ကမ္ဘောဒီးယား-လာအို လမ်း၊ တံတားနှင့် ရထားလမ်း ဆက်သွယ်ရေး တိုးချဲ့မည်

Powered by Drupal

          ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့သည် နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေးစနစ် ပိုမိုကောင်းမွန်စေရန်၊ ကုန်စည်ပို့ဆောင်ရေးကုန်ကျစရိတ်လျှော့ချရန်နှင့် ကုန်သွယ်မှုလွယ်ကူ ချောမွေ့စေရန် လမ်း၊ တံတားနှင့် ရထားလမ်း ဆက်သွယ်ရေးစီမံကိန်းများ ဖော်ဆောင်ရန် ဆွေးနွေးခဲ့ကြသည်။ ကမ္ဘောဒီးယား ပြည်သူ့လုပ်ငန်းနှင့် ပို့ဆောင်ရေးဝန်ကြီး Peng Ponea နှင့် လာအိုဝန်ကြီး Leklai Sivilay တို့သည်တရုတ်နိုင်ငံ Beijing (ဘေဂျင်း)မြို့၌ ကျင်းပသည့် “Global Sustainable Transport Forum 2026” ပြင်ပအစီအစဉ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ ဆွေးနွေးမှုတွင် ကမ္ဘောဒီးယား အမျိုးသားလမ်းမကြီး အမှတ် ၇ မှ လာအို အမျိုးသားလမ်းမကြီး အမှတ် ၁၃ သို့ ဆက်သွယ်မည့် ASEAN Highway AH11 ဖော်ဆောင်ရေး၊ Tonle Ropou–Se Lamphao တံတားနှင့် ဆက်သွယ်လမ်းများ တည်ဆောက်ရေး၊ နှစ်နိုင်ငံ ရထားလမ်းဆက်သွယ်ရေး ဖော်ဆောင်ရေးတို့ ပါဝင်သည်။ စီမံကိန်းများကို အကောင်အထည်ဖော်နိုင်ရေး ဖြစ်နိုင်ခြေလေ့လာမှုများ အရှိန်မြှင့်ရန် နှစ်နိုင်ငံ ပူးတွဲလုပ်ငန်းအဖွဲ့ ဖွဲ့စည်းရန်လည်း သဘောတူခဲ့ကြသည်။ ဝန်ကြီး Ponea က ရေရှည်တည်တံ့သော သယ်ယူပို့ဆောင်ရေးသည် ကုန်သွယ်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသတွင်းဆက်သွယ်မှုအတွက် အရေးကြီးကြောင်း ပြောကြားပြီး ကမ္ဘောဒီးယားအနေဖြင့် လမ်း၊ ရထားလမ်း၊ ဆိပ်ကမ်းနှင့် ကုန်စည်ပို့ဆောင်ရေး စင်တာများအပါအဝင် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်အာရုံစိုက်နေကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Source: Khmer Times                                                           

DOCA(ရန်ကုန်)