မလေးရှားနိုင်ငံ၏ ပို့ကုန် မြင့်တက်လာ

Powered by Drupal

          မလေးရှားနိုင်ငံ၏ ၂၀၂၆ ခုနှစ် ပထမ ၈ လအတွင်း ပို့ကုန်တန်ဖိုးသည် ယခင်နှစ် အလားတူကာလထက် ၃၁.၂ ရာခိုင်နှုန်း မြင့်တက်ကာ မလေးရှားရင်းဂစ် ၁.၃၆ ထရီလီယံ (အမေရိကန် ဒေါ်လာ ၃၃၀ ဘီလီယံခန့်) အထိ ရောက်ရှိခဲ့ကြောင်း စက်တင်ဘာလ ၁၈ ရက်နေ့ ထုတ်ပြန်သည့် တရားဝင်အချက်အလက်များအရ သိရသည်။

         အဆိုပါ ပို့ကုန်တန်ဖိုးသည် ၂၀၂၅ ခုနှစ် တစ်နှစ်လုံး၏ ပို့ကုန်တန်ဖိုးကိုပင် ကျော်လွန်နိုင်သည့် အခြေအနေသို့ ရောက်ရှိနေပြီး လျှပ်စစ်နှင့် အီလက်ထရွန်နစ်ပစ္စည်းများ တင်ပို့မှုအားကောင်းလာခြင်းကလည်း ပို့ကုန်တိုးတက်မှုကို အထောက်အကူပြုခဲ့သည်။ အဆိုပါကာလအတွင်း မလေးရှား၏ စုစုပေါင်းကုန်သွယ်မှုပမာဏမှာ ၂၇ ရာခိုင်နှုန်း မြင့်တက်ကာ ရင်းဂစ် ၂.၅၁ ထရီလီယံ ရှိခဲ့သည်။ သွင်းကုန်မှာလည်း ၂၂.၄ ရာခိုင်နှုန်း မြင့်တက်ပြီး ရင်းဂစ် ၁.၁၆ ထရီလီယံ ရှိခဲ့သည်။ ထို့အပြင် ကုန်သွယ်မှုပိုငွေမှာ ရင်းဂစ် ၁၉၈.၆၆ ဘီလီယံ ရှိခဲ့ပြီး ယခင်နှစ် အလားတူ ကာလတွင် ရရှိခဲ့သည့် ကုန်သွယ်မှုပိုငွေထက် နှစ်ဆကျော် မြင့်တက်ခဲ့ကြောင်း သိရသည်။

        မလေးရှား ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက မလေးရှားနိုင်ငံအနေဖြင့် နိုင်ငံတကာဈေးကွက်များတွင် ဈေးကွက်ဝေစု ပိုမိုတိုးချဲ့ရန်၊ မဟာဗျူဟာမြောက် စက်မှုလုပ်ငန်းများကို ပိုမိုခိုင်မာစေရန်နှင့် ပြည်ပတင်ပို့သူများအနေဖြင့် ကမ္ဘာ့ဈေးကွက်များမှ အခွင့်အလမ်းများကို ပိုမိုအသုံးချနိုင်ရန် ဆက်လက်ကြိုးပမ်းသွားမည်ဟု ပြောကြားခဲ့သည်။

           ဝန်ကြီးဌာနက လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက်များ (FTA) ကို ပိုမိုအသုံးချခြင်းနှင့် လက်ရှိဈေးကွက်များအပြင် ထွန်းသစ်စဈေးကွက်များနှင့် ဆက်ဆံရေး ပိုမိုနက်ရှိုင်းစေခြင်းတို့မှတစ်ဆင့် ပို့ကုန်တိုးချဲ့ရန် အခွင့်အလမ်းများ ပိုမိုရရှိလာမည်ဟု ပြောကြားခဲ့သည်။ ထို့အပြင် တန်ဖိုးမြင့်ထုတ်လုပ်မှုလုပ်ငန်းများဘက်သို့ ရွှေ့ပြောင်းလုပ်ကိုင်ခြင်းက မလေးရှား၏ ပို့ကုန်အခြေခံနှင့် ရေရှည်ကုန်သွယ်ရေးအနေအထားကို ပိုမိုခိုင်မာစေမည်ဟုလည်း ပြောကြားခဲ့သည်။

            ဩဂုတ်လတစ်လတည်းတွင် မလေးရှား၏ စုစုပေါင်းကုန်သွယ်မှုသည် ယခင်နှစ် အလားတူ လထက် ၄၃.၄ ရာခိုင်နှုန်း မြင့်တက်ကာ ရင်းဂစ် ၃၅၄.၀၁ ဘီလီယံ ရှိခဲ့သည်။ ထိုလအတွင်း ပို့ကုန်သည် ၄၅.၅ ရာခိုင်နှုန်း မြင့်တက်ပြီး ရင်းဂစ် ၁၉၁.၀၅ ဘီလီယံ ရှိခဲ့သလို သွင်းကုန်မှာ ၄၁.၁ ရာခိုင်နှုန်း မြင့်တက်ကာ ရင်းဂစ် ၁၆၂.၉၆ ဘီလီယံ ရှိခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                  

DOCA (ရန်ကုန်)