Huawei က ကမ္ဘောဒီးယားနှင့် နည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်

Powered by Drupal

          တရုတ်နည်းပညာကုမ္ပဏီ Huawei သည် ကမ္ဘောဒီးယားနိုင်ငံ၏ 5G ဝန်ဆောင်မှုနှင့် နည်းပညာအသုံးပြုမှုများ တိုးချဲ့လာမှုနှင့်အတူ နည်းပညာ၊ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဖွံ့ဖြိုးရေးနှင့် ဒစ်ဂျစ်တယ်စီးပွားရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရန် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားသည်။ Huawei အရှေ့တောင်အာရှ ဥက္ကဋ္ဌ Wang Xu က ဝန်ကြီးချုပ် Hun Manet နှင့် ၂၃-၉-၂၀၂၆ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ၊ ငြိမ်းချမ်ရေးနန်းတော်၌ တွေ့ဆုံစဉ် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ Wang Xu က Huawei အနေဖြင့် ကမ္ဘောဒီးယားရှိ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် နည်းပညာကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုကို အလေးထားကြောင်း ပြောကြားပြီး ကမ္ဘောဒီးယားနိုင်ငံ၏ 5G မိုဘိုင်းဝန်ဆောင်မှု ဖြန့်ကျက်မှုနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အသုံးပြုမှု တိုးတက်လာခြင်းကို ချီးကျူးဂုဏ်ပြုခဲ့ သည်။ ထို့အပြင် Huawei က ICT လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် အစိုးရခေါင်းဆောင်များနှင့် အရာရှိများအား လေ့ကျင့်သင်ကြားပေးခြင်း၊ ကမ္ဘောဒီးယား ကျောင်းသားများ၏ နည်းပညာကျွမ်းကျင်မှု မြှင့်တင်ရန် Train-the-Trainer အစီအစဉ်များ ဆောင်ရွက်ပေးနေမှုများကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို ဖော်ထုတ်ခြေရာခံရာတွင် ဉာဏ်ရည်တု (AI) နည်းပညာအသုံးပြုမှု အတွေ့အကြုံများနှင့် အသေးစားနှင့် အလတ်စားလုပ်ငန်းများ (SMEs) ကို အထောက်အကူပြုနိုင်မည့် ဒစ်ဂျစ်တယ်စီးပွားရေးစနစ် ဖော်ဆောင်မှုများကိုလည်း Huawei က မျှဝေခဲ့သည်။ နည်းပညာအသုံးပြုမှုများ လျင်မြန်စွာတိုးတက်လာသည့် အခြေအနေတွင် အချက်အလက်လုံခြုံရေးနှင့် ဒစ်ဂျစ်တယ်ကဏ္ဍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးတို့ကို အရေးကြီးသည့် ဦးစားပေးကဏ္ဍများအဖြစ် Wang Xu က ထောက်ပြခဲ့သည်။ ဝန်ကြီးချုပ် Hun Manet ကလည်း ကမ္ဘောဒီးယားအနေဖြင့် ဒစ်ဂျစ်တယ် ကျွမ်းကျင်မှုဖွံ့ဖြိုးရေးနှင့် AI နည်းပညာကို လုံခြုံစွာ အသုံးချနိုင်ရေးတို့ကို အလေးထား ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။ နည်းပညာအသုံးပြု၍ ကျူးလွန်သည့် အွန်လိုင်း လိမ်လည်မှုများကို တားဆီးနှိမ်နင်းနိုင်ရန် နည်းပညာအသုံးချမှု ပိုမိုမြှင့်တင်ရန်နှင့် ဥပဒေစိုးမိုးရေး အရာရှိများ၏ နည်းပညာဆိုင်ရာစွမ်းရည်များ တိုးမြှင့်ရန်လည်း ဝန်ကြီးချုပ်က တိုက်တွန်းခဲ့သည်။ ထို့ပြင် Huawei အနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ၊ အထူးသဖြင့် စာတိုက်နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ပြီး နည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစွာ တိုးချဲ့သွားရန်လည်း ဝန်ကြီးချုပ်က ဆက်လက်တိုက်တွန်းခဲ့ကြောင်း သိရှိရပါသည်။

Source: Khmer Times                                                           

DOCA(ရန်ကုန်)