
တရုတ်နိုင်ငံသည် စက်တင်ဘာလ ၁၇ ရက်နေ့က အိန္ဒိယနိုင်ငံမှ ဆန်တင်ပို့သူ သုံးဦး၏ ပို့ကုန်မှတ်ပုံတင်ခြင်းများကို ထပ်မံရုတ်သိမ်းလိုက်ရာ တရုတ်ဈေးကွက်သို့ ဆန်တင်ပို့ခွင့် ပိတ်ပင်ခံထားရသည့် စုစုပေါင်း အိန္ဒိယကုမ္ပဏီအရေအတွက် ဆယ်ခုအထိ ရောက်ရှိလာခဲ့ပြီး ၎င်းတို့၏ ဆန်များတွင် မျိုးရိုးဗီဇပြောင်းလဲပြင်ဆင်ထားသော (Genetically Modified Organisms-GMO) ပစ္စည်းများပါရှိ သည်ဟူသော စွပ်စွဲချက်ကြောင့် ယခုကဲ့သို့ ပိတ်ပင်ခံရခြင်းဖြစ်ပြီး ထိုအချက်အလက်များကို အိန္ဒိယအာဏာပိုင်များနှင့် တင်ပို့သူများက ဆက်လက်ငြင်းဆန်လျက်ရှိကြောင်း သိရှိရသည်။
အိန္ဒိယဘဏ္ဍာရေးဆိုင်ရာ နေ့စဉ်သတင်းစာတစ်စောင်၏ အတည်ပြုဖော်ပြချက်အရ အသစ်ပါဝင်သော ကုမ္ပဏီများမှာ Andhra Pradesh ပြည်နယ်၊ Kakinada မြို့အခြေစိုက် Sarla Foods, Pattabhi Agro Foods နှင့် New Delhi မြို့အခြေစိုက် Om India Trading Limited တို့ဖြစ်ကြပြီး ၎င်းတို့သည် ဧပြီလတွင် လိုင်စင်များ ပထမဆုံးအကြိမ် ရုပ်သိမ်းခံခဲ့ရသည့် Nagpur မှ Shriram Food Industry, Raipur မှ Spone Enterprises နှင့် Haryana မှ NM Foodimpex စသည့် ပထမအသုတ် တင်ပို့သူများနှင့် အတူ ပူးပေါင်းပါဝင်လာခြင်းဖြစ်ပြီး တရုတ်အကောက်ခွန် အာဏာပိုင်များက အိန္ဒိယ ဆန်တင်ပို့မှုများကို စစ်ဆေးမှုများ တိုးချဲ့လုပ်ဆောင်လာသည်နှင့်အမျှ ပိတ်ပင်ခံရသည့် ကုမ္ပဏီ စာရင်းများမှာ တစ်နှစ်တာအတွင်း တစ်စထက်တစ်စ တိုးပွားလာကြောင်း သိရှိရသည်။
ဆက်လက်၍ တရုတ်နိုင်ငံ၏ တရားဝင်ပြသသော အကြောင်းပြချက်မှာ စမ်းသပ်စစ်ဆေးခဲ့သည့် ကုန်သေတ္တာများအတွင်း မျိုးရိုးဗီဇပြောင်းလဲထားသော သက်ရှိများ(GMOs) ကို တွေ့ရှိရခြင်းကြောင့်ဖြစ်ပြီး အိန္ဒိယ၏ စားသောက်ကုန်ဘေးကင်းလုံခြုံရေး အာဏာပိုင်များက ငြင်းပယ်ခံရသည့် ပို့ကုန်များကို စစ်ဆေးကြည့်ရာတွင် GMO ပါဝင်မှု လုံးဝမတွေ့ရှိရကြောင်းနှင့် အဆိုပါငြင်းပယ်ခံရသော ဆန်အုပ်စုများကို အခြားသော နိုင်ငံများသို့ ရောင်းချရာတွင် အရည်အသွေးစစ်ဆေးမှုများကို ပြဿနာတစ်စုံတစ်ရာမရှိဘဲ အောင်မြင်ကျော်ဖြတ်ခဲ့ကြကြောင်း တင်ပို့သူများကဆိုပြီး ထိုကွဲလွဲချက်ကြောင့်ပင် New Delhiမြို့ရှိ တာဝန်ရှိသူများအကြား ယခုကဲ့သို့ ငြင်းပယ်မှုများသည် စားသောက်ကုန် ဘေးကင်းရေးထက် ကုန်သွယ်ရေးမဟာဗျူဟာနှင့် ပိုမိုသက်ဆိုင်နေသည်ဟူသော သံသယများကို ဖြစ်ပေါ်စေခဲ့ကြောင်း သိရှိရသည်။
ယခုကဲ့သို့ အကျပ်အတည်းမှာ နွေဦးရာသီကတည်းက အဆင့်ဆင့် မြင့်တက်လာခဲ့ခြင်းဖြစ်ပြီး မေလနှောင်းပိုင်းအထိ တရုတ်နိုင်ငံသည် ဆန်တင်ပို့မှု ကုန်သေတ္တာ ၇၀ ကျော်ကို ငြင်းပယ်ခဲ့ပြီး မှတ်ပုံတင်ခွင့် ရုတ်သိမ်းခံရသည့် တင်ပို့သူအရေအတွက်မှာလည်း ဩဂုတ်လတွင် သုံးဦးမှ ခုနှစ်ဦး အထိ မြင့်တက်ခဲ့ရာမှ ယခုလတွင် ဆယ်ဦးအထိရောက်ရှိလာခဲ့ပြီး တရုတ်နိုင်ငံသည် ဗီယက်နမ်၊ မြန်မာနှင့် ပါကစ္စတန်တို့မှ ဆန်တင်ပို့မှုများသည် အလားတူ တင်းကျပ်သည့် စစ်ဆေးမှုများနှင့် ရင်ဆိုင်ရခြင်းမရှိကြောင်း ထောက်ပြကြပြီး တင်ပို့သူအသင်းအဖွဲ့များ အပါအဝင် စက်မှုလုပ်ငန်း ဆိုင်ရာ အဖွဲ့အစည်းများက တရုတ်နိုင်ငံသည် GMO စစ်ဆေးမှုကို မျှတမှုမရှိပဲ ကျင်းသုံးနေကြောင်း ကုန်သည်များကထိုလုပ်ရပ်ကို စစ်မှန်သော ဇီဝလုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတစ်ခုထက် ကုန်သွယ်မှု ဆိုင်ရာ အကောက်ခွန်မဟုတ်သော အတားအဆီးတစ်ခုအဖြစ်ဖော်ပြကြပြီး အချို့သောလုပ်ငန်း လေ့လာသူများကမူ Beijing အစိုးရအနေဖြင့် ၎င်းတို့၏ ပြည်တွင်းဆန်လက်ကျန်များကို ထိန်းချုပ်ရန်အတွက် ထိုဆန်ငြင်းပယ်မှုများကို အသုံးပြုနေဖွယ်ရှိသည်ဟု သုံးသပ်ကြသော်လည်း ထိုအချက်မှာ အတည်ပြုထားသော ရည်ရွယ်ချက်တစ်ခုထက် ခန့်မှန်းချက်မျှသာဖြစ်နေဆဲဖြစ်ကြောင်းသိရှိရသည်။
ထို့ပြင် အိန္ဒိယကုန်သွယ်ရေးသတင်းစာများတွင် ဖော်ပြထားသော စက်မှုလုပ်ငန်းဆိုင်ရာ ကိန်းဂဏန်းများအရ တရုတ်နိုင်ငံမှ ငြင်းပယ်ခံရသော ဆန်ကုန်သေတ္တာ တစ်သေတ္တာကို အိန္ဒိယသို့ ပြန်လည်သယ်ယူရသည့် ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၂၅၀၀ မှ ၄၅၀၀ အထိရှိပြီး မူလတင်ပို့ စဉ်ကကုန်ကျစရိတ်မှာ ဒေါ်လာ ၂၅၀ ခန့်သာရှိရာ ကုန်ကျစရိတ်ကွာဟချက်ကြီးမားမှုက ပုံမှန်ကုန်သွယ်ရေး ငြင်းပယ်ခံရမှုကို အလတ်စားတင်ပို့သည့် ကုမ္ပဏီတစ်ခုအတွက် ပြင်းထန်သော ငွေကြေးဆုံးရှုံးမှုကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားစေနိုင်ကြောင်း သိရှိရပါသည်။
Source : Global Agriculture
DOCA(ရန်ကုန်)
