
ကမ္ဘောဒီးယားနိုင်ငံ၏ Stock Exchange (စတော့အိတ်ချိန်း) စာရင်းဝင် ဖနွမ်းပင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဆိပ်ကမ်း (PPAP) သည် ၂၀၂၆ ခုနှစ် ပထမ ၈ လအတွင်း စုစုပေါင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၃၉.၉၃ သန်း ရရှိခဲ့ပြီး ယမန်နှစ် အလားတူကာလထက် ၂၃ ရာခိုင်နှုန်း တိုးမြင့်ခဲ့ကြောင်း သိရသည်။ ဝင်ငွေတိုးတက်လာခြင်းမှာ ဆိပ်ကမ်းများမှ ကုန်စည်ကိုင်တွယ်မှုနှင့် ကွန်တိန်နာ ဖြတ်သန်းသယ်ယူမှု ပိုမိုမြင့်တက်လာခြင်းကြောင့်ဖြစ်သည်။ အဆိုပါကာလအတွင်း ဆိပ်ကမ်းမှ ကွန်တိန်နာယူနစ် စုစုပေါင်း ၄၈၄,၁၇၆ TEUs ကို ကိုင်တွယ်ခဲ့ပြီး ယမန်နှစ် အလားတူ ကာလထက် ၂၃.၉ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ ယင်းရလဒ်သည် ကမ္ဘောဒီးယား၏ ကုန်သွယ်ရေးကဏ္ဍ တည်ငြိမ်မှုနှင့် ပြည်ပပို့ကုန်၊ သွင်းကုန်ပမာဏများ ဆက်လက်မြင့်တက်နေမှုကို ဖော်ပြနေသည်။ ပြည်သူ့လုပ်ငန်းနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနက ဆိပ်ကမ်းအခြေခံအဆောက်အအုံများ ခေတ်မီတိုးတက်ရေး၊ သယ်ယူပို့ဆောင်ရေးကွန်ရက်များ ချိတ်ဆက်မှုကောင်းမွန်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍ ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်ရေးတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ထို့အပြင် PPAP သည် မဲခေါင်(Mekong)နှင့် Tonle Sap မြစ်တစ်လျှောက် အထောက်အကူပြုဆိပ်ကမ်းများနှင့် ဘက်စုံသုံး မြစ်ဆိပ်ကမ်းများ တိုးချဲ့တည်ဆောက်လျက်ရှိပြီး ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေး တိုးတက်စေရန်နှင့် သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်လျှော့ချရန် ရည်ရွယ်ထားကြောင်း သိရှိရပါသည်။
Source: Khmer Times
DOCA(ရန်ကုန်)
