ဆန်စပါးကဏ္ဍ၌ လာရောက်ရင်းနှီးမြှုပ်နှံရန် တီမောလက်စ်သို့ ကမ္ဘောဒီးယား ကမ်းလှမ်း
ကမ္ဘောဒီးယားနိုင်ငံ၏ တိုးတက်ဖွံ့ဖြိုးလျက်ရှိသော ဆန်စပါးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန်နှင့် ဆန်ပိုမိုတင်သွင်းရန်အတွက် တီမောလက်စ် သံအမတ်ကြီး Ermenegildo Kupa Lopes အား နိုဝင်ဘာ ၁၉ ရက်နေ့တွင် ဖနွမ်းပင်မြို့၌ လက်ခံတွေ့ဆုံရာတွင် ကမ္ဘောဒီးယား အထက်လွှတ်တော် ဥက္ကဋ္ဌ ဟွန်ဆန်က အဆိုပြုကမ်းလှမ်းခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံသည် အရေးပါသော ဆန်တင်ပို့သည့်နိုင်ငံတစ်ခုအနေဖြင့် အလားအလာရှိသည်ကို မစ္စတာဟွန်ဆန်က အလေးပေးပြောကြားခဲ့ပြီး နိုင်ငံတွင်း၌ ဆန်ကြိတ်ခွဲခြင်းနှင့် ပြုပြင်ထုတ်လုပ်ခြင်းဆိုင်ရာ လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများအား ရှာဖွေ ရန် တီမောလက်စ်နိုင်ငံအား တိုက်တွန်းခဲ့ကြောင်း သိရှိရသည်။
၂၀၂၄ ခုနှစ်အတွင်း လက်ရှိကာလအထိ ကမ္ဘောဒီးယားထံမှ ဆန်တန်ချိန် ၄၀၀၀ ခန့်ကို တင်သွင်းထားပြီးဖြစ်သည့် တီမောလက်စ်နိုင်ငံဈေးကွက်သို့ ကမ္ဘောဒီးယားဆန်များ ပိုမိုဝင်ရောက် နိုင်စေရန် ဆန္ဒရှိကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံရှိ ဆန်စပါးထုတ်လုပ်မှုနယ်ပယ်တွင် ရင်းနှီးမြှုပ်နှံ လျက် ထွက်ရှိလာသည့်ဆန်များအား တီမောလက်စ်၏ စားနပ်ရိက္ခာဖူလုံမှု အားကောင်းလာစေရန် တင်သွင်းခြင်းအပြင် အခြားနိုင်ငံခြားဈေးကွက်များသို့ တင်ပို့ရန်အတွက် တီမောလက်စ်မှ ရင်းနှီးမြှုပ်နှံသူများအား တိုက်တွန်းလိုကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်က ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားအစိုးရအနေဖြင့် မြေဆီလွှာအခြေအနေ အကဲဖြတ်ရန်နှင့် စိုက်ပျိုးရန် သင့်လျော်မည့်သီးနှံများကို ရှာဖွေဖော်ထုတ်ရန် ကျွမ်းကျင်သူများစေလွှတ်ခြင်းဖြင့် စိုက်ပျိုးရေးကဏ္ဍ၌ တီမောလက်စ်နှင့် ရေရှည်လက်တွဲလုပ်ဆောင်ရန် စိတ်အားထက်သန်လျက်ရှိကြောင်း၊ အဆိုပါ အစပျိုးလုပ်ဆောင်မှုသည် စျေးကွက်သစ်များသို့ ဆန်တင်ပို့မှုများချဲ့ထွင်ရန်နှင့် ဒေသတွင်း ထိပ်တန်းဆန်ထုတ်လုပ်သူအဖြစ် ရပ်တည်မှုကို ခိုင်မာစေရန် ရည်ရွယ်ချမှတ်ထားသည့် ကမ္ဘောဒီးယား၏ ကျယ်ပြန့်သော မဟာဗျူဟာနှင့် ကိုက်ညီမှုရှိကြောင်း သိရှိရသည်။
ကမ္ဘောဒီးယား ဆန်စပါးအသင်းချုပ် (CRF) အနေဖြင့်လည်း တီမောလက်စ်နိုင်ငံအား ဆန်တင်ပို့မှုအတွက် အလားအလာရှိသော ဈေးကွက်တစ်ခုအဖြစ် သတ်မှတ်ထားကြောင်း၊ CRF သည် တီမောလက်စ်နိုင်ငံနှင့် အလားအလာရှိသော ဆန်တင်ပို့မှု သဘောတူညီချက်ရေးထိုးနိုင်ရေးအတွက် အဖွဲ့အစည်း အများအပြားနှင့် လက်တွဲဆောင်ရွက်နေကြောင်းဖြင့် ၎င်းအသင်းချုပ်၏ အထွေထွေအတွင်းရေးမှူး Lun Yeng က Khmer Times သို့ ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားသည် ၂၀၂၄ ခုနှစ် ပထမ (၉) လအတွင်း အမေရိကန်ဒေါ်လာ ၃၃၅.၄ သန်း တန်ဖိုးရှိသော ဆန်တန်ချိန် ၄၄၅၉၁၃ တင်ပို့ခဲ့ကြောင်း CRF ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဆန်မွှေး၊ ဆန်ဖြူ၊ ပေါင်းဆန်နှင့် အော်ဂဲနစ်ဆန်များ အပါအဝင် ဆန်မျိုးစုံကို တင်ပို့လျက်ရှိပြီး ယခုနှစ် စက်တင်ဘာလကုန်အထိ ကမ္ဘောဒီးယားနိုင်ငံမှ ကြိတ်ခွဲဆန်စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းခန့်ကို အာဆီယံ (၇) နိုင်ငံသို့ တင်ပို့ခဲ့ကြောင်း သိရှိရသည်။
Source: Khmer Times, 21 November, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)