ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

Vientiane မြို့တော်တွင် သောက်ရေသန့်စျေးနှုန်းများ မြင့်တက်လာမည်

​          လာအိုနိုင်ငံ၊ Vientiane မြို့တော်တွင် မတ်လ ၁၈ ရက်မှစတင်၍ ၁၈ လီတာဝင် သောက်ရေသန့်ဘူးကြီးများ၏ စျေးနှုန်းကို မြှင့်တင်တော့မည်ဖြစ်ကြောင်း ဗီယက်ကျင်းမြို့တော် သောက်ရေသန့်အသင်း (VCDWA) က ကြေညာခဲ့သည်။ မူလက တစ်ဘူးလျှင် ၁၃,၀၀၀ ကစ် (အမေရိကန်ဒေါ်လာ ၀.၆၂) ရှိရာမှ ယခုအခါ ၁၅,၀၀၀ ကစ် (အမေရိကန်ဒေါ်လာ ၀.၇၁) သို့ တိုးမြှင့်သတ်မှတ်လိုက်ခြင်းဖြစ်သည်။

​          ၁၅ ရာခိုင်နှုန်းခန့် စျေးနှုန်းမြင့်တက်လာခြင်းသည် လာအိုနိုင်ငံအတွင်းရှိ ထုတ်လုပ်သူများ ကြုံတွေ့နေရသည့် စီးပွားရေးဆိုင်ရာ ဖိအားများကို ဖြေရှင်းနိုင်ရန် နောက်ဆုံးဆောင်ရွက် လိုက်သည့် ခြေလှမ်းတစ်ခု ဖြစ်သည်။ သောက်ရေသန့်အသင်းသည် ၂၀၂၃ ခုနှစ်၊ မေလအတွင်း ကလည်း ငွေကြေးဖောင်းပွမှု၊ ကစ်ငွေတန်ဖိုးကျဆင်းမှု၊ အလုပ်သမားရှားပါးမှုနှင့် ထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်မားမှုတို့ကြောင့် ရေသန့်တစ်ဘူးလျှင် ၆,၀၀၀ ကစ်မှ ၈,၀၀၀ ကစ်အထိ တိုးမြှင့်ခဲ့ဖူးသည်။ ၂၀၂၆ ခုနှစ်၏ ယခုစျေးနှုန်းမြှင့်တင်မှုမှာလည်း အထက်ပါအကြောင်းရင်းများ အပြင် အလုပ်သမားခ၊ အထွေထွေအသုံးစရိတ်နှင့် စက်ကိရိယာစရိတ်များ မြင့်တက်လာခြင်းတို့ကြောင့်ဖြစ်ကြောင်း အသင်းက ထောက်ပြထားသည်။

           ဇူလိုင်လတွင် Vientiane မြို့တော် ပြည်သူ့ကောင်စီသည် မြို့တော်၏ ရေပေးဝေရေးလုပ်ငန်း (Tap water) ရှုံးပေါ်နေခြင်းကြောင့် ရေဖိုးရေခများကို အဆင့်လိုက်တိုး မြှင့်ရန် အတည်ပြုခဲ့သည်။ ရေဖိုးရေခစျေးနှုန်းများသည် ၂၀၁၄ ခုနှစ်ကတည်းက ပြောင်းလဲခြင်း မရှိခဲ့ပါ။

​          ထိုအတောအတွင်း အနိမ့်ဆုံးလုပ်ခလစာမှာ ၉၅၀,၀၀၀ ကစ် (ဒေါ်လာ ၄၅) မှ ၂.၅ သန်း (ဒေါ်လာ ၁၁၉) အထိ နှစ်ဆကျော် မြင့်တက်ခဲ့သည်။ ကုန်ကြမ်း၊ ဓာတုဗေဒပစ္စည်း၊ လျှပ်စစ်နှင့် လောင်စာဆီစရိတ်များမှာလည်း သိသိသာသာ မြင့်တက်ခဲ့သည်။ အဆိုပါ ရေဖိုးရေခတိုးမြှင့်မှုကို ၂၀၂၅ မှ ၂၀၂၈ ခုနှစ်အထိ ၃ နှစ်တာကာလအတွင်း အကောင်အထည်ဖော်သွားမည်ဖြစ်သည်။

          ယခု ရေသန့်စျေးနှုန်းသစ်သည် Vientiane မြို့တော်ရှိ ခရိုင်ကိုးခုလုံးနှင့် အသင်းဝင် ရေသန့်ကုမ္ပဏီများအားလုံးအပေါ် သက်ရောက်မှုရှိမည်ဖြစ်သည်။ ဤဆုံးဖြတ်ချက်ကို မတ်လ ၁၃ ရက်နေ့တွင် ကျင်းပသည့် အမှုဆောင်ကော်မတီအစည်းအဝေးတွင် တညီတညွတ်တည်း ချမှတ် ခဲ့ခြင်းဖြစ်ပြီး၊ စျေးနှုန်းအကူးအပြောင်းကာလအတွင်း ဖောက်သည်များရရှိရန်အတွက် စျေးလျှော့ရောင်းခြင်းဖြင့် အပြိုင်အဆိုင်မလုပ်ရန်လည်း တင်းကျပ်စွာ သတိပေးထားကြောင်း သိရှိရပါသည်။

​Source : Vn Economy                                                                         

DOCA (ရန်ကုန်)

ဥရောပသမဂ္ဂ၏ ဂျုံတင်ပို့မှု ၈ ရာခိုင်နှုန်း မြင့်တက်ကာ မက်ထရစ်တန် ၁၆.၇၇ သန်းတန် အထိ ရှိလာ

         ဥရောပသမဂ္ဂ (EU) ၏ ၂၀၂၅/၂၆ ရာသီ စတင်သည့် ဇူလိုင်လမှ မတ်လ ၁၅ ရက်နေ့အထိ ဂျုံတင်ပို့မှုသည် မက်ထရစ်တန် ၁၆.၇၇ သန်းတန်အထိရှိခဲ့ကြောင်းနှင့် အဆိုပါ ပမာဏမှာပြီးခဲ့သည့်အပတ်က တင်ပို့ခဲ့သည့် ၁၆.၅၀ သန်းတန်နှင့် နှိုင်းယှဉ်ပါက တိုးတက်လာခြင်းဖြစ်ပြီး ယခင်နှစ် အလားတူကာလထက် ၈ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း မတ်လ ၁၇ ရက်နေ့တွင် ဥရောပကော်မရှင်မှ ထုတ်ပြန်သော ထုတ်ပြန်ချက်များအရ သိရပါသည်။ ယခုရာသီ၏ တင်ပို့မှုပမာဏများကို နိုင်ငံအလိုက် ခွဲခြမ်းစိတ်ဖြာကြည့်ပါက ရိုမေးနီးယားနိုင်ငံသည် တန်ချိန် ၅.၅၁ သန်းတန်ဖြင့် အီးယူတွင် ဂျုံအများဆုံးတင်ပို့သည့် နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေပြီး၊ ၎င်းနောက်တွင် ပြင်သစ်က ၄.၅၇ သန်းတန်၊ ပိုလန်က ၁.၉၂ သန်းတန်၊ လစ်သူယေးနီးယားက ၁.၈၁ သန်းတန်နှင့် ဂျာမနီက ၁.၃၁ သန်းတန် တို့ဖြင့် အသီးသီး တင်ပို့ထားကြကြောင်း သိရပါသည်။ သို့သော်လည်း ပြင်သစ်နိုင်ငံ၏ ကောက်ပဲသီးနှံ တင်ပို့မှုအချက်အလက်များသည် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ကာ ပျောက်ဆုံးနေပြီး၊ ဘူလ်ဂေးရီးယားနှင့် အိုင်ယာလန်တို့၏ တင်ပို့မှုအချက် အလက်များမှာလည်း ၂၀၂၃/၂၄ ရောင်းဝယ်ရေးရာသီ စတင်ချိန်မှစ၍ ပြည့်စုံမှုမရှိကြောင်း ကော်မရှင်က ပြောကြားခဲ့ပါသည်။ ထို့အပြင် ဂရိနိုင်ငံ၏ တင်ပို့မှုအချက်အလက်များသည်လည်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာလလယ်မှစတင်ကာ ပြည့်စုံမှုမရှိသေးကြောင်း ၎င်းကော်မရှင်က ထပ်လောင်းပြောကြားခဲ့ကြောင်း သိရပါသည်။ ၂၀၂၅/၂၆ အတွက် ရိုမေးနီးယားနိုင်ငံမှ တင်ပြထားသည့် ဂျုံမာတင်ပို့မှု ကိန်းဂဏန်းများ ပုံမှန်ထက်များပြားနေခြင်းသည် သတင်းပေးပို့မှုဆိုင်ရာ မှားယွင်းမှုတစ်ခုနှင့် ဆက်စပ်နိုင်ကြောင်း၊ ယင်းကို စစ်ဆေးတွေ့ရှိထားပြီးဖြစ်ကာ ပြုပြင်တည့်မတ်မှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရပါသည်။ အီးယူ၏ မုယောစပါးတင်ပို့မှုမှာ စုစုပေါင်း တန်ချိန် ၆.၈၄ သန်းတန်ခန့်ရှိခဲ့ပြီး၊ ပြီးခဲ့သည့်အပတ်က ၆.၇၅ သန်းတန်ရှိခဲ့ရာမှ တိုးတက်လာခြင်းဖြစ်ကာ ၂၀၂၄/၂၅ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၈၂ ရာခိုင်နှုန်းအထိ သိသိသာသာ မြင့်တက်လာခြင်းဖြစ်ကြောင်း သိရှိရပါသည်။

Source: Brecorder                                                           

DOCA (ရန်ကုန်)

၂၀၂၆ ခုနှစ် ပထမနှစ်လအတွင်း ဂါနာနိုင်ငံ၏ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၆.၂ ဘီလီယံအထိ ရောက်ရှိ

        ၂၀၂၆ ခုနှစ်၏ ပထမနှစ်လအတွင်း ဂါနာနိုင်ငံ၏ စုစုပေါင်း ပို့ကုန်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၆.၂ ဘီလီယံအထိ မြင့်တက်လာခဲ့ကြောင်း သိရပါသည်။ ယင်းမှာ ၂၀၂၄ ခုနှစ် အလားတူကာလအတွင်း မှတ်တမ်းတင်ခဲ့သည့် ဒေါ်လာ ၄.၂ ဘီလီယံနှင့် နှိုင်းယှဉ်ပါက သိသာစွာ တိုးတက်လာခြင်းဖြစ်ကြောင်း သိရပါသည်။ ဂါနာနိုင်ငံသည် ၂၀၂၅ ခုနှစ်ကုန်တွင် စုစုပေါင်း ပို့ကုန်တန်ဖိုး ဒေါ်လာ ၃၁.၁ ဘီလီယံဖြင့် စံချိန်တင်နိုင်ခဲ့ကြောင်း သိရပါသည်။ ဂါနာနိုင်ငံတွင် ရွှေသည် အဓိကပို့ကုန်အဖြစ် ဆက်လက်တည်ရှိနေပြီး ၂၀၂၅ ခုနှစ်တွင် ဝင်ငွေ ဒေါ်လာ ၂၀ ဘီလီယံ ရရှိခဲ့ကာ ၂၀၂၄ ခုနှစ်ရှိ ဒေါ်လာ ၁၀.၃ ဘီလီယံထက် သိသိသာသာ မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ၂၀၂၆ ခုနှစ် မတ်လကုန်အထိ နောက်ဆုံးရရှိသော ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာ အချက်အလက်အနှစ်ချုပ်အရ ရွှေသည် ယခုနှစ် ပထမနှစ်လအတွင်း ပို့ကုန်ဝင်ငွေကို ဆက်လက်ဦးဆောင်ခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူ ကာလရှိ ဒေါ်လာ ၂.၃ ဘီလီယံနှင့် နှိုင်းယှဉ်ပါက ဒေါ်လာ ၄.၂ ဘီလီယံအထိ ရရှိခဲ့ကြောင်း  သိရပါသည်။ သို့သော်လည်း ကိုကိုးမှ ဝင်ငွေမှာ ဒေါ်လာ ၁.၁ ဘီလီယံမှ ၉၅၆ သန်းသို့ ကျဆင်းသွားခဲ့ကြောင်း သိရပါသည်။ အခြားပို့ကုန်များမှာလည်း အနည်းငယ် ကျဆင်းခဲ့ပြီး ၂၀၂၄ ခုနှစ်ရှိ ဒေါ်လာ ၅၉၆ သန်းနှင့် နှိုင်းယှဉ်ပါက ဒေါ်လာ ၅၄၀ သန်းသာ ရရှိခဲ့ကြောင်း သိရပါသည်။ သွင်းကုန်ဘက်တွင်မူ ဂါနာနိုင်ငံသည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း ဒေါ်လာ ၂.၅ ဘီလီယံ သုံးစွဲခဲ့ပြီး ၎င်းမှာ ၂၀၂၄ ခုနှစ် အလားတူ ကာလနှင့် ပြောင်းလဲမှုမရှိကြောင်း သိရပါ။ ယင်းအထဲမှ ဒေါ်လာ ၈၂၅ သန်းမှာ ရေနံသွင်းကုန်များအတွက်ဖြစ်ပြီး အခြားသွင်းကုန်များမှာ စုစုပေါင်း ဒေါ်လာ ၁.၆ ဘီလီယံရှိကြောင်း  သိရပါသည်။ ခိုင်မာသော ပို့ကုန်စွမ်းဆောင်ရည်ကြောင့် ၂၀၂၄ ခုနှစ် ပထမနှစ်လရှိ ဒေါ်လာ ၂.၁ ဘီလီယံမှ လက်ရှိတွင် ဒေါ်လာ ၃.၂ ဘီလီယံအထိ ကုန်သွယ်မှုပိုငွေ ရရှိခဲ့ကြောင်း သိရပါသည်။ ယခုကဲ့သို့ တိုးတက်လာခြင်းမှာ အထူးသဖြင့် ရွှေမှရရှိသော ပို့ကုန်ဝင်ငွေ မြင့်မားလာခြင်းကြောင့် အဓိကဖြစ်ကြောင်း သိရှိရပါသည်။

Source: myjoyonline.com                                                 

DOCA (ရန်ကုန်)

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း မြန်မာ့ရော်ဘာပို့ကုန်မှဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၄၀၀ နီးပါးခန့် ရရှိလာ

        ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း လက်ရှိအချိန်အထိ မြန်မာနိုင်ငံသည် ရော်ဘာတန်ချိန် ၂၈၀,၀၀၀ တန်ခန့်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ခန့် ဝင်ငွေရရှိထားကြောင်း သိရပါသည်။ မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း (MRPPA) အနေဖြင့် ယခုဘဏ္ဍာနှစ်အတွင်း ရော်ဘာတန်ချိန် ၃၀၀,၀၀၀ ကျော်ခန့် တင်ပို့နိုင်ရန် ရည်မှန်းထားကြောင်း သိရပါသည်။ "မြန်မာနိုင်ငံဟာ ဒေါ်လာသန်း ၄၀၀ တန်ဖိုးရှိတဲ့ ရော်ဘာတန်ချိန် ၂၈၀,၀၀၀ ခန့် တင်ပို့နိုင်ခဲ့ပါတယ်။ ရော်ဘာပို့ကုန်ဟာ ပို့ကုန်ရည်မှန်းချက်ကို ပြည့်မီနိုင်ခြေရှိပါတယ်။ ရော်ဘာအစေးခြစ်ရာသီကတော့ အောက်တိုဘာလကနေ ဇန်နဝါရီလအထိ ဖြစ်ပါတယ်။ ရော်ဘာအထွက်နှုန်းဟာ ရာသီဥတုအခြေအနေအပေါ် အများကြီးမူတည်ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလနဲ့ နိုဝင်ဘာလတွေမှာ မိုးဆက်တိုက်ရွာခဲ့တာကြောင့် ရော်ဘာထုတ်လုပ်မှုကို ထိခိုက်ခဲ့ပါတယ်။ မိုးရွာတာကြောင့် အစေးခြစ်ရာသီကို အနှောင့်အယှက်ဖြစ်စေခဲ့ပြီး နှောင့်နှေးမှုတွေ ဖြစ်ပေါ်ခဲ့တာပါ" ဟု MRPPA တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း သိရပါသည်။ နိုင်ငံတကာစျေးကွက်တွင် ရော်ဘာတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂,၁၅၀ ခန့် စျေးရရှိသော်လည်း မြန်မာ့ရော်ဘာမှာ အရည်အသွေးမပြည့်မီမှုကြောင့် တစ်တန်လျှင် ဒေါ်လာ ၁,၇၀၀ မှ ၁,၉၀၀ ဝန်းကျင်သာ စျေးရရှိခဲ့သည်။ ရော်ဘာကို မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် အဓိကစိုက်ပျိုးကြပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း စိုက်ပျိုးကြကြောင်း သိရပါသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ ရော်ဘာများကို အဓိကဝယ်ယူသည့်နိုင်ငံဖြစ်ပြီး စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံများသို့လည်း တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။

Source: The Global Newlight of Myanmar                         

DOCA (ရန်ကုန်)

ဗီယက်နမ်နိုင်ငံသည် ၂၀၂၆ ခုနှစ်တွင် သီဟိုဠ်စေ့လုပ်ငန်းမှ ပို့ကုန်ဝင်ငွေ ဒေါ်လာ ၅ ဘီလီယံရရှိရန် ရည်မှန်းထား

​          ကမ္ဘာ့စျေးကွက်တွင် မတည်ငြိမ်မှုများရှိလာနိုင်ကြောင်း ခန့်မှန်းထားသော်လည်း ဗီယက်နမ် နိုင်ငံ၏ သီဟိုဠ်စေ့လုပ်ငန်းသည် ၂၀၂၆ ခုနှစ်တွင် သီဟိုဠ်စေ့တန်ချိန် ၈ သိန်းခန့် တင်ပို့ရန် ရည်မှန်းထားပါသည်။ ယင်းမှာ ၂၀၂၅ ခုနှစ်တွင် ရရှိခဲ့သည့် စံချိန်တင် ပို့ကုန်ဝင်ငွေနှင့် တူညီသော အမေရိကန်ဒေါ်လာ ၅ ဘီလီယံခန့် ရရှိရန် ရည်မှန်းထားခြင်းဖြစ်သည်။

​          အဆိုပါ အချက်အလက်များကို ၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့က ဟိုချီမင်းစီးတီးတွင် ကျင်းပခဲ့သော ဗီယက်နမ် သီဟိုဠ်စေ့အသင်း (Vinacas) ၏ ၂၀၂၅ ခုနှစ် လုပ်ငန်းပြန်လည် သုံးသပ်ခြင်းနှင့် ၂၀၂၆ ခုနှစ် ဝယ်ယူရေးအစီအစဉ်များ အကောင်အထည်ဖော်ခြင်းဆိုင်ရာ ညီလာခံ တွင် တင်ပြခဲ့ခြင်းဖြစ်သည်။ ၂၀၂၅ ခုနှစ်သည် သီဟိုဠ်စေ့လုပ်ငန်းအတွက် ပထမဆုံးအကြိမ်အဖြစ် ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၅ ဘီလီယံ ရရှိခဲ့သည့် ထူးခြားသောမှတ်တိုင်တစ်ခု ဖြစ်ခဲ့သော်လည်း ၂၀၂၆ ခုနှစ်အတွက် ရှေ့အလားအလာမှာ ပိုမိုခက်ခဲနိုင်ကြောင်း Vinacas ၏ ဥက္ကဋ္ဌ Mr. Pham Van Cong က ပြောကြားခဲ့သည်။

​          Mr. Pham Van Cong ၏ ပြောကြားချက်အရ အရှေ့ဥရောပနှင့် အရှေ့အလယ်ပိုင်းဒေသရှိ ပထဝီနိုင်ငံရေး ပဋိပက္ခများသည် သင်္ဘောလိုင်းများနှင့် စားသုံးသူစျေးကွက်များကို ထိခိုက်စေသဖြင့် သီဟိုဠ်စေ့လုပ်ငန်းအပါအဝင် ကမ္ဘာ့ကုန်သွယ်ရေးအပေါ် သက်ရောက်မှုများရှိနေသည်။ အထူးသဖြင့် အရှေ့အလယ်ပိုင်းဒေသသည် ကမ္ဘာ့သီဟိုဠ်စေ့စားသုံးမှု၏ ၁၀ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းခန့် ရှိနေခြင်းကြောင့် အဆိုပါဒေသတွင် မတည်ငြိမ်မှုများဆက်ရှိနေပါက သွင်းကုန်လိုအပ်ချက် လျော့နည်းသွားနိုင်ပြီး လုပ်ငန်းများ၏ ပို့ကုန်လုပ်ငန်းစဉ်များကို ထိခိုက်စေနိုင်ပါသည်။

​          လက်ရှိအခြေအနေအရ ဗီယက်နမ် သီဟိုဠ်စေ့အသင်းက လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်စာချုပ်များ ချုပ်ဆိုရာတွင် ပိုမိုသတိထားရန် တိုက်တွန်းထားသည်။ ငွေပေးချေမှုဆိုင်ရာ အန္တရာယ်များကို လျှော့ချနိုင်ရန်အတွက် CIF သို့မဟုတ် CNF စနစ်များဖြင့် အရောင်းအဝယ်ပြုလုပ်ခြင်းကို ဦးစားပေးသင့်ကြောင်း အကြံပြုထားသည်။

​        ပြိုင်ဆိုင်မှုများ ပြင်းထန်လာသည့်အတွက် ဗီယက်နမ် သီဟိုဠ်စေ့လုပ်ငန်းအနေဖြင့် ၎င်း၏ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာကို ဆက်လက်ဆန်းသစ်ရန်လိုအပ်ကြောင်း Vinacas က ယုံကြည်ထားသည်။ မှတ်သားဖွယ်ရာ အချက်တစ်ခုမှာ အာဖရိကနိုင်ငံ အများအပြားသည် ပြည်တွင်း၌ သီဟိုဠ်စေ့ထုတ်လုပ်မှု လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်လာခြင်းဖြစ်သည်။

​          အာဖရိကရှိ လုပ်ငန်းများသည် လူသားအရင်းအမြစ်၊ အခြေခံအဆောက်အအုံနှင့် ထောက်ပံ့ပို့ဆောင်ရေးတို့တွင် အကန့်အသတ်များရှိသော်လည်း ဒေသထွက် ကုန်ကြမ်းရရှိမှု၊ သယ်ယူပို့ဆောင်ရေးစရိတ် သက်သာမှုနှင့် အစိုးရ၏ ပံ့ပိုးကူညီမှု မူဝါဒများကြောင့် အားသာချက်များစွာရှိနေသည်။ ယင်းမှာ လက်ရှိတွင် ကမ္ဘာ့အကြီးဆုံး သီဟိုဠ်စေ့ ပြုပြင်ထုတ်လုပ်ရာ ဗဟိုချက်ဖြစ်သော ဗီယက်နမ်အတွက် ပြိုင်ဆိုင်မှု ဖိအားအသစ်တစ်ခု ဖြစ်လာသည်။ ထို့ကြောင့် လုပ်ငန်းရှင်များအနေဖြင့် အစဉ်အလာစျေးကွက်တစ်ခုတည်းအပေါ် မှီခိုနေခြင်းကို ရှောင်ကြဉ်ပြီး ပို့ကုန်စျေးကွက်များကို အမျိုးစုံအောင် ချဲ့ထွင်ရန်၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ဖန်တီးနိုင်ရန်နှင့် နိုင်ငံတကာ စျေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်ရန်အတွက် အဆင့်မြင့်ပြုပြင်ထုတ်လုပ်သည့် သီဟိုဠ်စေ့ ထုတ်ကုန်များတွင် ပိုမိုရင်းနှီးမြှုပ်နှံရန် တို့ကို Vinacas က အကြံပြုထားကြောင်း သိရှိရပါသည်။

​Source : Vn Economy                                                                         

DOCA (ရန်ကုန်)

Phu Tho ပြည်နယ်သို့ လာရောက်၍ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်း ဆွေးနွေးခဲ့သည့် ထိုင်းသံရုံးအဖွဲ့

        ဗီယက်နမ်နိုင်ငံဆိုင်ရာထိုင်းသံရုံးမှ ကိုယ်စားလှယ်အဖွဲ့ကို သံအမတ် Urawadee Sriphiromya ဦးဆောင်၍ Phu Tho ပြည်နယ်သို့ မတ်လ ၁၆ ရက်နေ့တွင် အလုပ်သဘော အလည်အပတ်ခရီးသွားရောက်ခဲ့ပြီး မြောက်ပိုင်းပြည်နယ်ရှိ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ရှာဖွေသည့် ဆွေးနွေးပွဲတစ်ခု တက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးပွဲကို ပြည်နယ် ပြည်သူ့ကော်မတီ ဥက္ကဋ္ဌ Tran Duy Dong ဦးဆောင်ကျင်းပခဲ့ပြီး Vietnam နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ ဒေသဆိုင်ရာဌာနများ၊ ပြည်နယ်စီးပွားရေးအသင်းများနှင့် ဒေသတွင်း လုပ်ကိုင်နေသော ထိုင်းလုပ်ငန်းများ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရပါသည်။ Dong က ဗီယက်နမ်နှင့် ထိုင်းတို့ သံတမန်ဆက်ဆံရေး တည်ထောင်မှု ၅၀ နှစ်ပြည့် အထိမ်းအမှတ်ကာလတွင် ယခုလာရောက်ခြင်းသည် အရေးပါကြောင်းနှင့် Phu Tho ပြည်နယ်သည် အုပ်ချုပ်ရေးမူဘောင်ပြုပြင်ပြောင်းလဲမှုများအပြီး ဖွံ့ဖြိုးတိုးတက်မှုအဆင့်သစ်သို့ ဝင်ရောက်နေပြီး ရင်းနှီးမြှုပ်နှံမှုအသစ်များကို ဆွဲဆောင်နိုင်မည့် အခွင့်အလမ်းများ ပိုမိုဖြစ်ပေါ်နေကြောင်း ပြောကြားခဲ့ပါသည်။ ပြည်နယ်တွင် တည်နေရာအရ အားသာချက်များ၊ လုပ်သားအင်အားနှင့် စက်မှုအခြေခံ အဆောက်အအုံများပိုင်ဆိုင်ထားကြောင်းကိုလည်းဖော်ပြခဲ့ပြီး စက်မှုလုပ်ငန်းသည် လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမောင်းနှင်အားဖြစ်ကြောင်း အတည်ပြုခဲ့ပါသည်။ လက်ရှိတွင်  Phu Tho ပြည်နယ်၌စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာသန်း ၄၀၀ ကျော် တန်ဖိုးရှိသော ထိုင်းရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၁၅ ခုတည်ရှိကြောင်း သိရပါသည်။ Phu Tho ပြည်နယ်သည် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင်တိုးတက်ရေး၊ အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုများ အရှိန်မြှင့်တင်ခြင်းနှင့် စက်မှုအခြေခံအဆောက်အအုံများ တိုးတက်စေရန် ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။ ထို့အပြင် ကုန်သွယ်ရေးနှင့် ဝန်ဆောင်မှု၊ ခရီးသွားလုပ်ငန်း၊ မော်တော်ကားနှင့် မော်တော်ဆိုင်ကယ်ထုတ်လုပ်ခြင်းအတွက် ထောက်ပံ့ရေးလုပ်ငန်းများ၊ သဘာဝနှင့် လိုက်လျော ညီထွေသော စိုက်ပျိုးရေးနှင့် စမတ်စိုက်ပျိုးရေး စသည့်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုကို ဦးစားပေးထားကြောင်း သိရပါသည်။ စက်မှုလုပ်ငန်းအပြင် Phu Tho တွင် သမိုင်းနှင့် ယဉ်ကျေးမှု အမွေအနှစ်များ၊ သဘာဝခရီးသွားနေရာများနှင့် အနားယူစခန်းများကြောင့် ခရီးသွားလုပ်ငန်းအတွက်လည်း အလားအလာမြင့်မားကြောင်း ဒေသခံတာဝန်ရှိသူက ပြောကြားခဲ့ပါသည်။ ထိုအခွင့်အလမ်းများသည် နှစ်နိုင်ငံအကြား ခရီးသွားကဏ္ဍပူးပေါင်းဆောင်ရွက်မှု၊ ယဉ်ကျေးမှုဖလှယ်မှုနှင့် ချိတ်ဆက်မှုများ တိုးတက်လာစေရန် အခြေခံအုတ်မြစ်ဖြစ်ကြောင်း သိရပါသည်။ သံအမတ် Urawadee က ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒများကို ချီးကျူးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် ပြည်သူချင်းဆက်ဆံရေးများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် သံရုံးအနေဖြင့် ထိုင်းလုပ်ငန်းများကို Phu Tho တွင် ရင်းနှီးမြှုပ်နှံရန် ဆက်လက် လှုံ့ဆော်ကူညီသွားမည်ဟု အတည်ပြုခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် ထိုင်းသံရုံးက “Thai Connect – Connecting Thailand in Phu Tho 2026” အခမ်းအနားကို မေလ ၂၇ ရက်မှ ၂၈ ရက်အထိ ကျင်းပရန် အဆိုပြုခဲ့ပြီး “Smart cities as drivers for economic growth and sustainable development” ဟူသော ခေါင်းစဉ်အောက်တွင် ကုန်စည်ပြပွဲများ၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး လှုပ်ရှားမှုများနှင့် သဘာဝစွမ်းအင်၊ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲများပါဝင်ရန် မျှော်မှန်းရကြောင်း သိရပါသည်။ ထိုနေ့မှာပင် ပြည်နယ်ပါတီကော်မတီ အထွေထွေအတွင်းရေးမှူး Pham Dai Duong သည် ထိုင်းသံအမတ်နှင့် တွေ့ဆုံခဲ့ပြီး စက်မှုဇုန် အခြေခံအဆောက်အအုံ၊ ထောက်ပံ့ရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးထုတ်ကုန်တင်ပို့မှု၊ လူ့စွမ်းအားအရင်းအမြစ်လေ့ကျင့်ရေးနှင့် ခရီးသွားကဏ္ဍဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။ ဒေသခံခေါင်းဆောင်များကလည်း Thai Connect အခမ်းအနားအပါအဝင် လာမည့်အစီအစဉ်များမှတစ်ဆင့် Phu Tho နှင့် ထိုင်းမိတ်ဖက်များ အကြားဆက်ဆံရေး ပိုမိုခိုင်မာလာမည်ဟု ယုံကြည်ကြပြီး ဗီယက်နမ်–ထိုင်း မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးတိုးတက်စေရန် အထောက်အကူပြုမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

စင်္ကာပူ၊ မလေးရှားတို့နှင့် ကုန်သွယ်ရေးမိတ်ဖက်ဖွဲ့မှု အရှိန်မြှင့်တင်သည့်အင်ဒိုနီးရှား

         အင်ဒိုနီးရှား ကုန်သွယ်ရေးဒုတိယဝန်ကြီး Dyah Roro Esti သည် စင်္ကာပူနှင့် မလေးရှားတို့နှင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှုများကို ခိုင်မာစေရန်အပြန်အလှန် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။ Esti က ထိုအပြန်အလှန် တွေ့ဆုံဆွေးနွေး မှုများမှတစ်ဆင့် အင်ဒိုနီးရှားသည် တံခါးဖွင့်ထားပြီး ကျယ်ပြန့်စွာပါဝင်မှုရှိသည့် ဒေသတွင်း စီးပွားရေးတိုးတက်မှုကို ဦးတည်သော ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများကို ခိုင်မာစေရန် ဆက်လက်ကတိပြုထားသည်ဟု မတ်လ ၁၅ ရက်နေ့က ဂျကာတာတွင် ပြောကြားခဲ့ပါသည်။ ၎င်းတွေ့ဆုံဆွေးနွေးမှုများကို ဖိလစ်ပိုင်နိုင်ငံ Taguig မြို့တွင် မတ်လ ၁၃ ရက်နေ့က ကျင်းပခဲ့သည့် ၃၂ ကြိမ်မြောက် ASEAN Economic Ministers (AEM) Retreat တွင် သီးခြား ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ စင်္ကာပူ၏ ဒုတိယဝန်ကြီးချုပ်နှင့် ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Gan Kim Yong နှင့် တွေ့ဆုံရာတွင် Esti က နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆက်ဆံမှု တိုးတက်မှုများကို အလေးပေးပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားနှင့် စင်္ကာပူအကြား ကုန်သွယ်မှုတန်ဖိုးသည် နောက်ဆုံးငါးနှစ်အတွင်း ၁၄.၆ ရာခိုင်နှုန်း တိုးတက် လာခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၆.၈၅ ဘီလီယံမှ ၂၀၂၅ ခုနှစ်တွင် ၁၉.၃၂ ဘီလီယံအထိ ရောက်ရှိလာခဲ့ကြောင်း သိရပါသည်။ အင်ဒိုနီးရှားအနေဖြင့် စင်္ကာပူနှင့် ပူးပေါင်း ဆောင်ရွက်မှုတွင် တိုးတက်နိုင်သည့် အခွင့်အလမ်းများစွာရှိနေပြီး အထူးသဖြင့် တန်ဖိုးမြင့် ထုတ်ကုန်များဖြင့် အင်ဒိုနီးရှား၏ ပို့ကုန်များကို မျိုးစုံတိုးချဲ့နိုင်ရန် အခွင့်အလမ်းရှိကြောင်း ရှုမြင်ထားသည်ဟု သိရပါသည်။ အဆိုပါတွေ့ဆုံမှုအတွင်း အင်ဒိုနီးရှားသည် Comprehensive and Progressive Agreement for Trans-Pacific Partnership (CPTPP) သို့ ဝင်ရောက်ရန် လုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်မည်ဟု ထပ်မံအတည်ပြုခဲ့ပါသည်။ အင်ဒိုနီးရှားအနေဖြင့် အဆိုပါသဘောတူညီချက်ကို အင်ဒို-ပစိဖိတ်ဒေသတွင် စီးပွားရေးပေါင်းစည်းမှုကို မြှင့်တင်ပေးနိုင်သည့် ခေတ်မီပူးပေါင်းဆောင်ရွက်မှု မူဘောင်တစ်ခုအဖြစ်ရှုမြင်ထားကြောင်း သိရပါသည်။ ထို့အပြင် နှစ်ဖက်အနေဖြင့် ASEAN Digital Economy Framework Agreement (DEFA) ဆွေးနွေးမှုတိုးတက်မှုများ၊ Regional Comprehensive Economic Partnership (RCEP) နှင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အစီအစဉ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။ ထို့နောက် မလေးရှား၏ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး Sim Tze Tzin နှင့် တွေ့ဆုံရာတွင် အင်ဒိုနီးရှား-မလေးရှား နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆက်ဆံမှု တိုးမြှင့်နိုင်ရေးကို ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်တွင် နှစ်နိုင်ငံအကြား ကုန်သွယ်မှုတန်ဖိုးသည် စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၄.၂၂ ဘီလီယံရှိခဲ့ကြောင်း သိရပါသည်။ အင်ဒိုနီးရှားအနေဖြင့် ဈေးကွက်ဝင်ရောက်ခွင့် တိုးချဲ့ခြင်းနှင့် တန်ဖိုးမြင့် စက်မှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်သည့် အခွင့်အလမ်းများစွာရှိကြောင်း သိရပါသည်။ ထို့အပြင် Joint Trade and Investment Committee (JTIC) အစည်းအဝေး ကျင်းပရန် အစီအစဉ်များနှင့် Malaysia-Indonesia Investment Committee (MIIC) မှတစ်ဆင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။ ထို့ပြင် နယ်စပ်ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးတက်ရေးအတွက် ၂၀၂၃ နယ်စပ်ကုန်သွယ်ရေး သဘောတူညီချက် (Border Trade Agreement - BTA) အကောင်အထည်ဖော်ခြင်းနှင့် Entikong-Tebedu နယ်စပ်ကူးသန်းရောင်းဝယ်ရေး ပုံမှန်ပြန်လည်လုပ်ဆောင်ရေးကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။ အင်ဒိုနီးရှားနှင့် မလေးရှားတို့သည် အားကောင်းသော ကုန်သွယ်မှုဆက်ဆံရေးရှိပြီး ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့နိုင်မည့် အခွင့်အလမ်းများ များစွာရှိသည်ဟု ဒုတိယဝန်ကြီး Esti က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်‌ရေး အလားအလာ ဆွေးနွေးပွဲကျင်းပခဲ့သည့် ဗီယက်နမ်–အာဂျင်တီးနား

        အာရှနှင့် ပစိဖိတ်ဒေသအတွက် အာဂျင်တီးနား ကုန်သွယ်ရေးနှင့် စက်မှုလက်မှု အသင်းချုပ်သည် အာဂျင်တီးနားနိုင်ငံဆိုင်ရာဗီယက်နမ် သံရုံးနှင့် ကုန်သွယ်ရေးရုံးတို့နှင့် ပူးပေါင်းကာ မတ်လ ၁၁ ရက်နေ့တွင် နှစ်နိုင်ငံကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက် မှု အလားအလာများကို ဆွေးနွေးသည့် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ပြီး အာဂျင်တီးနား စီးပွားရေးလုပ်ငန်းများ အများအပြား ပါဝင်တက်ရောက်ခဲ့‌ကြောင်း သိရပါသည်။ အဆိုပါ အခမ်းအနားတွင် ဗီယက်နမ် သံအမတ်ကြီး Ngo Minh Nguyet က ဗီယက်နမ်နိုင်ငံသည် လက်ရှိတွင် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုကို ဦးစားပေးဆောင်ရွက်နေသည့်အပြင် အစိမ်းရောင် နှင့် စက်ဝန်းပုံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆီမီးကွန်ဒတ်တာနှင့် ချစ်ပ်လုပ်ငန်းများ ဖွံ့ဖြိုးရေးတို့ကို အလေးထားလုပ်ဆောင်နေကြောင်း၊ ထို့အပြင် အဆင့်မြင့်နည်းပညာ၊ ပြည့်ဖြိုးမြဲ စွမ်းအင်၊ အခြေခံအဆောက်အအုံ၊ ထောက်ပံ့ပို့ဆောင်ရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများကို လည်း အဓိကအာရုံစိုက် ဆောင်ရွက်နေပြီး ၂၀၄၅ ခုနှစ်တွင် ဖွံ့ဖြိုးပြီး နိုင်ငံတစ်နိုင်ငံ ဖြစ်လာရန် ရည်မှန်းထားကြောင်း၊ တောင်အမေရိကနှင့် ဆက်ဆံရေးအပေါ် သုံးသပ်ရာတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ဗီယက်နမ်နှင့် MERCOSUR တောင်အမေရိက စီးပွားရေးမိတ်ဖက်အဖွဲ့အကြား Preferential Trade Agreement (PTA) ဆွေးနွေးမှုများ စတင်ကြောင်း ကြေညာခဲ့ပြီး အဆိုပါ သဘောတူညီချက်ကို မကြာမီလက်မှတ်ရေးထိုးနိုင်မည်ဟု မျှော်လင့်ကြောင်း၊ ထိုသို့ လက်မှတ် ရေးထိုးနိုင်ပါက ဗီယက်နမ်နှင့် အာဂျင်တီးနားအပါအဝင် MERCOSUR အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးတက်လာမည် ဖြစ်ကြောင်း၊ ဗီယက်နမ်နှင့် အာဂျင်တီးနားတို့၏ နှစ်နိုင်ငံ အခွန်နှစ်ထပ်မကောက်ခံရေး သဘောတူညီချက် (Double Taxation Avoidance Agreement) ဆွေးနွေးမှုများမှာ ယခုနှစ် ဇန်နဝါရီလတွင် လုပ်ငန်းစဉ်အဆုံးသတ်အဆင့်သို့ ရောက်ရှိလာခဲ့ပြီး ယခုနှစ်အတွင်း လက်မှတ်ရေးထိုးနိုင်မည်ဟု မျှော်လင့်ကြောင်းနှင့် နှစ်နိုင်ငံသည် ဂြိုဟ်တုကဏ္ဍတွင်လည်း ပူးပေါင်းဆောင်ရွက်မှု စတင်ထားပြီး အာဂျင်တီးနားဘက်မှ ဗီယက်နမ်နိုင်ငံကို အရှေ့တောင်အာရှဒေသအတွက် ဂြိုဟ်တုပုံရိပ်နှင့် ဒေတာ လက်ခံစင်တာအဖြစ် အသုံးပြုရန် အဆိုပြုထားကြောင်းလည်း ပြောကြားခဲ့ပါသည်။ စိုက်ပျိုးရေး၊ အီလက်ထရွန် နစ်၊ အထည်အလိပ်နှင့် ဖိနပ်ကဏ္ဍများကဲ့သို့ အစဉ်အလာပူးပေါင်းဆောင်ရွက်မှုများအပြင် အာဂျင်တီးနားတွင် အလားအလာရှိသည့် အဆင့်မြင့်နည်းပညာ၊ ပြည့်ဖြိုးမြဲစွမ်းအင်၊ ဇီဝနည်းပညာ၊ ကျန်းမာရေးနှင့် ဆေးဝါးကဏ္ဍများတွင်လည်း ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့လိုကြောင်း သံအမတ်ကြီးက ပြောကြားခဲ့ပြီး စိုက်ပျိုးရေး–စက်မှု ပူးပေါင်းဆောင်ရွက်မှုတွင် မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေး တည်ဆောက်သင့်ကြောင်း အကြံပြုခဲ့ပါသည်။ အာရှနှင့် ပစိဖိတ် ဒေသအတွက် အာဂျင်တီးနား ကုန်သွယ်ရေးနှင့် စက်မှုလက်မှုအသင်းချုပ်အောက်ရှိ အာရှဆိုင်ရာ အသင်းချုပ် ဥက္ကဋ္ဌ Rallys Pliauzer က မကြာသေးမီနှစ်များအတွင်း ဗီယက်နမ်နိုင်ငံ၏ စီးပွားရေး တိုးတက်မှုများကို ချီးကျူးပြောကြားခဲ့ပြီး နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းများ၏ ကြိုးပမ်းမှုကြောင့် ကုန်သွယ်ရေးပမာဏသည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော်အထိ ရောက်ရှိလာကြောင်း ပြောကြားခဲ့ပါသည်။ ယခုအခါ ဗီယက်နမ်သည် အာဂျင်တီးနား၏ ခြောက်ခုမြောက် အကြီးမားဆုံးကုန်သွယ်ဖက် နိုင်ငံဖြစ်လာပြီး အာဂျင်တီးနားသည် ဗီယက်နမ်အတွက် လက်တင် အမေရိကဒေသတွင် တတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ကြောင်း သိရပါသည်။ အလုပ်ရုံဆွေးနွေးပွဲအတွင်း ဗီယက်နမ် ကုန်သွယ်ရေးရုံး အကြီးအကဲ Ngo Manh Khoi က နှစ်နိုင်ငံ ကုန်သွယ်ရေးဆက်ဆံမှု အခြေအနေများ၊ ဗီယက်နမ်၏ စီးပွားရေးဝန်းကျင်နှင့် အာဂျင်တီးနား ဈေးကွက်တွင် အလားအလာကောင်းသော ဗီယက်နမ်ထုတ်ကုန်များအကြောင်း မိတ်ဆက်တင်ပြခဲ့ပါသည်။ ထို့အပြင် အာဂျင်တီးနား စီးပွားရေးလုပ်ငန်းများကို ၂၀၂၆ ခုနှစ်တွင် ဗီယက်နမ်တွင် ကျင်းပမည့် Vietnam International Sourcing 2026 နှင့် Foodexpo 2026 ကဲ့သို့ အရေးပါသော ကုန်စည်ပြပွဲများတွင် ပါဝင်တက်ရောက်ရန် ဖိတ်ခေါ်ခဲ့ပြီး နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းများအတွက် သင့်လျော်သော မိတ်ဖက်များ ရှာဖွေရေးနှင့် ချိတ်ဆက်ပေးရန် ဆက်လက် ကူညီပံ့ပိုးသွားမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

အုန်းသီးဈေးကွက် တည်ငြိမ်ရေး ထိုင်းအစိုးရ ဆောင်ရွက်မှုများ တိုးမြှင့်

         နိုင်ငံခြားကျောထောက်နောက်ခံပြု စီးပွားရေးလုပ်ငန်းများသည် ဈေးကစားကာ တောင်သူများကို ထိခိုက်စေကြောင်း စုံစမ်းစစ်ဆေးမှုများအရ တွေ့ရှိခဲ့ရသဖြင့် ထိုင်းအစိုးရသည် အုန်းသီးဈေးကွက်တည်ငြိမ်ရေး ဆောင်ရွက်ချက်များကို တိုးမြှင့်လုပ်ဆောင်နေကြောင်း သိရပါသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (Department of Business Development - DBD) ၏ ညွှန်ကြားရေးမှူးချုပ် Poonpong Naiyanapakorn က အုန်းသီးဈေးနှုန်းများကျဆင်းနေမှုနှင့် သစ်သီးထုပ်ပိုးလုပ်ငန်းများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပါဝင်နေမှုကို စိစစ်ရန် အစိုးရအဖွဲ့ အစည်း ၁၀ ခုနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် စိုက်ပျိုးမွေးမြူရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI)၊ ဗဟိုစုံစမ်းရေးဗျူရို (CIB)၊ ငွေကြေးခဝါချမှုတားဆီးရေးရုံး (Amlo) နှင့် ထိုင်းနိုင်ငံ ကုန်သွယ်ရေးယှဉ်ပြိုင်မှုကော်မရှင် (TCCT) တို့ ပါဝင်ခဲ့ကြောင်း သိရပါသည်။ စုံစမ်းစစ်ဆေးသူများသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကိုယ်စား ထိုင်းနိုင်ငံသားများကို အမည်ခံရှယ်ယာရှင်များ (nominee shareholders) အဖြစ် အသုံးပြုနေသည်ဟု သံသယရှိသည့် ကုမ္ပဏီ ၁၅ ခုကို ဖော်ထုတ်တွေ့ရှိခဲ့ကြောင်း သိရပါသည်။ အဆိုပါကုမ္ပဏီများအနက် ၁၁ ခုမှာ Ratchaburi ပြည်နယ်တွင် တည်ရှိပြီး အခြားကုမ္ပဏီများမှာ Samut Prakan၊ Pathum Thani၊ Samut Sakhon နှင့် Bangkok မြို့များတွင် တည်ရှိ နေကြောင်း သိရပါသည်။ ထို့အပြင် ထိုင်းနိုင်ငံသား ၁၀ ဦးကိုလည်း အဆိုပါလုပ်ငန်းများတွင် အမည်ခံရှယ်ယာရှင် သို့မဟုတ် အမည်ခံဒါရိုက်တာအဖြစ် ပါဝင်ကူညီခဲ့ကြောင်း DBD က တွေ့ရှိ ထားသည်ဟု သိရပါသည်။ Mr Poonpong က ထိုအချက်အလက်များကို CIB၊ DSI နှင့် Amlo ထံသို့ တရားရေးဆိုင်ရာ အရေးယူဆောင်ရွက်နိုင်ရန် ပို့ပေးထားကြောင်း ပြောကြားခဲ့ပါသည်။ Foreign Business Act အရ ပြစ်မှုကျူးလွန်သူများသည် ထောင်ဒဏ်အများဆုံး ၃ နှစ်နှင့် ဘတ် ၁ သိန်းမှ ၁ သန်းအထိ ဒဏ်ငွေချမှတ်ခံရနိုင်ကြောင်း သိရပါသည်။ အချို့ကုမ္ပဏီများသည် အုန်းသီးစိုက်ခင်းများကို ငှားရမ်း၍ သီးနှံများကို ကိုယ်တိုင်ထုတ်လုပ်၊ ပြုပြင်ထုပ်ပိုးပြီး ပြည်ပသို့ တိုက်ရိုက်တင်ပို့နေကြောင်းလည်း တွေ့ရှိရသည်ဟု သိရပါသည်။ ထိုကဲ့သို့ ထုတ်လုပ်မှုမှ တင်ပို့မှုအထိ လုပ်ငန်းအားလုံးကို ကိုယ်တိုင်လုပ်ဆောင်သည့် စနစ်ကြောင့် တောင်သူများထံမှ ဝယ်ယူသည့်ဈေးနှုန်းကို လျှော့ချနိုင်ပြီး စိုက်ခင်းအဆင့်ဈေးနှုန်းများ အလွန်နိမ့်ကျနေစေခြင်း ဖြစ်နိုင်ကြောင်း သိရပါသည်။ DBD သည် သစ်သီးထုပ်ပိုးလုပ်ငန်းများအပေါ် စည်းမျဉ်းစည်းကမ်းများ ပိုမိုတင်းကျပ်စေရန် စီစဉ်ထားပြီး လုပ်ငန်းမှတ်ပုံတင်မှု၊ အလုပ်သမားဆိုင်ရာ စစ်ဆေးမှုများ၊ အခွန်ပေးဆောင်မှုများကိုစိစစ်ကာ သီးနှံဝယ်ယူမှုလုပ်ငန်းစဉ်များတွင် ဈေးနှုန်းဖိနှိပ်မှု သို့မဟုတ် ညှိနှိုင်းမှုများ မဖြစ်ပေါ်စေရန် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရပါသည်။ စိုက်ပျိုးထုတ်လုပ် ရေးမှစတင်၍ ပြည်ပသို့ တင်ပို့သည့်အထိ ထောက်ပံ့မှုကွင်းဆက်တစ်လျှောက် ပိုမိုရှင်းလင်းပြတ်သားစေရန် စုံစမ်းစစ်ဆေးမှုများကို နက်ရှိုင်းစွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Mr Poonpong ကပြောကြားခဲ့ပါသည်။ ဖြေရှင်းမှုတစ်စိတ်တစ်ပိုင်းအနေဖြင့် အစိုးရသည် ကျယ်ပြန့်သော ဈေးကွက်ဖွဲ့စည်းပုံကိုလည်း စိစစ်နေကြောင်း သိရပါသည်။ နောက်ဆုံးနှစ်များအတွင်း အုန်းသီးစိုက်ပျိုးမြေဧရိယာများ သိသိသာသာ တိုးလာခြင်းကြောင့် ထုတ်လုပ်မှု ပိုမိုများပြားလာပြီး ဈေးနှုန်းများကျဆင်းလာခဲ့ကြောင်း သိရပါသည်။ လွန်ခဲ့သည့် လေးနှစ်အတွင်း စိုက်ပျိုးမြေ ဧရိယာသည် ၂၃၅,၉၀၃ rai မှ ၃၀၅,၇၀၆ rai အထိ မြင့်တက်လာခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် ထုတ်လုပ်မှုသည် တန်ချိန် ၈၇၇,၆၈၁ ခန့်အထိ ရောက်ရှိခဲ့ကာ ၅၀ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထုတ်လုပ်မှု တိုးလာခဲ့သော်လည်း တရုတ်နိုင်ငံတွင် ဈေးကွက် ဝေစု လျော့နည်းလာမှုကြောင့် ပို့ကုန်ဝင်ငွေသည် နှစ်နှစ်ဆက်တိုက် ကျဆင်းခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ဘတ် ၉.၈၈ ဘီလီယံရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ဘတ် ၆.၄၆ ဘီလီယံအထိ လျော့နည်းခဲ့ကြောင်း သိရပါသည်။ ဒုတိယအစိုးရပြောရေးဆိုခွင့်ရှိသူ Siripong Angkasakulkiat ကလည်း အချို့သော ကြားဝယ်လက်များသည် အုန်းသီးများကို ဈေးသက်သာစွာဖြင့် ဝယ်ယူနိုင်ရန် ရည်ရွယ်ကာ ဈေးနှုန်းများကို ရည်ရွယ်ချက်ရှိစွာဖြင့်လျှော့ချနိုင်ကြောင်း သတိပေးခဲ့ပါသည်။ ၎င်းအခြေအနေသည် ထိုင်းနိုင်ငံသား အမည်ခံရှယ်ယာရှင်များကို အသုံးပြုသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် ဆက်နွယ်နိုင်ကြောင်း သိရပါသည်။ အာဏာပိုင်များက အနာဂတ်တွင် အလားတူစုံစမ်းစစ်ဆေးမှုများကို အခြားသစ်သီးဈေးကွက်များတွင်ပါ ဆက်လက်ဆောင်ရွက်နိုင်ကြောင်း ပြောကြားကြောင်း သိရှိရပါသည်။

Bangkok Post                                                                           

DOCA (ရန်ကုန်)

ချီလီနိုင်ငံနှင့် လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက် ရရှိတော့မည့် ဖိလစ်ပိုင်နိုင်ငံ

          ဖိလစ်ပိုင်နိုင်ငံသည် ချီလီနိုင်ငံနှင့် လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက် (FTA) အတွက် ညှိနှိုင်းမှုများကို လာမည့်လအစောပိုင်းတွင် အပြီးသတ်နိုင်ရန် အလားအလာကောင်းနေကြောင်း ကုန်သွယ်ရေး ဒုတိယဝန်ကြီး Allan Gepty က ပြောကြားခဲ့ပါသည်။
ချီလီနိုင်ငံနှင့် ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အတွက် ညှိနှိုင်းမှုများသည် ပြီးစီးလုနီးပါး ဖြစ်နေပြီဖြစ်ကြောင်း Gepty က ပြောကြားခဲ့ကြောင်း သိရပါသည်။ ဧပြီလတွင် ပြုလုပ်မည့် နောက်ဆုံးအကျော့ ဖြစ်လာနိုင်သော ညှိနှိုင်းမှုအတွင်း ဆွေးနွေးရန် အချက်အနည်းငယ်သာ ကျန်ရှိတော့ကြောင်းလည်း ၎င်းက ထပ်ပေါင်းပြောကြားခဲ့ပါသည်။
        ဆွေးနွေးဆဲဖြစ်သော တိကျသည့် အကြောင်းအရာများကိုမူ ထုတ်ဖော်ပြောဆိုရန် Gepty က ငြင်းဆိုခဲ့သော်လည်း သဘောတူညီချက်ရရှိရန် ကြီးမားသောအတားအဆီးများ မရှိကြောင်း မှတ်ချက်ပြုခဲ့
ပါသည်။

       ၂၀၂၄ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံမှ ချီလီနိုင်ငံသို့ တင်ပို့သော ပို့ကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၄၃.၃ သန်းရှိပြီး ချီလီနိုင်ငံမှ တင်သွင်းသော သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၉၀.၈ သန်းအထိ ရှိခဲ့ကြောင်း သိရပါသည်။ ယခုအဆိုပြုထားသော FTA အတည်ပြုပြီးပါက ၎င်းသည် လက်တင်အမေရိကနိုင်ငံတစ်ခုနှင့် ဖိလစ်ပိုင်တို့အကြား ပထမဆုံးသော လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက် ဖြစ်လာမည်ဖြစ်ကြောင်း သိရပါသည်။

        ဖိလစ်ပိုင်နိုင်ငံသည် အခြားကုန်သွယ်ဖက်များနှင့် လည်း ညှိနှိုင်းမှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရပါသည်။ ဥရောပသမဂ္ဂ (EU) နှင့် အဆိုပြုထားသော လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက် ဆွေးနွေးမှုများသည်လည်း ပုံမှန်အတိုင်း ရှေ့ဆက်နေကြောင်း Gepty က ပြောကြားခဲ့ပါသည်။ ညှိနှိုင်းသူများသည် ဇွန်လတွင် ဆွေးနွေးမှုများအပြီးသတ်နိုင်ရန် ရည်မှန်းထားကြကြောင်း သိရပါသည်။ နောက်တစ်ကျော့ ညှိနှိုင်းဆွေးနွေးမှုများကို မေလ ၁၈ ရက်မှ ၂၂ ရက်အထိ ဖိလစ်ပိုင်နိုင်ငံတွင် ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရပါသည်။ ၎င်းသည် နောက်ဆုံးအကျော့ ဖြစ်နိုင်ကြောင်းလည်း Gepty က ထပ်ပေါင်းပြောကြားခဲ့ပါသည်။ EU နှင့် ဆွေးနွေးမှုများတွင် ဖိလစ်ပိုင်၏ ဦးစားပေးကိစ္စရပ် တစ်ခုမှာ အထည်အလိပ်လုပ်ငန်းအပါအဝင် ပြည်တွင်းထုတ်လုပ်သူများအတွက် ပိုမိုလွတ်လပ်သော မူရင်းဒေသဆိုင်ရာ စည်းမျဉ်းများ ရရှိရန် ဖြစ်ကြောင်း သိရပါသည်။ ဖေဖော်ဝါရီလတွင် ပြီးဆုံးခဲ့သည့် ပထမအကျော့ ဆွေးနွေးမှုများနောက်ပိုင်း ကနေဒါနိုင်ငံနှင့် ညှိနှိုင်းမှုများသည်လည်း တိုးတက်မှုရှိနေကြောင်း သိရပါသည်။ နောက်တစ်ကျော့ ညှိနှိုင်းမှုကို ဧပြီလတွင် ပြုလုပ်ရန်စီစဉ်ထားပြီး သဘောတူညီချက်ပါ အခန်းကဏ္ဍအားလုံးအတွက် အသေးစိတ် စာသားအခြေပြု ဆွေးနွေးမှုများကို စတင်နိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

Source: Inquirer net                                                                   

DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ