ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ဥရောပဖရဲသီးဈေးကွက်မှာ ရောင်းလိုအား ပိုမိုများနေပြီး ယူကရိန်းနိုင်ငံတွင်လည်း ဈေးနှုန်းများ ကျဆင်းလျက်ရှိ

 

   ၂၀၂၆ ခုနှစ်၊ ဇူလိုင်လအတွင်း ဥရောပ၏ ဖရဲသီးဈေးကွက်တွင် ရောင်းလိုအား ပိုမိုများပြား သောကြောင့် နိုင်ငံအများစု၌ လက်ကားဈေးနှုန်းများအပေါ် သက်ရောက်မှုရှိပြီး ဈေးနှုန်းများ ကျဆင်းလျက်ရှိကြောင်း၊ စပိန်နိုင်ငံနှင့် ဂရိနိုင်ငံတို့သည် အဓိက တင်ပို့သူနိုင်ငံများအဖြစ် ဆက် လက် တည်ရှိနေပြီး ကောင်းမွန်သော ရာသီဥတုအခြေအနေများကြောင့် သီးနှံထွက်ရှိမှု ကောင်းမွန် ကာ ဥရောပဈေးကွက်များသို့ ပုံမှန် တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။

   သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်လုပ်ငန်းဖြစ်သည့် FruitVeB ၏ ဖော်ပြချက်အရ စပိန် နိုင်ငံသည် ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ဖရဲသီး စိုက်ပျိုးဧရိယာကို ၁၁ ရာခိုင်နှုန်းအထိ တိုးချဲ့ခဲ့သဖြင့် ဟက်တာ ၁၂.၃ ထောင်နီးပါး ရှိလာခဲ့ကြောင်း၊  ဂျာမနီ၊ ပြင်သစ်နှင့် နယ်သာလန်နိုင်ငံတို့မှာ စပိန် နိုင်ငံထွက် ဖရဲသီးများ အဓိက တင်ပို့ရာ နိုင်ငံများများ ဖြစ်ကြကြောင်း၊ ဂရိနိုင်ငံရှိ အီလီယာ (Ilia) ဒေသ၏ သီးနှံရိတ်သိမ်းမှုမှာ ဧပြီလကုန်မှ အောက်တိုဘာလအထိ ကြာမြင့်ပြီး ဥရော ပဝယ်ယူသူ များထံ စဉ်ဆက်မပြတ် တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ယူကရိန်းအပါအဝင် အလယ်ပိုင်းနှင့် အရှေ့ပိုင်း ဥရောပဒေသများ၌လည်း ရာသီအလိုက် ရောင်းလိုအားအခြအနေမှာ အမြင့်ဆုံး ရောက်ရှိ၍ လက်ကားဈေးနှုန်းများ ကျဆင်းသွားခဲ့ကြောင်း၊ တူရကီနှင့် အီရန်တို့တွင် ထုတ်လုပ်မှု နှင့် တင်ပို့မှုများ ပုံမှန်အတိုင်း တည်ငြိမ်လျက်ရှိသော်လည်း ဥဇဘက်ကစ္စတန်၌ ဈေးနှုန်း ကျဆင်း မှုများကို ဇူလိုင်လ အတွင်းတွင် တွေ့ရှိခဲ့ရကြောင်း သိရှိရပါသည်။

    ဈေးနှုန်းကျဆင်းမှုမှာ ယူကရိန်းနိုင်ငံတွင် ပိုမိုသိသာထင်ရှားခဲ့ပြီး မြို့တော်ကိယက်ဗ် (Kyiv)ရှိ Stolichnyi လက်ကားဈေးတွင် ခါဆွန်ခရိုင်  (Kherson) ၊ ချော်နိုဘာယိဗ်ကာရွာ (Chornobaivka) မှ ခါဆွန်ဒေသထွက် အရည်အသွေးမြင့် စပ်မျိုးဖရဲသီးမျိုးစိတ် Luzitana F1 အမျိုးအစား ဖရဲသီးများကို လက်ရှိတွင် လက်ကားဈေး ၁ Kg လျှင် ၁၁ UAH (Ukrainian Hryvnia) နှင့် လက်လီဈေး တစ်ကီလိုလျှင် ၁၂ UAH ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

     လွန်ခဲ့သော ငါးရက်ခန့်က ဖရဲသီးများ၏ လက်ကားဈေးမှာ တစ်ကီလိုလျှင် ၁၅ UAH မှ ၁၇ UAH အကြား ရှိခဲ့ကြောင်း၊ ခါဆွန်ဒေသမှတောင်သူများက စိုက်ခင်းအရောက်ဈေးမှာ ၁ Kg လျှင် ၁၀ UAH ဝန်းကျင်အထိ ကျဆင်းသွားနိုင်ကြောင်း ခန့်မှန်းခဲ့ကြသော်လည်း စိုက်ခင်းမှည့် သဘာဝ ဖရဲသီး အများအပြား ဈေးကွက်အတွင်း ဝင်ရောက်လာသဖြင့် ဈေးကွက်ပါဝင်လှုပ်ရှားသူများက ဈေးနှုန်းများ ထပ်မံကျဆင်းမည်ဟု မျှော်မှန်းထားကြောင်း သိရှိရပါသည်။

    နှိုင်းယှဉ်ကြည့်မည်ဆိုပါက ယခင်နှစ် ဇူလိုင်လ တတိယ ၁၀ ရက်တာ ကာလအတွင်း ယူကရိန်းနိုင်ငံ၌ ဖရဲသီး ၁ Kg လျှင် ၂၅ UAH ဝန်းကျင်ဖြင့် ရောင်းချခဲ့ရပါကြောင်း၊ သို့ဖြစ်ရာ ယခုနှစ်တွင် ဥရောပနှင့် ယူကရိန်း နှစ်နေရာစလုံး၌ ထွက်ရှိမှု ပိုမိုများပြားလာခြင်းကြောင့် ဈေးနှုန်း များမှာ လွန်ခဲ့သောနှစ် ကာလတူနှင့် ယှဉ်ပါက ထက်ဝက်နီးပါး ကျဆင်းသွားခဲ့ကြောင်း သိရှိရပါ သည်။

Source: UKrAgroConsult, 28 July 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

စံချိန်တင် ဆန်ပိုလျှံမှုကြောင့် ဂျပန်နိုင်ငံ၏ ဆန်ဈေးနှုန်းများ ကျဆင်းမည့် ဖိအားနှင့် ရင်ဆိုင်နေရ

     ၂၀၀၄ ခုနှစ်မှစ၍ ရရှိထားသော စာရင်းအချက်အလက်များအရ ပုဂ္ဂလိကကဏ္ဍ၏ ဆန်လက်ကျန် သိုလှောင်ပမာဏသည် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာခဲ့ပြီး ယင်းကြောင့် ဆန်ဈေးနှုန်းများသည် ဆက်လက်ကျဆင်းနိုင်သည့် အလားအလာရှိနေသည်။

    ဇူလိုင် ၂၈ ရက်နေ့တွင် ကျင်းပခဲ့သော အစားအသောက်၊ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ မူဝါဒများဆိုင်ရာကောင်စီ၏ အစားအသောက်ကော်မတီခွဲ အစည်းအဝေးတွင် စိုက်ပျိုးရေး ဝန်ကြီးဌာနက ဇွန်လကုန်၌ ဆန်လက်ကျန် တန်ချိန် ၂.၄၃ သန်း ရှိကြောင်း သတင်း ထုတ်ပြန်ခဲ့ သည်။

    လွန်ခဲ့သောနှစ် တူညီသည့်ကာလတွင် ဆန်လက်ကျန် တန်ချိန် ၁.၅၅ သန်းသာ ရှိခဲ့သော် လည်း ယခုနှစ် ဇွန်လကုန်တွင် တန်ချိန် ၂.၂၁ သန်းမှ ၂.၃၄ သန်းအထိ မြင့်တက်လာနိုင်ကြောင်း ဝန်ကြီးဌာနက မတ်လအတွင်း ခန့်မှန်းခဲ့သည်။ သို့သော် လတ်တလော လက်ရှိကိန်းဂဏန်း များမှာ အဆိုပါ ခန့်မှန်းချက်ထက်ပင် ကျော်လွန်သွားခဲ့သည်။

     သင့်တင့်မျှတသော ဆန်လက်ကျန် ပမာဏမှာ တန်ချိန် ၁.၈ သန်းမှ ၂ သန်းကြား ဖြစ်သည် ဟု သတ်မှတ်ထားကြသည်။ ဆန်လက်ကျန်ပမာဏ မျှော်လင့်ထားသည်ထက် ပိုမိုများပြားလာ ရခြင်းမှာ ပြည်တွင်း ဆန်စျေးနှုန်းများ မြင့်မားနေမှုကြောင့် ပြည်ပမှ ဆန်တင်သွင်းမှု ရုတ်တရက် မြင့်တက်လာခြင်းကြောင့်ဖြစ်သည်ဟု ဝန်ကြီးဌာန တာဝန်ရှိသူများ က အဓိက သုံးသပ်ကြသည်။

    အခွန်နှုန်းထား မြင့်မားစွာ စည်းကြပ်ခံရသည့် ပုဂ္ဂလိကကဏ္ဍ၏ ပြည်ပမှ ဆန်တင်သွင်း မှုမှာ ပုံမှန်အားဖြင့် တစ်နှစ်လျှင် တန်ချိန် ရာဂဏန်းမျှသာ ရှိလေ့ရှိသည်။ သို့သော် ၂၀၂၅ ဘဏ္ဍာ ရေးနှစ်အတွင်း ပုဂ္ဂလိကကဏ္ဍ၏ ဆန်တင်သွင်းမှုမှာ တန်ချိန် ၁၁၀,၀၀၀ ခန့်အထိ ရှိခဲ့ပြီး အဆိုပါ ပမာဏမှာ "ဝန်ကြီးဌာန၏ မူလခန့်မှန်းချက်များတွင် ထည့်သွင်းတွက်ချက်ထားခြင်း မရှိခဲ့သော ပမာဏ" ဖြစ်ကြောင်း ပြောကြားခဲ့သည်။

   ဆန်ဈေးနှုန်းများ မြင့်မားနေဆဲဖြစ်သောကြောင့် လယ်သမားများသည် ပြည်သူများ၏ အဓိကစားနပ်ရိက္ခာဖြစ်သော ဆန်ကို ဆက်လက်စိုက်ပျိုးရန် စိတ်အားထက်သန်နေကြသည်။ ဝန်ကြီးဌာနက ဆန်စိုက်ဧကကို လျှော့ချရန် မျှော်မှန်းထားသော်လည်း အမှန်တကယ် လျှော့ချနိုင် သည့် ပမာဏမှာ မျှော်မှန်းထားသလောက် မရောက်ရှိခဲ့ကြောင်း သိရသည်။

    ဇွန်လကုန်အထိ တောင်သူများ၏ စိုက်ပျိုးရန် ရည်ရွယ်ချက်ဆိုင်ရာ အချက်အလက်များ အရ လာမည့်နှစ် ဇွန်လကုန်တွင် ပုဂ္ဂလိကကဏ္ဍ၏ ဆန်လက်ကျန်ပမာဏသည် တန်ချိန် ၂.၆၃ သန်းမှ ၂.၈၁ သန်းအထိ ပိုမိုမြင့်တက်လာနိုင်ကြောင်း ဝန်ကြီးဌာနက ခန့်မှန်းထားသည်။

    ဆန်ပိုလျှံမှုကြောင့် ဆန်စျေးနှုန်းများ ထိုးဆင်းသွားခြင်းမှ ကာကွယ်ရန်အတွက် စိုက်ပျိုးရေး ဝန်ကြီး Norikazu Suzuki နှင့် လယ်ယာစိုက်ပျိုးရေး အကျိုးစီးပွားကာကွယ်ရေး အာဏာပိုင် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) လွှတ်တော်အမတ်များက ပြီးခဲ့သည့်နှစ်မှစ၍ နိုင်ငံတော် အရန်ဆန်မှ ထုတ်ရောင်းပေးခဲ့သော ဆန်တန်ချိန် ၅၉၀,၀၀၀ ကို အစိုးရက ပြန်လည်ဝယ်ယူရန် တောင်းဆိုခဲ့ကြသည်။

    သို့သော်လည်း ဝန်ကြီးချုပ် Sanae Takaichi ၏ အထက်တန်းအကြံပေးတစ်ဦးကမူ ထိုသို့ဆောင်ရွက်ခြင်းသည် ကုန်ဈေးနှုန်းကြီးမားမှုကို ထိန်းချုပ်ရန် လုပ်ဆောင်နေသည့် အစိုးရ၏ ကြိုးပမ်းမှုများနှင့် ဆန့်ကျင်ဘက်ဖြစ်နေလိမ့်မည်ဟုဆိုကာ သဘောမတူဘဲ ငြင်းဆန်ထားသည်။ စိုက်ပျိုးရေးဝန်ကြီးဌာနသည် ၎င်းတို့၏ ပြန်လည်ဝယ်ယူရေး အစီအစဉ်များကို လက်ရှိတွင် ခေတ္တဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ဇူလိုင် ၂၈ ရက်နေ့၌ ကြေညာခဲ့သည်။

    ဝန်ကြီးဌာန၏ လုပ်ငန်းလမ်းညွှန်ချက်များတွင် ပြန်လည်ဝယ်ယူမည့် အချိန်အခါနှင့် ပမာဏကို အနာဂတ် ရောင်းလိုအား၊ ဝယ်လိုအား အခြေအနေများနှင့် အခြားအချက်အလက်များ ကို  သုံးသပ်ပြီးမှသာ ဆုံးဖြတ်မည်ဟုသာ ဖော်ပြထားသည်။ လာမည့် ဩဂုတ်လကုန်တွင် ထွက်ရှိ လာမည့် ယခုနှစ် ဆောင်းဦးကာလရိတ်သိမ်းမည့် ပထမအကြိမ် စိုက်ပျိုးသီးနှံအခြေအနေ ရလဒ် များပေါ် မူတည်၍ အခြေအနေကို ဆက်လက်သုံးသပ်ရန် ဝန်ကြီးဌာနက ရည်မှန်းထားသည်။

The Asahi Shimbun, 29 July, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အိန္ဒိယနိုင်ငံ၏ ဟင်းသီးဟင်းရွက်ဆီ တင်သွင်းမှု မြင့်တက်လာခြင်းက ကမ္ဘာ့စားအုန်းဆီ ဈေးနှုန်းများကို မြှင့်တင်ပေးနိုင်ဖွယ်ရှိ

    အိန္ဒိယနိုင်ငံတွင် ပဲပုပ်နှင့် မုန်ညှင်း ဆီကြိတ်ခွဲထုတ်လုပ်မှု နှေးကွေးလာခြင်းကြောင့် ပြည်တွင်း၌ စားသုံးဆီ လိုအပ်ချက်မြင့်မားလာကာ ထောက်ပံ့မှု နည်းပါးလာနေသဖြင့် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လမှ အောက်တိုဘာလအတွင်း အိန္ဒိယနိုင်ငံ၏ ဟင်းသီးဟင်းရွက်ဆီ တင်သွင်းမှုပမာဏ သိသိသာသာ မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။ ဤကဲ့သို့ တင်သွင်းမှု မြင့်တက်လာခြင်းက စားအုန်းဆီနှင့် ပဲပုပ်ဆီတို့အပေါ် နိုင်ငံတကာ ဝယ်လိုအားကို တိုးတက်လာစေနိုင်ပြီး ကမ္ဘာ့ ဟင်းသီးဟင်းရွက်ဆီနှင့် စားအုန်းဆီကြမ်း (CPO) ဈေးနှုန်းများကို ထပ်မံမြှင့်တင်ပေးနိုင်မည် ဖြစ်ကြောင်း Palm Oil Magazine သတင်းဌာနက ဇူလိုင်လ ၂၄ ရက်နေ့တွင် ဖော်ပြထားသည်။

     Palm Oil Magazine က ကိုးကားဖော်ပြထားသည့် Reuters သတင်းတစ်ပုဒ်အရ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလတွင် ကုန်ဆုံးမည့် ၂၀၂၅/၂၀၂၆ ဈေးကွက်နှစ်၏ ပထမ ၈ လတာ ကာလ အတွင်း အိန္ဒိယ၏ လစဉ်ပျမ်းမျှ ဟင်းသီးဟင်းရွက်ဆီ တင်သွင်းမှုပမာဏမှာ တန်ချိန် ၁.၃ သန်း ရှိခဲ့ရာ ဇူလိုင်လမှ အောက်တိုဘာလ ကာလအတွင်း တင်သွင်းမှုပမာဏသည် လစဉ်ပျမ်းမျှ တန်ချိန် ၁.၅ သန်းအထိ ရှိလာမည်ဟု စားသုံးဆီလုပ်ငန်း ကျွမ်းကျင်သူများက ခန့်မှန်းထားကြသည်။

     အိန္ဒိယ ဆီကြိတ်ခွဲထုတ်လုပ်သူများအသင်း (Solvent Extractors’ Association of India-SEA) ၏ အမှုဆောင်ဒါရိုက်တာ Mr. B.V. Mehta က ယခင်ရာသီက ရိတ်သိမ်းရရှိထားသော သီးနှံလက်ကျန်များမှာ ကုန်ခါနီးဖြစ်နေပြီဖြစ်သဖြင့် ပဲပုပ်နှင့် မုန်ညှင်းတို့ကို ကြိတ်ခွဲထုတ်လုပ်မှု နှေးကွေးသွားခဲ့ကြောင်း၊ ၎င်း၏ရလဒ်အနေဖြင့် ပြည်တွင်း၌ ဟင်းသီးဟင်းရွက်ဆီ ထုတ်လုပ်မှု ကျဆင်းသွားခဲ့ပြီး နိုင်ငံအနေဖြင့် ပြည်ပမှတင်သွင်းမှုအပေါ် ပိုမိုအားထားလာရသည့်အခြေအနေ သို့ ရောက်ရှိစေခဲ့ကြောင်း ပြောကြားခဲ့သည်။

     “ယခင်နှစ်က ရိတ်သိမ်းရရှိထားသော သီးနှံလက်ကျန်များ ကုန်ခါနီးပြီဖြစ်သဖြင့် ဆီထွက် သီးနှံ ကြိတ်ခွဲထုတ်လုပ်မှုမှာ နှေးကွေးသွားခဲ့ပါသည်။ ပြည်တွင်း၌ ဟင်းသီးဟင်းရွက်ဆီ ရရှိနိုင်မှု လျော့နည်းလာသည်နှင့်အမျှ ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် လာမည့်လများအတွင်း တင်သွင်းမှုပမာဏကို တိုးမြှင့်လုပ်ဆောင်ရန် လိုအပ်လာမည်ဖြစ်သည်”ဟု SEA ၏ အမှုဆောင် ဒါရိုက်တာ Mehta က ဆက်လက်ပြောကြားခဲ့သည်။

     ကမ္ဘာ့ဟင်းသီးဟင်းရွက်ဆီ အများဆုံးတင်သွင်းသည့်နိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံ၏ ဝယ်ယူ မှုပမာဏ တိုးလာခြင်းကြောင့် အင်ဒိုနီးရှား၊ မလေးရှား၊ အာဂျင်တီးနားနှင့် ဘရာဇီးနိုင်ငံတို့ ကဲ့သို့ သော အဓိက တင်ပို့သည့်နိုင်ငံများရှိ စားအုန်းဆီ (palm oil) နှင့် ပဲပုပ်ဆီ လက်ကျန်ပမာဏများ လျော့ကျသွား ဖွယ်ရှိသည်ဟု ခန့်မှန်းရပါသည်။ ဝယ်ယူလိုစိတ် ပိုမိုအားကောင်းလာခြင်းသည် မလေးရှား စားအုန်းဆီ ကြိုပွိုင့်ဈေးနှုန်းများ (futures) နှင့် ကမ္ဘာ့ပဲပုပ်ဆီ ဈေးနှုန်းများကို အထောက်အပံ့ဖြစ်စေ နိုင်သည်ဟု ဈေးကွက်လေ့လာသုံးသပ်သူများက ယုံကြည်ထားကြသည်။

     ယခုလက်ရှိ ဈေးကွက်နှစ် (marketing year) အတွက် အိန္ဒိယနိုင်ငံ၏ စုစုပေါင်း ဟင်းသီး ဟင်းရွက်ဆီ တင်သွင်းမှုပမာဏသည် တန်ချိန် ၁၆ သန်းရှိခဲ့သည့် ယခင်ရာသီနှင့် နှိုင်းယှဉ်ပါက တန်ချိန် ၁၆.၃ သန်းခန့်အထိ ရောက်ရှိလာမည်ဟု Mehta က ခန့်မှန်းထားပါသည်။

     ပြည်တွင်း ဆီထွက်သီးနှံထုတ်လုပ်မှုကို တိုးတက်များပြားလာသော စားသုံးမှုပမာဏနှင့် လိုက်လျောညီထွေအောင် လုပ်ဆောင်နိုင်မှု မရှိခဲ့သဖြင့် လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော်ကာလ တစ်လျှောက်လုံးတွင် အိန္ဒိယနိုင်ငံသည် ၎င်း၏ ဟင်းသီးဟင်းရွက်ဆီ လိုအပ်ချက်၏ သုံးပုံနှစ်ပုံ နီးပါးကို ပြည်ပမှ တင်သွင်းမှုအပေါ် မှီခိုအားထားခဲ့ရသည်။

     အိန္ဒိယနိုင်ငံတွင် ပွဲတော်ကာလများ နီးကပ်လာသည်နှင့်အမျှ လာမည့်လများအတွင်း ပေးပို့ မည့် စားအုန်းဆီနှင့် ပဲပုပ်ဆီ ဝယ်ယူမှုများကို ဆီသန့်စင်ထုတ်လုပ်သူများက စတင်တိုးမြှင့်လုပ် ဆောင်နေပြီဖြစ်ကြောင်း Sunvin Group ၏ အမှုဆောင်အရာရှိချုပ် Mr. Sandeep Bajoria က ပြောကြားခဲ့သည်။

     အိန္ဒိယနိုင်ငံတွင် ဟင်းသီးဟင်းရွက်ဆီ စားသုံးမှုပမာဏသည် သြဂုတ်လမှ နိုဝင်ဘာလ အတွင်း အများသောအားဖြင့် မြင့်တက်လေ့ရှိရာ၊ ရာသီအလိုက် ဝယ်လိုအား မြင့်တက်လာမည့် အချိန်အတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ဆီသန့်စင်ထုတ်လုပ်သူများနှင့် ကုန်သည်များက စားသုံးဆီ လက်ကျန်များကို စုဆောင်းထားလေ့ရှိကြသည်။

     အိန္ဒိယနိုင်ငံသည် စားအုန်းဆီကို အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့မှ အဓိကဝယ်ယူတင် သွင်းပြီး ပဲပုပ်ဆီနှင့် နေကြာဆီတို့ကိုမူ အာဂျင်တီးနား၊ ဘရာဇီး၊ ရုရှားနှင့် ယူကရိန်းနိုင်ငံတို့မှ အဓိက တင်သွင်းလျက်ရှိကြောင်း သတင်းရရှိပါသည်။

Source: Palm Oil Magazine, 26 Jul 2026 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဖိလစ်ပိုင်နိုင်ငံ၏ သကြားကြမ်းထွက်ရှိမှု ၁၁ ရာခိုင်နှုန်း ကျဆင်း

    ဖိလစ်ပိုင်နိုင်ငံရှိ သကြားစက်ရုံများမှ သကြားကြမ်းထွက်ရှိမှုသည် ဇူလိုင်လ ၅ ရက်အထိ မက်ထရစ်တန်ချိန် ၁,၈၄၇,၅၂၃ ရှိပြီး ယခင်နှစ် ကာလတူ တန်ဖိုးဖြစ်သော မက်ထရစ်တန်ချိန် ၂,၀၇၈,၄၄၆နှင့်နှိုင်းယှဉ်ပါက ၁၁ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ဖိလစ်ပိုင်နိုင်ငံ၏ သကြား မူဝါဒဆိုင်ရာ စည်းမျဉ်းသတ်မှတ် ထုတ်ပြန်ရေးဌာန (SRA) ၏ နောက်ဆုံးထုတ်ပြန်သည့် အချက် အလက်များတွင် ဖော်ပြထားသည်။

    စုစုပေါင်း ကြံကြိတ်ခွဲမှုသည်လည်း ယခင်နှစ် ကာလတူတွင် မက်ထရစ်တန်ချိန် ၂၅,၉၃၁,၂၆၃ ရှိရာမှ မက်ထရစ်တန်ချိန် ၂၃,၀၇၃,၉၁၇ သို့ ၁၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ တင်လဲရည်ထွက်ရှိမှုသည် ယခင်နှစ် ကာလတူတွင် မက်ထရစ်တန်ချိန် ၁,၁၆၅,၆၂၇.၇၈ ရှိရာမှ ဇူလိုင်လ အစောပိုင်းတွင် မက်ထရစ်တန်ချိန် ၁,၀၈၀,၀၄၉.၄၅ သို့ ၇.၃၄ ရာခိုင်နှုန်း ကျဆင်းခဲ့ ကြောင်း သိရှိရသည်။

     ပြည်တွင်းဝယ်လိုအားသည်လည်း လျော့နည်းလာပြီး သကြားကြမ်းသည် ၄.၂၅ ရာခိုင်နှုန်း နှင့်သန့်စင်ပြီးသကြားသည် ၄.၉၆ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ လက်ကျန် ကျန်ရှိမှု ပမာဏအား စာရင်းကောက်ယူမှုအရ သကြားကြမ်းသည် မက်ထရစ်တန်ချိန် ၄၂၁,၈၂၆နှင့် သန့်စင်ပြီးသကြား လက်ကျန်ပမာဏသည် မက်ထရစ်တန်ချိန် ၄၅၄,၃၀၉ ရှိကြောင်း သိရှိရသည်။

    စိုက်ပျိုးဧရိယာမချဲ့ဘဲ ပြည်တွင်းထုတ်လုပ်မှုကို မြှင့်တင်ရန်အတွက် SRA သည် ၎င်း၏ စိုက်ပျိုးရက်ပြက္ခဒိန်ကို ယခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၇ ခုနှစ် စက်တင်ဘာ ၃၀ ရက်သို့ ပြောင်းရွှေ့ခဲ့ပြီး ကြံပင်များရင့်မှည့်ရန်နှင့် သကြားပါဝင်မှုနှုန်း မြင့်မားလာစေရန် အချိန်ပိုမို ပေး အပ်ထားကြောင်း သိရှိရသည်။

    ဇူလိုင်လ ၂၇ ရက်အထိ ဖိလစ်ပိုင် စိုက်ပျိုးရေးဦးစီးဌာန၏ တရားဝင်ဝဘ်ဆိုဒ်ဖြစ်သည့် Bantay Presyo ၏ စျေးနှုန်းစောင့်ကြည့်ရေးစနစ်အရ လက်လီစျေးနှုန်းများမှာ သန့်စင်ပြီး သကြား တစ်ကီလိုဂရမ်လျှင် ၈၀ ပီဆို၊ ဆေးသကြား တစ်ကီလိုဂရမ်လျှင် ၇၅ ပီဆိုနှင့် သကြားညို တစ်ကီလိုဂရမ်လျှင် ၇၀ ပီဆို ဖြစ်ကြောင်း သိရှိရသည်။

    ဖိလစ်ပိုင်နိုင်ငံသည် ဇူလိုင်လအစောပိုင်းအထိ အမေရိကန်နိုင်ငံသို့ သကြားကြမ်း မက်ထရစ်တန်ချိန် ၉၈,၅၇၈ ကို တင်ပို့ခဲ့ပြီး ယခင်နှစ်ကာလတူတွင် မက်ထရစ်တန်ချိန် ၆၆,၁၂၆ ရှိသည့်အတွက် ၄၉.၆၈ ရာခိုင်နှုန်း တိုးမြင့်၍ တင်ပို့နိုင်ခဲ့သည်။

    ဖိလစ်ပိုင်နိုင်ငံသည် မကြာသေးမီက ၂၀၂၇ ဘဏ္ဍာနှစ် (၂၀၂၆ ခုနှစ် အောက်တိုဘာ ၁ ရက် မှ ၂၀၂၇ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ) အတွက် အမေရိကန်သို့ သကြားကြမ်းတင်ပို့ခွင့်နှင့် စပ်လျဉ်း၍ အခွန်နှုန်းသက်သာသည့် ခွဲတမ်းဖြစ်သည့် မက်ထရစ်တန် ၁၄၅,၂၃၅ ကို ရရှိခဲ့သည်။ အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးမှ ဇူလိုင် ၂၃ ရက်တွင် ကြေညာသည့် အဆိုပါခွဲတမ်း သည် ခွဲတမ်းရရှိသည့်နိုင်ငံများအနက် ဒုတိယအကြီးဆုံးဖြစ်သည်။

    ဖိလစ်ပိုင်နိုင်ငံသည် အလားတူခွဲတမ်းကို ၄ နှစ်ဆက်တိုက် ရရှိခြင်းဖြစ်ကြောင်း၊ ၂၀၂၄ ဘဏ္ဍာနှစ်မှစ၍ အမေရိကန်၏ အခွန်နှုန်းခွဲတမ်း (TRQ) စနစ်အောက်တွင် သကြားကြမ်းအတွက် ခွဲတမ်း ၁၄၅,၂၃၅ မက်ထရစ်တန်ကို ရရှိထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    TRQ စနစ်အရ နိုင်ငံများသည် ကုန်ပစ္စည်းပမာဏ သတ်မှတ်ချက်တစ်ခုကို အမေရိကန်သို့ အခွန်နှုန်းသက်သာစွာဖြင့် တင်ပို့နိုင်ပြီး အဆိုပါပမာဏထက် ကျော်လွန်သည့် မည်သည့်ပမာဏ ကိုမဆို ပိုမိုမြင့်မားသော အခွန်နှုန်းဖြင့် ပေးဆောင်ရမည်ဖြစ်သည်။

Source: The Manila Times, 28 July 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

တရုတ်ကုမ္ပဏီများထံမှ ဆန်အဝယ်အမှာစာများပေးပို့ရန် ကနဦးသဘောတူညီမှု ပါကစ္စတန် ကုန်သည်များ ရရှိ

      တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ကျိုးမြို့တွင် ပြုလုပ်ခဲ့သော တရုတ်-ပါကစ္စတန် ကောက်ပဲ သီးနှံလုပ်ငန်းရှင်များ အချင်းချင်း ချိတ်ဆက်တွေ့ဆုံပွဲတွင် ပါကစ္စတန်နိုင်ငံမှ ဆန်ပို့ကုန်လုပ်ငန်း ရှင်များ အနေဖြင့် တရုတ်ကုန်သွယ်ဘက်များထံမှ ဆန်အဝယ်အမှာစာများကို လက်ခံရရှိခဲ့ပြီး နှစ်နိုင်ငံအကြား လယ်ယာထွက်ကုန်ကုန်သွယ်မှုကို တိုးချဲ့ရန် ခြေလှမ်းအသစ် တက်လှမ်းနိုင်ခဲ့ ကြောင်း ပါကစ္စတန် Daily Independent သတင်းဌာနက ဇူလိုင် ၃၀ ရက်နေ့တွင် ဖော်ပြပါသည်။

      ကွမ်ကျိုးမြို့ရှိ ပါကစ္စတန် ကောင်စစ်ဝန်ချုပ်ရုံးနှင့် ကွမ်ကျိုး နိုင်ငံတကာပူးပေါင်းဆောင် ရွက်မှု ဗဟိုဌာန (GICC) တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ကျင်းပသည့် အဆိုပါ တွေ့ဆုံပွဲသို့ ပါကစ္စတန် နိုင်ငံ ဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်း (REAP) မှ ဆန်တင်ပို့သည့် ကုမ္ပဏီကြီး ၁၅ ခု၏ ကိုယ် စားလှယ် ၁၇ ဦး ပါဝင်တက်ရောက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံဘက်မှ လယ်ယာထွက်ကုန် ပြုပြင် ထုတ်လုပ်သည့် လုပ်ငန်းများ၊ ဆီနှင့် ကောက်ပဲသီးနှံ ကုန်သွယ်လုပ်ကိုင်သူများ၊ စိုက်ပျိုးရေးနည်း ပညာ ပံ့ပိုးသူများ၊ စက်ကိရိယာထုတ်လုပ်သူများ၊ အီးကောမာစ့်နှင့် ထုတ်လုပ်မှုကွင်းဆက် ဝန်ဆောင်မှုလုပ်ငန်းများ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

       အဆိုပါ တွေ့ဆုံပွဲနှင့်အတူ စီးပွားရေးဖိုရမ်တစ်ရပ်ကိုလည်း ပြုလုပ်ခဲ့ရာ ကောက်ပဲသီးနှံ ဝယ်ယူမှု ဈေးနှုန်းများ၊ အရည်အသွေးစစ်ဆေးမှု စံနှုန်းများ၊ နိုင်ငံဖြတ်ကျော် သယ်ယူထောက်ပံ့ ပို့ဆောင်မှုများ၊ ငွေလွှဲပြောင်းပေးချေမှုစနစ်များ၊ ကာလရှည် မိတ်ဖက်ပူးပေါင်းလျက် ထောက်ပံ့ ပေးသွင်းရေး ကိစ္စရပ်များနှင့် ပုဂ္ဂလိက အမှတ်တံဆိပ်ဖြင့် ကုန်ထုတ်လုပ်မှုကိစ္စရပ်များကို အလေး ပေး ဆွေးနွေးခဲ့ကြသည်။ ပါကစ္စတန် ပို့ကုန်လုပ်ငန်းရှင် အများအပြားသည် ကွမ်ကျိုးမြို့ အခြေ စိုက် ကုမ္ပဏီများနှင့် ဆန်ဝယ်ယူရေး အမှာစာများ ပေးပို့ရန် ပဏာမသဘောတူညီချက်များကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး အခြားကုန်သည်များသည်လည်း အနာဂတ် ကူးသန်းရောင်းဝယ်မှုတွင် ပူးပေါင်း ဆောင်ရွက်ရန် ကနဦးသဘောတူညီချက်များ ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

Source: Daily Independent, 30 Jul 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အိန္ဒိယ၏ ဝါဂွမ်းတင်သွင်းမှု စံချိန်တင် မြင့်တက်ဖွယ်ရှိ

      အိန္ဒိယနိုင်ငံ၏ ဝါဂွမ်းတင်သွင်းမှုသည် စက်တင်ဘာလ၌ကုန်ဆုံးမည့် ၂၀၂၅-၂၆ ဈေးကွက် ရာသီနှစ်အတွင်း ယခင်ခန့်မှန်းထားခဲ့သော ၁၇၀ ကီလိုဂရမ်ဝင် ဘေထုပ်ပေါင်း သိန်း ၄၇ ထက် ကျော်လွန်လျက် ဘေထုပ် သိန်း၆၀ အထိ မြင့်တက်လာဖွယ်ရှိသည်ဟု အိန္ဒိယဝါဂွမ်းလုပ်ငန်း အသင်း (CAI) က ပြင်ဆင်ခန့်မှန်းခဲ့ကြောင်း၊ သွင်းကုန်အခွန် ၁၁ ရာခိုင်နှုန်းအထိ သက်သာခွင့်ရရှိ ခြင်းက ပြည်တွင်းသုံးစွဲမှရန်အတွက် ပြည်ပမှ ပိုမိုဝယ်ယူမှုကို ဖြစ်ပေါ်စေခြင်းဖြစ်ကြောင်း The Hindu Business Line သတင်းဌာနက ဖော်ပြပါသည်။

       CAI အသင်း၏ ဇူလိုင် ၂၉ ရက်နေ့ နောက်ဆုံးသတင်းထုတ်ပြန်ချက်၌ အိန္ဒိယ၏ ၂၀၂၅-၂၆ ခုနှစ် ဝါဂွမ်းတင်သွင်းမှုသည် ယခင်နှစ်ကထက် ဘေထုပ်ပေါင်း ၁၉ သိန်းအထိ ပိုမိုလာနိုင်ကြောင်း၊ ၂၀၂၆ ခုနှစ် ဇွန်လကုန်အထိ ဝါဂွမ်းဘေထုပ်ပေါင်း ၅၁ သိန်းခန့်ကို အိန္ဒိယနိုင်ငံဆိပ်ကမ်းများသို့ အရောက် တင်သွင်းထားပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

       လက်ရှိကာလတွင် အိန္ဒိယအစိုးရသည် ယခုနှစ် ဇွန်လမှ အောက်တိုဘာလအထိ ဝါဂွမ်း တင်သွင်းမှုအပေါ် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားသည်။ CAI အသင်း၏ သီးနှံကော်မတီ ဥက္ကဋ္ဌဖြစ်သူ Atul S Ganatra က ချည်ထည်စက်ရုံများသည် အခွန် ၁၁ ရာခိုင်နှုန်း သက်သာမည့် အခွင့်အရေးကို လက်လွတ်မခံဘဲ ပိုမိုတင်သွင်းလျက်ရှိသဖြင့် လာမည့် စက်တင်ဘာလကုန်ဆုံးချိန် အထိ ကာလအတွင်း နောက်ထပ် ဝါဂွမ်းဘေထုပ်ပေါင်း ၁၀ သိန်းမှ ၁၅ သိန်းခန့်အထိ တင်သွင်း ဖွယ်ရှိသည်ဟု ပြောဆိုခဲ့သည်။

       ထိုကဲ့သို့ ဝါဂွမ်းတင်သွင်းမှု မြင့်တက်မည်ဟု ခန့်မှန်းထားချိန်တွင် အိန္ဒိယ၏ ဝါဂွမ်းတင်ပို့မှု မှာမူ ၂၀၂၅-၂၆ ဈေးကွက်နှစ်တွင် ယခင်ခန့်မှန်းထားသည့် ဘေထုပ် ၁၈ သိန်းအောက်သို့ လျော့ကျ ပြီး ဘေထုပ် ၁၅ သိန်းခန့်သာ တင်ပို့နိုင်ဖွယ်ရှိသည်ဟု CAI အသင်းက ပြင်ဆင်လျှော့ချခဲ့သည်။ ယခင်နှစ်၌ အိန္ဒိယ၏ ဝါဂွမ်းတင်ပို့မှုမှာ ဘေထုပ်ပေါင်း ၁၈ သိန်းရှိခဲ့သည်။ လက်ရှိဈေးကွက်ရာသီ နှစ်အတွင်း ဇွန်လကုန်အထိ ဝါဂွမ်းဘေထုပ်ပေါင်း ၁၁.၂၅ သိန်းခန့်ကို ပြည်ပသို့ တင်ပို့ထားပြီးဖြစ် သည်။ ဈေးကွက်အတွင်း ကုန်စည်ဝင်ရောက်မှုကို အခြေခံလျက် ၁၇၀ ကီလိုဂရမ်ဝင် ဝါဂွမ်း ဘေထုပ်များ ဖိသိပ်ထုတ်လုပ်မှုမှာ ယခင်ခန့်မှန်းထားသည်ထက် ဘေထုပ် ၃ သိန်းပိုမိုလျက် စုစု ပေါင်း ဘေထုပ် ၃၃၇ သိန်းသို့ တိုးတက်လာမည်ဟု CAI အသင်းက ပြင်ဆင်ခန့်မှန်းထားသည်။

       အိန္ဒိယ ချည်မျှင်နှင့်အထည်လုပ်ငန်း အသင်းချုပ် (CITI) ၏ အစီရင်ခံစာအပေါ် အခြေခံ၍ ၂၀၂၅-၂၆ ခုနှစ်တွင် အိန္ဒိယ၏ ဝါဂွမ်းသုံးစွဲမှု စုစုပေါင်း ပမာဏသည် ယခင်ခန့်မှန်းခဲ့သည့် ဘေထုပ် ၃၃၈ သိန်းထက် ၁၀ သိန်းပိုမိုလျက် ဘေထုပ် ၃၄၈ သိန်းအထိ ရောက်ရှိနိုင်ကြောင်း၊ ဇွန်လ ၃၀ ရက်နေ့အထိ ဘေထုပ် ၂၆၁ သိန်းခန့် သုံးစွဲပြီးဖြစ်သည်ဟု ခန့်မှန်းရကြောင်း CAI အသင်းက ဖော်ပြ ထားသည်။

       ပြည်တွင်းဈေးကွက်၌ ဝါဂွမ်းပေးသွင်းမှု စုစုပေါင်းသည် ယခင်နှစ်က ဘေထုပ် ၃၉၃.၅၉ သိန်းရှိခဲ့ရာမှ ၂၀၂၅-၂၆ ဈေးကွက်ရာသီတွင် ဘေထုပ် ၄၅၂.၅၉ သိန်းသို့ မြင့်တက်လာနိုင်ကြောင်း၊ အဆိုပါ ပမာဏတွင် နှစ်အစ စာရင်းဖွင့်လက်ကျန် ဘေထုပ် ၅၅.၅၉ သိန်း၊ ဝါဂွမ်းဖိသိပ်ထုတ်လုပ် မှုမှ ဘေထုပ် ၃၃၇ သိန်းနှင့် တင်သွင်းမှုမှ ဘေထုပ် သိန်း ၆၀ ခန့် ပါဝင်ကြောင်း၊ ၂၀၂၄-၂၅ ခုနှစ်တွင် ပြည်တွင်းသုံးစွဲမှု တိုးတက်ခဲ့သည့် အခြေအနေအပေါ် ပြန်လည်ချိန်ညှိလျက် နှစ်စစာရင်းဖွင့် လက်ကျန်ကို ဘေထုပ် ၅ သိန်းလျှော့ချခန့်မှန်းခဲ့ကြောင်း CAI အသင်းက ပြောကြားခဲ့သည်။

Source: The Hindu Business Line, 29 Jul 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

တန်ဖိုးမြှင့်အုန်းသီးထုတ်ကုန်များ ထိပ်တန်းတင်ပို့သည့် နိုင်ငံဖြစ်လာရန်ရည်မှန်းထားသည့် အင်ဒိုနီးရှား

          အင်ဒိုနီးရှားနိုင်ငံသည် အုန်းသီးထုတ်ကုန်များ၏ တန်ဖိုးမြှင့်တင်နိုင်ရေးနှင့် ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်နိုင်ရေးအတွက် အုန်းသီးစက်မှုကဏ္ဍကို အားကောင်းစေရန် ဆောင်ရွက်လျက်ရှိပြီး အုန်းသီးအခြေခံတန်ဖိုးမြှင့်ထုတ်ကုန်များ၏ ထိပ်တန်းတင်ပို့သည့်နိုင်ငံဖြစ်လာစေရန် ရည်မှန်းထားကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဝန်ကြီး Rachmat Pambudy က ဇူလိုင် ၂၃ ရက်တွင် ကျင်းပသည့် Webinar ဆွေးနွေးပွဲ၌ ပြောကြားခဲ့ပါသည်။ Pambudy က ၎င်းတို့အနေနှင့် ပို့ကုန်တင်ပို့မှုပိုမိုများပြားလာရန်သာမက အုန်းသီးအခြေခံထုတ်ကုန်များနှင့် ဆက်စပ်တန်ဖိုး မြှင့်ထုတ်ကုန်များ၏ အဓိကတင်ပို့သည့်နိုင်ငံဖြစ်လာရန်လည်း ရည်မှန်းထားကြောင်းနှင့် ထိုမှသာ အမြင့်ဆုံးတန်ဖိုးထပ်တိုးအကျိုးအမြတ်ကို ဖန်တီးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ၂၀၂၅-၂၀၄၅ ခုနှစ် အမျိုးသားရေရှည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (National Long-Term Development Plan) တွင် အုန်းသီးကို နိုင်ငံ၏စက်မှုဖွဲ့စည်းပုံကိုအားကောင်းစေမည့် မဟာဗျူဟာမြောက်အရေးပါသည့် ကုန်စည်တစ်မျိုးအဖြစ် သတ်မှတ်ထားကြောင်း သိရပါသည်။ ထိုရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ရေးအတွက် အစိုးရက ၂၀၂၅-၂၀၄၅ အုန်းသီးတန်ဖိုး မြှင့်ထုတ်လုပ်မှုလမ်းပြမြေပုံ (2025–2045 Coconut Downstreaming Roadmap) ကို ရေးဆွဲထားကြောင်း သိရပါသည်။ ထို့ပြင် နိုင်ငံ၏ အုန်းသီးစက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် ဘဏ္ဍာရေးပံ့ပိုးမှု၊ သုတေသန၊ ဆန်းသစ်တီထွင်မှု၊ စံချိန်စံညွှန်းသတ်မှတ်မှုနှင့် မက်လုံးပေး အစီအစဉ်များအပါအဝင် နည်းလမ်းမျိုးစုံဖြင့် ပံ့ပိုးကူညီလျက်ရှိကြောင်း သိရပါသည်။ အစိုးရအနေဖြင့် အုန်းသီးထုတ်လုပ်မှုစွမ်းရည်တိုးမြှင့်ရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းအင်အရင်းအမြစ်များလုံခြုံစေရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက် အားကောင်းစေရေးတို့ကိုလည်း ဆောင်ရွက်လျက်ရှိပြီး ၎င်းမှတစ်ဆင့် အင်ဒိုနီးရှားအုန်းသီးစက်မှုကဏ္ဍ၏ ကမ္ဘာ့ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရပါသည်။ ကာလလတ်အစီအစဉ်အရ အုန်းသီးတန်ဖိုးမြှင့်ထုတ်လုပ်မှုကို ကုန်ထုတ်လုပ်မှုစွမ်းအားတိုးမြှင့်ရေး၊ ထုတ်ကုန်အမျိုး အစားကွဲပြားစုံလင်လာရေးနှင့် အုန်းသီးစက်မှုကဏ္ဍကို ရေရှည်တည်တံ့စွာ အသုံးချနိုင်ရေးတို့ကို အဓိကထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း Pambudy က ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားနိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအများဆုံးအုန်းသီးထုတ်လုပ်သည့် နိုင်ငံ ဖြစ်သည့်အတွက် ထိုကဲ့သို့ဆောင်ရွက်ခြင်းသည်အရေးကြီးကြောင်း ၎င်းကအလေးပေးပြောကြားခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် အစားအစာနှင့် အဖျော်ယမကာ၊ ကျန်းမာရေး၊ အလှကုန်၊ အထည်အလိပ်နှင့် ဇီဝလောင်စာကဏ္ဍများအပါအဝင် ကဏ္ဍအသီးသီး၌ အုန်းသီးအခြေခံထုတ်ကုန်များအပေါ် ကမ္ဘာလုံးဆိုင်ရာဝယ်လိုအားမှာ ဆက်လက်မြင့်တက်လာမည်ဟု မျှော်မှန်းထားကြောင်း သိရပါသည်။ အင်ဒိုနီးရှားအုန်းသီးပြုပြင်ထုတ်လုပ်ရေးလုပ်ငန်းရှင်များအသင်း (HIPKI) ၏ အချက်အလက်များအရ ၂၀၂၅ ခုနှစ်တွင် နိုင်ငံ၏ အုန်းသီးထုတ်လုပ်မှုပမာဏမှာ အလုံးရေ ၁၅ ဘီလီယံခန့်ရှိပြီး ၎င်းမှာ ကမ္ဘာ့စုစုပေါင်း အုန်းသီးထုတ်လုပ်မှု၏ ၂၃ ရာခိုင်နှုန်း ခန့်ရှိကြောင်း သိရပါသည်။ ပြည်တွင်းထုတ်လုပ်သည့် အုန်းသီး၏ ၆၀ ရာခိုင်နှုန်းဖြစ်သည့် အလုံးရေ ကိုးဘီလီယံခန့်ကို Copra ၊ Desiccated Coconut နှင့် အုန်းနို့ အပါအဝင် တန်ဖိုးမြှင့် ထုတ်ကုန်အမျိုးမျိုးအဖြစ် ပြုပြင်ထုတ်လုပ်ခဲ့ကြောင်း သိရပါသည်။ ထို့အပြင် နိုင်ငံ၏ အုန်းသီးထုတ်လုပ်မှု ၂၆.၇ ရာခိုင်နှုန်းရှိသည့် အလုံးရေ လေးဘီလီယံခန့်ကို အစိမ်းသီးနှင့် အလုံးလိုက်ပုံစံဖြင့် ပြည်ပသို့တင်ပို့ခဲ့ကြောင်း အဆိုပါအချက်အလက်များတွင် ဖော်ပြထားပါသည်။ လွန်ခဲ့သည့် နှစ်အတွင်း အင်ဒိုနီးရှား အုန်းသီးစက်မှုကဏ္ဍ၏ ပြည်ပတင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂.၄၈ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း HIPKI ၏ အချက်အလက်များအရ သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

အာဆီယံအစားအစာသဘောတူညီချက်မှတစ်ဆင့် အမေရိကန်ဒေါ်လာ ၆၃၅ သန်းအထိ ကုန်သွယ်မှုမြှင့်တင်မည့်အင်ဒိုနီးရှား

     အာဆီယံအစားအစာဘေးကင်းလုံခြုံရေး စည်းမျဉ်းမူဘောင်သဘောတူညီချက် (ASEAN Food Safety Regulatory Framework Agreement - AFSRFA) ကို အတည်ပြုအကောင် အထည်ဖော်နိုင်ပါက အင်ဒိုနီးရှားနိုင်ငံ၏ စားသောက်ကုန်ကဏ္ဍ ကုန်သွယ်မှုလက်ကျန်တန်ဖိုး သည် အမေရိကန်ဒေါ်လာ ၆၃၄ ဒသမ ၈၃ သန်းအထိ တိုးတက်လာနိုင်ကြောင်း ကုန်သွယ်ရေးဝန်ကြီး Budi Santoso က ပြောကြားခဲ့ပါသည်။ အဆိုပါသဘောတူညီချက်သည် အစားအစာ ဘေးကင်းလုံခြုံရေးဆိုင်ရာစံချိန်စံညွှန်းများကို တစ်ပြေးညီဖြစ်စေခြင်းဖြင့် အာဆီယံဒေသအတွင်း ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုစီးဆင်းမှုများကို ပိုမိုချောမွေ့စေရန် ရည်ရွယ်ထားကြောင်း သိရပါသည်။ ဇူလိုင်လ ၂၂ ရက်က ဂျာကာတာမြို့မှ အွန်လိုင်းစနစ်ဖြင့်ကျင်းပသည့် ပြည်သူ့လွှတ်တော် (DPR) ကော်မရှင် (၆) နှင့် အစည်းအဝေးတွင် Budi Santoso က အဆိုပါသဘောတူညီချက်ကြောင့် နိုင်ငံ၏လူမှုစီးပွားအကျိုးခံစားခွင့်သည်လည်း အမေရိကန်ဒေါ်လာ ၂၅၂ ဒသမ ၁၇ သန်း အထိ တိုးတက်လာမည်ဟု ခန့်မှန်းထားကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းက ကုန်သွယ်ရေးဝန်ကြီးဌာန၏ လေ့လာဆန်းစစ်ချက်အရ ထိုသဘောတူညီချက်သည် စည်းမျဉ်းစည်းကမ်း လိုက်နာရသည့်ကုန်ကျစရိတ်များကို လျှော့ချပေးခြင်းအားဖြင့် စားသောက်ကုန်ကဏ္ဍထဲသို့ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေမည့်အပြင် ပြည်တွင်းစားသောက်ကုန်ဈေးနှုန်းများကို တည်ငြိမ်စေပြီး ပြည်သူများ၏ဝယ်ယူနိုင်စွမ်းကိုလည်း မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်းနှင့် အဆိုပါသဘော တူညီချက်အကောင်အထည်ဖော်ပြီးနောက် အင်ဒိုနီးရှားနိုင်ငံ၏စိုက်ပျိုးရေးထွက်ကုန်များ၊ ဟင်းသီး ဟင်းရွက်ဆီနှင့် အဆီထွက်ကုန်များ၊ ပြုပြင်ထုတ်လုပ်ထားသောစားသောက်ကုန်များအပါအဝင် အဓိကကုန်စည်အုပ်စုများ၏ ပြည်ပတင်ပို့မှုတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ AFSRFA သည် အာဆီယံအစားအစာဘေးကင်းလုံခြုံရေးမူဝါဒ (ASEAN Food Safety Policy - AFSP) ကို အကောင်အထည်ဖော်ရာတွင် လိုအပ်သည့်နည်းပညာဆိုင်ရာအချက်အလက်များနှင့် ပူးပေါင်းဆောင်ရွက်ရေးယန္တရားများကို သတ်မှတ်ပေးထားကြောင်း သိရပါသည်။ အဆိုပါ သဘောတူညီချက်၏အဓိကရည်ရွယ်ချက်မှာ စည်းမျဉ်းစည်းကမ်းများကို တစ်ပြေးညီဖြစ်စေခြင်းနှင့် နည်းပညာဆိုင်ရာ ကုန်သွယ်ရေးအတားအဆီးများကို ဖယ်ရှားပေးခြင်းဖြင့် စားသုံးသူများ၏ ကျန်းမာရေးကို ပိုမိုကာကွယ်ပေးနိုင်ရေးနှင့် အာဆီယံဒေသအတွင်း ဘေးကင်းလုံခြုံသော စားသောက်ကုန်များ လွတ်လပ်စွာကုန်သွယ်နိုင်ရေးကို အထောက်အကူပြုရန်ဖြစ်ကြောင်း သိရပါသည်။ ထို့ပြင် အဆိုပါသဘောတူညီချက်တွင် အာဆီယံဒေသအတွင်း စားသောက်ကုန်ထောက်ပံ့ ရေးကွင်းဆက်တစ်လျှောက်၌ အစားအစာဘေးကင်းလုံခြုံရေးစံချိန်စံညွှန်းများ အကောင်အထည်ဖော်ရန် လိုအပ်သည့်သတ်မှတ်ချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့် ညှိနှိုင်းဆောင်ရွက်ရေး ယန္တရား များကိုလည်း ထည့်သွင်းဖော်ပြထားကြောင်း Budi Santoso က ပြောကြားခဲ့ပါသည်။ စည်းမျဉ်းစည်းကမ်းများကို တစ်ပြေးညီဖြစ်စေခြင်းသည် လုပ်ငန်းရှင်များအတွက် ဥပဒေဆိုင်ရာ သေချာမှုကို ပိုမိုရရှိစေမည့်အပြင် စည်းမျဉ်းလိုက်နာမှုကုန်ကျစရိတ်များကို လျှော့ချပေးကာ အင်ဒိုနီးရှားစားသောက်ကုန်များ၏ ဒေသတွင်းဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်မည် ဖြစ်ကြောင်းလည်း ၎င်းက သုံးသပ်ပြောကြားခဲ့ပါသည်။ သဘောတူညီချက်ကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အစိုးရအနေဖြင့် ဥပဒေနှင့် နည်းဥပဒေများကို ရေးဆွဲပြင်ဆင်ကာ ဥပဒေအခြေခံကို ခိုင်မာစေရေးအပါအဝင် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။ ထို့အပြင် ပြည်ပတင်ပို့သူများအနေဖြင့် ကုန်သွယ်ရေးသဘောတူညီချက်များအရ ပေးအပ်ထားသည့်အကောက်ခွန်သက်သာခွင့်များကို အလိုအလျောက် အသုံးပြုနိုင်စေရန် ကုန်ပစ္စည်းမူရင်းနိုင်ငံအသိအမှတ်ပြုလက်မှတ် (Certificate of Origin - SKA) အတွက် အလိုအလျောက်စနစ်ကိုလည်း ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရပါသည်။ ထို့အပြင် ပြည်တွင်းစက်မှုလုပ်ငန်းများကိုကာကွယ်ရန် ကုန်သွယ်ရေးကာကွယ်မှုမူဝါဒများနှင့် စီမံခန့်ခွဲမှု ယန္တရားများကို ပိုမိုအားကောင်းစေခြင်း၊ သဘောတူညီချက်၏ အကျိုးကျေးဇူးများကို အပြည့်အဝရရှိစေရန် သက်ဆိုင်သူများအား အသိပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်းနှင့် အာဆီယံ စားသောက်ကုန်ကုန်သွယ်မှုကွန်ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၏ ပေါင်းစည်းပါဝင်မှုကို အထောက်အကူပြုနိုင်ရန် ခြေရာခံစနစ် (Traceability) အခြေပြု အစားအစာဘေးကင်းလုံခြုံရေး ဒစ်ဂျစ်တယ်စနစ်များကို အရှိန်မြှင့် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

စင်ကာပူဈေးကွက်သို့တိုးချဲ့လျက်ရှိသည့် အင်ဒိုနီးရှားရိုးရာသရေစာ Tempeh chips

         အင်ဒိုနီးရှားနိုင်ငံ Riau ကျွန်းစုပြည်နယ် Tanjungpinang မြို့ရှိ အသေးစားစီးပွားရေးလုပ်ငန်း Sarimas ကထုတ်လုပ်သည့် Tempeh chips (အင်ဒိုနီးရှားရိုးရာသရေစာ) များသည် စင်ကာပူနိုင်ငံဈေးကွက်သို့ အောင်မြင်စွာဝင်ရောက်နိုင်ခဲ့ပြီး လစဉ်ရောင်းအား အင်ဒိုနီးရှားရူပီး ၃၂ သန်း (အမေရိကန်ဒေါ်လာ ၁,၇၈၈ ခန့်) အထိ ရရှိနေကြောင်း သိရပါသည်။ Sarimas လုပ်ငန်းပိုင်ရှင် Suratno က ဒေသထွက်အစားအစာဖြစ်သည့် Tempeh chips များကို ၂၀၂၃ ခုနှစ် မှစတင်၍ စင်ကာပူနိုင်ငံသို့ ပုံမှန်တင်ပို့လျက်ရှိပြီး လစဉ်တင်ပို့မှုပမာဏမှာ ပျမ်းမျှ ကီလိုဂရမ် ၃၀၀ မှ ၄၀၀ အထိရှိကြောင်း ပြောကြားခဲ့ပါသည်။ Suratno က ၎င်းတို့၏ Tempeh chips များကို စင်ကာပူနိုင်ငံမှ ထိပ်တန်းလက်လီအရောင်းဆိုင်လုပ်ငန်းတစ်ခုက တိုက်ရိုက်မှာယူပြီး  အရောင်းဆိုင်ခွဲများမှတစ်ဆင့် ဖြန့်ဖြူးရောင်းချနေကြောင်းဟု ဇူလိုင် ၂၂ ရက်တွင် Tanjungpinang မြို့၌ ပြောကြားခဲ့ပါသည်။ မူရင်းအရသာနှင့် sago (သာဂူ) အခြေခံမျိုးကွဲများဖြင့် ထုတ်လုပ်ထားသည့် အမျိုးအစားနှစ်မျိုးဖြင့် ထုပ်ပိုးရောင်းချသည့် Tempeh chips များကို Batam မြို့မှတစ်ဆင့် စင်ကာပူနိုင်ငံသို့တင်ပို့လျက်ရှိပြီး တစ်ကီလိုဂရမ်လျှင် ရူပီး ၈၀,၀၀၀ (အမေရိကန်ဒေါ်လာ ၄.၄၇ ခန့်) ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။ Suratno က စင်ကာပူဈေးကွက်သို့ ဝင်ရောက်နိုင်ရန်အတွက် ဒေသခံစားသုံးသူများ၏အရသာနှင့် ကိုက်ညီစေရန် ထုတ်ကုန်ကိုပြုပြင်ထုတ်လုပ်ခဲ့ကြောင်း၊ စင်ကာပူစားသုံးသူများက ဟင်းခတ်အမွှေး အကြိုင်ပါသောအရသာကိုနှစ်သက်သည့်အတွက် ရိုးရာဟင်းခတ်အမွှေးအကြိုင်များကို အသုံးပြုပြီး Tempeh chips ၏ အရသာကိုဖန်တီးထားကြောင်းနှင့် စင်ကာပူနိုင်ငံသားများအပါအဝင် နိုင်ငံခြားခရီးသွားများ Tanjungpinang မြို့သို့လာရောက်လည်ပတ်သည့်အခါ ၎င်း၏ အရောင်းဆိုင်သို့ ဝင်ရောက်နိုင်ရေးအတွက် ခရီးသွားအေဂျင်စီများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ Tanjungpinang မြို့အုပ်ချုပ်ရေးအဖွဲ့၏ ပံ့ပိုးကူညီမှုကြောင့် လည်း ၎င်း၏အရောင်းဆိုင်အနီးတွင် အစားအစာထုတ်လုပ်ရေးစက်ရုံတစ်ခု တည်ဆောက်ပေးခဲ့သဖြင့် ပြည်ပတင်ပို့မှုတိုးတက်လာခဲ့ကြောင်း Suratno ၏ အဆိုအရ သိရပါသည်။ Tanjungpinang မြို့ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းဌာန၏ စက်မှုရေးရာဌာနအကြီးအကဲ M Endy Febri က ၎င်းတို့ဌာနအနေဖြင့် အသေးစားစီးပွားရေးလုပ်ငန်းများ၏ ပြည်ပတင်ပို့နိုင်စွမ်းနှင့် ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားလာစေရေးကို ဆက်လက်ကူညီပံ့ပိုးလျက်ရှိကြောင်း ပြောကြားခဲ့ပါ သည်။ Riau ကျွန်းစုဒေသသည် စင်ကာပူနှင့် မလေးရှားနိုင်ငံတို့နှင့် အနီးကပ်တည်ရှိသည့်အတွက် ထိုကဲ့သို့ပံ့ပိုးဆောင်ရွက်ပေးခြင်းမှာ အရေးပါကြောင်း သိရပါသည်။ လွန်ခဲ့သည့် နှစ်နှစ်မှ သုံးနှစ်အတွင်း ပြည်ပတင်ပို့မှုဆိုင်ရာသင်တန်းများကို ပုံမှန်ဖွင့်လှစ်ပေးခဲ့သည့်အပြင် အောင်မြင်သည့် ပို့ကုန်လုပ်ငန်းရှင်များကိုလည်းဖိတ်ကြား၍ အသေးစားစီးပွားရေးလုပ်ငန်းများအား အတွေ့အကြုံ မျှဝေပေးခဲ့ကြောင်း Endy က ပြောကြားခဲ့ပါသည်။ ထို့အပြင် အစားအစာဘေးအန္တရာယ်ဆန်းစစ်ခြင်းနှင့် အရေးကြီးထိန်းချုပ်ရေးစနစ် (HACCP) အသိအမှတ်ပြုလက်မှတ်ရရှိစေရေးနှင့် Good Manufacturing Practices (GMP) စံနှုန်းများနှင့်အညီ ထုပ်ပိုးမှုအရည်အသွေးမြှင့်တင်နိုင်ရေး တို့ကိုလည်း ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။ ထိုကဲ့သို့ ပံ့ပိုးကူညီမှုများကြောင့် ၎င်းတို့ဒေသမှ အသေးစားစီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်အများအပြားသည် နိုင်ငံတကာ ဈေးကွက်များကိုဝင်ရောက်နိုင်ခဲ့ပြီး ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ်အကိုင်ဖန်တီးရေးကို အထောက်အကူပြုလျက်ရှိသည်ဟု Endy က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

မလေးရှား Sarawak ပြည်နယ်နှင့် ဟာလာလ်လုပ်ငန်းနှင့် ကုန်သွယ်ရေးပူးပေါင်း ဆောင်ရွက်မှုများဆောင်ရွက်သွားမည့် အင်ဒိုနီးရှား Kubu Raya ခရိုင်

        အင်ဒိုနီးရှားနိုင်ငံ West Kalimantan ပြည်နယ် Kubu Raya ခရိုင်သည် မလေးရှားနိုင်ငံ Sarawak ပြည်နယ်နှင့် ကုန်သွယ်ရေး၊ စွန့်ဦးတီထွင်လုပ်ငန်းများနှင့် ဟာလာလ်စက်မှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်သွားရန် ရည်မှန်းထားကြောင်း Kubu Raya ခရိုင်အုပ်ချုပ်ရေးမှူး Sujiwo က Sarawak ပြည်နယ် Kuching မြို့သို့ သွားရောက်စဉ် ပြောကြားခဲ့ပါသည်။ Kuching မြို့ရှိ အင်ဒိုနီးရှားကောင်စစ်ဝန်ချုပ်ရုံးက ဧည့်ခံကျင်းပသည့် အခမ်းအနား တွင် Sujiwo က ယခု ပူးပေါင်းဆောင်ရွက်မှုသည် တွေ့ဆုံဆွေးနွေးမှုအဆင့်တွင်သာ မရပ်တန့်ဘဲ Kubu Raya ခရိုင်အတွက်အကျိုးရှိစေမည့် လက်တွေ့ကျသည့်လုပ်ဆောင်ချက်များအဖြစ် အကောင်အထည်ဖော်နိုင်ရန်မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။ Sujiwo ၏ ယခုခရီးစဉ်သည် Sarawak ပြည်နယ် အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေး၊ စက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၏ ဖိတ်ကြားချက်ဖြင့် Kuching မြို့၌ ဇူလိုင် ၂၁ ရက်မှ ၂၃ ရက်အထိ ကျင်းပသည့် Borneo International Halal Showcase 2026 ပြပွဲသို့တက်ရောက်ခြင်းနှင့် တိုက်ဆိုင်နေကြောင်း သိရ ပါသည်။ အဆိုပါဖိုရမ်သည် West Kalimantan ပြည်နယ် Kubu Raya ခရိုင်အနေဖြင့် ဈေးကွက် ဝင်ရောက်ခွင့်တိုးချဲ့နိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများရှာဖွေနိုင်ရေးနှင့် Sarawak ပြည်နယ်အပါအဝင် ဒေသတွင်းမိတ်ဖက်များနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ တည်ဆောက်နိုင်ရေး ကို အထောက်အကူပြုရန်ရည်ရွယ်ထားကြောင်း သိရပါသည်။ Sujiwo က အဆိုပါဖိုရမ်သည် Kubu Raya ခရိုင်၏ ဒေသထွက်ကုန်များကို မြှင့်တင်မိတ်ဆက်နိုင်သည့်အပြင် Sarawak ပြည်နယ်နှင့် အခြားပါဝင်သည့် ဒေသများနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများကို ရှာဖွေနိုင်မည့်အခွင့်အရေးတစ်ရပ်ဖြစ်ကြောင်းနှင့် အနာဂတ်ပူးပေါင်း ဆောင်ရွက်မှုများကို စွန့်ဦးတီထွင်လုပ်ငန်း၊ ကုန်သွယ်ရေးနှင့် ဟာလာလ်စက်မှုကဏ္ဍများတွင် အဓိကထားဆောင်ရွက်သွားနိုင်ပြီး ၎င်းကဏ္ဍများသည် ဒေသတွင်းဈေးကွက်များတွင် ကြီးမား သောဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကို ဆက်လက်ပိုင်ဆိုင်ထားကြောင်း ပြောကြားခဲ့ပါသည်။
          ထို့ပြင် ဖိုရမ်အတွင်းတွေ့ရှိရသည့် ပူးပေါင်းဆောင်ရွက်ရေး အခွင့်အလမ်းများကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရေးအတွက် ၎င်းနှင့်အတူ လိုက်ပါလာသည့် သက်ဆိုင်ရာဌာနများအား ဆက်လက်ဆောင်ရွက်ရန် ညွှန်ကြားခဲ့ကြောင်း သိရပါသည်။ သက်ဆိုင်ရာဌာနများက လက်တွေ့ ကျသည့် နောက်ဆက်တွဲလုပ်ဆောင်ချက်များကို အမြန်ဆောင်ရွက်ရမည်ဖြစ်ပြီး ပူးပေါင်း ဆောင်ရွက်မှုသည် အခမ်းအနားကျင်းပရုံနှင့် မပြီးဆုံးသင့်ကြောင်း၊ တရားဝင်တွေ့ဆုံဆွေးနွေးမှု များနှင့် လုပ်ငန်းခရီးစဉ်တိုင်းသည် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်ကောင်းမွန်ရေးကို အထောက်အကူပြုနိုင်သည့် လက်တွေ့ရလဒ်များ ထွက်ပေါ်လာ စေရန်လိုအပ်ကြောင်း Sujiwo က ပြောကြားခဲ့ပါသည်။ Sarawak ပြည်နယ်သည် Kubu Raya ခရိုင်နှင့်အနီးကပ်တည်ရှိပြီး သွားလာရလွယ်ကူသည့်အတွက် Kubu Raya ဒေသထွက်ကုန်များကို နိုင်ငံတကာဈေးကွက်သို့ တိုးချဲ့တင်ပို့နိုင်မည့် အရေးပါသည့်ဝင်ပေါက်တစ်ခု ဖြစ်လာနိုင်ကြောင်း သိရပါသည်။ ထိုပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) အပါအဝင် ဒေသခံစီးပွားရေးလုပ်ငန်းများသည် ထုတ်လုပ်မှုတိုးမြှင့်နိုင်ခြင်း၊ ဈေးကွက်ကွန်ရက်များချဲ့ထွင်နိုင်ခြင်းနှင့် ဒေသတွင်းဈေးကွက်များသို့ ဝင်ရောက်နိုင်ခြင်းတို့အတွက် ပိုမိုကျယ်ပြန့်သည့် အခွင့်အလမ်းများ ရရှိလာမည်ဖြစ်ကြောင်း သိရပါသည်။  Sarawak တွင်ကျင်းပသည့်အဆိုပါဖိုရမ်သို့ ပါဝင်တက်ရောက်ခြင်းမှတစ်ဆင့် နှစ်ဖက်စလုံးအတွက် အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှုများ ပေါ်ပေါက်လာမည်ဟု မျှော်လင့်ကြောင်းနှင့် Kubu Raya ခရိုင်အုပ်ချုပ်ရေးအဖွဲ့သည် ဒေသစီးပွားရေးအားကောင်းလာစေရေးနှင့် အလုပ်အကိုင်၊ စီးပွားရေးအခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးအတွက် Sarawak ပြည်နယ်နှင့် အခြား မိတ်ဖက်များနှင့် ထုတ်လုပ်မှုအခြေပြု ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ