အင်ဒိုနီးရှား၏မူဝါဒများ ချမှတ်ဖော်ဆောင်မှုက စားအုန်းဆီဈေးနှုန်းများကို မြင့်တက်လာစေနိုင်

Powered by Drupal

    အင်ဒိုနီးရှားနိုင်ငံ၏ မြေယာသိမ်းယူမှု မူဝါဒများနှင့် ၎င်းတို့စီစဉ်ထားသည့် ဇီဝဒီဇယ် တိုးချဲ့ ထုတ်လုပ်မှု မူဝါဒတို့ကြောင့် မသေချာမရေရာမှုများ ရှိလာသည့်အတွက် လာမည့်လများအတွင်း စားအုန်းဆီစျေးနှုန်းများ မြင့်တက်လာနိုင်သည်ဟု စားအုန်းဆီလုပ်ငန်းနယ်ပယ်ရှိ လေ့လာသုံးသပ် သူများက နိုဝင်ဘာလ ၁၄ ရက် (သောကြာနေ့)တွင် ပြောကြားခဲ့သည်ကို ရိုက်တာသတင်း ဖော်ပြထားချက်အရ သိရှိရကြောင်း အိန္ဒိယအခြေစိုက် Bioenergy Times သတင်းဌာနက နိုဝင် ဘာလ ၁၅ ရက်နေ့တွင် ဖော်ပြပါသည်။

    အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုသည် စားအုန်းဆီကဏ္ဍ၌ ထိရောက်စွာ အရေးယူ နှိမ်နင်းမှုများကို မြှင့်တင်ခဲ့ပြီး ဆီအုန်းစိုက်ခင်း ဧရိယာဟက်တာ ငါးသန်းခန့်ကို ပြန်လည်သုံးသပ်မှု လုပ်ဆောင်ခြင်းနှင့်အတူ  ၎င်းအနက် ဟက်တာ ၃ ဒသမ ၇ သန်းကို အစိုးရအာဏာပိုင်များက သိမ်း ဆည်းခဲ့သည်။ ဖြစ်ပေါ်လာနိုင်မည့် ထိခိုက်မှုအလားအလာအပေါ် ထင်မြင်ယူဆချက်များ ကွဲလွဲနေ သော်လည်း မြေယာသိမ်းယူမှုများသည် ထုတ်လုပ်မှုစွမ်းအားကို အနှောင့် အယှက်ဖြစ်စေလိမ့်မည် ဟု လေ့လာသူများက ပြောဆိုသည်။

    ဂျာမဏီနိုင်ငံ ဟမ်းဘတ်မြို့တွင် အခြေစိုက်သည့် ဈေးကွက်လေ့လာဆန်းစစ်ရေး ကုမ္ပဏီ တစ်ခုဖြစ်သော Oil World မှ အမှုဆောင်ဒါရိုက်တာ Mr. Thomas Mielke က မလေးရှားနိုင်ငံ၏ စားအုန်းဆီစာချုပ် စံပြုဈေးနှုန်းသည် လာမည့် ၆ လအတွင်း တစ်တန်လျှင် မလေးရှားရင်းဂစ် ၅၀၀၀ (အမေရိကန်ဒေါ်လာ ၁၁၈၃.၇၁) သို့ မြင့်တက်သွားနိုင်ကြောင်း အင်ဒိုနီးရှား၊ ဘာလီမြို့၌ ကျင်းပသည့် ညီလာခံတစ်ခုတွင် ပြောကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် အိန္ဒိယ၏ Godrej International လုပ်ငန်းစုမှ ဒါရိုက်တာ Mr. Dorab Mistry က အင်ဒိုနီးရှားသည် စိုက်ခင်းများကို ဆက်လက်သိမ်းယူပြီး ၎င်း၏ စားအုန်းဆီ အချိုးအစား ၅၀ ရာခိုင်နှုန်းရောစပ်ပါဝင်သည့် ဇီဝဒီဇယ် အစီအစဉ် (B50) ကို တိုးမြှင့်ဖော်ဆောင်မည်ဆိုပါက မလေးရှား စားအုန်းဆီ အနာဂတ်ဈေးနှုန်း သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီမှ မတ်လအတွင်း တစ်တန်လျှင် ရင်းဂစ် ၅၅၀၀ အထိ ရောက်ရှိနိုင် ကြောင်း ပြောကြားခဲ့သည်။

    ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက် (သောကြာနေ့) ၌ စံပြု စားအုန်းဆီ အရောင်းအဝယ် စာချုပ်တွင် စားအုန်းဆီ တစ်တန်လျှင် မလေးရှားရင်းဂစ် ၄၁၂၅ ဖြင့် အရောင်းအဝယ် ပိတ်ခဲ့ ကြောင်း သိရသည်။

    အင်ဒိုနီးရှား အစိုးရ၏ မြေယာသိမ်းယူမှုများသည် ဓာတ်မြေဩဇာသုံးစွဲခြင်းနှင့် ထွန်ယက် စိုက်ပျိုးခြင်း ကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံမှုများကို အဟန့်အတားဖြစ်စေမည်ဟု လေ့လာသူများက သတိပေးထားသည်။ ၂၀၂၅-၂၀၂၆ ရာသီ၌ အင်ဒိုနီးရှား၏ ထုတ်လုပ်မှုပိုမိုမြင့်မားလာရန် မျှော်လင့် နေချိန်တွင်ပင် ယင်းကာလ၏ ဒုတိယလနှင့် တတိယလတို့မှစတင်၍ ထုတ်လုပ်မှုကျဆင်းလာ မည်ဟု Mr. Mistry က ပြောကြားခဲ့သည်။

    သို့သော် Mr. Mielke ကမူ ထိုသို့ စားအုန်းဆီထုတ်လုပ်မှုကျဆင်း ခြင်းသည် ၂၀၂၆ ခုနှစ်၊ နှစ်လယ်ပိုင်းခန့်မှသာ စတင်သက်ရောက်မှုရှိလာမည်ဟု မျှော်မှန်းထားသည်။ မြေယာသိမ်းခြင်း၏ ဖိအားသည် ဆီအုန်းအပင်အိုများမှ အထွက်ပမာဏကျဆင်းနေခြင်းနှင့် အပင်သစ်များ ပြန်လည် စိုက်ပျိုးမှု နှေးကွေးခြင်းတို့အပါအဝင် အခြားစိန်ခေါ်မှုများကို ပိုမိုဆိုးရွားစေကြောင်း ၎င်းက မှတ်ချက်ပြုပြောကြားခဲ့သည်။ အင်ဒိုနီးရှား၏ စားအုန်းဆီအထွက်နှုန်းသည် ယခုနှစ်၌ တန်ချိန် ၄၉.၄ သန်းမှ ၂၀၂၆ ခုနှစ်တွင် တန်ချိန် ၄၉ သန်းအထိကျဆင်းမည်ဟု မျှော်လင့်ထားပြီး ယင်း ထုတ်လုပ်မှုကျဆင်းခြင်းသည် ၂၀၂၇ ခုနှစ်အထိ ဆက်လက်ဖြစ်ပေါ်နိုင်မည်ဟု Mr. Mielke က ခန့် မှန်းထားသည်။

     အင်ဒိုနီးရှား စားအုန်းဆီအသင်း (Gapki) ကမူ ရာသီဥတုကောင်းမွန်မှုနှင့် အပင်သစ် စိုက်ပျိုးမှုများမှ ခူးဆွတ်ရန်အရွယ်ရောက်လာမှုတို့ကြောင့် စားအုန်းဆီ ထုတ်လုပ်မှုသည် ၂၀၂၆ ခုနှစ်တွင် ၃ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်း တိုးတက်လာမည်ဟု ခန့်မှန်းထားသည်။ အဆိုပါအသင်းမှ ပြောရေးဆိုခွင့်ရှိသူ Fadhil Hasan က မြေယာသိမ်းဆည်းမှုများအပေါ် စိုးရိမ်မှုများကို အသိအမှတ် ပြုခဲ့ပြီး ထုတ်လုပ်မှုအပေါ် သက်ရောက်မှုသည် အသင့်အတင့်သာရှိစေရန်နှင့် ယာယီအခိုက် အတန့်မျှသာ ဖြစ်စေရန်အတွက် စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာစေခြင်းကို ဟန်ချက် ညီမျှအောင် လုပ်ဆောင်ရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။

     ၂၀၂၆ ခုနှစ်၊ ဒုတိယနှစ်ဝက်တွင် ဇီဝဒီဇယ်၌ စားအုန်းဆီပါဝင်မှု အချိုးအစား ၅၀ ရာခိုင်နှုန်း အထိ မြှင့်တင်ခြင်းကို မဖြစ်မနေဆောင်ရွက်မည့် အင်ဒိုနီးရှား၏ B50 အစီအစဉ်သည် ပြည်ပသို့ တင်ပို့နိုင်မည့် စားအုန်းဆီပမာဏကို ‌လျော့ကျစေမည်ဖြစ်ပြီး ဈေးနှုန်းများ ပိုမိုမြင့်မားလာစေမည့် နောက်ထပ်အချက် တစ်ရပ်ဖြစ်သည်။ Mr. Mielke က B50 ဇီဝဒီဇယ်အစီအစဉ်အတွက် စားအုန်း ဆီ တန်ချိန် ၂.၂ သန်း ထပ်မံလိုအပ်မည်ဟု ခန့်မှန်းထားသည်။

     အင်ဒိုနီးရှား စားအုန်းဆီအသင်း (Gapki) သည် ဇီဝဒီဇယ်ထုတ်လုပ်မှု အစီအစဉ်ကို အကောင်အထည်ဖော်မည့် မတူညီသော နည်းလမ်းများ၊ ၎င်းနည်းလမ်းများက ပြည်တွင်းစားသုံးမှု အပေါ် သွယ်ဝိုက်ရိုက်ခတ်နိုင်မှုများနှင့် ဇီဝဒီဇယ်အစီအစဉ်သို့ ရန်ပုံငွေပံ့ပိုးပေးသည့် စည်းကြပ် အခွန်ကောက်ခံမှုများကို အကဲဖြတ်ဆောင်ရွက်လျက်ရှိသည်။ နောက်ဆုံးချမှတ်ထားသည့် မူဝါဒ က မည်သို့ပင်ရှိစေကာမူ စားအုန်းဆီနှင့် ဒီဇယ်လောင်စာဆီများကြားတွင် စျေးနှုန်းကွာဟချက် ကြီးမားလာခြင်းကြောင့် ပို့ကုန်အခွန်များ မြင့်တက်လာဖွယ်ရှိသည်ဟု Mr. Fadhil က ပြောကြား ခဲ့သည်။

    အင်ဒိုနီးရှားသည် ဇီဝဒီဇယ်အစီအစဉ်ကို ထောက်ပံ့ရန်အတွက် စားအုန်းဆီတင်ပို့မှုများ အပေါ် အခွန်စည်းကြပ်ကောက်ခံလျက်ရှိသည်။ ဇီဝလောင်စာ ပါဝင်ရောစပ်မှုပမာဏ ပိုမိုမြင့်မား လာခြင်းက အခွန်စည်းကြပ်မှုကို ၇.၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန်လိုအပ်နိုင်သည်ဟု Glenauk Economics မှ လေ့လာသုံးသပ်သူ Julian McGill က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: Bioenergy Times, November 15, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)