ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ထောက်ပံ့ပို့ဆောင်ရေးနှင့် ကုန်ထုတ်လုပ်ခြင်းတို့တွင် တောင်ကိုရီးယားနှင့် ပူးပေါင်းဆောင်ရွက်မည့် ဗီယက်နမ်

          ဗီယက်နမ်စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံခြားစျေးကွက်ဖွံဖြိုး တိုးတက်ရေးဦးစီးဌာနက စက်တင်ဘာ ၃ ရက်မှ ၅ ရက်အထိ ဟိုချီမင်းမြို့၌ ကျင်းပမည့် Vietnam International Sourcing 2026 (VIS 2026) ပြပွဲတွင် တောင်ကိုရီးယားစီးပွားရေး လုပ်ငန်းများ၏ အင်အားတိုးမြှင့်ပါဝင်မှုသည် ဗီယက်နမ်နိုင်ငံကို ဒေသတွင်းထုတ်လုပ်မှုနှင့် ကုန်ပစ္စည်းဝယ်ယူဖြန့်ဖြူးရေးဗဟိုချက်အဖြစ် ပိုမိုဆွဲဆောင်နိုင်ကြောင်း ဖော်ပြနေသည်ဟု ပြောကြားခဲ့ပါသည်။ ဗီယက်နမ်နိုင်ငံဆိုင်ရာ တောင်ကိုရီးယားကုန်သွယ်ရေးရုံး၏ ပံ့ပိုးကူညီမှုဖြင့် ယခုနှစ် ကိုယ်စားလှယ်အဖွဲ့တွင် အစားအသောက်၊ ထောက်ပံ့ပို့ဆောင်ရေး၊ ဒစ်ဂျစ်တယ်နည်းပညာ၊ အင်ဂျင်နီယာလုပ်ငန်း၊ သင်္ဘောတည်ဆောက်ရေး၊ ရေလုပ်ငန်းနှင့် ဖြန့်ဖြူးရေးကဏ္ဍများမှ ထိပ်တန်းကုမ္ပဏီများ၊ လုပ်ငန်းအသင်းအဖွဲ့များနှင့် စီးပွားရေးလုပ်ငန်းများ ပါဝင်လာမည် ဖြစ်ကြောင်း သိရပါသည်။ တောင်ကိုရီးယားကုမ္ပဏီများသည် ကုန်ပစ္စည်းဝယ်ယူရေးတင်မကဘဲ ကုန်ပစ္စည်းပြသမှုများ၊ စီးပွားရေးလုပ်ငန်းချင်းချိတ်ဆက်ဆွေးနွေးပွဲ (B2B) များ၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများနှင့် ရေရှည်တည်တံ့သော ထောက်ပံ့ရေးကွင်းဆက်ဖွံ့ဖြိုးတိုးတက်ရေးတို့မှ တစ်ဆင့် ဗီယက်နမ်လုပ်ငန်းများနှင့် ရေရှည်ပူးပေါင်းဆောင်ရွက်မှုများ တည်ဆောက်ရန် ရည်ရွယ်ထားကြောင်း သိရပါသည်။ ပါဝင်မည့်ကုမ္ပဏီများအနက် HiteJinro သည် အဖျော်ယမကာ ထုတ်ကုန်များကိုပြသရန် ပြခန်းနှစ်ခန်းဖွင့်လှစ်မည်ဖြစ်ပြီး B2B တွေ့ဆုံပွဲများလည်း ကျင်းပ သွားမည်ဖြစ်ကြောင်း သိရပါသည်။ ထို့ပြင် ဗီယက်နမ်တွင် ထုတ်လုပ်မှုတိုးချဲ့ရန် ပြင်ဆင်လျက် ရှိသည့်အတွက် ကမ္ဘာလုံးဆိုင်ရာဖြန့်ချိရေးကွန်ရက်အတွက် ဗီယက်နမ်မှ ပြုပြင်ထုတ်လုပ်ထားသော အစားအသောက်ထုတ်ကုန်များကို ရှာဖွေဝယ်ယူသွားမည်ဖြစ်‌ကြောင်း သိရပါသည်။ ထောက်ပံ့ပို့ဆောင်ရေးနှင့် ထောက်ပံ့ရေးကွင်းဆက်ဝန်ဆောင်မှုပေးသည့် Zenith Union Partners (ZUP) နှင့် KCTC International တို့သည် ဗီယက်နမ်တွင် လုပ်ကိုင်နေသည့် တောင်ကိုရီးယားစီးပွားရေးအသိုက်အဝန်းအတွက် ထောက်ပံ့ပို့ဆောင်ရေး၊ ထုပ်ပိုးမှု၊ Pallet၊ ဖြန့်ဖြူးရေးနှင့် ကုန်ပစ္စည်းဝယ်ယူရေးဆိုင်ရာဖြေရှင်းနည်းများကိုရှာဖွေကာ ထောက်ပံ့ရေးကွင်းဆက်များကို ပိုမိုထိရောက်စေရန်နှင့် နှစ်နိုင်ငံကုန်သွယ်ရေးတိုးမြှင့်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရပါသည်။ ဒစ်ဂျစ်တယ်နည်းပညာကဏ္ဍတွင် တောင်ကိုရီးယား၏ ထိပ်တန်း Cloud Computing နှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးကုမ္ပဏီဖြစ်သည့် Megazone က ဗီယက်နမ်နည်းပညာကုမ္ပဏီများနှင့် ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံ၊ ဒေတာစင်တာများ၊ Cloud Computing နှင့် လုပ်ငန်းသုံးဒစ်ဂျစ်တယ်ဖြေရှင်းနည်းများကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရန် ရှာဖွေလျက်ရှိကြောင်း သိရပါသည်။ သင်္ဘောတည်ဆောက်ရေးနှင့် အကြီးစားစက်မှု လုပ်ငန်းကဏ္ဍမှ Tims Trading၊ BUFCO နှင့် Korea Marine Equipment Association (KOMEA) တို့သည် စက်ပိုင်းဆိုင်ရာအစိတ်အပိုင်းများ၊ ကုန်ကြမ်းပစ္စည်းများ၊ Flanges၊ Pipe Fittings၊ ရေကြောင်းသုံးစက်ကိရိယာများနှင့် သင်္ဘောတည်ဆောက်ရေး၊ စွမ်းအင်နှင့် ကမ်းလွန်လုပ်ငန်းများတွင် အသုံးပြုသည့်ပစ္စည်းများကို ဗီယက်နမ်မှပံ့ပိုးပေးနိုင်မည့်လုပ်ငန်းများကို ရှာဖွေသွားမည်ဖြစ်ရာ ဗီယက်နမ်၏အင်ဂျင်နီယာစွမ်းရည်များ တိုးတက်လာမှုနှင့်အတူ အခွင့်အလမ်းများ ပိုမိုကျယ်ပြန့်လာကြောင်း ဖော်ပြလျက်ရှိပါသည်။ ရေလုပ်ငန်းကဏ္ဍတွင် Hanawon Fishery သည် ငါးမွေးမြူရေးအစာထုတ်လုပ်ရန် လိုအပ်သောကုန်ကြမ်းများကိုရှာဖွေလျက်ရှိပြီး အခြားကုမ္ပဏီများကလည်း ပင်လယ်စာထုတ်ကုန်များအတွက် ဗီယက်နမ်၏တည်ငြိမ်သည့် ထောက်ပံ့ရေးကွင်းဆက်များကို စူးစမ်းလျက်ရှိကြောင်း သိရပါသည်။ VIS 2026 ပြပွဲကို တောင်ကိုရီးယား၏ အဓိကစီးပွားရေးအဖွဲ့အစည်းများဖြစ်သည့် ကိုရီးယားအသေးစားစီးပွားရေးလုပ်ငန်းများအဖွဲ့ချုပ် (KFME)၊ အသင်းဝင်အသေးစားစီးပွားရေးလုပ်ငန်းရှင်နှင့် လုပ်ငန်းပေါင်း ၇.၃ သန်းကျော်ကို ကိုယ်စားပြုသည့်အဖွဲ့၊ KOCHAM နှင့် ဟိုချီမင်းမြို့ရှိ တောင်ကိုရီးယားကောင်စစ်ဝန်ချုပ်ရုံးတို့ကလည်း ပံ့ပိုးကူညီလျက်ရှိပြီး ပြပွဲကိုမြှင့်တင်ကာ တောင်ကိုရီးယားစီးပွားရေးအသိုက်အဝန်း၏ ပါဝင်မှုကို အားပေးလျက်ရှိကြောင်း သိရပါသည်။ နိုင်ငံခြားစျေးကွက်ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၏ အဆိုအရ VIS 2026 တွင် တောင်ကိုရီးယားလုပ်ငန်းများ အင်အားတိုးမြှင့်ပါဝင်လာခြင်းသည် တောင်ကိုရီးယားကုမ္ပဏီများအကြား ထောက်ပံ့ရေးကွင်းဆက်များကို မတူကွဲပြားစေရန်၊ ဗီယက်နမ်တွင် ကုန်ပစ္စည်းဝယ်ယူရေးကွန်ရက်များချဲ့ထွင်ရန်နှင့် ဗီယက်နမ်ထုတ်လုပ်သူများနှင့် ပူးပေါင်းဆောင်ရွက်မှုများပိုမိုနက်ရှိုင်းစေရန် ကြိုးပမ်းနေသည့်လမ်းကြောင်းကို ထင်ဟပ်စေသည် ဟု သိရပါသည်။ အဆိုပါပြပွဲသည် ဗီယက်နမ်လုပ်ငန်းများအတွက် တောင်ကိုရီးယား၏ ထိပ်တန်းကုမ္ပဏီများ၊ တင်သွင်းသူများ၊ စက်မှုလုပ်ငန်းအသင်းအဖွဲ့များနှင့် ဖြန့်ဖြူးရေးကွန်ရက်များကို တိုက်ရိုက်ချိတ်ဆက်နိုင်မည့် အခွင့်အလမ်းတစ်ရပ်ဖြစ်ပြီး ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးကွင်းဆက်များအတွင်း ပိုမိုနက်ရှိုင်းစွာပါဝင်နိုင်ရန် အထောက်အကူပြုမည်ဖြစ်ကြောင်း သိရပါသည်။ ထို့ပြင် Vietnam International Sourcing 2026 သည် ဗီယက်နမ်လုပ်ငန်းများနှင့် နိုင်ငံတကာဝယ်လက်များကို ထိရောက်စွာချိတ်ဆက်ပေးသည့် ပလက်ဖောင်းတစ်ရပ်အဖြစ် ဆက်လက်ရပ်တည်ကာ ပို့ကုန်တိုးမြှင့်ရေးနှင့် ဗီယက်နမ်၏ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်အတွင်း အရေးပါမှုကိုပိုမိုခိုင်မာစေရန် အထောက်အကူပြုမည်ဟု မျှော်လင့်ထား ကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

အရှေ့အလယ်ပိုင်းဒေသကို ရေရှည်တည်တံ့သော အလားအလာရှိသည့် စိုက်ပျိုးရေးထွက်ကုန်ဈေးကွက်အဖြစ် သတ်မှတ်ထားသည့် ဗီယက်နမ်

          ပထဝီနိုင်ငံရေးတင်းမာမှုများကြောင့် ၂၀၂၆ ခုနှစ်ပထမနှစ်ဝက်အတွင်း ဗီယက်နမ်၏ အရှေ့အလယ်ပိုင်းဒေသသို့ စိုက်ပျိုးရေးထွက်ကုန်တင်ပို့မှုကျဆင်းခဲ့သော်လည်း သွင်းကုန်လိုအပ်ချက်မြင့်မားခြင်း၊ စားသုံးမှုအလားအလာကောင်းမွန်ခြင်းနှင့် လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက်များ (FTA) အရ အခွန်သက်သာခွင့်များရရှိခြင်းတို့ကြောင့် ၎င်းဒေသကို မဟာဗျူဟာမြောက်ဈေးကွက်တစ်ခုအဖြစ် ဆက်လက်သတ်မှတ်ထားကြောင်း သိရပါသည်။ အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) ဆိုင်ရာ ဗီယက်နမ်ကုန်သွယ်ရေးရုံး တာဝန်ခံ Truong Xuan Trung ၏ ပြောကြားချက်အရ ၂၀၂၆ ခုနှစ် ပထမခြောက်လအတွင်း ဗီယက်နမ်မှ UAE သို့ တင်ပို့မှုသည် ယခင်နှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက သိသိသာသာကျဆင်းခဲ့ကြောင်း သိရပါသည်။ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၃၅ သန်းနီးပါးရှိခဲ့ပြီး ယခင်နှစ်ထက် ၄၁.၈၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါသည်။ သီဟိုဠ်စေ့တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၂၅.၁ သန်းကျော်ရှိခဲ့ပြီး ၇၀.၇၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါသည်။ ငရုတ်ကောင်းတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၆.၂ သန်းနီးပါးရှိကာ ၅၀.၁၆ ရာခိုင်နှုန်း ကျဆင်း ခဲ့ပြီး ရေထွက်ကုန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁၆.၁ သန်းခန့်ဖြင့် ၃၃.၈၈ ရာခိုင်နှုန်း ကျဆင်း ခဲ့ကြောင်း သိရပါသည်။ Truong က အဆိုပါကျဆင်းမှုမှာ ကာလတိုအကြောင်းအရင်းများကြောင့် ဖြစ်ကြောင်းပြောကြားပြီး UAE သည် ပြည်တွင်းစားနပ်ရိက္ခာလိုအပ်ချက်၏ ၁၀ မှ ၁၅ ရာခိုင်နှုန်း ခန့်သာ ထုတ်လုပ်နိုင်သဖြင့် သွင်းကုန်အပေါ်အလွန်အမင်းမှီခိုနေရကြောင်းနှင့် ထို့ကြောင့် ဗီယက်နမ်စိုက်ပျိုးရေးထွက်ကုန်တင်ပို့သူများအတွက် အခွင့်အလမ်းများစွာကျန်ရှိနေသေးကြောင်း ပြောကြားခဲ့ပါသည်။ အစ္စရေးနိုင်ငံသည်လည်း ဗီယက်နမ်စိုက်ပျိုးရေးထွက်ကုန်များအတွက် အလားအလာကောင်းသည့် ဈေးကွက်တစ်ခုအဖြစ် ပေါ်ထွက်လာလျက်ရှိ‌ကြောင်း သိရပါသည်။ အစ္စရေးဆိုင်ရာဗီယက်နမ်ကုန်သွယ်ရေးရုံးမှ ကုန်သွယ်ရေးအကြံပေး Le Thai Hoa က ဗီယက်နမ် ၏ အဓိကစိုက်ပျိုးရေးထွက်ကုန်များသည် အစ္စရေး၏ သွင်းကုန်လိုအပ်ချက်နှင့် ကိုက်ညီမှုရှိပြီး အထူးသဖြင့် စားသောက်ကုန်၊ အဖျော်ယမကာနှင့် စားသုံးမှု၊ ပြုပြင်ထုတ်လုပ်မှုအတွက် လိုအပ်သည့် စိုက်ပျိုးရေးကုန်ကြမ်းများအပေါ် ဝယ်လိုအားမြင့်မားကြောင်း ပြောကြားခဲ့ပါသည်။ လက်ရှိတွင် ဗီယက်နမ်ရေထွက်ကုန်များသည် အစ္စရေး၏ ရေထွက်ကုန်သွင်းကုန် စုစုပေါင်း၏ ၁၁ မှ ၁၃ ရာခိုင်နှုန်းခန့်ကိုရယူထားပြီး ဈေးကွက်ချဲ့ထွင်နိုင်မည့် အခွင့်အလမ်းများစွာ ကျန်ရှိနေ သေးကြောင်း သိရပါသည်။ ထို့ပြင် ၂၀၂၆ ခုနှစ် ပထမလများအတွင်း တိုးတက်မှုရရှိခဲ့သည့် ပို့ကုန်အမျိုးအစားအနည်းငယ်ထဲမှ တစ်ခုလည်းဖြစ်ကြောင်း သိရပါသည်။ စားသုံးသူဝယ်လိုအား မြင့်တက်လာခြင်းအပြင် လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက်များကလည်း အရှေ့ အလယ်ပိုင်းဈေးကွက်တွင် ဗီယက်နမ်ထုတ်ကုန်များ၏ ယှဉ်ပြိုင်နိုင်စွမ်းကို ပိုမိုမြှင့်တင်ပေးလျက်ရှိကြောင်း သိရပါသည်။ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်တွင် အသက်ဝင်ခဲ့သည့် ဗီယက်နမ်–UAE ဘက်ပေါင်းစုံစီးပွားရေးမိတ်ဖက်သဘောတူညီချက် (CEPA) သည် ဗီယက်နမ်စိုက်ပျိုးရေး ထွက်ကုန်တင်ပို့သူများအတွက် အခွင့်အလမ်းသစ်များဖန်တီးပေးနိုင်မည်ဟုမျှော်မှန်းထားကြောင်း သိရပါသည်။ အဆိုပါသဘောတူညီချက်အရ UAE သည် အကောက်ခွန်လိုင်းစုစုပေါင်း၏ ၉၄.၉ ရာခိုင်နှုန်းကိုလျှော့ပေါ့ပေးခဲ့ပြီး ၎င်းအနက် ၇၄.၂ ရာခိုင်နှုန်းကို သဘောတူညီချက်စတင် အသက်ဝင်ချိန်မှစ၍ ချက်ချင်းဖယ်ရှားပေးခဲ့ကြောင်း သိရပါသည်။ ရေထွက်ကုန်၊ သီဟိုဠ်စေ့၊ ငရုတ်ကောင်း၊ သစ်နှင့် သစ်ထုတ်ကုန်များကဲ့သို့ ဗီယက်နမ်၏ အဓိကပို့ကုန်များသည် ချက်ချင်း သို့မဟုတ် ကာလတိုအတွင်း အကောက်ခွန်သက်သာခွင့်များ ရရှိလျက်ရှိကြောင်း သိရပါသည်။ ထို့အတူ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၇ ရက်တွင် အသက်ဝင်ခဲ့သည့် ဗီယက်နမ်–အစ္စရေး လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက် (VIFTA) သည်လည်း ဈေးကွက်ဝင်ရောက်ခွင့်ကို ပိုမိုကောင်းမွန်စေခဲ့ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်အတွင်း အစ္စရေးသို့ ဗီယက်နမ်၏ အဓိကပို့ကုန်များဖြစ်သည့် ရေထွက်ကုန်၊ သီဟိုဠ်စေ့နှင့် ကော်ဖီတင်ပို့မှုများမှာ သိသာသောတိုးတက်မှုရရှိခဲ့ကြောင်း သိရပါသည်။ ကျွမ်းကျင်သူများက ကုန်တင်ပို့သူများအနေဖြင့် နည်းပညာစံချိန်စံညွှန်းများ၊ အသိအမှတ်ပြုလက်မှတ်ဆိုင်ရာ သတ်မှတ်ချက်များနှင့် ဈေးကွက်စည်းမျဉ်းများကို အပြည့်အဝလိုက်နာဆောင်ရွက်မှသာ ကုန်သွယ်ရေးသဘောတူညီချက်များ၏ အကျိုးကျေးဇူးကို အပြည့်အဝရရှိနိုင်မည်ဖြစ်ကြောင်း အကြံပြုထားပါသည်။ ဗီယက်နမ် ငရုတ်ကောင်းနှင့် ဟင်းခတ်အမွှေးအကြိုင်အသင်း (VPSA) အထွေထွေအတွင်းရေးမှူး Le Viet Anh က အရှေ့အလယ်ပိုင်းဒေသသည် ကမ္ဘာ့ဟင်းခတ်အမွှေးအကြိုင် စားသုံးမှုအများဆုံးဒေသများထဲမှ တစ်ခုဖြစ်ကြောင်းနှင့် UAE သည် ပို့ကုန်ဈေးကွက်ကောင်းတစ်ခုသာမက အရှေ့အလယ်ပိုင်း၊ အာဖရိက၊ ဗဟို အာရှနှင့် တောင်အာရှတို့ကို ချိတ်ဆက်ပေးသည့် အဓိကထောက်ပံ့ပို့ဆောင်ရေးဗဟိုချက်တစ်ခု ဖြစ်သဖြင့် ဗီယက်နမ်ထုတ်ကုန်များကို ဒေသတွင်းပိုမိုကျယ်ပြန့်သည့်ဈေးကွက်များသို့ ဝင်ရောက်နိုင်စေကြောင်း ပြောကြားခဲ့ပါသည်။ ဗီယက်နမ်သည် ကမ္ဘာ့ထိပ်တန်း ငရုတ်ကောင်း၊ သစ်ကြံပိုး ခေါက်နှင့် နာနတ်ပွင့်တင်ပို့သည့် နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ပြီး အရှေ့အလယ်ပိုင်းဈေးကွက်တွင် ဗီယက်နမ်ငရုတ်ကောင်းနှင့် သစ်ကြံပိုးခေါက်တို့သည် ဈေးကွက်ဝေစု ၆၀ ရာခိုင်နှုန်းနှင့် ၅၀ ရာခိုင်နှုန်းခန့် အသီးသီးရရှိထားကြောင်း သိရပါသည်။ သို့သော် Halal အသိအမှတ်ပြုလက်မှတ်၊ ကုန်ပစ္စည်းခြေရာခံစနစ်နှင့် ရေရှည်တည်တံ့မှုဆိုင်ရာ သတ်မှတ်ချက်များ ပိုမိုတင်းကျပ်လာခြင်းကြောင့် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း သိရပါသည်။ ထို့ပြင် ထောက်ပံ့ပို့ဆောင်ရေးကုန်ကျစရိတ်မြင့်တက်လာခြင်းနှင့် ဘရာဇီး၊ အင်ဒိုနီးရှား၊ တရုတ် နိုင်ငံတို့မှ ယှဉ်ပြိုင်မှုများပိုမိုပြင်းထန်လာခြင်းကြောင့် ဗီယက်နမ်လုပ်ငန်းများအနေဖြင့် ကုန်ပစ္စည်းအရည်အသွေးမြှင့်တင်ခြင်း၊ တန်ဖိုးမြှင့်ပြုပြင်ထုတ်လုပ်မှုတွင် ရင်းနှီးမြှုပ်နှံခြင်းနှင့် ကုန်အမှတ်တံဆိပ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အားဖြည့်ဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း သိရပါသည်။ ဗီယက်နမ် စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံခြားကုန်သွယ်ရေးအေဂျင်စီ အထွေထွေမူဝါဒဌာန အကြီးအကဲ Vu Minh Tam က စီးပွားရေးလုပ်ငန်းများအနေဖြင့် ကုန်ပစ္စည်းအမျိုးအစားခွဲခြားသတ်မှတ်မှုများကို ကြိုတင်သုံးသပ်ရန်၊ ထုတ်ကုန်ဒီဇိုင်း ရေးဆွဲသည့်အဆင့်မှစ၍ မူလနိုင်ငံသတ်မှတ်ချက်များကိုလိုက်နာရန်၊ Halal နှင့် Kosher စံချိန် စံညွှန်းများကို ထုတ်လုပ်မှုတွင် ထည့်သွင်းကျင့်သုံးရန်၊ ဈေးကွက်တစ်ခုချင်းစီနှင့် ကိုက်ညီသည့် မဟာဗျူဟာများချမှတ်ရန်နှင့် ကုန်သွယ်မှုမြှင့်တင်ရေးအစီအစဉ်များကို ထိရောက်စွာအသုံးချရန် အကြံပြုခဲ့ကြောင်း သိရပါသည်။ ထို့အပြင် အာဏာပိုင်များအနေဖြင့် နိုင်ငံတော်၏ Halal စည်းမျဉ်းစည်းကမ်းမူဘောင်ကို ဆက်လက်တိုးတက်ကောင်းမွန်စေရန်၊ CEPA နှင့် VIFTA သဘောတူညီချက်များပါကတိကဝတ်များကို ပိုမိုအသိပညာပေးရန်၊ ထောက်ပံ့ပို့ဆောင်ရေး အထောက်အပံ့များမြှင့်တင်ရန်နှင့် သန့်ရှင်းရေးနှင့် အပင်ကျန်းမာရေးဆိုင်ရာ (SPS) စံချိန်စံညွှန်းများအပေါ် နှစ်နိုင်ငံဆွေးနွေးပွဲများ တိုးချဲ့ဆောင်ရွက်ရန်လည်း တိုက်တွန်းခဲ့ကြောင်း သိရပါသည်။
ပထဝီနိုင်ငံရေး မရေရာမှုများ ဆက်လက်ရှိနေမည်ဟု မျှော်မှန်းထားသဖြင့် ဗီယက်နမ်အနေဖြင့် ပို့ကုန်လုပ်ငန်းများ၏ အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်းများနှင့် ကိုက်ညီနိုင်စွမ်းကိုမြှင့်တင်ရန်၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ဖြန့်ဖြူးရေးကွန်ရက်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်ရန်လိုအပ် ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားသည်ဟု သိရပါသည်။ ၎င်းဆောင်ရွက်ချက်များသည် ကမ္ဘာ့အလားအလာအကောင်းဆုံးနှင့် အတက်ကြွဆုံးဈေးကွက်များထဲမှ တစ်ခုဖြစ်သည့် အရှေ့အလယ်ပိုင်းဒေသတွင် ဗီယက်နမ်စိုက်ပျိုးရေးကုန်အမှတ်တံဆိပ်များ၏ တည်ရှိမှုကို ပိုမိုခိုင်မာ စေမည်ဖြစ်ကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

ထိုင်းနိုင်ငံ၏ တရုတ်နိုင်ငံသို့ ဒူးရင်းသီး တင်ပို့မှု တန်ချိန် ၁ သန်းကျော်အထိ စံချိန်တင်ခဲ့

         ထိုင်းနိုင်ငံ၏ တရုတ်နိုင်ငံသို့ လတ်လတ်ဆတ်ဆတ် ဒူးရင်းသီး တင်ပို့မှုသည် အစိုးရ၏ လျာထားချက်ဖြစ်သော တန်ချိန် ၁ သန်းကို ကျော်လွန်သွားခဲ့ပြီဖြစ်ရာ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် တောင်ပိုင်းဒေသထွက် ဒူးရင်းသီးများ ဈေးကွက်တင်ပို့ရေးနှင့် ပြုပြင်မွမ်းမံ ထားသော ဒူးရင်းသီးထုတ်ကုန်များ မြှင့်တင်ရေးတို့အတွက် ကြိုးပမ်းအားထုတ်မှုများကို ပိုမိုအရှိန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

        ဒုတိယဝန်ကြီးချုပ်နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဖြစ်သူ Suphajee Suthumpun က အစိုးရကိစ္စဖြင့် နယူးယောက်သို့ ခရီးစဉ်အတွင်း လေဆိပ်၌ ခေတ္တရပ်နားစဉ် ဇူလိုင် ၂၁ ရက်နေ့ တွင် အဆိုပါ ကိန်းဂဏန်းများကို ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

        အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန (DITP) ၏ အစီရင်ခံစာအရ ထိုင်းနိုင်ငံသည် ဇန်နဝါရီ ၁ ရက်မှ ဇူလိုင် ၁၉ ရက်အတွင်း တရုတ်နိုင်ငံသို့ လတ်ဆတ်သော ဒူးရင်းသီး တန်ချိန် ၁,၀၀၀,၇၆၃.၆၆ ကို တင်ပို့နိုင်ခဲ့ပြီး ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သတ်မှတ်ထား သော လျာထားချက်ထက် စောစီးစွာ ကျော်လွန်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

        အဆိုပါ တင်ပို့မှု၏ တန်ဖိုးမှာ ဘတ် ၁၁၄.၈၂ ဘီလီယံကျော်ရှိခဲ့ပြီး ထိုင်းဒူးရင်းသီး၏ အရည်အသွေးအပေါ် တရုတ်ဝယ်ယူသူများ၏ ဆက်လက်ယုံကြည်မှုကို ထိန်းထားနိုင်ခြင်းကို ပေါ်လွင်စေသည်။ ယခုကဲ့သို့ အောင်မြင်ရခြင်းမှာ ဈေးကွက်ချဲ့ထွင်ရေး၊ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးနှင့် ထုတ်ကုန်စံချိန်စံညွှန်းများ ထိန်းသိမ်းရေးတို့တွင် အစိုးရဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းများနှင့် တောင်သူလယ်သမားများအကြား ပူးပေါင်းဆောင်ရွက်မှုကြောင့် ဖြစ်ကြောင်း Suphajee က ပြောကြားခဲ့သည်။

         ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ပို့ကုန်ပမာဏ ပိုမိုတိုးတက်လာစေရန် အထူးသဖြင့် လက်ရှိအချိန်မှာ ဈေးကွက်ထဲ စတင်ဝင်ရောက်လာပြီဖြစ်သည့် တောင်ပိုင်းဒေသထွက် ဒူးရင်းသီးများကို ဖြန့်ဖြူးပေးနိုင်ရန်အတွက် ကဏ္ဍအသီးသီးဖြင့် ဆက်လက်ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်းမှတ်ချက်ပြုခဲ့သည်။

      ၂၀၂၆ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ ဒူးရင်းသီး ထုတ်လုပ်မှုသည် ၃၀ ရာခိုင်နှုန်းခန့် တိုးတက်လာမည်ဟု ခန့်မှန်းထားသည်။ ထို့ကြောင့် ဝန်ကြီးဌာနက DITP အား တရုတ်နိုင်ငံအတွင်း ဈေးကွက်မဟာဗျူဟာကို အရှိန်မြှင့်ရန်၊ ရောင်းချသည့် လမ်းကြောင်းများကို ချဲ့ထွင်ရန်နှင့် လတ်ဆတ်သောဒူးရင်းသီး အနည်းဆုံး တန်ချိန် ၁ သန်း တင်ပို့နိုင်ရေး အကောင်အထည်ဖော်ရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

         ထို့အပြင် ဝန်ကြီးဌာနသည် ထုတ်လုပ်သူများနှင့် ပြည်တွင်းဝယ်ယူသူများကို ချိတ်ဆက်ပေးခြင်း၊ ပြည်ပဈေးကွက်များကို ချဲ့ထွင်ခြင်းနှင့် တန်ဖိုးမြှင့် ထုတ်ကုန်များဖြစ်အောင် ပြုပြင်မွမ်းမံခြင်းများကို အားပေးခြင်းဖြင့် သစ်သီးဝလံ စီမံခန့်ခွဲမှုဆိုင်ရာ ဟန်ချက်ညီ ဘက်စုံချဉ်းကပ်မှု နည်းလမ်းကို ကျင့်သုံးလျက်ရှိသည်။ အဆိုပါ စီမံဆောင်ရွက်ချက်များသည် ထိုင်းသစ်သီးများကို ဈေးကွက်များသို့ ပိုမိုထိရောက်စွာ ရောက်ရှိစေရန် ကူညီပေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

Source : Nation Thailand                                                                   

DOCA (ရန်ကုန်)

ဒူးရင်းနှင့် အခြားစိုက်ပျိုးရေး ထွက်ကုန် ပို့ကုန်များအတွက် အခွန်ကောက်ခံမှု အမြန်ဆောင်ရွက်ရန် အကောက်ခွန်ဌာန ညွှန်ကြား

          ဗီယက်နမ်နိုင်ငံ အကောက်ခွန်ဦးစီးဌာနသည် နယ်စပ်ဂိတ်များတွင် စိုက်ပျိုးရေး ပို့ကုန်များ၊ အထူးသဖြင့် ဒူးရင်းသီး တင်ပို့မှုများကို အမြန်ဆုံး အကောက်ခွန် ပေးဆောင်နိုင်အောင် ဆောင်ရွက် ပေးရန် ဒေသဆိုင်ရာ အကောက်ခွန်ဌာနခွဲများကို ညွှန်ကြားလိုက်သည်။

            ဇူလိုင်လ ၁၆ ရက်နေ့ ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက်တစ်ခုတွင် အကောက်ခွန်ဦးစီးဌာနသည် ပုံမှန်ရုံးချိန်ပြင်ပ အပါအဝင် တင်ပို့သည့် စိုက်ပျိုးရေး၊ သစ်တောနှင့် ရေထွက်ကုန် ပစ္စည်းများအတွက် အကောက်ခွန်ရှင်းလင်းရေးကို တစ်ရက်တည်းဖြင့်ပြီးစီးအောင် အပြည့်အဝ ကူညီ ဆောင်ရွက်ပေးရန် ဒေသဆိုင်ရာ အကောက်ခွန်ဌာနခွဲများသို့ တောင်းဆိုထားသည်။ ထို့ပြင် ညနေပိုင်း၊ စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များတွင်ပါ ပို့ကုန်တင်ပို့မှုများကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများ ဆောင်ရွက်ရန်နှင့် ကြီးကြပ်ရန် အရာရှိများ တာဝန်ပေးအပ်သွားရန် ညွှန်ကြားထားကြောင်း သိရသည်။

           ဒေသဆိုင်ရာ ဌာနခွဲများအနေဖြင့် ပို့ကုန်အကောက်ခွန် ရှင်းလင်းရေးကာလအတွင်း ကြုံတွေ့ရသည့် မည်သည့်ပြဿနာကိုမဆို ချက်ချင်းဖြေရှင်းပေးရန် လိုအပ်သည်။ မိမိတို့၏ လုပ်ပိုင်ခွင့်အာဏာထက် ကျော်လွန်သောကိစ္စရပ်များကို လမ်းညွှန်မှုခံယူနိုင်ရန် ဦးစီးဌာနသို့ ကြန့်ကြာမှုမရှိဘဲ သတင်းပို့ရမည်ဖြစ်သည်။

           စိုက်ပျိုးရေး၊ သစ်တောနှင့် ရေထွက်ကုန်ပစ္စည်းများ၏ အရည်အသွေးကို ထိန်းသိမ်းရာတွင် အထောက်အကူဖြစ်စေရန်အတွက် တင်ပို့ရန် စောင့်ဆိုင်းနေသည့် ကုန်ပစ္စည်းများကို သိုလှောင်ရန်နှင့် အမျိုးအစားခွဲခြားရန် သင့်တော်သော အဆောက်အအုံများ စီစဉ်ပေးနိုင်ရေး နယ်စပ်ဂိတ်များရှိ ဂိုဒေါင်နှင့် ကုန်သိုလှောင်ရုံ လုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်သည်။

           ၎င်းတို့အနေဖြင့် မိမိတို့နယ်မြေအတွင်းရှိ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေထွက်ကုန်များ တင်ပို့မှု တိုးတက်ဖြစ်ထွန်းမှုကို ပုံမှန်စောင့်ကြည့်ရန်၊ ဒေသတွင်း နယ်စပ်ဂိတ်များကို အသုံးပြုနေသည့် ပို့ကုန်တင်ပို့သူများထံ အချိန်မီ သတင်းအချက်အလက်နှင့် အကြံပြုချက်များပေးပို့ရန်၊ ယာဉ်ကြော ပိတ်ဆို့မှုကြောင့် အကောက်ခွန်ရှင်းလင်းရေး ထိခိုက်မှုမရှိစေရန် သက်ဆိုင်ရာ အာဏာပိုင်များနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန်လည်း ညွှန်ကြားထားသည်။

           အကောက်ခွန် ရှင်းလင်းရေး ကာလအတွင်း ဖြစ်ပေါ်လာသော ပြဿနာများကို အချိန်နှင့် တပြေးညီ ဖြေရှင်းနိုင်ရန် သက်ဆိုင်ရာ တရုတ်နယ်စပ်ဂိတ်ရှိ အကောက်ခွန် အာဏာပိုင်များနှင့် ပုံမှန်ဆက်သွယ်သွားရမည်ဖြစ်ပြီး၊ ဗီယက်နမ် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် စည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်မှုရှိစေရန်အတွက် တရုတ်နိုင်ငံ၏ အကောက်ခွန်စီမံခန့်ခွဲမှုနှင့် စစ်ဆေးရေး မူဝါဒဆိုင်ရာ အပြောင်းအလဲများကို အသိပေးအကြောင်းကြားသွားရမည်ဖြစ်ကြောင်း သိရှိရပါသည်။

Source : VN Express                                                                           

DOCA (ရန်ကုန်)

၂၀၂၆ ခုနှစ် ပထမခြောက်လအတွင်း တရုတ်နိုင်ငံ၏ စက်ကိရိယာထုတ်လုပ်မှုက ပို့ကုန်တိုးတက်မှုကို ဦးဆောင်

        ၂၀၂၆ ခုနှစ် ပထမခြောက်လအတွင်း တရုတ်နိုင်ငံ၏ စက်ကိရိယာထုတ်လုပ်မှု ကဏ္ဍသည် ပို့ကုန်တိုးတက်မှု၏ အဓိကမောင်းနှင်အား ဖြစ်လာခဲ့ပြီး စက်ကိရိယာစက်မှုလုပ်ငန်း၏ ပို့ကုန်ပစ္စည်း တင်ပို့မှုတန်ဖိုးမှာ ယခင်နှစ် ကာလတူထက် ၁၈.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ စက်မှုပို့ကုန် တိုးတက်မှု၏ နီးပါး ၅၀ ရာခိုင်နှုန်းကို ပါဝင်ပံ့ပိုးပေးခဲ့ကြောင်း တရားဝင်အချက် အလက်များက ဇူလိုင်လ ၂၀ ရက်နေ့တွင် ဖော်ပြခဲ့သည်။

          ယခုနှစ် ပထမခြောက်လအတွင်း တရုတ်နိုင်ငံ၏ လေအားလျှပ်စစ် တာဘိုင်ဂျင်နရေတာ နှင့် lithium batteries တင်ပို့မှုသည် ယခင်နှစ် ကာလတူထက် အသီးသီး ၃၅.၆ ရာခိုင်နှုန်းနှင့် ၃၇.၆ ရာခိုင်နှုန်း စီ တိုးတက်ခဲ့ပြီး မော်တော်ယာဉ်တင်ပို့မှုမှာ စီးရေ ၅.၀၉၆ သန်းအထိ ရောက်ရှိခဲ့ကာ ယခင်နှစ်ထက် ၆၅.၃ ရာခိုင်နှုန်း မြင့်တက်လာကြောင်း စက်မှုနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူ Wang Weiming ပြောကြားချက်အရ သိရသည်။

          တရုတ်နိုင်ငံ၏ သင်္ဘောတည်ဆောက်ရေးကဏ္ဍသည်လည်း ကမ္ဘာ့ယှဉ်ပြိုင်နိုင်စွမ်းကို ဆက်လက်မြှင့်တင်နိုင်ခဲ့သည်။ ၂၀၂၆ ခုနှစ် နှစ်စပိုင်းကတည်းက တရုတ်နိုင်ငံ၏ စက်ကိရိယာ ထုတ်လုပ်မှု စက်မှုလုပ်ငန်းသည် ခိုင်မာသောအုတ်မြစ်ရှိခြင်း၊ တိုးတက်မှုများပြားခြင်းနှင့် ပြင်ပ ဝယ်လိုအား အားကောင်းခြင်း စသည့် လက္ခဏာများကိုပြသခဲ့သည်ဟု Wang က ပြောကြားခဲ့သည်။

        ယင်းကဏ္ဍ၏ (value-added) ထုတ်လုပ်မှုမှာ ပထမခြောက်လအတွင်း ယခင်နှစ် ကာလတူထက် ၆.၄ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး သတ်မှတ်ပမာဏထက်ကျော်လွန်သော စက်မှုလုပ်ငန်းများ စုစုပေါင်းထုတ်လုပ်မှုပမာဏ၏ ၂၀ ရာခိုင်နှုန်းအထိရှိခဲ့သည်။ ယင်းသည် စက်မှုလုပ်ငန်း ထပ်ဆောင်းတန်ဖိုး ထုတ်လုပ်မှုတိုးတက်မှု၏ ၂၃.၅ ရာခိုင်နှုန်းကို ပါဝင်ပံ့ပိုးပေးခဲ့ပြီး စက်မှုလုပ်ငန်းငြိမ်ဝပ်စွာ တိုးတက်ရေးအတွက် အားကောင်းသော အထောက်အပံ့ပေးခဲ့ကြောင်း Wang က မှတ်ချက်ပြုခဲ့သည်။

         ထို့ပြင် အရည်အသွေးမြင့် ထုတ်လုပ်မှုစွမ်းအားသစ်များလည်း ဆက်လက်တိုးချဲ့နိုင်ခဲ့ရာ စက်မှုလုပ်ငန်းသုံး စက်ရုပ်များနှင့် ဝန်ဆောင်မှုသုံးစက်ရုပ်များ ထုတ်လုပ်မှုသည် ယခင်နှစ် ကာလတူထက် အသီးသီး ၂၈ ရာခိုင်နှုန်းနှင့် ၁၁.၉ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။

          စက်ကိရိယာထုတ်လုပ်မှုနှင့် အဆင့်မြင့်နည်းပညာ ထုတ်လုပ်မှုများအားကောင်းစွာ တိုးတက်ခဲ့ခြင်းကြောင့် ၂၀၂၆ ခုနှစ် ပထမခြောက်လအတွင်း တရုတ်နိုင်ငံ၏ စက်မှုထုတ်လုပ်မှု ထပ်ဆောင်းတန်ဖိုးမှာ ခိုင်မာသောနှုန်းထားဖြင့် တိုးတက်ခဲ့ကြောင်း အစောပိုင်း အချက်အလက်များက ဖော်ပြခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

ဗီယက်နမ်တွင်စပါးခွံတန်ချိန် ၁ သန်းကိုအသုံးပြု၍ Ferrosilicon သတ္တုစပ်ထုတ်လုပ်မည့် စက်ရုံစီမံကိန်းကို ဆွေးနွေးခဲ့သည့် ကာဇတ်စတန်သံအမတ်ကြီး

           ဗီယက်နမ်နိုင်ငံ Dong Thap ပြည်နယ် ပြည်သူ့ကော်မတီသည် ဇူလိုင် ၁၈ ရက်တွင် ဗီယက်နမ်နိုင်ငံဆိုင်ရာ ကာဇက်စတန်သံအမတ်ကြီးနှင့်တွေ့ဆုံကာ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသမှ စပါးခွံတန်ချိန် ၁ သန်းကိုအသုံးပြု၍ လျှပ်စစ်ဓာတ်အားနှင့် သံချေးတက်မှုကာကွယ်ရေးလုပ်ငန်း များတွင်အသုံးပြုသည့် Ferrosilicon သတ္တုစပ် ထုတ်လုပ်မည့်စက်ရုံ တည်ဆောက်ရေးစီမံကိန်း ကို ဆွေးနွေးခဲ့ကြောင်း သိရပါသည်။ ကာဇက်စတန်သံအမတ်ကြီး Kanat Tumysh က အဆိုပါ စီမံကိန်းသည် စွမ်းအင်၊ စိုက်ပျိုးရေးနှင့် အဆင့်မြင့်နည်းပညာကဏ္ဍများတွင် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကိုမြှင့်တင်ရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပါသည်။ စီမံကိန်းအရ နှစ်စဉ် စိုက်ပျိုးရေးဘေးထွက်ပစ္စည်းဖြစ်သည့် စပါးခွံ တန်ချိန် ၁ သန်းကိုအသုံးပြုကာ လျှပ်စစ်ဓာတ်အားနှင့် Ferrosilicon သတ္တုစပ်များ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။ စပါးခွံ ကုန်ကြမ်းကို Quang Ninh၊ Can Tho၊ An Giang နှင့် Dong Thap ဒေသလေးခုမှ ရယူသွားမည် ဖြစ်ကြောင်း သိရပါသည်။ စီမံကိန်း အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရန် Can Tho၊ An Giang နှင့် Dong Thap ဒေသများရှိ တောင်သူလယ်သမားများ၊ သမဝါယမအသင်းများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်များနှင့် ဒေသဆိုင်ရာအာဏာပိုင်များအကြား နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ရန်လိုအပ်ကြောင်း သံအမတ်ကြီးက ပြောကြားခဲ့ပါသည်။ ရင်းနှီးမြှုပ်နှံသူဘက်မှ အဆိုပြုထားသည့် စက်ရုံတည်နေရာသည် အဓိကသတ်မှတ်ချက်သုံးရပ်နှင့် ကိုက်ညီရမည် ဖြစ်ကြောင်း သိရပါသည်။ ၎င်းတို့မှာ စပါးခွံအမြောက်အမြားသယ်ယူနိုင်ရန် အတွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးလွယ်ကူသည့်နေရာဖြစ်ရန်၊ ထုတ်လုပ်မည့်လျှပ်စစ်ဓာတ်အား ၁၆၀ မဂ္ဂါဝပ် အထိကို အမျိုးသားဓာတ်အားလိုင်းသို့ပို့လွှတ်နိုင်ရန်အတွက် ဗို့အားမြင့်ဓာတ်အားလိုင်းအနီးတွင် တည်ရှိရန်နှင့် Dong Thap၊ An Giang နှင့် Can Tho ဒေသများရှိ စပါးခွံထွက်ရှိမှုများသည့် ဧရိယာအတွင်းတည်ရှိရန်တို့ဖြစ်ကြောင်း သိရပါသည်။ ထို့အပြင် Dong Thap ပြည်နယ်ရှိ ဆန်ကြိတ်လုပ်ငန်းကြီးများနှင့် ချိတ်ဆက်ပေးရန်လည်း ဒေသအာဏာပိုင်များထံ အကူအညီ တောင်းခံထားပြီး စပါးခွံများကို မူလထုထည်၏ လေးပုံတစ်ပုံအထိ ဖိသိပ်ကာ အလေးချိန် ၄၀၀ ကီလိုဂရမ်ရှိအတုံးများအဖြစ်ပြုလုပ်နိုင်ပါက သယ်ယူပို့ဆောင်ရေးနှင့် ကိုင်တွယ်မှုပိုမိုထိရောက် လာမည်ဖြစ်ကြောင်း သိရပါသည်။ ထို့ပြင် ကုန်ကြမ်းသယ်ယူရန် အတွင်းရေကြောင်းကုန်တင် သင်္ဘောလုပ်ငန်းများနှင့်လည်း ချိတ်ဆက်ပေးစေလိုကြောင်း သံအမတ်ကြီးက ပြောကြားခဲ့ပါသည်။ Dong Thap ပြည်နယ်ပြည်သူ့ကော်မတီ ဒုတိယဥက္ကဋ္ဌ Nguyen Thanh Dieu က ပြည်နယ်တွင် နှစ်စဉ် စပါးစိုက်ဧက ၆၁၁,၀၀၀ ခန့်ရှိပြီး ဆန်ကြိတ်စက်လုပ်ငန်း ၆၈ ခုမှ ဆန် တန်ချိန် ၃ သန်းကျော်နှင့် စပါးခွံ တန်ချိန် ၆၀၀,၀၀၀ ခန့် ထွက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းက ထွက်ရှိသည့်စပါးခွံများအနက် တန်ချိန် ၃၀၀,၀၀၀ ခန့်ကို ဆန်ကြိတ်စက်များက မိမိလုပ်ငန်းများအတွက် လောင်စာအဖြစ်နှင့် ဇီဝလောင်စာတောင့် (biomass pellets) ထုတ်လုပ်ရာတွင် အသုံးပြုနေပြီး ကျန်ရှိသည့်ပမာဏကို အကျိုးရှိစွာ အသုံးချနိုင်ရေး လိုအပ်နေကြောင်းနှင့် စက်ရုံတည်ဆောက်ရန် သင့်လျော်သည့်နေရာနှစ်ခုအဖြစ် ဧက ၂၆၀ ကျယ်ဝန်းသည့် Lai Vung စက်မှုဥယျာဉ်နှင့် ဧက ၄၉ ကျယ်ဝန်းသည့် Dinh An စက်မှုအစုအဖွဲ့တို့ကို အဆိုပြုခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ သို့သော် Lai Vung စက်မှုဥယျာဉ်တွင် စပါးခွံကို တန်ဖိုးမြင့်စက်မှုထုတ်ကုန် များအဖြစ် ပြောင်းလဲထုတ်လုပ်သည့်လုပ်ငန်းမရှိသေးကြောင်း သိရပါသည်။ ထို့ကြောင့် ပြည်နယ် စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဦးစီးဌာနအား ရင်းနှီးမြှုပ်နှံသူသတ်မှတ်ထားသည့် အဓိက လိုအပ်ချက်သုံးရပ်နှင့်ကိုက်ညီသည့်နေရာကို ရွေးချယ်တင်ပြရန်တာဝန်ပေးအပ်ခဲ့ပြီး ဆောက်လုပ်ရေးဌာနအားလည်း စက်မှုဥယျာဉ်များနှင့် စက်မှုအစုအဖွဲ့များအတွင်းရရှိနိုင်သည့် မြေနေရာများကို စစ်တမ်းကောက်ယူကာ ရင်းနှီးမြှုပ်နှံမှုများကို အမြန်ဆုံးဆွဲဆောင်နိုင်ရေး ဆောင်ရွက်ရန် ညွှန်ကြားခဲ့ကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

နို့စားနွားမွေးမြူရေးခြံတွင် ရင်းနှီးမြှုပ်နှံသူများအတွက် လိုင်စင်လွယ်ကူမြန်ဆန်စွာထုတ်ပေးမည့် အင်ဒိုနီးရှား

         အင်ဒိုနီးရှားနိုင်ငံ စိုက်ပျိုးရေးဝန်ကြီး Andi Amran Sulaiman က နိုင်ငံ၏ နို့ဖူလုံရေးအစီ အစဉ်ကိုအရှိန်မြှင့်တင်နိုင်ရန်နှင့် ပြည်ပမှနို့တင်သွင်းမှုအပေါ် မှီခိုနေရမှုကိုလျှော့ချနိုင်ရန် ခေတ်မီ နို့စားနွားမွေးမြူရေးခြံများတည်ဆောက်မည့် ရင်းနှီးမြှုပ်နှံသူများအတွက် လိုင်စင်ထုတ်ပေးရေး လုပ်ငန်းစဉ်များကို ပိုမိုလွယ်ကူမြန်ဆန်စွာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဝန်ကြီးက အစိုးရအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများကိုအားပေးကူညီရန်ကတိပြုထားပြီး လိုင်စင်ထုတ်ပေးရေးလုပ်ငန်းစဉ်အားလုံးကို အရှိန်မြှင့်ဆောင်ရွက်ပေးသွားမည်ဖြစ်သဖြင့် စီမံကိန်းများကို အချိန်မီအကောင်အထည်ဖော်နိုင်ကာ ပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ဇူလိုင် ၂၁ ရက်တွင် ထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြထားပါသည်။ ဝန်ကြီးက ရင်းနှီးမြှုပ်နှံ သူများအနေနှင့် စိုက်ပျိုးရေးဝန်ကြီးဌာနကခွင့်ပြုမိန့်လိုအပ်ပါက ၎င်းတို့ဝန်ထမ်းများကကိုယ်တိုင် ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် လျှောက်ထားသူများအနေဖြင့် လျှောက်လွှာစာရွက်စာတမ်းများကို WhatsApp သတင်းအချက်အလက်ဌာနသို့ ဒစ်ဂျစ်တယ်စနစ် ဖြင့်ပေးပို့နိုင်ပြီး ဦးစားပေးဆောင်ရွက်မှုရရှိမည်ဖြစ်ကြောင်း သိရပါသည်။ အစိုးရသည် ပြည်တွင်းနှင့် ပြည်ပရင်းနှီးမြှုပ်နှံသူများအား အင်ဒိုနီးရှား၏ နို့ထွက်လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပူးပေါင်းရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ထားကြောင်း သိရပါသည်။ ဝန်ကြီး၏ပြောကြားချက်အရ ပြည်တွင်းနို့လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် အကြီးစားခေတ်မီနို့စားနွားမွေးမြူရေးခြံ အနည်းဆုံး ၂၀ ခန့်လိုအပ်နေပြီး လက်ရှိတွင်အင်ဒိုနီးရှားသည် နို့တင်သွင်းမှုအပေါ်အားထားနေရဆဲဖြစ်ကြောင်း သိရပါသည်။ Amran သည် အလယ်ပိုင်းဂျာဗားပြည်နယ် brebes ခရိုင်၌ တစ်နှစ်လျှင် နို့စိမ်း တန်ချိန် ၁၈၀,၀၀၀ ထုတ်လုပ်နိုင်သည့် ပေါင်းစည်းစိုက်ပျိုးမွေးမြူရေးစီမံကိန်းကို ဖွင့်လှစ်ပေးခဲ့ကြောင်း သိရပါသည်။ အဆိုပါစီမံကိန်းသည် အင်ဒိုနီးရှား၏ နို့လိုအပ်ချက် ၂၀ ရာခိုင်နှုန်းခန့်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပြီး နိုင်ငံ၏ နို့ဖူလုံရေးအစီအစဉ်ကို အရှိန်မြှင့်တင်ရန်လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှုပုံစံအတွက် စံပြစီမံကိန်းတစ်ခု ဖြစ်လာမည်ဟု မျှော်မှန်းထားကြောင်း သိရပါသည်။ အင်ဒိုနီးရှားသည် လက်ရှိတွင် နိုင်ငံ၏ နို့လိုအပ်ချက်၏ ၈၀ ရာခိုင်နှုန်းခန့်ဖြစ်သော တစ်နှစ်လျှင် တန်ချိန် ၃ ဒသမ ၆ သန်းမှ ၃ ဒသမ ၈ သန်းအထိကို ပြည်ပမှ တင်သွင်းနေရသေးသည့်အတွက် နို့ထွက်လုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ အလွန်ကြီးမားကြောင်း သိရပါသည်။ ထို့အပြင် နိုင်ငံ၏နို့ထွက်လုပ်ငန်းဂေဟစနစ် အားကောင်းလာစေရန် အသေးစားနို့စားနွားမွေး မြူရေးတောင်သူများကို ပိုမိုအားပေးမြှင့်တင်ရန်အရေးကြီးကြောင်း ဝန်ကြီးက ပြောကြားခဲ့ပါသည်။ လက်ရှိတွင် အင်ဒိုနီးရှား၌ နို့စားနွားမွေးမြူရေးတောင်သူ ၅၀,၀၀၀ ခန့်ရှိပြီး နို့ဖူလုံမှုရရှိရန် ထုတ်လုပ်မှုစွမ်းရည်ရှိသော တောင်သူ အနည်းဆုံး ၁၀၀,၀၀၀ ခန့် လိုအပ်မည်ဟု ခန့်မှန်းထား ကြောင်း သိရပါသည်။ အစိုးရ၊ ပုဂ္ဂလိကကဏ္ဍနှင့် နိုင်ငံပိုင်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှသာ နိုင်ငံ၏ နို့ဖူလုံရေးရည်မှန်းချက်ကို အောင်မြင်နိုင်မည်ဖြစ်ကြောင်းလည်း ၎င်းက အလေးပေး ပြောကြားခဲ့ပါသည်။ တစ်ဖက်တွင်လည်း Savoria Group ၏ အမှုဆောင်အရာရှိချုပ် Ihsan Mulia Putri က brebes ရှိ ပေါင်းစည်းစိုက်ပျိုးမွေးမြူရေးစီမံကိန်းသည် နိုင်ငံ၏ နို့ဖူလုံရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် အစိုးရ၏ ကြိုးပမ်းအားထုတ်မှုကို ကုမ္ပဏီအနေဖြင့် အပြည့်အဝထောက်ခံကြောင်း ပြသခြင်းဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။ ၎င်းက စိုက်ပျိုးရေး ဝန်ကြီးဌာန၊ အလယ်ပိုင်းဂျာဗားပြည်နယ်အစိုးရ၊ brebes ခရိုင်အစိုးရနှင့် သက်ဆိုင်သူအားလုံးနှင့် ပူးပေါင်းပြီး ကိုယ်ပိုင်ရပ်တည်နိုင်စွမ်းရှိကာ ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားသည့် နို့ထွက်လုပ်ငန်းဂေဟ စနစ်ကို တည်ဆောက်သွားရန် အဆင်သင့်ဖြစ်နေကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါစီမံကိန်းအရ နို့စားနွားများအတွက် အစာစိုက်ပျိုးထုတ်လုပ်ပေးမည့် တောင်သူ ၅,၀၀၀ ခန့်နှင့် မိတ်ဖက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။ ထို့ပြင် နှစ်စဉ် နွားအထီး ၇,၀၀၀ ခန့်ကို အဆီတင်မွေးမြူရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး နို့စားနွားမွေးမြူရေး တောင်သူ ၁,၀၀၀ မှ ၂,၀၀၀ အထိနှင့်လည်း မိတ်ဖက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

စား‌သောက်ကုန် ၈ မျိုးတွင် ကိုယ်ပိုင်ဖူလုံမှုရရှိပြီဖြစ်ကြောင်းပြောကြားခဲ့သည့် အင်ဒိုနီးရှားသမ္မတ

        အင်ဒိုနီးရှားနိုင်ငံသည် နိုင်ငံတော်ဆန်သိုလှောင်ပမာဏ သမိုင်းတစ်လျှောက် အမြင့်ဆုံးသို့ ရောက်ရှိလာခြင်းနှင့် စိုက်ပျိုးရေးကဏ္ဍရှိ တောင်သူလယ်သမားများ၏လူမှုစီးပွားဘဝ သိသာစွာ တိုးတက်ကောင်းမွန်လာခြင်းတို့ကိုအခြေခံ၍ အဓိကစားသောက်ကုန် ၈ မျိုးတွင် ကိုယ်ပိုင်ဖူလုံမှု ရရှိထားပြီဖြစ်ကြောင်း အင်ဒိုနီးရှားသမ္မတ Prabowo Subianto က ဇူလိုင် ၂၁ ရက်တွင် ပြောကြားခဲ့ပါသည်။ ဂျကာတာမြို့ရှိ နိုင်ငံတော်သမ္မတအိမ်တော်၌ကျင်းပသည့် အစိုးရအဖွဲ့ အစည်းအဝေးတွင် သမ္မတ Prabowo က ထိုအောင်မြင်မှုသည် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာ အကျပ်အတည်းဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကိုကာကွယ်နိုင်မည့် အရေးပါသော အခြေခံ အုတ်မြစ်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် တောင်သူလယ်သမားများ၏ ဝယ်ယူနိုင်စွမ်း နှင့် စီးပွားရေးအခြေအနေကိုတိုင်းတာသည့် အရေးပါသောညွှန်းကိန်းဖြစ်သည့် တောင်သူလယ်သမား ဖလှယ်နှုန်း (Farmer’s Exchange Rate - NTP) သည်လည်း သမိုင်းတစ်လျှောက် အမြင့်ဆုံးအဆင့်သို့ရောက်ရှိလာကြောင်း သိရပါသည်။ သမ္မတ၏ မိန့်ခွန်းတွင် ကိုယ်ပိုင်ဖူလုံသည့် စားသောက်ကုန်များကို သီးခြားဖော်ပြထားခြင်းမရှိသော်လည်း အမျိုးသားစားနပ်ရိက္ခာအေဂျင်စီ (Bapanas) ၏ ၂၀၂၆ ခုနှစ် စားသောက်ကုန်ချိန်ခွင်လျှာ ခန့်မှန်းချက်အရ ပြည်တွင်းထုတ်လုပ်မှုနှင့် ရရှိနိုင်မှု ဝယ်လိုအားထက်ကျော်လွန်နေသည့် စားသောက်ကုန် ၈ မျိုးမှာ ဆန်၊ တိရစ္ဆာန် အစာအတွက်ပြောင်း၊ စားသုံးသကြား၊ ငရုတ်သီးအကြီး၊ ငရုတ်သီးစပ်၊ ကြက်သွန်နီ၊ ကြက်သားနှင့် ကြက်ဥတို့ဖြစ်ကြောင်း သိရပါသည်။ သို့ရာတွင် ပဲပုပ်၊ ကြက်သွန်ဖြူနှင့် အမဲသား/ကျွဲသားတို့မှာ ပြည်တွင်းလိုအပ်ချက်ကိုမပြည့်မီသေးဘဲ ရောင်းလိုအားလျော့နည်းမှု ဆက်လက်ရှိနေကြောင်း လည်း ဖော်ပြထားပါသည်။ ၎င်းအပြင် သမ္မတ Prabowo က နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေးသည် စွမ်းအင်ကဏ္ဍမူဝါဒများနှင့် တိုက်ရိုက်ဆက်စပ်နေကြောင်း၊ အုန်းဆီကိုအခြေခံထုတ်လုပ်သည့် B50 ဇီဝဒီဇယ် အသုံးပြုမှုကို တိုးချဲ့ဆောင်ရွက်နေခြင်းသည် ပြည်ပမှဒီဇယ်လောင်စာ တင်သွင်းနေရမှုကိုလျှော့ချနိုင်မည့် အရေးပါသောအစီအစဉ်ဖြစ်ကြောင်းနှင့် စားနပ်ရိက္ခာကဏ္ဍနှင့် စွမ်းအင်ကဏ္ဍတို့ကို တစ်ပြိုင်နက်အားကောင်းစေရန်ဆောင်ရွက်ခြင်းသည် ကမ္ဘာ့စီးပွားရေး အပြောင်း အလဲများနှင့် ထိခိုက်မှုများကိုရင်ဆိုင်နိုင်ရေးအတွက် အင်ဒိုနီးရှားနိုင်ငံ၏ အဓိကမဟာဗျူဟာဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

အင်ဒိုနီးရှားနိုင်ငံရှိ ငါးထုတ်လုပ်မှုနှင့် ပြုပြင် ထုတ်လုပ်ရေးလုပ်ငန်းအချို့ကို ပူးတွဲစစ်ဆေးလျက်ရှိသည့် အင်ဒိုနီးရှားနှင့် တရုတ်

           အင်ဒိုနီးရှားနိုင်ငံ၏ ရေကြောင်းရေးရာနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ၏ အကောက်ခွန်အာဏာပိုင်အဖွဲ့(GACC) တို့သည် အင်ဒိုနီးရှားနိုင်ငံရှိ ငါးထုတ်လုပ်မှုနှင့် ပြုပြင်ထုတ်လုပ်ရေးလုပ်ငန်းအချို့ကို ပူးတွဲစစ်ဆေးလျက်ရှိကြောင်း သိရပါသည်။ အဆိုပါပူးတွဲစစ်ဆေး မှုသည် အင်ဒိုနီးရှားရေထွက်ကုန်များ၏ တရုတ်ဈေးကွက်ဝင်ရောက်ခွင့်ကို ဆက်လက်ထိန်းသိမ်း နိုင်ရန်နှင့် ဈေးကွက်တိုးချဲ့နိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရပါသည်။ ဇူလိုင်လ ၂၀ ရက်နေ့ကကျင်းပသော ပူးတွဲစစ်ဆေးမှုဖွင့်ပွဲအစည်းအဝေးအပြီးတွင် ရေကြောင်းနှင့် ငါး လုပ်ငန်းအရည်အသွေးထိန်းချုပ်ရေးနှင့် ကြီးကြပ်ရေးအေဂျင်စီ၏ ယာယီအကြီးအကဲ Ishartini က ထိုပူးတွဲစစ်ဆေးမှုသည် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်အရ ပုံမှန် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Ishartini က ထိုလုပ်ငန်းစဉ်သည် ပုံမှန်ဆောင်ရွက်နေသည့် လုပ်ငန်းတစ်ရပ်ဖြစ်ပြီး တရုတ်ဈေးကွက်အတွင်း ၎င်းတို့၏ ရေထွက်ကုန်များ ဈေးကွက်ဝင်ရောက်ခွင့်ကို ထိန်းသိမ်းနိုင်ရန်နှင့် ပိုမိုတိုးချဲ့နိုင်ရန် လိုအပ်သည့် အခြေခံလိုအပ်ချက်တစ်ရပ်လည်းဖြစ်ကြောင်းနှင့် ၎င်း၏ဌာနနှင့် GACC တို့သည် Mutual Recognition Arrangement (MRA) ကို သဘောတူချုပ်ဆိုထားပြီး နှစ်ဖက်အာဏာပိုင် အဖွဲ့အစည်းများတွင် မှတ်ပုံတင်ထားသော ရေထွက်ကုန်လုပ်ငန်းများသာ ရေထွက်ကုန်များ တင်ပို့၊ တင်သွင်းခွင့်ရရှိကြောင်း ပြောကြားခဲ့ပါသည်။ MRA အရ နှစ်နိုင်ငံသည် အရည်အသွေး အာမခံစနစ်များ၊ အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်းများနှင့် နှစ်နိုင်ငံ၏ပြည်တွင်းစည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှုရှိစေရန် ပူးတွဲစစ်ဆေးမှုများဆောင်ရွက်ရန် သဘောတူထားကြောင်း သိရပါသည်။ ၎င်းစနစ်သည် ထုတ်ကုန်အရည်အသွေးအပေါ်ယုံကြည်မှုကိုထိန်းသိမ်းနိုင်ရန်နှင့် ဈေးကွက်ဝင်ရောက်ခွင့်ဆက်လက်ရရှိစေရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း သိရပါသည်။ ယခုအကြိမ် စစ်ဆေးမှုတွင် ရေကြောင်းရေးရာနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနနှင့် GACC မှ တာဝန်ရှိသူများသည် ၂၀၂၆ ခုနှစ် ဇူလိုင် ၁၉ ရက်အထိ GACC တွင် မှတ်ပုံတင်ထားသော အင်ဒိုနီးရှား ငါးထုတ်လုပ်မှုနှင့် ပြုပြင်ထုတ်လုပ်ရေးလုပ်ငန်း ၆၄၈ ခုအနက် သုံးခုကို စစ်ဆေးခဲ့ကြောင်း သိရပါသည်။ ဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် စာရင်းများအရ အဆိုပါလုပ်ငန်းသုံးခုသည် တရုတ်နိုင်ငံသို့ ရေထွက်ကုန် တန်ချိန် ၅,၀၀၀ ကျော် တင်ပို့ခဲ့ပြီး စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၈ သန်းရှိကြောင်း သိရပါသည်။ ပူးတွဲစစ်ဆေးမှုတွင် ထုတ်လုပ်မှုလုပ်ငန်းစဉ်အတွင်း သန့်ရှင်းရေး၊ တစ်ကိုယ်ရေ သန့်ရှင်းမှု၊ အစားအစာဘေးကင်းလုံခြုံရေး စံချိန်စံ ညွှန်းများနှင့် ကုန်ပစ္စည်းနောက်ကြောင်း လိုက်စနစ် (Traceability System) ကို အဓိကအကဲ ဖြတ်စစ်ဆေးခဲ့ကြောင်း သိရပါသည်။ Ishartini က စစ်ဆေးမှုတွင် အေးခဲရေထွက်ကုန်များဖြစ်သည့် Ribbonfish, Leatherjacket Fish, Cephalopods, Swimming Crabs, Spanish Mackerel, Conger Eels နှင့် Sea Snails တို့ကို အဓိကအကျုံးဝင်စစ်ဆေးခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ဝန်ကြီးဌာန၏စာရင်းများအရ အင်ဒိုနီးရှားနိုင်ငံ၏ တရုတ်နိုင်ငံသို့ ရေထွက်ကုန်တင်ပို့မှုမှာ တန်ချိန် ၄၇၉,၀၀၀ အထိ ရောက်ရှိခဲ့ပြီး စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံခန့်ရှိကြောင်း သိရပါသည်။ အဓိကတင်ပို့သည့် ရေထွက်ကုန်များတွင် Squid, Seaweed နှင့် Ribbonfish တို့ ပါဝင်ကြောင်း သိရပါသည်။ ထို့ပြင် နိုင်ငံတကာဈေးကွက်တွင် အင်ဒိုနီးရှား ရေထွက်ကုန်များ၏ လက်ခံယုံကြည် မှုကို ဆက်လက်ထိန်းသိမ်းနိုင်ရန် ရေကြောင်းရေးရာနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနသည် ကောင်းမွန်သည့်ကုန်ထုတ်လုပ်မှုအလေ့အထ (GMP) အသိအမှတ်ပြုလက်မှတ်နှင့် Hazard Analysis and Critical Control Points (HACCP) စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိ၊ မရှိကို ပုံမှန်စိစစ်အတည်ပြုလျက်ရှိကြောင်း Ishartini က ပြောကြားခဲ့ပါသည်။ ထို့အပြင် သန့်ရှင်းရေး၊ တစ်ကိုယ်ရေ သန့်ရှင်းမှုနှင့် အစားအစာဘေးကင်းလုံခြုံရေး စံချိန်စံညွှန်းများကို ပုံမှန်စောင့်ကြည့်ကြပ်မတ်လျက်ရှိပြီး အဏုဇီဝပိုးမွှားများ၊ ဓာတုအကြွင်းအကျန်များနှင့် ဓာတုပစ္စည်းပါဝင်မှုများကို စမ်းသပ်စစ်ဆေးရန် ဓာတ်ခွဲခန်းနမူနာများကိုလည်း ပုံမှန်ရယူစစ်ဆေးလျက်ရှိကြောင်း သိရပါသည်။ ပြည်တွင်းဈေးကွက်အတွင်း ရေထွက်ကုန်များကို စောင့်ကြည့်ကြပ်မတ်နိုင်ရန် ရေကြောင်းရေးရာနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနသည် အစားအစာနှင့် ဆေးဝါးစောင့်ကြည့်စစ်ဆေးရေးအေဂျင်စီ (BPOM) နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

တရုတ်စားသုံးသူဈေးကွက်အတွင်းဝင်ရောက်ရန် အင်ဒိုနီးရှား MSME များကို တိုက်တွန်းခဲ့သည့် တရုတ်သံအမတ်ကြီး

         အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Wang Lutong က အင်ဒိုနီးရှားနိုင်ငံ၏ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) အနေဖြင့် လူဦးရေ ၁.၄ ဘီလီယံရှိသော တရုတ်နိုင်ငံ၏စားသုံးသူဈေးကွက်အတွင်း စီးပွားရေးအခွင့်အလမ်းများကို အပြည့်အဝအသုံးချရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ သံအမတ်ကြီး Wang Lutong က အင်ဒိုနီးရှား MSMEs များ နိုင်ငံတကာဈေးကွက်ထဲသို့ တိုးချဲ့ဝင်ရောက်နိုင်ရန် ၎င်းတို့ အားပေးထောက်ခံကြောင်း၊ ၎င်းသည် လုပ်ငန်းများ၏ဖွံ့ဖြိုးတိုးတက်နိုင်စွမ်းနှင့် ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးရုံသာမက ဒေသတွင်းနှင့် ကမ္ဘာ့ဈေးကွက်များတွင် ကုန်ပစ္စည်းအမျိုးအစား ပိုမိုစုံလင် လာစေမည်ဖြစ်ကြောင်း ANTARA သတင်းဌာနသို့ပေးပို့သော ရေးသားဖြေကြားချက်တွင် ဖော်ပြခဲ့ ပါသည်။ ၎င်းက MSMEs များသည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မောင်းနှင်ပေးသည့် အဓိကအင်အားစုများဖြစ်ပြီး အလုပ်အကိုင်ဖန်တီးရေး၊ ပြည်သူများ၏ လူနေမှုအဆင့်အတန်း မြှင့်တင်ရေးနှင့် စီးပွားရေးလှုပ်ရှားမှုတိုးတက်ရေးတို့တွင် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ တရုတ်စားသုံးသူများသည် အရည်အသွေးမြင့်၍ အမျိုးအစားစုံလင်သော ကုန် ပစ္စည်းများကို ပိုမိုလိုလားလာကြောင်းနှင့် တရုတ်ဈေးကွက်တွင် အင်ဒိုနီးရှားနိုင်ငံ၏ အရည်အသွေးမြင့် စိုက်ပျိုးရေးနှင့် ရေထွက်ကုန်ပစ္စည်းများ၊ လက်မှုအနုပညာပစ္စည်းများနှင့် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်သောထုတ်ကုန်များကို ကောင်းစွာအသိအမှတ်ပြုထားပြီး ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထိုကဲ့သို့ဝယ်လိုအားမြင့်တက်လာခြင်းသည် အင်ဒိုနီးရှား စီးပွားရေးလုပ်ငန်းများအတွက် အရေးပါသောအခွင့်အလမ်းများကို ဖန်တီးပေးနေကြောင်း သိရပါသည်။ ထို့အပြင် အင်ဒိုနီးရှားစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် တရုတ်နိုင်ငံတွင် စီးပွားရေးအခွင့်အလမ်းများကို ရှာဖွေလာသည့်အလားအလာလည်း မြင့်တက်လာနေကြောင်း သိရပါသည်။ ၎င်းကို အထောက်အကူပြုနိုင်ရန် တရုတ်နိုင်ငံသည် “Export to China” နှင့် “Invest in China” အစီအစဉ်များအပါအဝင် နိုင်ငံအနှံ့ကျင်းပသည့် အဓိကကုန်သွယ်မှုပြပွဲများတွင် အင်ဒိုနီးရှား MSMEs များ ပါဝင်နိုင်ရေးကို အားပေးဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။ Wang Lutong က ထိုကဲ့သို့ ပါဝင်ဆောင်ရွက်ခြင်းအားဖြင့် အင်ဒိုနီးရှားလုပ်ငန်းများသည် တရုတ်ဈေးကွက်နှင့် ကိုက်ညီသည့် ထူးခြားလက္ခဏာရှိပြီး အရည်အသွေးမြင့် ထုတ်ကုန်များကို ဖွံ့ဖြိုးထုတ်လုပ်နိုင်မည်ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံအကြားနယ်စပ်ဖြတ်ကျော် QR Code ငွေပေးချေမှုစနစ်များ ချိတ်ဆက်အသုံးပြုနိုင်လာခြင်းကြောင့် အင်ဒိုနီးရှားနှင့် တရုတ် MSMEs များအကြား ပူးပေါင်းဆောင်ရွက်မှုသည် ပိုမိုခိုင်မာလာမည်ဟု ယုံကြည်ကြောင်းလည်း ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှား၏ QRIS စနစ်နှင့် တရုတ်၏ QR ငွေပေးချေမှုစနစ်များ အပြန်အလှန် ချိတ်ဆက်အသုံးပြုနိုင်ခြင်းကြောင့် နယ်စပ်ဖြတ်ကျော် ငွေပေးချေမှု ကုန်ကျစရိတ်များ လျော့နည်းလာမည်ဖြစ်ပြီး ရင်းနှီးငွေအသုံးချမှု ထိရောက်မှုမြင့်မားလာကာ ပိုမိုလုံခြုံ၍ လွယ်ကူမြန်ဆန်သည့် ငွေပေးချေမှုစနစ်ကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း သိရပါသည်။ Wang Lutong က ထိုစနစ်သည် နှစ်နိုင်ငံအကြား ငွေပေးချေမှုများကို ပိုမိုလွယ်ကူချောမွေ့စေပြီး MSMEs များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် အားသစ်ဖြစ်စေသကဲ့သို့ စားသုံးမှုကိုလည်း မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ