ကျောက်မီးသွေးမှ မီသနောထုတ်လုပ်မည့်စီမံကိန်း စတင်တည်ဆောက်နေသည့် အင်ဒိုနီးရှား

Powered by Drupal

             အင်ဒိုနီးရှားနိုင်ငံ East Kalimantan ပြည်နယ်တွင် ကျောက်မီးသွေးမှ မီသနောထုတ်လုပ် မည့်စီမံကိန်းကို စတင်တည်ဆောက်နေပြီဖြစ်ပြီး နှစ်စဉ် မီသနော မက်ထရစ်တန် ၁.၃ သန်း ထုတ်လုပ်နိုင်မည်ဟုမျှော်မှန်းထားကြောင်း စွမ်းအင်နှင့် သတ္တုသယံဇာတဝန်ကြီးဌာနက ဩဂုတ် လ ၃၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ စွမ်းအင်နှင့် သတ္တုသယံဇာတဝန်ကြီးဌာန ဒုတိယဝန်ကြီး Yuliot က အမျိုးသားမဟာဗျူဟာစီမံကိန်းအဖြစ်ဆောင်ရွက်သည့် အဆိုပါစီမံကိန်းသည် low-calorie ကျောက်မီးသွေးများကို မီသနောအဖြစ်ပြောင်းလဲထုတ်လုပ်ကာ ပြည်တွင်းစက်မှုလုပ်ငန်း များအတွက်အသုံးပြုမည်ဖြစ်ပြီး ယင်းမှတစ်ဆင့် ကျောက်မီးသွေးသယံဇာတ၏ တန်ဖိုးကို မြှင့်တင်ပေးနိုင်သည့်အပြင် စွမ်းအင်လုံခြုံရေးနှင့် စွမ်းအင်ဖူလုံရေးကို အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထိုစီမံကိန်းသည် သဘာဝသယံဇာတများတန်ဖိုးကို မြှင့်တင် ရန်၊ ပြည်တွင်းစက်မှုလုပ်ငန်းကိုခိုင်မာစေရန်၊ သွင်းကုန်အပေါ်မှီခိုနေရမှုကို လျှော့ချရန်နှင့် အမျိုးသားစွမ်းအင်လုံခြုံရေး၊ စွမ်းအင်ဖူလုံရေးတို့ကိုအထောက်အကူပြုရန် ၎င်းတို့ကြိုးပမ်းနေ သည့် အစီအစဉ်များ၏တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း Yuliot က ဂျကာတာမြို့၌ ထုတ်ပြန်သည့် ကြေညာချက်တွင် ပြောကြားခဲ့ပါသည်။ အဆိုပါစီမံကိန်းကို PT Arutmin Indonesia နှင့် PT Kaltim Prima Coal (KPC) တို့ ပူးပေါင်းတည်ထောင်ထားသည့် ဖက်စပ်ကုမ္ပဏီ PT Bumi Etam Chemical (BEC) က East Kalimantan ပြည်နယ်၊ East Kutai ခရိုင်ရှိ Batuta Chemical Industrial Park (BCIP) တွင် မြေဧရိယာ ၉၄၃ ဟက်တာခန့် အသုံးပြု၍ ဖော်ဆောင်နေခြင်း ဖြစ်ကြောင်း သိရပါသည်။ Yuliot သည် East Kutai ခရိုင် Belangon ဒေသ၌ကျင်းပသည့် ကျောက်မီးသွေးဓာတ်ငွေ့ပြောင်းလဲရေးစီမံကိန်း အုတ်မြစ်ချအခမ်းအနားသို့ တက်ရောက်၍ မီသနောထုတ်လုပ်ရေးစက်ရုံတည်ဆောက်မှုကိုစတင်ကြောင်း အတည်ပြုခဲ့ပါသည်။ စီမံကိန်း အနေဖြင့် နှစ်စဉ်ကယ်လိုရီတန်ဖိုး တစ်ကီလိုဂရမ်လျှင် ၃၃၀၀ မှ ၃၄၀၀ ကီလိုကယ်လိုရီရှိသည့် ကျောက်မီးသွေး မက်ထရစ်တန် ၇.၇၀ သန်းမှ ၇.၇၈ သန်းအထိ အသုံးပြုကာ International Methanol Producers and Consumers Association (IMPCA) ၏ Grade စံနှုန်းနှင့် ကိုက်ညီသည့်မီသနောအဖြစ် ပြောင်းလဲထုတ်လုပ်မည်ဖြစ်ကြောင်း သိရပါသည်။ ယင်းစီမံကိန်းမှ နှစ်စဉ် မီသနောမက်ထရစ်တန် ၁.၃ သန်း ထုတ်လုပ်နိုင်မည်ဟု မျှော်မှန်းထားပြီး ပြည်တွင်း လိုအပ်ချက်၏ တစ်စိတ်တစ်ပိုင်းကိုဖြည့်ဆည်းပေးကာ မီသနောသွင်းကုန် လျှော့ချနိုင်မည် ဖြစ်ကြောင်း သိရပါသည်။ ထို့ပြင် နှစ်စဉ် နိုင်ငံခြားငွေ အများဆုံး ရူပီး ၇.၁ ထရီလီယံအထိ ချွေတာနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။ ထိုအုတ်မြစ်ချအခမ်းအနားသည် ကျောက် မီးသွေး တန်ဖိုးမြှင့်ထုတ်လုပ်ရေးအပေါ်အခြေခံသည့် မီသနောစက်မှုလုပ်ငန်း တည်ဆောက်ရေး အတွက် လက်တွေ့ကျသောခြေလှမ်းများ စတင်လိုက်သည်ကို ပြသခြင်းဖြစ်ကြောင်း Yuliot က ပြောကြားခဲ့ပါသည်။ Kalimantan နှင့် ဆူမားတြားဒေသတို့တွင် low-calorie ကျောက်မီးသွေး အမြောက်အမြားရှိနေသည့်အတွက် BEC ၏ စီမံကိန်းသည် အခြားကျောက်မီးသွေးကုမ္ပဏီများ အတွက် စံပြစီမံကိန်းတစ်ရပ်ဖြစ်လာမည်ဟု အစိုးရကမျှော်လင့်ထားကြောင်း ၎င်းကဆိုပါသည်။
သမ္မတ Prabowo Subianto က ၎င်း၏ Asta Cita အစီအစဉ်အောက်တွင် ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဦးစားပေးလုပ်ငန်းအဖြစ် သတ်မှတ်ထားသည့် ထိုတန်ဖိုးမြှင့်ထုတ်လုပ်ရေးလုပ်ငန်း ကို ၎င်းတို့ကဆက်လက်မြှင့်တင်သွားမည်ဖြစ်ကြောင်း Yuliot က ပြောကြားခဲ့ပါသည်။  မီသနော စက်ရုံတွင် ဓာတ်ငွေ့ပြောင်းလဲရေးယူနစ်များ၊ ပေါင်းစပ်ဓာတ်ပြုကန်များ၊ လျှပ်စစ်ဓာတ်အားပေး စက်ရုံ၊ ရေသန့်စင်ရေးအဆောက်အအုံများနှင့် ဆိပ်ကမ်းစက်ရုံတို့ ပါဝင်မည်ဖြစ်ကြောင်း သိရ ပါသည်။ ထို့ပြင် စက်ရုံ၏နည်းပညာပိုင်းကိုလည်း ထုတ်လွှတ်မှုများထိန်းချုပ်နိုင်ရန် ဒီဇိုင်းရေးဆွဲ ထားပြီး ကာဗွန်ဖမ်းယူခြင်းနှင့် သိုလှောင်ခြင်း (CCS) စနစ်နှင့် ပေါင်းစပ်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရပါသည်။ ထုတ်လုပ်ရရှိသည့်မီသနောကို အထူးသဖြင့် ရေနံဓာတုစက်မှုလုပ်ငန်း နှင့် ဖော်မယ်လ်ဒီဟိုက်ဒ်ထုတ်လုပ်ရေးလုပ်ငန်းများအပါအဝင် ပြည်တွင်းစက်မှုလုပ်ငန်းများသို့ ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း သိရပါသည်။ ထို့အပြင် Fatty Acid Methyl Ester (FAME) ထုတ်လုပ်ရေးနှင့် B50 ဇီဝဒီဇယ်အစီအစဉ် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အထောက်အကူပြုမည် ဖြစ်ကြောင်း သိရပါသည်။ BEC ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Rio Supin က ကုမ္ပဏီ အနေဖြင့် ၂၀၂၆ ခုနှစ် ဇူလိုင် ၂၉ ရက်တွင် PT Istana Karang Laut (IKL) နှင့် China National Chemical Engineering Co. Ltd. (CNCEC) တို့နှင့် Front-End Engineering Design (FEED) ပြင်ဆင်ရေးနှင့် Engineering, Procurement, Construction and Commissioning (EPCC) Framework Agreement တို့ကိုချုပ်ဆိုခဲ့ပြီး အင်ဂျင်နီယာပိုင်းဆိုင်ရာအဆင့်သို့ ဝင်ရောက်နေပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှား၏ ပထမဆုံး ကျောက်မီးသွေးဓာတ်ငွေ့ပြောင်းလဲ ရေးစီမံကိန်းမှာ အကောင်အထည်ဖော်မှုအဆင့်ကိုဝင်ရောက်ရန် အဆင်သင့်ဖြစ်နေပြီး ဝန်ကြီး၏ လမ်းညွှန်ချက်အတိုင်း ၂၀၂၉ ခုနှစ်တွင် စက်ရုံစမ်းသပ်လည်ပတ်မှုစတင်နိုင်ရန် ရည်မှန်းထားကြောင်းနှင့် BEC အနေဖြင့် အမျိုးသားစွမ်းအင်ဖူလုံရေးနှင့် စွမ်းအင်လုံခြုံရေးကို အထောက်အကူ ပြုရန် အဆင်သင့်ရှိကြောင်း Rio က ပြောကြားခဲ့ပါသည်။ Yuliot က အဆိုပါစီမံကိန်းမှ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်း၊ ဆက်စပ်စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာစေခြင်း နှင့် သက်ဆိုင်သူများအတွက် စီးပွားရေးလှုပ်ရှားမှုများ ပိုမိုကျယ်ပြန့်လာစေခြင်းတို့မှတစ်ဆင့် စီးပွားရေးဆိုင်ရာ အကျိုးသက်ရောက်မှုများကို တိုးမြှင့်ပေးနိုင်မည်ဟု မျှော်မှန်းထားကြောင်း ပြောကြားခဲ့ပါသည်။ ကျောက်မီးသွေးမှ မီသနောထုတ်လုပ်သည့် အဆိုပါစီမံကိန်းသည် low-calorie ကျောက်မီးသွေးများကို တန်ဖိုးမြင့် စက်မှုထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်ရန်၊ သွင်းကုန်လျှော့ချရန်နှင့် ပြည်တွင်းစက်မှုလုပ်ငန်းကို ခိုင်မာစေရန် အင်ဒိုနီးရှားအစိုးရ၏ ကြိုးပမ်းမှုများအနက် တစ်ရပ်ဖြစ်ကြောင်း သိရပါသည်။

 DOCA (ရန်ကုန်)