော့ အစီအစဉ်အတိုင်း လုပ်ဆောင်နေပြီး တင်းကျပ် သည့် စောင့်ကြည့်အကဲဖြတ်မှုကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း စီးပွားရေးရေးရာ ပေါင်းစပ်ညှိနှိုင်းရေးဝန်ကြီးဌာနမှ ချိတ်ဆက်မှုနှင့် ဝန်ဆောင်မှု ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကျွမ်းကျင် ပညာရှင်ဖြစ်သူ ဒုတိယဝန်ကြီး Mr. Dida Gardera က နိဂုံးချုပ်ပြောကြားခဲ့သည်။

Source: ANTARA, 20 Jul 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

သဘာဝရော်ဘာ တစ်ကီလိုဂရမ်လျှင် ရူပီး ၅၀ ထပ်မံတိုးမြှင့်၍ အိန္ဒိယအစိုးရဝယ်ယူလျက်ရှိ

   ရော်ဘာစိုက်တောင်သူများသက်သာချောင်ချိစေရေး ‌ငွေကြေးထောက်ပံ့မှုအနေဖြင့် သဘာဝ ရော်ဘာတစ်ကီလိုဂရမ်လျှင် ရူပီး ၂၀၀ မှ ၂၅၀ အထိ  တိုးမြှင့်၍ အနိမ့်ဆုံးဈေး သတ်မှတ် ဝယ်ယူ ပေးလျက်ရှိကြောင်း Kerala ပြည်နယ်အစိုးရက တနင်္လာနေ့က ပြောကြားခဲ့သည်။

    ရော်ဘာထုတ်လုပ်ရေးအထောက်အကူပြုအစီအစဉ်အရ အနိမ့်ဆုံးဈေးသတ်မှတ်ဝယ်ယူခြင်း ကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့မှစတင်၍ ဥပဒေမူကြမ်းတွင် စတင်ထည့်သွင်းသွားမည် ဖြစ် ကြောင်း ပြည်နယ်ဝန်ကြီးချုပ်ရုံးမှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

    ပြည်နယ်ဝန်ကြီး V D Satheesan က ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်တက်လာသည့်အတွက် ရော်ဘာစိုက်တောင်သူများအား ထောက်ပံ့ပေးနိုင်ရေး နိုင်ငံ့ဘဏ္ဍာရန်ပုံငွေတွင် တိုးမြှင့်ထည့်သွင်း ထားခြင်းဖြစ်ကြောင်းအသိပေးကြေညာထားသည်။

    ရော်ဘာစိုက်တောင်သူများ၊ အသင်းအဖွဲ့များနှင့် လူထုကိုယ်စားလှယ်များက စိုက်ပျိုးကုန် ကျစရိတ်အဆမတန်များပြားနေသည့်အတွက် အနိမ့်ဆုံးဈေးသတ်မှတ်ချက်အား တိုးမြှင့်ပေးရန် တောင်းဆိုလျက်ရှိကြောင်း သိရသည်။ တောင်းဆိုမှုများအရ အစိုးရအနေဖြင့် သဘာဝရော်ဘာ တစ်ကီလိုဂရမ်လျှင် ရူပီး ၂၀၀ မှ ၂၅၀ အထိ ရူပီး ၅၀ ထပ်မံတိုးမြှင့်၍ ဝယ်ယူသွားရန် ဆုံးဖြတ်ခဲ့ ကြောင်းသိရသည်။

Source :The Hindu Business Line, 20 Jul 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

စင်္ကာပူနိုင်ငံ၏ ရေနံမဟုတ်သော ပြည်တွင်းပို့ကုန် တိုးတက်မှု လျော့ကျသွား

        ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် Enterprise Singapore ၏ တရားဝင်အချက်အလက်များအရ စင်္ကာပူနိုင်ငံ၏ ရေနံမဟုတ်သော ပြည်တွင်းပို့ကုန်သည် မေလတွင် ၃၈.၄ ရာခိုင်နှုန်းအထိ စံချိန်တင်တိုးတက်ခဲ့ရာမှ ယခု ဇွန်လတွင် တစ်နှစ်ထက်တစ်နှစ် နှိုင်းယှဉ်ချက်အရ ၂၀.၇ ရာခိုင်နှုန်းသာ တိုးတက်ခဲ့သဖြင့် တိုးတက်မှုနှုန်း လျော့နည်းသွားကြောင်း သိရသည်။

       AI နှင့် သက်ဆိုင်သော ထုတ်ကုန်များအပေါ် ဝယ်လိုအား မြင့်မားမှုကြောင့် လျှပ်စစ်ပစ္စည်း ပို့ကုန်သည် ၁၀၅.၁ ရာခိုင်နှုန်းအထိ သိသိသာသာ ထိုးတက်သွားခဲ့သော်လည်း လျှပ်စစ်မဟုတ်သော ပို့ကုန်မှာမူ ၂.၉ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။

        ရေနံမဟုတ်သော ပြန်လည်ပို့ကုန်မှာ မေလတွင် ၃၃.၅ ရာခိုင်နှုန်း တိုးတက်ခဲ့ရာမှ ဇွန် လတွင် တစ်နှစ်ထက်တစ်နှစ် နှိုင်းယှဉ်ချက်အရ ၆၀.၃ ရာခိုင်နှုန်းအထိ တိုးတက်မှုပိုမိုမြန်ဆန်လာခဲ့သည်။ လျှပ်စစ်ပစ္စည်း ပြန်လည်ပို့ကုန်နှင့် လျှပ်စစ်မဟုတ်သော ပြန်လည်ပို့ကုန် တို့သည် အသီးသီး ၈၃.၁ ရာခိုင်နှုန်းနှင့် ၂၈ ရာခိုင်နှုန်းစီ အသီးသီး တိုးတက်ခဲ့ကြောင်း သိရသည်။

         စင်္ကာပူနိုင်ငံ၏ စုစုပေါင်း ကုန်စည်ကူးသန်းရောင်းဝယ်မှုသည် ပို့ကုန်နှင့် သွင်းကုန် နှစ်ခုစလုံး တိုးတက်လာခဲ့ခြင်းကြောင့် ပြီးခဲ့သည့်လက ၃၉.၆ ရာခိုင်နှုန်း တိုးတက်ခဲ့ရာမှ ဇွန်လတွင် ၄၉.၃ ရာခိုင်နှုန်းအထိ ဆက်လက်ကျယ်ပြန့် တိုးတက်လာခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးပွဲကျင်းပခဲ့သည့် ဗီယက်နမ်နှင့် အယ်လ်ဂျီးရီးယား

      အယ်လ်ဂျီးရီးယားနိုင်ငံရှိဗီယက်နမ်ကုန်သွယ်ရေးရုံးသည် ဗီယက်နမ်နှင့် အယ်လ်ဂျီးရီးယား နိုင်ငံတို့အကြား ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေးအတွက် ဇူလိုင် ၁၆ ရက်တွင် လူကိုယ်တိုင်နှင့် အွန်လိုင်းစနစ်ပေါင်းစပ်ကျင်းပသည့် (Hybrid) စီးပွားရေးချိတ်ဆက်ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြောင်း သိရပါသည်။ အဆိုပါဆွေးနွေးပွဲသို့ ဗီယက်နမ်လုပ်ငန်းရှင် ၂၀ နီးပါးနှင့် အယ်လ်ဂျီးရီးယားဘက်မှ လုပ်ငန်း ၁၅ ခု၊ ကုန်သွယ်ရေးအဖွဲ့အစည်းများနှင့် မီဒီယာကိုယ်စား လှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရပါသည်။ ဗီယက်နမ်အကောက်ခွန်ဦးစီးဌာန၏ စာရင်း များအရ ၂၀၂၆ ခုနှစ် ပထမငါးလအတွင်း ဗီယက်နမ်မှ အယ်လ်ဂျီးရီးယားသို့ တင်ပို့မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၈၄ သန်းရှိခဲ့ပြီး ယခင်နှစ်တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက အနည်းငယ် တိုးတက်ခဲ့ကြောင်း သိရပါသည်။ ၎င်းအနက် ကော်ဖီစိမ်းသည် စုစုပေါင်းတင်ပို့မှုတန်ဖိုး၏ ၈၅ ရာခိုင်နှုန်းခန့်ရှိပြီး အဓိကတင်ပို့ကုန်အဖြစ် ရပ်တည်လျက်ရှိကြောင်း သိရပါသည်။ ထို့ပြင် သီဟိုဠ်စေ့၊ ငရုတ်ကောင်း၊ အုန်းသီးခြောက်၊ ဓာတုထုတ်ကုန်များနှင့် ရေထွက်ပစ္စည်းများကိုလည်း တင်ပို့လျက်ရှိကြောင်း သိရပါသည်။ အလားတူ ဗီယက်နမ်သည် အယ်လ်ဂျီးရီးယားမှ Carob Powder၊ စွန်ပလွံသီးနှင့် ကြက်ခြေထောက်များကို အဓိကတင်သွင်းလျက်ရှိကြောင်း သိရပါသည်။ ဆွေးနွေးပွဲတွင် အယ်လ်ဂျီးရီးယား သွင်းကုန်၊ ပို့ကုန်၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဖိုရမ် (AFIETI) ကိုယ်စားလှယ်နှင့် ဗီယက်နမ်သို့ ကြက်ခြေထောက်တင်ပို့နေသည့် ကုမ္ပဏီတစ်ခု၏ ဒါရိုက်တာဖြစ်သူ Mohammad Nabil က အယ်လ်ဂျီးရီးယားလုပ်ငန်းရှင်များသည် ဗီယက်နမ်မှ ငရုတ်ကောင်းကဲ့သို့ ဟင်းခတ်အမွှေးအကြိုင်များ၊ ကော်ဖီ၊ သီဟိုဠ်စေ့နှင့် အုန်းသီးခြောက်တို့ကို တင်သွင်းလိုကြောင်း ပြောကြားခဲ့ပါသည်။ Nabil က အယ်လ်ဂျီးရီးယားအနေဖြင့် စွန်ပလွံသီး၊ သံလွင်ဆီနှင့် အထူးသဖြင့် ဗီယက်နမ်အလှကုန်လုပ်ငန်းအတွက် အရည်အသွေးမြင့် ကုန်ကြမ်း အဖြစ်အသုံးပြုနိုင်သည့် သဘာဝမရှိမဖြစ်ဆီများ (Natural Essential Oils) တင်ပို့မှုကို တိုးချဲ့လိုကြောင်း၊ နှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်မှုကို အစဉ်အလာသွင်းကုန်၊ ပို့ကုန်လုပ်ငန်းများ ထက်ကျော်လွန်၍ ဖက်စပ်လုပ်ငန်းများနှင့် မဟာမိတ်ပူးပေါင်းဆောင်ရွက်မှုများ ထူထောင်သင့် ကြောင်းနှင့် ထိုသို့ဆောင်ရွက်ခြင်းဖြင့် ဗီယက်နမ်လုပ်ငန်းများသည် အယ်လ်ဂျီးရီးယားဈေးကွက်သာမက အာဖရိကဈေးကွက်တစ်ခုလုံးသို့လည်း ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အယ်လ်ဂျီးရီးယားကုမ္ပဏီတစ်ခု၏ ကိုယ်စားလှယ်ကလည်း mayonnaise အပါအဝင် ဆော့စ်အမျိုးမျိုးထုတ်လုပ်ရန်အတွက် ဗီယက်နမ်မှကုန်ကြမ်းပစ္စည်းများတင်သွင်းလိုပြီး ထုတ်ကုန်များကို ဗီယက်နမ်နှင့် အာရှဈေးကွက်များသို့ဖြန့်ဖြူးရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပါသည်။ အခြားလုပ်ငန်းတစ်ခုကလည်း ပင်လယ်ရေကုထုံးစင်တာများ (Seawater Therapy Centres) ကို စီမံခန့်ခွဲလည်ပတ်နိုင်သည့်အာရှမိတ်ဖက်များ၊ အထူးသဖြင့် ဗီယက်နမ်လုပ်ငန်းများကို ရှာဖွေလျက်ရှိကြောင်းနှင့် နှိပ်နယ်ကုထုံးနှင့် ကုသရေးနည်းပညာများဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် လေ့ကျင့်ပေးရေးအပြင် ခေတ်မီနည်းပညာနှင့် ကျွမ်းကျင်မှုများရရှိရန်လည်း မျှော်လင့်ထားကြောင်းပြောကြားခဲ့ပါသည်။ AFIETI ၏ ပြင်ပဆက်ဆံရေးအကြံပေး Kerroud Abdelhamid က အယ်လ်ဂျီးရီးယားအနေဖြင့် ဗီယက်နမ်မှ အချောသတ်နှင့် တစ်စိတ်တစ်ပိုင်းထုတ်လုပ်ပြီး အီလက်ထရွန်နစ်အစိတ်အပိုင်းများကို ဝယ်ယူလိုကြောင်းပြောကြားခဲ့ပြီး ဗီယက်နမ်ထုတ်လုပ်သူ များ၏ယှဉ်ပြိုင်နိုင်စွမ်းကို ယုံကြည်ကြောင်းလည်း ပြောကြားခဲ့ပါသည်။ ထို့ပြင် အယ်လ်ဂျီးရီးယားရှိအစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများသည် ရေရှည်အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်မည့် စီးပွားရေးမိတ်ဖက်များကိုရှာဖွေလျက်ရှိပြီး အစဉ်အလာကုန်သွယ်မှုထက်ကျော်လွန်သည့် ပူးပေါင်းဆောင်ရွက်မှုများကိုဦးတည်နေကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ဗီယက်နမ် လုပ်ငန်းများက ၎င်းတို့၏ထုတ်ကုန်များကို မိတ်ဆက်ပြသခဲ့ကြပြီး အယ်လ်ဂျီးရီးယားစားသုံးသူများ၏ နှစ်သက်မှု၊ အကောက်ခွန်အတားအဆီးများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အထောက်အပံ့များနှင့် ကုန်ထုတ်လုပ်မှုမူဝါဒများကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။ ဗီယက်နမ်ကုန်သွယ် ရေးအတိုင်ပင်ခံ Hoang Duc Nhuan က နှစ်နိုင်ငံလုပ်ငန်းရှင်များ၏ မေးမြန်းချက်များကို ဖြေကြားခဲ့ပြီး အထူးသဖြင့် ကုန်သွယ်ရေးမူဝါဒအသစ်များနှင့် သွင်းကုန်၊ ပို့ကုန် ငွေပေးချေမှုစနစ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရပါသည်။ ထို့အပြင် ဟိုချီမင်းမြို့ရှိ Saigon Exhibition and Convention Centre (SECC) တွင် စက်တင်ဘာ ၃ ရက်မှ ၅ ရက်အထိ ကျင်းပမည့် Vietnam International Sourcing Expo 2026 ပြပွဲကို မိတ်ဆက်ခဲ့ပြီး အယ်လ်ဂျီးရီးယားအစိုးရ အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များကို တက်ရောက်ရန်ဖိတ်ကြားခဲ့ကြောင်း သိရပါသည်။ ဆွေးနွေးပွဲပြင်ပတွင်လည်း အယ်လ်ဂျီးရီးယားနိုင်ငံရှိ ဗီယက်နမ်ကုန်သွယ်ရေးရုံးက ကော်ဖီစိမ်း၊ လက်ဖက်ခြောက်၊ ငရုတ်ကောင်း၊ အုန်းသီးခြောက်နှင့် အခြားစိုက်ပျိုးရေးထုတ်ကုန်များကိုပြသခဲ့ပြီး အယ်လ်ဂျီးရီးယားလုပ်ငန်းရှင်များနှင့် အဖွဲ့အစည်းများအနေဖြင့် ဗီယက်နမ်၏ ပို့ကုန်အလားအလာများကို လေ့လာနိုင်သည့်အပြင် အနာဂတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများကိုလည်း ရှာဖွေနိုင်ခဲ့ကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

ကမ္ဘောဒီးယားနိုင်ငံ၏ လတ်ဆတ်သော ပိန္နဲသီးများ တင်သွင်းရန် တရုတ်နိုင်ငံနှင့် သဘောတူ

    ကမ္ဘောဒီးယားနိုင်ငံမှ လတ်ဆတ်သော ပိန္နဲသီးများ တင်သွင်းခွင့်ပြုကြောင်း တရုတ်နိုင်ငံ၏ ဆုံးဖြတ်ချက်အပေါ် ကမ္ဘောဒီးယားနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍက ကြိုဆိုလက်ခံပါကြောင်း၊ နှစ်နိုင်ငံ လုံးမှ အဆင့်မြင့်အရာရှိကြီးများမှ သဘောတူညီချက်သစ်နှစ်ရပ်ကို လက်မှတ်ရေးထိုးခြင်းဖြင့် ဇူလိုင်လ ၁၅ ရက်နေ့တွင် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းဝန်ကြီး Dith Tina နှင့် တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင် အဖွဲ့ဝန်ကြီး Sun Meijun တို့သည် ဝန်ကြီး Dith Tina လိုက်ပါသွားခဲ့သည့် ဝန်ကြီးချုပ်  Hun Manet ၏ နိုင်ငံတော်အဆင့်ခရီးစဉ်တွင် တရုတ်နိုင်ငံ၊ ပေကျင်းမြို့၌ အဆိုပါသဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရှိရပါသည်။

    နှစ်နိုင်ငံလုံးသည် ကမ္ဘောဒီးယားနိုင်ငံမှ တရုတ်နိုင်ငံသို့ လတ်ဆတ်သော ပိန္နဲသီး တင်ပို့ရေး အတွက် အပင်ပိုးမွှားကင်းစင်ရေး လိုအပ်ချက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့် အပင်နှင့် တိရစ္ဆာန် ရောဂါပိုးမွှားကူးစက်မှု မရှိစေရန် စစ်ဆေးခြင်းနှင့် ဘေးကင်းသော စားသောက်ကုန်များ တင်သွင်း၊ တင်ပို့ခြင်းဆိုင်ရာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) တို့ကို လက်မှတ်ရေး ထိုးခဲ့ကြပါသည်။ အဆိုပါသဘောတူညီချက်များသည် နိုင်ငံတကာဈေးကွက်များသို့ ဝင်ရောက်နိုင် ရန်နှင့် ကမ္ဘောဒီးယားနိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်များ၏ အရည်အသွေးအပေါ် ယုံကြည်မှု ခိုင်မာ စေရန်အတွက် ကမ္ဘောဒီးယားနိုင်ငံအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို ပေါ်လွှင်စေသည့် ထူးခြား သော အောင်မြင်မှုများဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနက ဖော်ပြခဲ့ပါသည်။

    ပြည်တွင်းနှင့် နိုင်ငံတကာဈေးကွက်များအတွက် လေချုသီးနှင့် အခြားစိုက်ပျိုးရေး ထွက်ကုန် များ ကို ဝယ်ယူထုပ်ပိုးသည့် ကုမ္ပဏီတစ်ခုဖြစ်သော Pechenda Fruit Production ၏ ဘုတ်အဖွဲ့ ဥက္ကဋ္ဌ Phot Saphanborey က  ဇူလိုင် ၁၇ ရက်နေ့တွင် The Post သတင်းဌာနသို့ ပြောကြားချက် အရ ကမ္ဘာ့အကြီးဆုံးဈေးကွက်တစ်ခုဖြစ်သည့် တရုတ်နိုင်ငံအပါအဝင် နိုင်ငံတကာဈေးကွက် များ သို့ ပိုမိုဝင်ရောက်လာသော ကမ္ဘောဒီးယားနိုင်ငံ၏ သစ်သီးဝလံများနှင့် စိုက်ပျိုးရေး ထွက်ကုန်များ ကို ပိုမိုမြင်တွေ့ရ သည့်အတွက် စိတ်ကြည်နူးမိပါကြောင်း၊ ပိန္နဲသီးသည် သက်တမ်းအတန်အသင့် ရှည်သော သီးနှံတစ်မျိုး ဖြစ်သောကြောင့် ပို့ကုန်အလားအလာကောင်းသော  ကမ္ဘောဒီးယားနိုင်ငံ ၏ အလားအလာ အရှိဆုံး စိုက်ပျိုးရေး ထွက်ကုန်များထဲမှ တစ်ခုဖြစ်ကြောင်း၊ ပိန္နဲပင်၏ အသီးသီး နိုင်မှု ပမာဏမှာ လေချုသီး သို့မဟုတ် ဒူးရင်းသီးတို့ထက် လျော့နည်းသော်လည်း မကြာသေးမီနှစ် များအတွင်း ကမ္ဘောဒီးယား နိုင်ငံတစ်ဝှမ်း ပိန္နဲပင်စိုက်ပျိုးမှုကို တိုးချဲ့စိုက်ပျိုးလာခဲ့ကြာပါကြောင်း၊ ပိန္နဲပင်စိုက်ပျိုးသည့် ဧရိယာသည် လေချုသီးစိုက်ပျိုးမှုဧရိယာထက် များစွာသေးငယ်နေသေးသော် လည်း စိုက်ပျိုးရေး ကုမ္ပဏီအများအပြားမှာ  ပိန္နဲသီးစိုက်ခင်းများကို ယခင်ကထက် တိုးချဲ့ စိုက်ပျိုးလာ နေကြကြောင်း သိရှိရပါသည်။

    ဆက်လက်၍ Saphanborey က ပြောကြားခဲ့ရာ ကမ္ဘောဒီးယားနိုင်ငံသည် သရက်သီး၊ ငှက်  ပျောသီး၊ လေချုသီးနှင့် ဒူးရင်းသီးအပါအဝင် လတ်ဆတ်သော သစ်သီးဝလံများကို တရုတ်နိုင်ငံသို့ တင်ပို့ရန် ခွင့်ပြုချက် ရရှိထားပြီး ဖြစ်ကြောင်း၊  ကမ္ဘောဒီးယာနိုင်ငံ အစိုးရအနေဖြင့် အခြားသော သစ်သီး ဝလံများအတွက်လည်း တရားဝင်ဈေးကွက် ဝင်ရောက်ခွင့် ရရှိရန် ရှာဖွေနေကြောင်း၊ သို့သော်လည်း ကမ္ဘောဒီးယားနိုင်ငံတွင် သစ်သီးဝလံများ ပိုးသတ်သန့်စင်ခြင်းနှင့် ပြုပြင်ခြင်းဆိုင်ရာ ခေတ်မီအထောက် အပံ့ပစ္စည်းများနှင့် လုံလောက်သော သိုလှောင်ရုံ အခြေခံ အဆောက်အအုံများ လိုအပ်နေသေး၍ ပို့ကုန် လုပ်ငန်းရှင်များအနေဖြင့် အတားအဆီးများစွာနှင့် ဆက်လက်ရင်ဆိုင်ရ မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် ဈေးကွက်ဝင်ရောက်မှုကို ခွင့်ပြုပြီးဖြစ်သော်လည်း ကမ္ဘောဒီးယားနိုင်ငံဖက်မှ လုပ်ဆောင်ရန် လုပ်ငန်းများစွာရှိနေသေးပါကြောင်း အထူးသဖြင့် ပို့ကုန် လုပ်ငန်းစဉ်နှင့် ထုတ်ကုန်အရည်အသွေးဆိုင်ရာ လိုအပ်ချက်များတွင် လုပ်ဆောင်ရန် လိုအပ်နေ သေးကြောင်း၊ တရုတ်နိုင်ငံသားဝယ်သူများအနေဖြင့် လတ်ဆတ်သောပိန္နဲသီးတင်ပို့မှုနှင့် ပတ်သက်၍ ၎င်း၏ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုပြီးဖြစ်ကြောင်း သိရှိရပါသည်။

Source: The Phnom Penh Post, 17 Jul 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဥရောပသမဂ္ဂ (EU) နှင့် လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ် (FTA) ညှိနှိုင်းမှုများကို ယခုနှစ်ကုန်မတိုင်မီအပြီးသတ်နိုင်ရန်ထိုင်းရည်မှန်း

       ထိုင်းနိုင်ငံသည် ဥရောပသမဂ္ဂ (EU) နှင့် လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ် (FTA) ညှိနှိုင်းမှုများကို ယခုနှစ်ကုန်မတိုင်မီအပြီးသတ်နိုင်ရေး ရည်မှန်းဆောင်ရွက်လျက် ရှိကြောင်း သိရပါသည်။ သို့သော် စိုက်ပျိုးရေးထွက်ကုန်များနှင့် ကုန်ကြမ်းဆိုင်ရာ ကိစ္စရပ်များတွင် နှစ်ဖက်သဘောထားကွဲလွဲမှုများ ကျန်ရှိနေသေးကြောင်း သိရပါသည်။ ဝန်ကြီးချုပ် Anutin Charnvirakul က ဇူလိုင် ၁၇ ရက်တွင် အစိုးရအိမ်တော်၌ ဥရောပစီးပွားရေးအဖွဲ့အစည်းများ၏ အကြီးတန်းကိုယ်စားလှယ်များနှင့် ဥရောပကုမ္ပဏီ ၄၀ ကျော်မှ ကိုယ်စားလှယ်များကို တွေ့ဆုံပြီးနောက် ထိုသို့ပြောကြားခဲ့ကြောင်း သိရပါသည်။ အစိုးရပြောရေးဆိုခွင့်ရှိသူ Rachada Dhnadirek ၏ ပြောကြားချက်အရ ဝန်ကြီးချုပ်သည် EU–ASEAN Business Council (EU-ABC)၊ European Association for Business and Commerce (EABC) နှင့် အဓိကစက်မှုကဏ္ဍ ကိုးခုမှ ကုမ္ပဏီများ၏ ကိုယ်စားလှယ်များကိုကြိုဆိုတွေ့ဆုံခဲ့ပြီး ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြောင်း သိရပါသည်။ ဝန်ကြီးချုပ်က ဥရောပ စီးပွားရေးလုပ်ငန်းများသည် ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့ရန် စိတ်ဝင်စားမှုကို ထပ်မံ အတည်ပြုခဲ့ကြပြီး ပုဂ္ဂလိကကဏ္ဍနှင့် အစိုးရအကြား ဆက်လက်ဆွေးနွေးညှိနှိုင်းနိုင်ရန် အစိုးရ၏ ကြိုးပမ်းမှုများကိုလည်း ချီးကျူးခဲ့ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင် ရန်၊ ခရီးသွားလုပ်ငန်းကိုမြှင့်တင်ရန်နှင့် ဒေသတွင်းထုတ်လုပ်မှုအခြေစိုက်စခန်းအဖြစ် အခန်းကဏ္ဍ ပိုမိုခိုင်မာစေရန် အသင့်ရှိကြောင်းနှင့် ထိုင်း–EU FTA ညှိနှိုင်းမှုများကို ယခုနှစ်မကုန်မီ အပြီးသတ်နိုင်ရေးအတွက် ဥရောပဘက်မှအားပေးထောက်ခံမှုကို မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။ ဝန်ကြီးချုပ်က ဆွေးနွေးမှုများသည် နောက်ဆုံးအဆင့်သို့ရောက်ရှိချိန်တွင် အရေးကြီးသည့် ကိစ္စရပ်များအပေါ် နှစ်ဖက်ညှိနှိုင်းဖြေရှင်းနေသည့်အတွက် နှေးကွေးသွားကြောင်း ဝန်ခံ ပြောကြားခဲ့ပါသည်။ ထိုသဘောတူစာချုပ်ကို အောင်မြင်စွာလက်မှတ်ရေးထိုးနိုင်ပါက နှစ်ဖက် ကုန်သွယ်မှု တိုးမြင့်လာမည်ဖြစ်ပြီး ထိုင်းပို့ကုန်များအနေဖြင့် ဥရောပဈေးကွက်သို့ အကောက်ခွန်ကင်းလွတ်စွာ ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း သိရပါသည်။ ကျန်ရှိနေသည့် အဓိကအခက်အခဲများနှင့်ပတ်သက်၍ မေးမြန်းရာတွင် ဝန်ကြီးချုပ်က ကုန်ကြမ်းနှင့် စိုက်ပျိုးရေးထွက်ကုန်ဆိုင်ရာ ကိစ္စရပ်များသည် အဓိကဖြစ်ကြောင်းနှင့် သက်ဆိုင်သူအားလုံး၏ အကျိုးစီးပွားကို ကာကွယ်နိုင်ရေးအတွက် သတိထားဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ ညှိနှိုင်းမှုနှင့် နီးစပ်သူတစ်ဦး၏ အဆိုအရ EU သည် စိုက်ပျိုးရေးကုန်ကြမ်းများ၏ မူလရင်းမြစ်နှင့်ပတ်သက်၍ တင်းကျပ်သည့်သတ်မှတ်ချက်များချမှတ်ထားပြီး ၎င်းတို့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးစံနှုန်းများ၊ သစ်တောပြုန်းတီးမှုတားဆီးရေးအစီအမံများနှင့် ဓာတုပစ္စည်းအသုံးပြုမှုဆိုင်ရာ စည်းမျဉ်းများပါဝင်ကြောင်း သိရပါသည်။ ထို့ပြင် သုညရာခိုင်နှုန်း အကောက်ခွန်ခံစားခွင့်ရရှိရန်အတွက် ကုန်ပစ္စည်းများတွင် ပြည်တွင်း သို့မဟုတ် မိတ်ဖက်နိုင်ငံများမှထည့်သွင်းအသုံးပြုသည့် ကုန်ကြမ်း အချိုးအစားကို သတ်မှတ်ထားသည့် ကုန်ပစ္စည်းမူလရင်းမြစ် သတ်မှတ်ချက် (Rules of Origin) များလည်းရှိကြောင်း သိရပါသည်။ အစိုးရပြောရေးဆိုခွင့်ရှိသူက ဥရောပစီးပွားရေးကိုယ်စား လှယ်များသည် ထိုင်းနိုင်ငံ၏မဟာဗျူဟာကျသောတည်နေရာ၊ ထုတ်လုပ်မှုစွမ်းရည်နှင့် ကျွမ်းကျင် လုပ်သားအင်အားတို့ကြောင့် ထိုင်းနိုင်ငံကို ဆွဲဆောင်မှုရှိသည့် ရင်းနှီးမြှုပ်နှံမှုဦးတည်ရာအဖြစ် ထပ်မံအတည်ပြုခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် ထိုင်း–EU လွတ်လပ်သောကုန်သွယ်ရေး သဘောတူစာချုပ်ကို ထောက်ခံကြောင်းနှင့် ထိုင်းနိုင်ငံ၏ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) အဖွဲ့ဝင်ဖြစ်ရေးကြိုးပမ်းမှုကိုလည်း ထောက်ခံကြောင်း ဖော်ပြခဲ့ပြီး ထုတ်လုပ်မှု၊ အသက်သိပ္ပံ၊ အစားအစာ၊ ဘဏ္ဍာရေး၊ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ဉာဏ်ရည်တု (AI) ကဏ္ဍများတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် အဆိုပြုခဲ့ကြကြောင်း သိရှိရပါသည်။

Bangkok Post                                                                           

DOCA (ရန်ကုန်)

Nashik မြို့အား အိန္ဒိယနိုင်ငံ၏ ကြက်သွန်နီ အဓိကတင်ပို့ရေး အမျိုးသားပို့ကုန်ဗဟိုဌာန ဖြစ်စေရေး ဆောင်ရွက်

     အိန္ဒိယနိုင်ငံ၊ Maharashtra ပြည်နယ်ရှိ ကြက်သွန်နီစိုက်တောင်သူများက Palghar ခရိုင်ရှိ Vadhvan ဆိပ်ကမ်းအနီးတွင် ကမ္ဘာ့အဆင့်မီ စိုက်ပျိုးရေးဈေးကွက်တစ်ခု ထူထောင်ရန် ပြည်နယ် အစိုးရ၏ အစီအစဉ်ကို ကြိုဆိုကြသော်လည်း အိန္ဒိယနိုင်ငံအား ကြက်သွန်နီ ကုန်သွယ်မှုပြုသည့် ကမ္ဘာ့ထိပ်တန်းနိုင်ငံအဖြစ် ပေါ်ထွန်းလာစေရန် Nashik မြို့အား ကြက်သွန်နီအဓိက တင်ပို့ရေး အမျိုးသားပို့ကုန်ဗဟိုဌာနအဖြစ် တစ်ပြိုင်နက်တည်း ဖွံ့ဖြိုးရန် အစိုးရအာဏာပိုင်များအား တိုက် တွန်းခဲ့သည်။

     Maharashtra ပြည်နယ်ရှိ ကြက်သွန်နီစိုက်တောင်သူများအသင်းက အဆိုပါ နိုင်ငံတကာ စိုက်ပျိုးရေးဈေးကွက် အဆိုပြုချက်သည် စိုက်ပျိုးရေးပို့ကုန်၊ စားသောက်ကုန်ပြုပြင်ရေး၊ အလုပ် အကိုင်နှင့် ကျေးလက်စီးပွားရေးကို အထောက်အကူပြုမည်ဖြစ်သော်လည်း အဆိုပြုချက်ကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများသည် တောင်သူများထံ တိုက်ရိုက်ရောက်ရှိရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။

     အိန္ဒိယနိုင်ငံ၏ ကြက်သွန်နီမြို့တော်ဟု လူသိများသော Nashik မြို့သည် အိန္ဒိယနိုင်ငံ၏ ကြက်သွန်နီထုတ်လုပ်မှု၊ ကုန်သွယ်မှုနှင့် ပို့ကုန်များတွင် သိသာထင်ရှားသော ဝေစုကို ပိုင်ဆိုင် ထားသောကြောင့် Vadhvan ဆိပ်ကမ်းနှင့် ချိတ်ဆက်ထားသော သီးသန့်ပို့ကုန်ဗဟိုဌာနအဖြစ် ဖွံ့ဖြိုးသင့်သည်ဟု အသင်းတည်ထောင်သူဖြစ်သူ ဥက္ကဋ္ဌ Bharat Dighole က ပြောကြားခဲ့သည်။

    ယခုသီတင်းပတ်အစောပိုင်းတွင် ပြည်နယ်အစိုးရက စိုက်ပျိုးရေးပို့ကုန်များ အားကောင်း လာစေရန်နှင့် စိုက်ပျိုးသူများအား ကမ္ဘာ့ဈေးကွက်များနှင့် တိုက်ရိုက်ချိတ်ဆက်ရန်အတွက် Vadhvan ဆိပ်ကမ်းမှ ကီလိုမီတာ ၄၀ ခန့်အကွာ Palghar ခရိုင်တွင် မကြာမီကာလအတွင်း နိုင်ငံ တကာအဆင့်မီ စိုက်ပျိုးရေးဈေးကွက်တစ်ခု ထူထောင်မည်ဟု ကြေညာခဲ့သည်။

     Digholeက ကြက်သွန်နီစိုက် တောင်သူများသည် ဈေးနှုန်းအတက်အကျ၊ ပို့ကုန်ကန့်သတ် ချက်များ၊ သိုလှောင်ရုံအဆောက်အဦ မလုံလောက်မှု၊ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ် မြင့်မား မှုနှင့် ကမ္ဘာ့ဝယ်သူများထံ တိုက်ရိုက်ဆက်သွယ်နိုင်မှု မရှိခြင်းတို့ကို ဆက်တိုက် ကြုံတွေ့ခံစားနေ ရပြီး ထုတ်လုပ်မှုကုန်ကျစရိတ်အောက် ဈေးနှုန်းဖြင့် ကြက်သွန်နီများကို ရောင်းချခဲ့ရလေ့ရှိ ကြောင်း ပြောကြားခဲ့သည်။

     ကြက်သွန်နီ အဆင့်သတ်မှတ်ခြင်း၊ အလုံးအရွယ်အစား ခွဲခြားခြင်း၊ ထုပ်ပိုးခြင်း၊ အရည် အသွေးစစ်ဆေးခြင်းနှင့် အကောက်ခွန်ရှင်းလင်းခြင်းဆိုင်ရာ သတ်မှတ်ချက်များပါရှိသော သီးသန့် ကြက်သွန်နီပို့ကုန်ဂိတ်တစ်ခု ထူထောင်ရန်အပြင် Nashik နှင့် Vadhvan ဆိပ်ကမ်းအကြားတွင် ရထားလမ်း၊ ကွန်တိန်နာနှင့် အေးခဲဖြန့်ဖြူးရေး အခြေခံအဆောက်အဦများမှတစ်ဆင့် တိုက်ရိုက် စိုက်ပျိုးရေး ထောက်ပံ့ပို့ဆောင်မှု စင်္ကြံတစ်ခု ဖန်တီးရန်လည်း အသင်းက အကြံပြုခဲ့သည်။

    ထို့အပြင် အိန္ဒိယနိုင်ငံ၏ တည်ငြိမ်သော ၅နှစ်တာ ကြက်သွန်နီပို့ကုန်မူဝါဒတစ်ရပ်၊ တန်ဖိုး မြှင့်ကြက်သွန်နီပြုပြင်ထုတ်လုပ်ရေးလုပ်ငန်းများအတွက် အားပေးမှုများ၊ ထုတ်လုပ်သူ တောင်သူ အဖွဲ့အစည်းများ (FPOs)၏ ကြက်သွန်နီတင်ပို့ရာတွင် တိုက်ရိုက်ပါဝင်မှု၊ ကြက်သွန်နီ ပို့ကုန်မြှင့် တင်ရေးဇုန်တစ်ခု ထူထောင်ရန်နှင့် Nashik မြို့တွင် အဆိုပြုထားသော ကြက်သွန်နီအဓိက တင်ပို့ ရေး အမျိုးသားပို့ကုန်ဗဟိုဌာနကို အမျိုးသားလေ့ကျင့်ရေး၊ သုတေသနနှင့် ပို့ကုန်လမ်းညွှန်မှု ဗဟို အဖြစ် အဆင့်မြှင့်တင်ရန်လည်း တောင်းဆိုခဲ့သည်။

     Dighole က အိန္ဒိယအစိုးရ၏ ဆုံးဖြတ်ချက်သည် သမိုင်းဝင်ဆုံးဖြတ်ချက် ဖြစ်သည့် အတွက် ကြိုဆိုကြောင်း၊ သို့သော်လည်း အဆိုပါစီမံကိန်းသည် ကုန်သွယ်ရေး အဆောက်အအုံ တစ်ခုမျှသာ မဖြစ်သင့်ကြောင်းနှင့် သိန်းချီသော တောင်သူများအတွက် စီးပွားရေးအသွင် ကူးပြောင်း မှု၏ ဗဟိုအချက်အချာ ဖြစ်လာရမည်ဖြစ်ကြောင်း၊ ကြက်သွန်နီအဓိက တင်ပို့ရေး အမျိုးသား ပို့ကုန်ဗဟိုဌာနအဖြစ်သတ်မှတ်ပြီး Vadhvan ဆိပ်ကမ်းနှင့် တိုက်ရိုက်ချိတ်ဆက်ပါက အိန္ဒိယသည် ကြက်သွန်နီ ကုန်သွယ်မှုတွင် ကမ္ဘာတစ်ဝန်း ဦးဆောင်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာနိုင်ကြောင်း ပြောကြားခဲ့သည်။

    အဆိုပါစီမံကိန်း၏ စီမံချက်(မူကြမ်း)ကို ရေးဆွဲရာတွင် ကြက်သွန်နီစိုက် တောင်သူအဖွဲ့ အစည်းများ၊ စိုက်ပျိုးရေးတက္ကသိုလ်များ၊ ပို့ကုန်လုပ်ငန်းရှင်များ၊ ကျွမ်းကျင်သူများနှင့် ထုတ်လုပ်သူ တောင်သူအဖွဲ့အစည်းများ ပါဝင်နိုင်ရန် ကြက်သွန်နီစိုက်တောင်သူများအသင်းက အိန္ဒိယဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးချုပ်များနှင့် စိုက်ပျိုးရေးနှင့် စျေးကွက်ရှာဖွေရေးဌာနများထံ အယူခံဝင်ခဲ့ကြောင်း သိရှိရသည်။

Source: The Economic Times, 18 Jul 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဆန်တန်ချိန် ၅.၂၄ သန်း စုဆောင်းထားရှိသဖြင့် မိုးခေါင်ရေရှားမှုကို ရင်ဆိုင်ရန်ယုံကြည်ချက်ရှိကြောင်း အင်ဒိုနီးရှားအစိုးရပြော

   အယ်လ်နီညို (El Nino) ရာသီဥတု ဖြစ်စဉ်ကြောင့် ကြုံတွေ့ရနိုင်သည့် နွေရာသီအတွက် အရန်စားနပ်ရိက္ခာစုဆောင်းထားရှိမှုမှာ ဘေးကင်းစိတ်ချရသည့် အခြေအနေတွင်ရှိကြောင်း အစိုးရ က အာမခံပြောကြားခဲ့သည်။ စားနပ်ရိက္ခာ ဈေးနှုန်း တည်ငြိမ်မှုကို ထိန်းသိမ်းရန်နှင့် ပြည်သူများ ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် စားနပ်ရိက္ခာ စုဆောင်းထားရှိမှုကို ဆက်လက် တိုးမြှင့်လျက်ရှိသည်။

   အမျိုးသား အစားအသောက် အေဂျင်စီ၏ ဒေတာအချက်အလက်များအရ Perum Bulog မှ စီမံခန့်ခွဲသော အစိုးရ၏ စားနပ်ရိက္ခာ စုဆောင်းမှု ဆန်တန်ချိန်မှာ ဇူလိုင် ၂၀ ရက်အထိ ၅.၂၄ သန်း  အထိ ရောက်ရှိခဲ့ကြောင်း ဇူလိုင် ၂၂ ရက် (ဗုဒ္ဓဟူးနေ့) တွင် Bakom RI က သတင်း ထုတ်ပြန်ခဲ့ သည်။ ယင်းအရန်ဆန်ပမာဏသည် ရာသီဥတုအလွန်ပြင်းထန်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် စိုက်ပျိုးထုတ်လုပ်မှု အနှောင့်အယှက်များကို ကြိုတင်ရင်ဆိုင်ဖြေရှင်းနိုင်ရန် အစိုးရအတွက် အဓိက အင်အားတစ်ရပ် ဖြစ်သည်။

    အရန်ဆန်သိုလှောင်မှုအပြင် အစိုးရအနေဖြင့် ဒေသဆိုင်ရာ စားနပ်ရိက္ခာစုဆောင်းမှုမှ တစ်ဆင့် လည်း စတော့များကို တိုးမြှင့်ခဲ့သည်။ ၂၀၂၆ ခုနှစ် ဇွန်လကုန်အထိ ပြည်နယ်အဆင့် စားနပ်ရိက္ခာ စုဆောင်းမှုမှာ တန်ချိန် ၇,၃၅၀ အထိ ရှိခဲ့ပြီး ခရိုင်နှင့် မြို့နယ်အဆင့်တွင်မူ ဒေသပေါင်း ၃၂၃ ခု၌ စုစုပေါင်း တန်ချိန် ၁၃,၁၅၀ မှတ်တမ်းဝင်ခဲ့သည်။

    အဆိုပါ အရန်ရိက္ခာများကို ဒေသအသီးသီးရှိ စားနပ်ရိက္ခာလိုအပ်ချက်များကို လျင်မြန်စွာ ဖြည့်ဆည်းပေးနိုင်ရန်၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားချိန်နှင့် ဖြန့်ဖြူးရေးနှင့် ထောက်ပံ့ရေး ကွင်းဆက်တွင် အခက်အခဲများ ဖြစ်ပေါ်သည့်အချိန်များတွင် အသုံးပြုနိုင်ရန် ကြိုတင်ပြင်ဆင် ထားခြင်းဖြစ်သည်။

    ထို့ပြင် အစိုးရသည် အခြားသော မဟာဗျူဟာအရ အရေးပါသည့် ကုန်စည်များ၏ ရရှိနိုင်မှု ကိုလည်း ဆက်လက်ထိန်းသိမ်းလျက်ရှိသည်။ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၀ ရက်အထိ တိရစ္ဆာန်အစာ အတွက် ပြောင်းအရန်လက်ကျန်မှာ တန်ချိန် ၁၇၆,၀၀၀ ရှိခဲ့ပြီး ကြက်မွေးမြူရေး လုပ်ငန်းရှင်များ ၏ ထုတ်လုပ်မှုကုန်ကျစရိတ်ကို ထိန်းညှိပေးကာ ဈေးနှုန်း မြင့်တက်မှုကို လျှော့ချနိုင်ရန် Food Supply and Price Stabilization (SPHP) အစီအစဉ်မှတစ်ဆင့် ဆက်လက် ဖြန့်ဝေလျက်ရှိသည်။

    တစ်ချိန်တည်းမှာပင် Perum Bulog နှင့် ID Food တို့က စီမံခန့်ခွဲလျက်ရှိသည့် စားသုံးဆီ အရန်လက်ကျန်မှာ ကီလိုလီတာ ၁,၀၀၀ ရှိခဲ့သည်။ ထို့အပြင် အစိုးရတွင် အိမ်သုံးသကြား အရန် လက်ကျန်တန်ချိန် ၂,၇၉၀ ခန့် နှင့် ကြက်သားအရန်လက်ကျန် တန်ချိန် ၃၈ တန်ကိုလည်း စုဆောင်း ထားရှိကြောင်း သိရသည်။ ငရုတ်၊ ကြက်သွန်နီနှင့် အသားစားကြက်ဥ အပါအဝင် စားဖိုဆောင်သီးနှံ များအတွက် ပြည်တွင်းထုတ်လုပ်မှုသည် လက်ရှိတွင် နိုင်ငံ၏ စားသုံးမှုလိုအပ်ချက်ထက် ကျော်လွန် နေဆဲဖြစ်သဖြင့် ပြည်သူများ၏ လိုအပ်ချက်များကို ပြည်တွင်း ထုတ်လုပ်မှုဖြင့် ဆက်လက်ဖြည့် ဆည်းပေးနိုင်မည်ဟု အစိုးရက ယုံကြည်ထားသည်။

    အမျိုးသား အစားအသောက် အေဂျင်စီ၏ အကြီးအကဲနှင့် စိုက်ပျိုးရေးဝန်ကြီးလည်းဖြစ်သူ Andi Amran Sulaiman က အင်ဒိုနီးရှား၏ စားနပ်ရိက္ခာလုံခြုံရေးသည် ယခုအခါ ပိုမိုခိုင်မာလာပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်း၏ ပြောကြားချက်အရ မူလက ၄ နှစ်အတွင်း အောင်မြင်ရန် လျာထားခဲ့သည့် စားနပ်ရိက္ခာ လုံလောက်စွာ ထုတ်လုပ်နိုင်ရေး ပန်းတိုင်ကို ၁ နှစ်အတွင်း ရရှိခဲ့ခြင်း ဖြစ်သည်။

     ပြောင်းဖူးနှင့် ဆန် စိုက်ပျိုးထုတ်လုပ်မှုတွင် လုံလောက်အောင် ဆောင်ရွက်နိုင်မည့် နည်းလမ်း များကို သိရှိထားကြောင်း ပြောကြားခဲ့သည်။ အစားအစာအရန် လက်ကျန်များ တိုးမြှင့်ထားရှိနိုင် ခြင်းနှင့် ပြည်တွင်းထုတ်လုပ်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ခြင်းတို့ကြောင့် အင်ဒိုနီးရှားနိုင်ငံ သည် အယ်လ်နီညို (El Niño) ဖြစ်စဉ်၏ သက်ရောက်မှုများကို ရင်ဆိုင်နိုင်ရန် လုံလောက်သော စားနပ်ရိက္ခာဖူလုံမှု ရှိနေသည်ဟု အစိုးရက ယုံကြည်လျက်ရှိသည်။ ထို့အပြင် နိုင်ငံ၏ စားနပ်ရိက္ခာ ထောက်ပံ့မှုနှင့် ဈေးနှုန်းတည်ငြိမ်မှုကိုလည်း ဆက်လက် ထိန်းသိမ်းထားနိုင်မည်ဟု ယုံကြည်ထားကြောင်း သိရှိရသည်။

Source: Voice of Indonesia, 22 Jul 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အရန်ဆန်ဈေးနှုန်းမြင့်မားမှုနှင့် မုတ်သုံမိုးအားပျော့မှုတို့အရ အိန္ဒိယ၏ ဆန်ပို့ကုန်ဈေးနှုန်းများ မြင့်တက်

     အိန္ဒိယနိုင်ငံ၌ အရန်ရိက္ခာဆန်များကို လွတ်လပ်စွာဈေးကွက်တင်ရောင်းချမှုစနစ် (Open Market Sale Scheme - OMSS) ဖြင့် အစိုးရက ရောင်းချပေးလျက်ရှိသော ဆန်ဈေးနှုန်းများ မြင့်မားမှုနှင့်အတူ မုတ်သုံမိုးရွာသွန်းမှု အားပျော့နေခြင်းကြောင့် မိုးစပါးစိုက်ပျိုးမှု နှောင့်နှေးလျက် ရှိသည့် အခြေအနေတွင် ဆန်ပို့ကုန်ဈေးနှုန်းများသည် ရက်သတ္တ သုံးပတ်ဆက်တိုက် မြင့်တက်လာ ခဲ့သည်။ အိန္ဒိယ၏ ဆန်ကွဲ ၅ ရာခိုင်နှုန်းပါဝင်သော ပေါင်းဆန်ဈေးနှုန်းသည် ယခင်သီတင်းပတ်၌ တစ်တန်လျှင် ၃၄၈ - ၃၅၂ ဒေါ်လာနှုန်း ရှိခဲ့ရာမှ ဇူလိုင် ၁၆ ရက် ကြာသပတေးနေ့ ရက်သတ္တပတ် တွင် တစ်တန်လျှင် ၃၅၂ - ၃၅၇ ဒေါ်လာနှုန်းသို့ မြင့်တက်လာခဲ့သည်။ ဆန်ကွဲ ၅ ရာခိုင်နှုန်း ပါဝင်သော ဆန်ဖြူဈေးနှုန်းမှာ တစ်တန်လျှင် ၃၅၃ - ၃၅၇ ဒေါ်လာနှုန်းထား၌ တည်ရှိနေခဲ့သည်။

     ဈေးကွက်အတွင်း၌ OMSS အစီအစဉ်ဖြင့် ရောင်းချသောဆန်၏ ဈေးနှုန်းများမှာ ကျဆင်း လာမည်ဟု မျှော်မှန်းထားသော်လည်း အစိုးရက ဈေးနှုန်းတိုးမြှင့်ရန် ဆုံးဖြတ်ခဲ့သည်ဟု ကောလ် ကတ္တားမြို့အခြေစိုက် ကုန်သည်တစ်ဦးက ပြောဆိုခဲ့သည်။ ဇူလိုင် ၁၀ ရက်နေ့အထိ လယ်သမား များ၏ စပါးစိုက်ပျိုးပြီးစီးမှုမှာ ဧရိယာဟက်တာ ၁၁.၅ သန်းရှိရာ ယခင်နှစ်ကာလတူ၌ စိုက်ပျိုးထား နိုင်သည့် ဟက်တာ ၁၂.၆ သန်းအောက်သို့ လျော့ကျနေဆဲဖြစ်သည်။

       ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်မူ ရေကြီးနစ်မြုပ်မှုကြောင့် ခရိုင်ပေါင်း ၁၂ ခု၌ သီးနှံစိုက်ပျိုးမှု ဧရိယာ  အနည်းဆုံး ၂၈၆၁၀ ဟက်တာခန့် ပျက်စီးမှုဖြစ်ပေါ်ခဲ့ပြီး စပါးနှင့် စပါးပျိုးခင်းများ ထိခိုက်မှု များပြားခဲ့သည်။ လက်ရှိခန့်မှန်းချက်မှာ ကနဦးမျှသာဖြစ်ပြီး ထိခိုက်ပျက်စီးမှု အခြေအနေ အပြည့် အစုံကို ရေနစ်မြုပ်မှု ပြန်လည်ကျဆင်းသွားချိန်မှသာ ရှင်းလင်းစွာ သိနိုင်မည်ဟု ဘင်္ဂလားဒေ့ရှ် စိုက်ပျိုးရေးပညာပေးဌာနမှ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

    ထိုင်းနိုင်ငံ၏ ဆန်ကွဲ ၅ ရာခိုင်နှုန်း ပါဝင်သော ဆန်ဖြူဈေးနှုန်းမှာ ယခင်သီတင်းပတ်၌ တစ်တန်လျှင် ဒေါ်လာ ၄၅၀ နှုန်း ရှိခဲ့ရာမှ ၄၄၅ - ၄၅၀ ဒေါ်လာ နှုန်းထားသို့ ကျဆင်းခဲ့သည်ဟု ကုန်သည်များက ပြောဆိုကြသည်။ ဗန်ကောက်မြို့ အခြေစိုက် ကုန်သည်တစ်ဦးက ဖိလစ်ပိုင်နိုင်ငံ ၏ ဆန်ကွဲ ၅ မှတ်ပါဝင်သော ဆန်ဖြူတင်သွင်းမှုကို ဆိုင်းငံ့ခြင်းက ဝယ်လိုအားအပေါ် ထပ်မံဖိစီးမှု ဖြစ်ပေါ်စေမှုနှင့်အတူ မဖြစ်မနေလိုအပ်မှသာ ဝယ်ယူသဖြင့် ဆန်ဝယ်ယူမှု အခြေအနေသည် အကန့်အသတ်ဖြင့်သာရှိကြောင်း ပြောဆိုခဲ့သည်။

    ခြောက်သွေ့ရာသီ ရိတ်သိမ်းထွက်ရှိမှုမှ ဆန်များ ဈေးကွက်သို့ ဝင်ရောက်လာသဖြင့် ရောင်း လိုအားအပိုင်းမှာမူ တဖြည်းဖြည်း မြင့်တက်လျက်ရှိသည်။ သို့သော် ကုန်သည်များအနေဖြင့် ယခု နှစ် နှောင်းပိုင်းကာလ၌ ဖြစ်ပေါ်လာနိုင်ခြေရှိသော အယ်လ်နီညိုရာသီဥတုဖြစ်စဉ်၏ ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုအပေါ် သက်ရောက်နိုင်မှုကို ဆက်လက် သတိပြုလုပ်ကိုင်လျက်ရှိသည်။

    ဗီယက်နမ်ဈေးကွက်တွင် ဆန်ကွဲ ၅ ရာခိုင်နှုန်း ပါဝင်သော ဆန်ဖြူဈေးနှုန်းမှာ ဇူလိုင် ၁၆ ရက်နေ့၌ တစ်တန်လျှင် ၄၄၅ - ၄၅၀ ဒေါ်လာနှုန်းထား၌ ယခင်ရက်သတ္တပတ်အတိုင်း မပြောင်းလဲ ဘဲ တည်ရှိနေခဲ့သည်။ လက်ရှိ သီးနှံရိတ်သိမ်းရာသီမှ ကုန်ဝင်ရောက်မှုကြောင့် ရောင်းလိုအား မြင့် တက်လာနိုင်မှုကို ဆန်ဝယ်လက်များက စောင့်ကြည့်လျက်ရှိရာ ကုန်သွယ်ရောင်းဝယ်မှုများသည် နှေးကွေးလျက်ရှိသည်ဟု ဟိုချီမင်းမြို့ အခြေစိုက် ကုန်သည်တစ်ဦးက ပြောဆိုခဲ့သည်။ နွေရာသီမှ ဆောင်းဦးရာသီကြား စပါးရိတ်သိမ်းမှုသည် ဇူလိုင်လကုန်မှ ဩဂုတ်လအထိ ကာလအတွင်း အမြင့် မားဆုံးသို့ ရောက်ရှိမည်ဟု လယ်သမားများက ပြောဆိုထားသည်။

Source: The Hindu Business Line, 17 Jul 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ