
မလေးရှားနိုင်ငံ၏ CIMB Group သည် ကမ္ဘောဒီးယားရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းများ (SMEs) အတွက် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်သွားမည်ဖြစ်သလို နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုစနစ် ဖွံ့ဖြိုးရေးကိုလည်း ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ကြောင်း သိရသည်။ CIMB Group ဥက္ကဋ္ဌ Datuk Syed Zaid Albar နှင့် Group CEO Novan Amirudin တို့သည် ကမ္ဘောဒီးယား အမျိုးသားဘဏ် (NBC) အုပ်ချုပ်ရေးမှူး Chea Serey နှင့် တွေ့ဆုံကာ ကမ္ဘောဒီးယား၏ စီးပွားရေးအခြေအနေ၊ ဘဏ်လုပ်ငန်းကဏ္ဍ၏ စိန်ခေါ်မှုများနှင့် ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ CIMB Bank Cambodia သည် SME များအတွက် ဒစ်ဂျစ်တယ်ဘဏ်ဝန်ဆောင်မှုများ ပေးအပ်နေပြီး ကမ္ဘောဒီးယား ချေးငွေအာမခံကော်ပိုရေးရှင်း (CGCC) နှင့် ပူးပေါင်းကာ အရည်အချင်းပြည့်မီသည့် အသေးစားလုပ်ငန်းများအတွက် အပေါင်ပစ္စည်းမလိုသော ချေးငွေများကိုလည်း ပံ့ပိုးပေးလျက်ရှိသည်။ ထို့အပြင် SME များအတွက် Octo Biz Light မိုဘိုင်းဘဏ်အက်ပ်ကိုလည်း ဝန်ဆောင်မှုပေးနေသည်။ CIMB Group CEO Novan Amirudin က ကမ္ဘောဒီးယားဈေးကွက်၏ လိုအပ်ချက်များနှင့် ကိုက်ညီသည့် ဘဏ္ဍာရေး ထုတ်ကုန်နှင့် ဝန်ဆောင်မှုအသစ်များ မိတ်ဆက်သွားမည်ဖြစ်ပြီး ကမ္ဘောဒီးယား ရီယယ်ငွေကြေးအ သုံးပြုမှုကိုလည်း ဆက်လက်အားပေးသွားမည်ဟု ပြောကြားခဲ့သည်။ NBC အုပ်ချုပ်ရေးမှူး Chea Serey က CIMB ၏ ရင်းနှီးမြှုပ်နှံမှု တိုးချဲ့မည့်အစီအစဉ်ကို ကြိုဆိုခဲ့ပြီး SME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ်ဝန်ဆောင်မှုများသည် အရေးကြီးကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ကမ္ဘောဒီးယားနှင့် မလေးရှားနိုင်ငံတို့အကြား အသုံးပြုနေသည့် နယ်စပ်ဖြတ်ကျော် QR ငွေပေးချေမှုစနစ်သည် ခရီးသွားများအနေဖြင့် မိမိတို့၏ မိုဘိုင်းအက်ပ်များနှင့် ဒေသသုံးငွေကြေးများကို အသုံးပြု၍ လက်လီငွေပေးချေမှုများ ပြုလုပ်နိုင်စေပြီး နှစ်နိုင်ငံအကြား ဘဏ္ဍာရေးချိတ်ဆက်မှုကို ပိုမိုခိုင်မာစေရန် အထောက်အကူပြုနေကြောင်း သိရှိရပါသည်။
Source: Khmer Times
DOCA(ရန်ကုန်)
