ပြည်ပပို့ကုန်ဖြစ်သောပဲစဥ်းငုံစိုက်ပျိုးဝင်ငွေတိုး

Powered by Drupal

           မျက်မှောက်ကာလတွင် နိုင်ငံတော်အစိုးရသည် နိုင်ငံကို စိုက်ပျိုးရေးစွမ်းအားရှိသည့် နိုင်ငံအဖြစ် တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ သို့ဖြစ်ရာ စိုက်ပျိုးရေးကဏ္ဍသည် နိုင်ငံ့စီးပွားရေးအတွက် အခြေခံအုတ်မြစ်တစ်ရပ်ဖြစ်သကဲ့သို့ လယ်ယာထွက်ကုန်များအနက် ပဲမျိုးစုံ သည်လည်း ပြည်ပပို့ကုန်ကဏ္ဍတွင် အရေးပါသောနေရာမှ ပါဝင်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ပဲမျိုးစုံသည် စိုက်ပျိုးမြေ၏ ၂၀ ရာခိုင်နှုန်းခန့်တွင် စိုက်ပျိုးလျက်ရှိပြီး မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံတို့က ပဲစိုက်ဧက၏ အဓိကအစိတ်အပိုင်းများဖြစ်သည်။ ထိုပဲမျိုးစုံအနက် ပဲစင်းငုံသည် ပြည်ပဈေးကွက်တွင် ဝယ်လိုအားရှိသည့် သီးနှံတစ်မျိုးဖြစ်ပြီး အိန္ဒိယ နိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိကဈေးကွက်တစ်ခု ဖြစ်သည်။ ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ ပဲစင်းငုံ တင်ပို့မှုသည် တန်ချိန် ၃၆၅၈၆၇ တန်ခန့်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်ထက် တိုးတက်ခဲ့သည်။

တိုးချဲ့စိုက်ပျိုးသင့်သည့် ပဲစင်းငုံ

          ပဲစင်းငုံသည် ပြည်ပဈေးကွက်တွင် ဝယ်လိုအားရှိသည့် သီးနှံတစ်ခုဖြစ်သည်။ ထို့ကြောင့် ဈေးကွက် လိုအပ်ချက်ကို နားလည်ပြီး အရည်အသွေး ကောင်းမွန်သောပဲစင်းငုံကို စနစ်တကျ ထုတ်လုပ်နိုင်ပါက တောင်သူများ၏ စိုက်ပျိုးရေးဝင်ငွေ တိုးတက်လာစေနိုင်သလို နိုင်ငံခြား ဝင်ငွေရရှိမှုကိုလည်း အထောက်အကူပြုနိုင်မည်ဖြစ်သည်။ ထို့ပြင် ပဲစင်းငုံကဲ့သို့ ပဲမျိုးများသည် သီးနှံ အလှည့်ကျစိုက်ပျိုးရေးတွင် ထည့်သွင်းစိုက်ပျိုးနိုင်ခြင်းကြောင့် လယ်ယာမြေအသုံးချမှုကို ပိုမို ထိရောက်စေနိုင်သည်။ ထို့ကြောင့် စိုက်ပျိုးဧကများလာခြင်းတစ်ခုတည်းကိုသာ မျှော်မှန်းခြင်း မပြုဘဲ တစ်ဧကအထွက်နှုန်း၊ အရည်အသွေးနှင့်ဈေးကွက်တန်ဖိုးတို့ကိုပါ တစ်ပြိုင်နက်တည်း မြှင့်တင်ရန် လိုအပ်သည်။

          ပဲစင်းငုံသီးနှံမှာ ပြည်တွင်းစားသုံးမှု အလွန်နည်းပြီး ပြည်ပတင်ပို့မှုအတွက် အဓိကစိုက်ပျိုးသော ပဲအမျိုးအစားဖြစ်သည်။ အရိုးအရွက်များကို ကျွဲ၊ နွားစာအဖြစ်လည်းကောင်း၊ ပင်စည်ရိုးတံကို ထင်းအဖြစ်လည်းကောင်း အသုံးပြုကြသည်။ မြန်မာနိုင်ငံတွင် စစ်ကိုင်း၊ မန္တလေးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ပဲစင်းငုံအများအပြား စိုက်ပျိုးပြီး မိုးသီးနှံအဖြစ် စိုက်ပျိုးကြသည်။ အခင်းလိုက် စိုက်ပျိုးသကဲ့သို့ အခြားသီးနှံများနှင့် အတန်းလိုက်ညှပ်၍ စိုက်ပျိုးသည်များလည်းရှိသည်။ မြန်မာ့ပဲစင်းငုံကို ပြည်ပသို့တင်ပို့ရာတွင် အိန္ဒိယနိုင်ငံသို့ အများဆုံး တင်ပို့ခြင်းဖြစ်ပြီး ပါကစ္စတန်၊ စင်ကာပူ၊ ကိုရီးယား၊ တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သို့လည်း တင်ပို့သည်။ အလုံးလိုက်အပြင် အခွံချွတ်အခြမ်းအဖြစ်လည်း တင်ပို့သည်။ ကမ္ဘာပေါ်တွင် ပဲစင်းငုံတင်ပို့မှု အများဆုံးနိုင်ငံများမှာ တန်ဇန်းနီးယား၊ ဆူဒန်၊ အိန္ဒိယ၊ မာလာဝီ၊ မိုဇမ်ဘစ်နှင့် မြန်မာနိုင်ငံတို့ ဖြစ်ကြကာ တင်သွင်းမှုအများဆုံးနိုင်ငံများတွင် အိန္ဒိယ၊ နီပေါ၊ ယူအေအီး၊ အမေရိကန်နှင့် ဇင်ဘာဘွေ စသည့်နိုင်ငံများ ပါဝင်ကြသည်။ မြန်မာနိုင်ငံတွင် စိုက်ပျိုးသော ပဲစင်းငုံမျိုးများအနက် ‌ရေဆင်း-၃၊ ရေဆင်း ၁၀ စသောသက်လျင်မျိုးများ၊ ရေဆင်း-၅၊ ‌ရေဆင်း-၉၊ ရွှေဒင်္ဂါး၊ ငါးဆံပဲ စသော သက်လတ်မျိုး များ၊ ရေဆင်း-၆၊ ရေဆင်း-၈၊ သူဌေးကန် စသော သက်ကြီးမျိုးများမှာ ထင်ရှားသည်။ ရောင်းဝယ်ရာတွင် ပဲစင်းငုံအနီ၊ ပဲစင်းငုံအဖြူ စသည်ဖြင့် ခွဲခြားရောင်းဝယ်ကြသည်။

တောင်သူများအနေဖြင့် အထူးဂရုပြုရမည့် အချက်များ

ပဲစင်းငုံစိုက်ပျိုးရာတွင် မိမိဒေသ၏ မြေအမျိုးအစား၊ မိုးရေချိန်နှင့် စိုက်ပျိုးရာသီနှင့် ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်ကို ရွေးချယ်အသုံးပြုရန် အရေးကြီးသည်။ မျိုးစေ့အရည် အသွေးကောင်းမွန်ခြင်းသည် အပင်ပေါက်ကောင်းမွန်ရေးနှင့် အထွက်နှုန်းအတွက် အခြေခံအချက် ဖြစ်သည်။ မြေဆီလွှာအခြေအနေကို စစ်ဆေးပြီး လိုအပ်သည့် မြေဩဇာနှင့် အာဟာရဓာတ်များကို သင့်တော်သည့် ပမာဏဖြင့် အသုံးပြုသင့်သည်။ ရေဝပ်မှုကိုရှောင်ရှား ခြင်း၊ ပေါင်းမြက်ကို အချိန်မီထိန်းချုပ်ခြင်းနှင့် ပိုးမွှားရောဂါများကို စောစီးစွာ စောင့်ကြည့်ခြင်း တို့သည်လည်း အရေးကြီးသည်။ အထူးသဖြင့် ပြည်ပပို့ကုန်အတွက် စိုက်ပျိုးခြင်းဆိုသည်မှာ အထွက်နှုန်းတစ်ခု တည်းကို ကြည့်၍မရဘဲ အရည်အသွေးကိုပါ ဦးစားပေးရမည်ဖြစ်သည်။ အစေ့ အရွယ်အစား၊ အရောင်၊ အစိုဓာတ်နှင့် အညစ်အကြေးကင်းစင်မှုတို့ကို ဂရုပြုထုတ်လုပ်ခြင်းဖြင့် ပြည်ပဝယ်လက် များ၏ယုံကြည်မှုကို ရရှိနိုင်မည်ဖြစ်သည်။

နိုင်ငံတော်၏ပံ့ပိုးဆောင်ရွက်မှု

ပဲစင်းငုံသည် ပြည်တွင်းစားသုံးမှုအတွက် သာမက ပြည်ပပို့ကုန်ကဏ္ဍတွင်ပါ အရေးပါသည့် သီးနှံတစ်မျိုးဖြစ်သဖြင့် ပဲစင်းငုံအပါအဝင် ပဲမျိုးစုံ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးသည် တောင်သူများ၏ ဝင်ငွေတိုးတက်ရေးနှင့် နိုင်ငံခြားဝင်ငွေတိုးမြှင့်ရေးအတွက် အရေးကြီးပါသည်။ မြန်မာနိုင်ငံ၏ ပဲမျိုးစုံ ထုတ်လုပ်မှုသည် လယ်ယာထွက်ကုန်ထုတ်လုပ်မှုတွင် အရေးပါသောအခန်းကဏ္ဍတွင်ရှိပြီး စိုက်ပျိုး မြေ၏ ၂၀ ရာခိုင်နှုန်းခန့်တွင် ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။ ပဲစင်းငုံအထွက်နှုန်းနှင့် အရည်အသွေး ကောင်းမွန်ရေးအတွက် အရည်အသွေးပြည့်မီသည့် မျိုးစေ့များ၊ သီးနှံအလိုက် မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ဖြန့်ဖြူးရာတွင် စံချိန်စံညွှန်းပြည့်မီသော သွင်းအားစုများနှင့် စိုက်ပျိုးနည်းပညာအကူအညီများပံ့ပိုးပေးရန် ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်အနေဖြင့် တောင်သူများထံသို့ သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များ ပိုမိုပြန့်ပွား စေရေးနှင့် မျိုးစေ့၊ နည်းပညာများ ပံ့ပိုးပေးရေးကို စိုက်ပျိုးရေးဦးစီးဌာနက ပံ့ပိုးဆောင် ရွက်ပေးလျက် ရှိသည်။ ထို့ပြင် တောင်သူများကိုယ်တိုင်ပါဝင်သည့် Farmer Participatory Approach ဖြင့် စံပြကွက်များ ဆောင်ရွက်ကာ အကျိုးရှိသည့်မျိုး၊ စိုက်စနစ်နှင့် သီးနှံပုံစံများကို လက်တွေ့ လေ့လာနိုင်ပြီး နည်းပညာများ ပိုမိုပြန့်ပွားစေရေးဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့် ပဲစင်းငုံ စိုက်ပျိုးမည့် တောင်သူများအနေဖြင့် မိမိဒေသရှိ စိုက်ပျိုးရေးဦးစီးဌာနနှင့် သက်ဆိုင်ရာ စိုက်ပျိုး ရေးပညာရှင်များထံမှ မျိုးရွေးချယ်ခြင်း၊ မြေပြုပြင်ခြင်း၊ စိုက်ပျိုးချိန်၊ မြေဩဇာအသုံးပြုမှု၊ ပိုးမွှားရောဂါကာကွယ်ရေးနှင့် ရိတ်သိမ်းချိန်ဆိုင်ရာ နည်းပညာအကြံပြုချက်များကိုရယူပြီး စိုက်ပျိုးသင့်သည်။

သီးနှံအထွက်နှုန်း တိုးတက်ရေးတွင်လည်း မျိုးစေ့ကောင်းမွန်ခြင်းနှင့်အတူ မြေဩဇာနှင့် အခြား လိုအပ်သည့်သွင်းအားစုများ အချိန်မီရရှိရေးသည်လည်း အရေးကြီးသည်။ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတော်က စီးပွားရေးအထောက်အကူပြုသီးနှံများ စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများအတွက် ယူရီးယားနှင့် ၁၅ ပတ်လည် ကွန်ပေါင်းဓာတ်မြေဩဇာများကို ဈေးကွက်ပေါက်ဈေးထက် ၂၅ ရာခိုင် နှုန်းအောက် လျော့နည်းသောဈေးနှုန်းဖြင့် တောင်သူများလက်ဝယ်အရောက် ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။ ယင်းကဲ့သို့ သွင်းအားစုများကို သင့်တင့် သောဈေးနှုန်းဖြင့်ရရှိနိုင်ရေး ဆောင်ရွက် ပေးခြင်းသည် တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှုကုန်ကျ စရိတ်ကို ထိန်းချုပ်နိုင်ရေးနှင့် တစ်ဧကအထွက်နှုန်း မြှင့်တင်ရေးအတွက် အထောက်အကူဖြစ်စေနိုင်သည်။ သို့သော် ဓာတ်မြေဩ ဇာအသုံးပြုရာတွင် မိမိမြေ၏ အာဟာရအခြေအနေနှင့် သီးနှံလိုအပ်ချက်အတိုင်း စနစ်တကျအသုံး ပြုရန် လိုအပ်သည်။

ပြည်ပဈေးကွက်နှင့် ကုန်သွယ်ရေးအခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်း

ပဲစင်းငုံ၏ အရေးပါဆုံးအချက်တစ်ခုမှာ ပြည်ပဈေးကွက်ရှိခြင်းဖြစ်သည်။ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ပဲစင်းငုံနှင့် မတ်ပဲ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကို ၂၀၂၁ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ထိုအစီအစဉ်အရ ဘဏ္ဍာနှစ်ငါးနှစ်အတွင်း မြန်မာ နိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ပဲစင်းငုံ တန်ချိန် ၁၀၀၀၀၀ နှင့် မတ်ပဲ တန်ချိန် ၂၅၀၀၀၀ တင်ပို့ရန် သဘောတူထားခဲ့သည်။ ထိုကဲ့သို့ နှစ်နိုင်ငံအကြားကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများသည် တောင်သူများအတွက် ပြည်ပဈေးကွက်အလား အလာကို ပိုမိုရှင်းလင်းစေပြီး ပဲစင်းငုံထုတ်လုပ်မှုကို ဈေးကွက်လိုအပ်ချက်နှင့် ချိတ်ဆက်စီမံနိုင်ရန် အထောက်အကူပြုနိုင်သည်။ ပို့ကုန်သီးနှံဖြစ်သည့်အတွက် စိုက်ပျိုးထုတ်လုပ်မှုအဆင့်တွင်သာ အရည် အသွေးကောင်းမွန်ရန်မလုံလောက်ဘဲ ရိတ်သိမ်းပြီး နောက်ပိုင်းတွင်လည်း အရည်အသွေး ထိန်းသိမ်းရန် လိုအပ်သည်။ နိုင်ငံတော်က သီးနှံများကိုထုတ်လုပ် သည့်အဆင့်မှ စားသုံးသည့် အဆင့်အထိ ကွင်းဆက်တစ်လျှောက်ဖြစ်ပေါ်နိုင်သည့် လေလွင့်ဆုံးရှုံးမှုများ လျှော့ချရေးကို မူဝါဒချ မှတ်ဆောင်ရွက်လျက်ရှိပြီး ရိတ်သိမ်းခြွေလှေ့မှု၊ သယ်ယူပို့ဆောင်မှုနှင့် ပြုပြင် ထုတ်လုပ်မှု အဆင့်များတွင် ဆုံးရှုံးမှုလျှော့ချရေးကိုလည်း အလေးထား ဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့် ပဲစင်းငုံကိုရိတ်သိမ်းပြီးနောက် အချိန်မီ အခြောက်ခံခြင်း၊ သန့်စင်ခြင်း၊ အစိုဓာတ်ထိန်းချုပ် ခြင်း၊ သိုလှောင်ခြင်းနှင့် သင့်လျော်စွာထုပ်ပိုးခြင်းတို့ကို စနစ်တကျလုပ်ဆောင်ခြင်းသည် ပြည်ပ ဈေးကွက်တွင် အရည်အသွေးကောင်းသော ပဲစင်းငုံအဖြစ် ရောင်းချနိုင်မည်ဖြစ်သည်။

ပဲစင်းငုံတိုးချဲ့စိုက်ပျိုးရေးသည် စိုက်ဧကတိုးမြှင့်ခြင်းတစ်ခုတည်းဖြင့် ပြီးမြောက်နိုင်သည့် လုပ်ငန်းမဟုတ်ပေ။ မျိုးကောင်းမျိုးသန့်၊ မှန်ကန် သောစိုက်ပျိုးနည်း၊ သွင်းအားစုအချိန်မီရရှိရေး၊ သုတေသနနှင့် နည်းပညာ၊ရိတ်သိမ်းပြီးနောက် အရည်အသွေးထိန်းသိမ်းရေးနှင့် ပြည်ပဈေးကွက် ချိတ်ဆက်မှုတို့ကို တစ်ဆက်တည်း အကောင်အထည်ဖော်ရန် လိုအပ်သည်။ နိုင်ငံတော်က မျိုးစေ့၊ နည်းပညာ၊ သုတေသန၊ သွင်းအားစုနှင့် ဈေးကွက်ချိတ်ဆက်ရေးဘက်မှ ပံ့ပိုးပေးနေချိန်တွင် တောင်သူများကလည်း အရည်အသွေးကောင်းမွန်သည့် ပဲစင်းငုံများထုတ်လုပ်နိုင်ရန် စိုက်ပျိုးရေး နည်းပညာများကို လိုက်နာအသုံးချ ကြရန် လိုအပ်သည်။ ထိုသို့ နှစ်ဖက်ပူးပေါင်းဆောင်ရွက်နိုင်ပါက တစ်ဧက အထွက်နှုန်းတိုးတက်ခြင်း၊ တောင်သူဝင်ငွေမြင့်တက်ခြင်းနှင့် နိုင်ငံခြား ပို့ကုန်ဝင်ငွေတိုး မြှင့်ခြင်းတို့ကို တစ်ပြိုင်နက်တည်း ရရှိစေနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ပဲမျိုးစုံ ၁၈ မျိုးကို နှစ်စဉ် စိုက်ဧက စုစုပေါင်း ၁၁ ဒသမ ၄၅ သန်းခန့် စိုက်ပျိုး လျက်ရှိပြီး ပဲတီစိမ်း ၂၆ ရာခိုင်နှုန်း၊ မတ်ပဲ ၂၅ ရာခိုင်နှုန်း၊ ပဲစင်းငုံ ၁၅ ရာခိုင်နှုန်းနှင့် ကုလားပဲ ရှစ်ရာခိုင်နှုန်း စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။

အနာဂတ်အတွက် ပဲစင်းငုံကဏ္ဍ

မြန်မာနိုင်ငံ၏ ပဲမျိုးစုံသည် နိုင်ငံခြားဈေးကွက်များတွင် ရှိပြီးသားဈေးကွက်အခြေခံကောင်း တစ်ရပ်ရရှိထားပြီးဖြစ်သည်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာ နှစ်တွင် ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းတို့မှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံခန့် ရရှိခဲ့ပြီး ဖြစ်သည်။ သို့ဖြစ်ရာ ပဲစင်းငုံတိုးချဲ့စိုက်ပျိုးရေး သည် ဧကတိုးချဲ့ရေးသက်သက်မဟုတ်ဘဲ “မျိုးကောင်း–နည်းမှန်–အထွက်ကောင်း–အရည်အသွေး မြင့်–ဈေးကွက်ရရှိ”ဟူသည့် ကွင်းဆက်တစ်ခုလုံးတိုးတက်အောင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် ဖြစ်သည်။ တောင်သူကောင်းစားမှ ကျေးလက်စီးပွားရေးကောင်းမွန်လာမည် ဖြစ်သည်။ ကျေးလက် စီးပွားရေးကောင်းမွန်လာမှ နိုင်ငံ့စီးပွားရေးလည်း ပိုမိုခိုင်မာလာမည်ဖြစ်သည်။ ထို့ကြောင့် ပြည်ပဈေး ကွက်၏ လိုအပ်ချက်နှင့် ကိုက်ညီသော အရည်အသွေးမြင့် ပဲစင်းငုံများကို စနစ်တကျ ထုတ်လုပ်တင်ပို့ နိုင်ရေးသည် တောင်သူတစ်ဦးချင်း၏ ဝင်ငွေတိုးတက်ရေးအတွက်သာမက နိုင်ငံ၏ ပို့ကုန်ဝင်ငွေ တိုးမြှင့်ရေးအတွက်ပါ အရေးပါသော အခွင့်အလမ်းတစ်ရပ်ဖြစ်လာမည်ဖြစ်သည်။

၂၅-၈-၂၀၂၆ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ နိုင်ငံတော် သမ္မတက မိမိတို့နိုင်ငံသည် ပဲစိုက်ပျိုး၍ နိုင်ငံတကာ သို့တင်ပို့နေသည့် ထိပ်တန်းနိုင်ငံ များတွင် ပါဝင် ကြောင်း၊ ထို့ကြောင့် ပဲစိုက်ပျိုးမှုကိုလည်း နိုင်ငံ၏ အဓိကစီးပွားရေးအဖြစ် မှတ်ယူ၍ အရည်အသွေး ကောင်းမွန်သည့်ပဲများ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်လို ကြောင်းမှာကြားခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ သို့ဖြစ်ရာ ယနေ့အချိန်တွင် နိုင်ငံတော်သည် ပြည်ပပို့ကုန်အဖြစ် စက်မှုကုန်ကြမ်းသီးနှံများကို တိုးချဲ့ထုတ်လုပ်လျက်ရှိသလို တောင်သူဦးကြီးများ အနေဖြင့် ပြည်ပပို့ကုန်ပဲစင်းငုံသီးနှံကို တိုးချဲ့စိုက်ပျိုး ထုတ်လုပ်ပါက မိသားစုအလိုက် ဝင်ငွေ တိုးတက်စေမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

 DOCA(ပဲခူး)