ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

အမေရိကန်သို့ ပထမဆုံးအကြိမ် မြေသြဇာ တန်ချိန် ၄၀,၀၀၀ တင်ပို့နိုင်ခဲ့သည့် PVCFC

         ဗီယက်နမ်အမျိုးသား စက်မှု–စွမ်းအင်အုပ်စု (Petrovietnam) ၏ လက်အောက်ခံ ကုမ္ပဏီတစ်ခုဖြစ်သော Petrovietnam Ca Mau Fertiliser Corporation (PVCFC) သည် ကမ္ဘာ့အကြီးဆုံးနှင့် ဝယ်လိုအားအကောင်းဆုံး တင်သွင်းသည့်စျေးကွက်များထဲမှ တစ်ခုဖြစ်သည့် အမေရိကန်သို့ မြေသြဇာ တန်ချိန် ၄၀,၀၀၀ ကို ပထမဆုံးအကြိမ် အောင်မြင်စွာ တင်ပို့နိုင်ခဲ့ ကြောင်း သိရပါသည်။ ၎င်းလုပ်ဆောင်ချက်ကို PVCFC ၏ နိုင်ငံတကာစျေးကွက် တိုးချဲ့မှုမဟာ ဗျူဟာအတွက် အရေးပါသည့် မှတ်တိုင်တစ်ရပ်အဖြစ် သတ်မှတ်ထားကြောင်း သိရပါသည်။  သုံးစွဲမှုအလွန်မြင့်မားသော စျေးကွက်သို့ ဝင်ရောက်နိုင်ခြင်းအပြင် နည်းပညာ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ခြေရာခံနိုင်မှု စံချိန်စံညွှန်းများ တင်းကျပ်သည့် အမေရိကန်စျေးကွက်တွင် Ca Mau မြေသြဇာတည်ရှိလာခြင်းသည် ဗီယက်နမ်ထုတ်ကုန်များ၏ အရည်အသွေးနှင့် ယုံကြည် စိတ်ချရမှုကို အတည်ပြုရာရောက်ကြောင်း ကုမ္ပဏီက ပြောကြားခဲ့ပါသည်။ ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ ပြည်တွင်းစျေးကွက်မှာ လက်ရှိတွင် ရာသီအလိုက် လိုအပ်ချက်လျော့နည်းနေပြီး လဆန်းနှစ်သစ်ကူးပွဲတော် (Lunar New Year) ပြီးနောက် စိုက်ပျိုးရေးမှ ဝယ်လိုအားများ ကျဆင်းနေကြောင်း သိရပါသည်။ ထိုကာလအတွင်း တင်ပို့ရေးကို တိုးမြှင့်လုပ်ဆောင်ခြင်းသည် ပြည်တွင်းလက်ကျန်ကုန်ပစ္စည်းများ လျှော့ချနိုင်ရန်နှင့် ထုတ်လုပ်ရေး၊ စီးပွားရေး ထိရောက်မှုများ မြှင့်တင်နိုင်ရန် အထောက်အကူဖြစ်မည်ဟု ခန့်မှန်းရပြီး အထူးသဖြင့် ကမ္ဘာ့မြေသြဇာစျေးနှုန်း များသည် သင့်လျော်သောအဆင့်တွင် ဆက်လက်တည်ရှိနေကြောင်းလည်း သိရပါသည်။ ၂၀၂၆ ခုနှစ် ပထမသုံးလပတ်အတွင်း PVCFC သည် တင်ပို့မှုကြီးထွားမှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပြီး စုစုပေါင်း တင်ပို့မှုပမာဏ တန်ချိန် ၁၅၀,၀၀၀ သို့ ရောက်ရှိခဲ့ကာ ယခင်နှစ် တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၂၅ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရပါသည်။ ထို့အပြင် စံချိန်စံညွှန်းမြင့်မားသော ဩစတြေးလျ စျေးကွက်သို့လည်း တန်ချိန် ၃၂,၀၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရပါသည်။ ကုမ္ပဏီသည် ၂၀၂၆ ခုနှစ်အတွက် ပို့ကုန်-သွင်းကုန်လုပ်ငန်းများကို အဓိက ကြီးထွားမှုအင်အားတစ်ရပ်အဖြစ် သတ်မှတ်ထားပြီး စျေးကွက်ချဲ့ထွင်မှုနှင့် တန်ဖိုးကွင်းဆက် ထိရောက်မှု မြှင့်တင်ရေးကို ရည်ရွယ်ထားကြောင်း သိရပါသည်။ လက်ရှိတွင် တင်ပို့ခြင်းမှ ဝင်ငွေသည် ကုမ္ပဏီစုစုပေါင်းဝင်ငွေ၏ ခန့်မှန်းအားဖြင့် ၃၃ ရာခိုင်နှုန်းရှိပြီး စုစုပေါင်း ရောင်းအားပမာဏ ၏ ၃၀ ရာခိုင်နှုန်းခန့် ပါဝင်နေကြောင်း သိရပါသည်။ နိုင်ငံ ၁၈ နိုင်ငံတွင် စျေးကွက်ဝင်ရောက်ထားမှုအပေါ် အခြေခံ၍ PVCFC သည် ယခုနှစ်အတွင်း ၎င်းတို့၏နိုင်ငံတကာတွင် တည်ရှိမှုကို ဆက်လက်တိုးချဲ့သွားမည်ဖြစ်ကြောင်း သိရပါသည်။ ကမ္ဘောဒီးယားကဲ့သို့ အစဉ်အလာစျေးကွက်များကို အားကောင်းစွာ ထိန်းသိမ်းသွားမည်ဖြစ်ပြီး စံချိန်စံညွှန်းမြင့် စျေးကွက်များဖြစ်သည့် ဩစတြေးလျနှင့် နယူးဇီလန်တို့တွင်လည်း အခွင့်အလမ်းများ ရှာဖွေသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

စိုက်ပျိုးရေးကဏ္ဍ မြှင့်တင်ရန် ရဝမ်ဒါနှင့် IFAD တို့ အမေရိကန်ဒေါ်လာ ၇၈.၅ သန်းတန်ဖိုးရှိ ဘဏ္ဍာရေးသဘောတူညီချက် လက်မှတ်ရေးထိုး

          စိုက်ပျိုးရေးနှင့် ဆည်မြောင်းကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ရဝမ်ဒါနှင့် IFAD တို့ အမေရိကန် ဒေါ်လာ ၇၈.၅ သန်း တန်ဖိုးရှိ သဘောတူညီချက် လက်မှတ်ရေးထိုး ကီဂါလီ ရဝမ်ဒါအစိုးရနှင့် အပြည် ပြည်ဆိုင်ရာ စိုက်ပျိုးရေးဖွံ့ဖြိုးမှု ရန်ပုံငွေအဖွဲ့ (IFAD) တို့သည် နိုင်ငံ၏ စိုက်ပျိုးရေး ကဏ္ဍ ကို အဆင့်မြှင့်တင်ရန်အတွက် အမေရိကန်ဒေါ်လာ ၇၈.၅ သန်း တန်ဖိုးရှိ ဘဏ္ဍာရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း ရဝမ်ဒါ ဘဏ္ဍာရေးနှင့် စီးပွားရေး စီမံကိန်းဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ဆည်မြောင်းစီမံကိန်း ပံ့ပိုးခြင်း ယခုရန်ပုံငွေကို ရဝမ်ဒါ အရှေ့ပိုင်းရှိ Kayonza တောင်စောင်း ဆည်မြောင်းစီမံကိန်းအတွက် အဓိက အသုံးပြုသွားမည်ဖြစ်သည်။ အဆိုပါစီမံကိန်းသည် စိုက်ပျိုးမြေဧရိယာချဲ့ထွင်နိုင်ခြင်း၊ ရေစီမံခန့်ခွဲမှု ကောင်းမွန်စေခြင်းနှင့် သီးနှံအထွက်နှုန်း တိုးတက်စေခြင်းတို့အတွက် အသိအမှတ် ပြုခံထားရသော စီမံကိန်းဖြစ်သည်။ မိုးခေါင်မှုဒဏ်ကို ဖြေရှင်းခြင်း: Kayonza ခရိုင်သည် ပြီးခဲ့သည့်သုံးနှစ်အတွင်း မိုးရေချိန်အလွန်နည်းပါးခဲ့ပြီး ရေရှည်မိုးခေါင်မှုဒဏ်ကို ခံစားခဲ့ရသည်။ ယင်းကိုဖြေရှင်းရန်အတွက် ရေကုဗမီတာ ၁ သန်းဆံ့သော ဆည်တစ်ခုကို တည်ဆောက်ကာ စိုက်ပျိုးရေးအတွက် ရေ ပေးဝေသွားရန် စီစဉ်ထားသည်။ စိုက်ပျိုးရေးအပြင် အသေးစားမွေးမြူရေးကဏ္ဍ (Small livestock value chains) ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ပံ့ပိုးကူညီသွား မည်ဖြစ်သည်။ ဤစီမံကိန်း မှတစ်ဆင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရန်၊ ရာသီဥတုပြောင်းလဲမှု ဒဏ်ကိုခံနိုင်ရည်ရှိသော စိုက်ပျိုးရေး စနစ်ပေါ်ထွန်းလာစေရန်၊ စားနပ်ရိက္ခာဖူလုံမှုရှိစေရန်၊ ကျေးလက်နေ အိမ်ထောင်စုများ၏ ဝင်ငွေတိုးတက်လာစေရန် စသောအကျိုးကျေးဇူးများကိုရရှိရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                        

DOCA(ရန်ကုန်)

လာအိုနိုင်ငံ၌ MSME များ ဈေးကွက်ချဲ့ထွင်နိုင်ရေးနှင့် စီးပွားရေးအခွင့်အလမ်းများ မြှင့်တင်ရန် ပြပွဲကျင်းပ

         လာအိုနိုင်ငံ၏ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဈေးကွက်ချဲ့ထွင်နိုင်စေရန် ရည်ရွယ်၍ "Lao MSME Expo 2026" စီးပွား ရေးပြပွဲကို ဗီယန်ကျင်းမြို့တော်၌ ဖေဖော်ဝါရီလ၂၅ ရက်နေ့က စတင်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။ ပြပွဲ၏ အဓိကရည်ရွယ်ချက်များမှာ ပြည်တွင်း MSME လုပ်ငန်းရှင်များ၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကိုပြသရန်၊ စီးပွားရေးလုပ်ငန်းများ၏ မြင်သာမှုကို မြှင့်တင်ပေးပြီး ဈေးကွက်ချဲ့ထွင်နိုင်ရေး ကူညီပေးရန်။ ပြည်တွင်း/ ပြည်ပ စီးပွားရေးလုပ်ငန်းရှင်များအကြား ချိတ်ဆက်မှုများ ပိုမိုခိုင်မာလာစေရန်ဖြစ်သည်။ Lao Economic Daily ၏ ဖော်ပြချက်အရ အဆိုပါ ပြပွဲကို မတ်လ ၁ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး၊ ပြည်တွင်းမှ MSME လုပ်ငန်းများနှင့် ပြည် ပမှပါဝင်သူများ၏ ထုတ်ကုန်၊ ဝန်ဆောင်မှုများပါဝင်သည့် ပြခန်းပေါင်း ၂၅၀ ကျော်ကို ခင်းကျင်းပြသထားကြောင်း သိရသည်။ ထို့အပြင် ပြပွဲကာလအတွင်း လာအိုစီးပွားရေးလုပ်ငန်းများ၏ စွမ်းဆောင်ရည်နှင့် ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ရန်အတွက် အသိပညာပေးဆွေးနွေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် စီးပွားရေးလုပ်ငန်းရှင်များ အချင်းချင်းချိတ်ဆက်နိုင်မည့် Networking အစီအစဉ်များကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                        

DOCA(ရန်ကုန်)

ဂျပန်နိုင်ငံသို့ ဗီယက်နမ်နိုင်ငံ၏ လယ်ယာထွက်ကုန်တင်ပို့မှု ၁၈ ရာခိုင်နှုန်းအထိ တိုးတက်သွား

        ၂၀၂၅ ခုနှစ်အတွင်း ဂျပန်နိုင်ငံသို့ ဗီယက်နမ်၏ လယ်ယာထွက်ကုန် တင်ပို့မှုသည် ဂန္ဓာမာပန်း၊ ငှက်ပျောသီးနှင့် ကန်စွန်းဥတို့၏ ဝယ်လိုအားကြောင့် ၁၈ ရာခိုင်နှုန်းအထိ ခုန်တက်သွားပြီး အမေရိကန်ဒေါ်လာ ၂၃၇.၈ သန်းအထိ ရှိလာခဲ့သည်။

​          ဗီယက်နမ်အကောက်ခွန်ဌာန၏ အဆိုအရ အဆိုပါထွက်ကုန်သုံးမျိုးသည် စုစုပေါင်း တင်ပို့မှု၏ ဒေါ်လာ ၁၁၁.၆ သန်းအထိ ရှိခဲ့ကြောင်း သိရသည်။ ဂန္ဓာမာပန်း တင်ပို့မှုသည် ဒေါ်လာ ၄၃.၆ သန်းဖြင့် အများဆုံးဖြစ်ပြီး ၂၀၂၄ ခုနှစ်ထက် ၇.၀၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ငှက်ပျောသီးတင်ပို့မှုမှာမူ ၃၃ ရာခိုင်နှုန်း တိုးတက်လာပြီး ဒေါ်လာ ၄၂.၆ သန်း ရှိခဲ့သည်။

​          ယခုကဲ့သို့ တိုးတက်လာခြင်းမှာ ပုံမှန်ကုန်ပစ္စည်းပေးသွင်းနိုင်မှုနှင့် စံနှုန်းမြင့်မားသည့် စိုက်ပျိုးရေးနယ်မြေများကို ဖော်ဆောင်သည့် မဟာဗျူဟာကြောင့် ဖြစ်သည်။ Hoang Anh Gia Lai စိုက်ပျိုးရေးကုမ္ပဏီ၏ ဥက္ကဋ္ဌ ဖြစ်သူ Doan Nguyen Duc က ၎င်းတို့ကုမ္ပဏီအနေဖြင့် ဂျပန်သို့ တင်ပို့သည့် ငှက်ပျောသီးဈေးနှုန်းကို နှစ်ပေါင်းများစွာကြာအောင် တည်ငြိမ်စွာ ထိန်းထားနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

​          ကုမ္ပဏီအနေဖြင့် တစ်နှစ်ပတ်လုံး ကုန်ပစ္စည်းပေးသွင်းနိုင်ရန်အတွက် ဗီယက်နမ်အလယ်ပိုင်းရှိ စိုက်ခင်းများအပြင် လာအိုနိုင်ငံတွင်လည်း စိုက်ပျိုးရေးခြံများကို တိုးချဲ့ဖော်ဆောင်ထားသည်။ ကုန်းမြင့်ဒေသများတွင် စိုက်ပျိုးသည့် ထွက်ကုန်များသည် နေ့နှင့်ည အပူချိန်ကွာခြား ချက် ကြီးမားခြင်း၏ အကျိုးကျေးဇူးကို ရရှိကြသည်။ ထိုအချက်က အသီးအနှံများကို ဖြည်းဖြည်းချင်း ကြီးထွားစေပြီး ကစီဓာတ် စုဆောင်းမှုကို အားကောင်းစေကာ အနေတော် ချိုမြိန်မှုနှင့် မွှေးရနံ့ကို ရရှိစေသည်။ သင့်တော်သော မြေဆီလွှာအခြေအနေများက အသီးခွံများကို တောက်ပသော အဝါရောင်ရှိစေပြီး အနာအဆာ နည်းပါးစေသဖြင့် ဂျပန်နိုင်ငံ၏ တင်းကျပ်သော စံနှုန်းများကို ပြည့်မီစေသည်။

​          ခရမ်းသီး တင်ပို့မှုသည် ၁၇.၇ ရာခိုင်နှုန်း တိုးတက်ပြီး ဒေါ်လာ ၁၉.၉ သန်းကျော်ရှိခဲ့ကာ သရက်သီးတင်ပို့မှုမှာ ၁၃.၆ ရာခိုင်နှုန်း တိုးတက်ပြီး ဒေါ်လာ ၁၆.၈ သန်း ရှိခဲ့သည်။ ဂျပန်နိုင်ငံသည် အစားအသောက် ဘေးကင်းလုံခြုံမှု၊ ထုတ်ကုန်ဇစ်မြစ်ကို ပြန်လည်ခြေရာခံနိုင်မှု နှင့် ထုပ်ပိုးမှုစံနှုန်းများတွင် အလွန်မြင့်မားသည့် ဈေးကွက်ဖြစ်သော်လည်း ဝယ်လိုအားမှာမူ အမြဲတစေ တည်ငြိမ်ကြောင်း ဗီယက်နမ် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်အသင်းကဆိုသည်။

​           ဂျပန်စားသုံးသူများသည် တည်ငြိမ်သော အရည်အသွေး၊ ဆွဲဆောင်မှုရှိသော အသွင်အပြင်နှင့် တစ်နှစ်ပတ်လုံး ပုံမှန်ရရှိနိုင်မှုကို အဓိက လိုလားကြသည်။ ကိန်းဂဏန်းအချက်အလက်များအရ ဂျပန်နိုင်ငံသည် အပူပိုင်းဒေသထွက် သစ်သီးဝလံများကိုသာမက ဟင်းသီးဟင်းရွက်နှင့် ပန်းမန်များကိုပါ အများအပြား လိုလားလျက်ရှိသည်။ ၎င်းမှာ ဗီယက်နမ်လုပ်ငန်းရှင်များအတွက် အရည်အသွေးမြင့် ထုတ်လုပ်မှုတွင် ဆက်လက်ရင်းနှီးမြှုပ်နှံရန်၊ ထုတ်ကုန်တန်ဖိုးမြှင့်တင်ရန်နှင့် အမျိုးအစားစုံလင်စွာ ထုတ်လုပ်ခြင်းဖြင့် ဂျပန်ဈေးကွက်ဝေစုကို ထိန်းသိမ်းရန်အတွက် တွန်းအားတစ်ရပ်ဖြစ်စေကြောင်း သိရှိရပါသည်။

Source : VN Express                                                                           

DOCA (ရန်ကုန်)

တောင်ကိုရီးယားနိုင်ငံ၏ ပို့ကုန်များ စံချိန်တင် မြင့်မားစွာရောက်ရှိ

        တောင်ကိုရီးယားနိုင်ငံ၏ ပြည်တွင်းဖြစ် Semiconductors များ ဝယ်လိုအား မြင့်တက်နေခြင်းကြောင့် ဖေဖော်ဝါရီလအတွက် ပို့ကုန်တင်ပို့မှုမှာ စံချိန်တင် အမြင့်ဆုံးသို့ရောက်ရှိသွားကြောင်း မတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်သည့် အစိုးရကိန်းဂဏန်းများအရ သိရသည်။

​          စီးပွားရေးစနစ်၏ ထက်ဝက်ခန့်ရှိသော ပို့ကုန်ကဏ္ဍသည် ဖေဖော်ဝါရီလတွင် ၂၉ ရာခိုင်နှုန်း အထိ ခုန်တက်သွားပြီး အမေရိကန်ဒေါ်လာ ၆၇.၄၅ ဘီလီယံအထိ ရှိခဲ့သည်။ ၎င်းမှာ ယခင် ဖေဖော်ဝါရီလများတွင် တင်ပို့ခဲ့သည့် စံချိန်အားလုံးထက် ကျော်လွန်သွားခြင်းဖြစ်ကြောင်း ကုန်သွယ်ရေး၊ စက်မှုနှင့် အရင်းအမြစ်ဝန်ကြီးဌာနက ဆိုသည်။

​          တစ်ရက်လျှင် ပျမ်းမျှ ပို့ကုန်တင်ပို့မှုမှာလည်း ၄၉.၃ ရာခိုင်နှုန်း မြင့်တက်လာပြီး ၃.၅၅ ဘီလီယံဒေါ်လာအထိ ရှိခဲ့ရာ ပထမဆုံးအကြိမ်အဖြစ် ၃ ဘီလီယံဒေါ်လာအထက်သို့ ရောက်ရှိခဲ့သည်။ သွင်းကုန်တင်သွင်းမှုမှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် နှိုင်းယှဉ်ပါက ၇.၅ ရာခိုင်နှုန်း တိုးတက်လာပြီး ၅၁.၉၄ ဘီလီယံဒေါ်လာ ရှိခဲ့ရာ ကုန်သွယ်မှုပိုငွေမှာ ၁၅.၅၁ ဘီလီယံဒေါ်လာအထိ ရရှိခဲ့သည်။

​          တရုတ်နှစ်သစ်ကူး ရုံးပိတ်ရက်များကြောင့် အလုပ်လုပ်ရက် နည်းပါးခဲ့သော်လည်း နိုင်ငံ၏ အဓိက ပို့ကုန် ၁၅ မျိုးအနက် ထုတ်ကုန် ၅ မျိုးမှာ ပြည်ပတင်ပို့မှု တိုးတက်ခဲ့သည်။ Chip တင်ပို့မှုမှာ ၁၆၀.၈ ရာခိုင်နှုန်းအထိ သိသိသာသာ မြင့်တက်ခဲ့ပြီး တစ်လအတွင်း အမြင့်ဆုံးစံချိန်အသစ်ဖြစ်သည့် ၂၅.၁၆ ဘီလီယံဒေါ်လာသို့ ရောက်ရှိခဲ့ကာ ၃ လဆက်တိုက် ဒေါ်လာ ၂၀ ဘီလီယံအထက် တင်ပို့နိုင်ခဲ့သည်။

​       အဆိုပါ စံချိန်တင် Chip တင်ပို့နိုင်မှုမှာ ဉာဏ်ရည်တု (AI) နည်းပညာတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့လာခြင်းကြောင့် ဝယ်လိုအား အလွန်အမင်း မြင့်တက်လာခြင်းနှင့် Memory Chip ဈေးနှုန်းများ ခုန်တက်သွားခြင်းတို့ကြောင့်ဖြစ်သည်။ အမေရိကန်နိုင်ငံ၏ အခွန်စည်းကြပ်မှုဆိုင်ရာ ဆိုးကျိုး သက်ရောက်မှုများရှိနေသော်လည်း Chip ဝယ်လိုအား အလွန်မြင့်မားမှုကြောင့် အမေရိကန်သို့ တင်ပို့မှုမှာ ၂၉.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၁၂.၈၅ ဘီလီယံဒေါ်လာရှိခဲ့သည်။

​          အလားတူ အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) သို့ တင်ပို့မှုမှာ ၃၀.၄ ရာခိုင်နှုန်း တိုးတက်ပြီး ၁၂.၄၇ ဘီလီယံဒေါ်လာရှိကာ၊ ဥရောပသမဂ္ဂ (EU) သို့ တင်ပို့မှုမှာ ၁၀.၃ ရာခိုင်နှုန်း တိုးတက်ပြီး ၅.၆၀ ဘီလီယံဒေါ်လာ အသီးသီးရှိခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

ဗီယက်နမ်နိုင်ငံ၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ကဏ္ဍသည် အရှိန်မြင့်လာခဲ့

        ဗီယက်နမ်နိုင်ငံ၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် လုပ်ငန်းသည် ၂၀၂၆ ခုနှစ်သို့ တိုးတက်မှုလက္ခဏာများဖြင့် ဝင်ရောက်လာခဲ့သည်။ အကောက်ခွန်ဌာနမ၏ အချက်အလက်များအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှုဝင်ငွေသည် အမေရိကန်ဒေါ်လာ ၆၄၄ သန်းကျော် ရောက်ရှိခဲ့ပြီး ၂၀၂၅ ခုနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၇၂.၉% တိုးလာခဲ့သည်။

         ဇန်နဝါရီလသည် တရုတ်နှစ်သစ်ကူးကာလနှင့် တိုက်ဆိုင်နေပြီး တရုတ်ဈေးကွက်နှင့် ပြည်ပရှိ ဗီယက်နမ်လူမျိုးများကြားတွင် သစ်သီးဝလံများ ဝယ်လိုအားသိသိသာသာ မြင့်တက်လာပြီး ပို့ကုန်မြှင့်တင်ရေးကို အထောက်အကူပြုနေသည်။ ရာသီအလိုက်လိုအပ်ချက်များအပြင် ဗီယက်နမ်သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ၏ အရည်အသွေးသည် အဆက်မပြတ် တိုးတက်နေပြီး အမေရိကန်နှင့် EU ကဲ့သို့သော လိုအပ်ချက်များသော ဈေးကွက်များ၏ တင်းကျပ်သောစံနှုန်းများနှင့် ကိုက်ညီလျက်ရှိပါသည်။

        ဈေးကွက်အရ တရုတ်နိုင်ငံသည် ဗီယက်နမ်သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များအတွက် အကြီးဆုံးမိတ်ဖက်အဖြစ် ဆက်လက်ရပ်တည်လျက်ရှိသည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ဤဈေးကွက်သို့ ပို့ကုန်ဝင်ငွေသည် အမေရိကန်ဒေါ်လာ ၃၇၆ သန်းနီးပါးရှိခဲ့ပြီး ယခင်နှစ်ကာလတူ နှင့် နှိုင်းယှဉ်ပါက ၁၁၇.၆% တိုးလာပြီး လုပ်ငန်းတစ်ခုလုံး၏ စုစုပေါင်းပို့ကုန်တန်ဖိုး၏ ၅၈.၃၁% ရှိသည်။ အဓိကထုတ်ကုန်များတွင် ဒူးရင်းသီး၊ ငှက်ပျောသီး၊ နဂါးမောက်သီး၊ မန်ကျည်းသီး၊ အုန်းသီး စသည်တို့ ပါဝင်သည်။

            တရုတ်နိုင်ငံပြီးနောက် အမေရိကန်ဈေးကွက်မှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလနှင့် နှိုင်းယှဉ်ပါက ၅၆.၁% တိုးလာပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၄၈.၅၄ သန်းခန့် ရှိခဲ့သည်။ အမေရိကန်သို့ ပို့ကုန်များတွင် အဓိကအားဖြင့် ပြုပြင်ထားသော ဟင်းသီးဟင်းရွက်များ၊ ကျွဲကောသီးနှင့် အုန်းသီးကဲ့သို့သော သစ်သီးများပါဝင်သည်။

          EU ဈေးကွက်တွင် ပြုပြင်ထားသော သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များနှင့် သစ်သီးဖျော်ရည်များသည် ဆက်လက်လွှမ်းမိုးနေဆဲဖြစ်သည်။ တရုတ်ဈေးကွက်ကဲ့သို့ သိသိသာသာ မြင့်တက်လာခြင်းမရှိသော်လည်း EU သို့ တင်ပို့မှုများသည် တည်ငြိမ်သော တိုးတက်မှုကို ထိန်းသိမ်းထားပြီး ဗီယက်နမ်စီးပွားရေးလုပ်ငန်းများကို လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နိုင်စွမ်းနှင့် အရည်အသွေးစံနှုန်းများ တိုးတက်လာမှုကို ပြသလျက်ရှိကြောင်း သိရှိရပါသည်။

Source : Vn Economy                                                                         

DOCA (ရန်ကုန်)

အမေရိကန်စိုက်ပျိုးရေးထုတ်ကုန်တင်သွင်းမှုအတွက် နိုင်ငံ‌တော်ဘဏ္ဍာငွေ အသုံးပြုမည် မဟုတ်ကြောင်း အင်ဒိုနီးရှားပြောကြား 

         အင်ဒိုနီးရှားသည် အပြန်အလှန်ကုန်သွယ်ရေး သဘောတူညီချက် (Agreement on Reciprocal Trade) အရ အမေရိကန်ထံမှ အမေရိကဒေရှါ်လာ ၄.၅ ဘီလီယံခန့် တန်ဖိုးရှိသော စိုက်ပျိုးရေးထုတ်ကုန်များ တင်သွင်းရန်ကတိပြုထားမှုကို နိုင်ငံတော်ဘဏ္ဍာငွေ (APBN) အသုံးမပြုဘဲ ဆောင်ရွက်မည်ဖြစ်ကြောင်း အစိုးရအရာရှိတစ်ဦးက ပြောကြားခဲ့ပါသည်။ စီးပွားရေးရာ ညှိနှိုင်းဆွေးနွေးရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Haryo Limanseto က အစိုးရ၏ အခန်း ကဏ္ဍမှာ နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအကြား ပူးပေါင်းဆောင်ရွက်မှုများကို လမ်းညွှန်ညှိနှိုင်းပေးခြင်းနှင့် စည်းမျဉ်းထိန်းသိမ်းပေးခြင်းသာဖြစ်ကြောင်း အလေးထား ပြောကြားကာ အဆိုပါ တင်သွင်းမှုများကို အစိုးရမှ တိုက်ရိုက် ဦးဆောင်မည်ဆိုသော ထင်မြင်ချက်များကို ပယ်ချခဲ့ကြောင်း သိရပါသည်။ Limanseto ကအစိုးရသည် စည်းမျဉ်းချမှတ်သူနှင့် အရည်အသွေး စံနှုန်းများ ကြီးကြပ်သူအဖြစ်သာ ဆောင်ရွက်မည်ဖြစ်ပြီး အရောင်းအဝယ် ဆုံးဖြတ်ချက်များနှင့် ဘဏ္ဍာရေးကိစ္စများကို ပုဂ္ဂလိက ကဏ္ဍမှသာ လုံးဝတာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း၊  ထို တင်သွင်းရေးအစီအစဉ်သည် အသစ်မဟုတ်ကြောင်း၊ ပါဝင်သည့် ကုမ္ပဏီများသည် ၂၀၂၅ ခုနှစ် ဇူလိုင် ၇ ရက်နှင့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်တို့တွင် ဝါရှင်တန်မြို့တော်၌ ကျင်းပခဲ့သည့် Indonesia–US Business Summit အတွင်း နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်းနှင့် အင်ဒိုနီးရှား ကုန်သည်ကြီးများအသင်း (Kadin) နှင့် လုပ်ငန်းရှင်များအသင်း (Apindo) တို့ကလည်း အဆိုပါ သဘောတူညီချက်များကို ထောက်ခံကြောင်း ပြောကြားခဲ့ပါသည်။ ဝန်ကြီးဌာန၏ အချက်အလက်များအရ ၂၀၂၅ ခုနှစ်တွင် အမေရိကန်နိုင်ငံသည် အမေရိကန် ဒေါ်လာ ၃၁ ဘီလီယံဖြင့် အင်ဒိုနီးရှား၏ ဒုတိယအကြီးဆုံး ပို့ကုန်ဈေးကွက် ဖြစ်ပြီး စုစုပေါင်း တင်ပို့သည့်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၈၂.၉ ဘီလီယံ၏ ၁၁ ရာခိုင်နှုန်းရှိကြောင်း သိရပါသည်။ ၎င်းအခြေအနေအရ အင်ဒိုနီးရှားသည် အမေရိကန်နှင့်ဆက်ဆံ‌ရေးကိုထိန်းသိမ်း ခြင်းနှင့်အတူ ကုန်သွယ်ရေးဆက်ဆံမှုကို စီမံခန့်ခွဲရာတွင် မျှတစွာချည်းကပ်ဆောင်ရွက်ရမည် ဖြစ်ပြီး တစ်ချိန်တည်းမှာပင် ပြည်တွင်းထုတ်ကုန်များ၏ ယှဉ်ပြိုင်နိုင်စွမ်းကို ကာကွယ်ပေး ရမည်ဖြစ်ကြောင်း သိရပါသည်။ စိုက်ပျိုးရေးထုတ်ကုန်တင်သွင်းရေးသဘောတူညီချက်မှာ ကုန်ပစ္စည်းရင်းမြစ်မျိုးစုံ ကွဲပြားစေရန် ကြိုးပမ်းမှုတစ်ရပ်ဖြစ်ပြီး ဒေသတွင်းလုပ်ငန်းများနှင့် စက်မှုလုပ်ငန်းများအတွက် အရည်အသွေးမြင့်ပြီး ယှဉ်ပြိုင်နိုင်သည့် ဈေးနှုန်းများဖြင့် အခြေခံကုန်ကြမ်းများ လုံလောက်စွာရရှိစေရန် ရည်ရွယ်ထားကြောင်း သိရပါသည်။ သို့သော် ယခင်နှစ်တွင် အမေရိကန်ထုတ်ကုန်များသည် အင်ဒိုနီးရှား၏ စိုက်ပျိုးရေးထုတ်ကုန် တင်သွင်းမှု စုစုပေါင်း၏ ၉.၂ ရာခိုင်နှုန်းသာ ရှိပြီး အမေရိကန်ရင်းမြစ်အပေါ်မူတည်မှု မမြင့်မားကြောင်း ပြသနေသည်ဟု သိရပါသည်။ Limanseto က အမေရိကန် စိုက်ပျိုးရေးထုတ်ကုန်တင်သွင်းမှုများကို လွယ်ကူချောမွေ့စေရန် အစိုးရ၏ ကတိကဝတ်သည် ဈေးကွက်ဝင်ရောက်ခွင့် တိုးချဲ့ရေးနှင့် ပြည်တွင်းစက်မှုတန်ဖိုးကွင်းဆက်ကို အားကောင်းစေရန် ရည်ရွယ်သည့် ကျယ်ပြန့်သော မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ကြောင်း သိရှိရပါပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

ကုန်သွယ်ရေးကဏ္ဍ မြှင့်တင်ရန် အင်ဒိုနီးရှားနှင့် ဥဇဘက်ကစ္စတန်တို့ FTA ဆွေးနွေးပွဲများ စတင်ကျင်းပ

         အင်ဒိုနီးရှား ကုန်သွယ်ရေးဝန်ကြီး Budi Santoso နှင့် ဥဇဘက်ကစ္စတန် ရင်းနှီးမြှုပ်နှံမှု၊ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီး Laziz Kudratov တို့သည် မတ်လ ၂ ရက်နေ့တွင် နှစ်နိုင်ငံအကြား လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက် (FTA) အတွက် ဆွေးနွေးမှုများကို စတင်ခဲ့သည်။ ရေးသားထုတ်ပြန်ချက်တစ်ခုအရ အဆိုပါဆွေးနွေးမှုအစပြုခြင်းကို ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် နှစ်ဖက်ကိုယ်စားလှယ်များက ပူးတွဲကြေညာချက် လက်မှတ်ရေးထိုးခြင်းဖြင့် အမှတ်အသားပြုခဲ့သည်။ ထို့အပြင် နှစ်ဖက်စလုံးက ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ လုပ်ဆောင်ချက်သည် ပြောင်းလဲနေသော ကမ္ဘာ့စီးပွားရေးအခြေအနေများအကြား ပိုမိုနီးကပ်၊ ပွင့်လင်းပြီး ရေရှည်တည်တံ့သော စီးပွားရေးမိတ်ဖက်ဆက်ဆံရေးကို တည်ဆောက်လိုသည့် နှစ်နိုင်ငံလုံး၏ ရည်မှန်းချက်ကို ထင်ဟပ်စေသည်။ အင်ဒိုနီးရှား-ဥဇဘက်ကစ္စတန် FTA သည် နှစ်နိုင်ငံစလုံး၏ ထိပ်တန်း ထုတ်ကုန်များအတွက် ဈေးကွက်ချဲ့ထွင်နိုင်ရေး၊ တန်ဖိုးကွင်းဆက်များ ခိုင်မာစေရေးနှင့် အဏု၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) အပါအဝင် လုပ်ငန်းရှင်များအတွက် လက်တွေ့ကျသော အခွင့်အလမ်းများ ဖန်တီးပေးနိုင်လိမ့်မည်ဟု ဝန်ကြီးက မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ ဥဇဘက်ကစ္စတန်သည် အင်ဒိုနီးရှား၏ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုဆက်သွယ်ချိတ်ဆက်မှုကို မြှင့်တင်ရန်အတွက် အလယ်အာရှရှိ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံတစ်ခုဖြစ်သည်။ ၎င်း၏ မဟာဗျူဟာမြောက် ပထဝီဝင်အနေအထားသည် အင်ဒိုနီးရှားထုတ်ကုန်များအတွက် ပိုမိုကျယ်ပြန့်သော ဒေသတွင်းဈေးကွက်သို့ ဝင်ရောက်နိုင်သည့် တံခါးပေါက်တစ်ခု ဖြစ်လာနိုင်သည်။ အင်ဒိုနီးရှားညှိနှိုင်းရေးအဖွဲ့အနေဖြင့် နိုင်ငံ၏အကျိုးစီးပွားကိုကာကွယ်ရင်း သတ်မှတ်အချိန်အတွင်း ဆွေးနွေးမှုများကို အောင်မြင်စွာ အဆုံးသတ်နိုင်ရန် အကောင်းဆုံးနှင့် အပြုသဘောဆောင်၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း Santoso က အလေးပေးပြောကြားခဲ့သည်။ ထို့အပြင် ခိုင်မာသော မိတ်ဖက်ဆက်ဆံရေး အခြေခံအုတ်မြစ်ဖြင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးသည့်အတွက် Kudratov အား ၎င်းက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ တစ်ဖက်တွင်လည်း Kudratov က အင်ဒိုနီးရှားနှင့် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေရန်အတွက် ဥဇဘက်ကစ္စတန်၏ ခိုင်မာသောဆုံးဖြတ်ချက်ကို အတည်ပြုပြောကြားခဲ့သည်။ FTA စတင်သည့်အပြင် ဝန်ကြီးနှစ်ဦးသည် ပူးတွဲလုပ်ငန်းအဖွဲ့ တစ်ခုကို တည်ထောင်ခြင်းအပါအဝင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ လုပ်ငန်းအဖွဲ့သည် အချက်အလက်များ၊ ဗဟုသုတများနှင့် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများကို အပြန်အလှန် ဖလှယ်ခြင်း၊ အကျိုးအမြတ်ရှိမည့် စီမံကိန်းများကို ဖော်ထုတ်အကောင်အထည်ဖော်ခြင်း၊ ပူးတွဲလေ့ကျင့်ရေးအစီအစဉ်များ၊ အစည်းအဝေးများနှင့် ဆွေးနွေးပွဲများကို ကျင်းပသွားမည်ဖြစ်သည်။ ၂၀၂၅ ခုနှစ်တွင် အင်ဒိုနီးရှားနှင့် ဥဇဘက်ကစ္စတန်ကြား စုစုပေါင်းကုန် သွယ်မှုသည် အမေရိကန် ဒေါ်လာ ၁၈၁.၄ သန်းအထိ ရှိခဲ့ပြီး၊ ယင်းမှာ လွန်ခဲ့သည့် ငါးနှစ်အတွင်း (၂၀၂၁-၂၀၂၅) ၄၈.၉ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်သည်။ ဤတိုးတက်မှုသည် နှစ်နိုင်ငံရှိ စီးပွားရေးအသိုင်းအဝိုင်းများအကြား ယုံကြည်မှုမြင့်တက်လာခြင်းကို ပြသနေပြီး လက်ရှိဖြစ်ပေါ်နေသော အလားအလာများကို အမြင့်ဆုံးအသုံးချနိုင်ရန် ပိုမိုဖွဲ့စည်းမှုရှိသော မူဘောင်တစ်ခု လိုအပ်နေကြောင်း မီးမောင်းထိုးပြနေကြောင်း သိရှိရပါသည်။

Source : Antara                                                                         

DOCA(ရန်ကုန်)

မလေးရှား ကုန်သွယ်မှုကဏ္ဍ RM272.4 ဘီလီယံထိ တိုးတက်လာ ပို့ကုန်တင်ပို့မှုတွင် ပီနန်ပြည် နယ် ထိပ်ဆုံးမှရပ်တည်

           မလေးရှားနိုင်ငံ၏ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွက် စုစုပေါင်း ကုန်သွယ်မှုပမာဏသည် ရင်းဂစ် ၂၇၂.၄ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း မလေးရှား စာရင်းအင်းဌာန (DOSM) ၏ ထုတ်ပြန်ချက်အရ သိရသည်။ ယင်းအနက် ပို့ကုန်တန်ဖိုးမှာ ရင်းဂစ် ၁၄၆.၉ ဘီလီယံရှိပြီး သွင်းကုန်တန်ဖိုးမှာ ရင်းဂစ် ၁၂၅.၅ ဘီလီယံ အသီးသီးရှိခဲ့ကြသည်။ မလေးရှားနိုင်ငံ၏ အခြေခံစာရင်း အင်းပညာရှင်ချုပ် Datuk Seri Dr Mohd Uzir Mahidin က ပို့ကုန်တင်ပို့မှုသည် ပြီးခဲ့သည့်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ရင်းဂစ် ၂၄.၁ ဘီလီယံ (သို့မဟုတ်) ၁၉.၆ ရာခိုင်နှုန်း မြင့်တက် လာခဲ့ပြီး စုစုပေါင်း ရင်းဂစ် ၁၄၆.၉ ဘီလီယံအထိ ရှိလာခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပို့ကုန်တင်ပို့မှု တိုးတက်လာခြင်းသည် ပုလောပီနန် (ရင်းဂစ် ၂၂.၁ ဘီလီယံ)၊ ဂျိုဟိုး (ရင်းဂစ် ၅.၇ ဘီလီယံ)၊ ကွာလာလမ်ပူ (ရင်းဂစ် ၇၃၆.၄ သန်း)၊ ပေရတ် (ရင်းဂစ် ၃၇၃.၂ သန်း)၊ နက်ဂရီ ဆေဘီလန် (ရင်းဂစ် ၆၀.၅ သန်း) နှင့် ပါးလစ် (ရင်းဂစ် ၅.၇ သန်း) တို့မှ ပို့ကုန်များ ပိုမိုတင်ပို့ နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည် ဟု ၎င်းက ပြောကြားခဲ့သည်။ သို့သော်လည်း မလက္ကာ (ရင်းဂစ် ၁.၅ ဘီလီယံ)၊ ကဒါး (ရင်းဂစ် ၁.၅ ဘီလီယံ)၊ ထရန်ဂါနူး (ရင်းဂစ် ၅၄၉.၃ သန်း)၊ ပဟန်း (ရင်းဂစ် ၃၈၉.၈ သန်း)၊ ဆလန်ဂေါ (ရင်းဂစ် ၃၃၉.၁ သန်း)၊ လာဘာ (ရင်းဂစ် ၂၁၂.၃ သန်း)၊ ဆာရာဝါ (ရင်းဂစ် ၂၉၃.၈ သန်း)၊ ဆာဘား (ရင်းဂစ် ၈၂.၈ သန်း) နှင့် ကလန်တန် (ရင်းဂစ် ၅၁.၇ သန်း) ပြည်နယ်များတွင်မူ ပို့ကုန်တင်ပို့မှု ကျဆင်းခဲ့သည်။ ပုလောပီနန်ပြည်နယ်သည် မလေးရှား နိုင်ငံ၏ စုစုပေါင်းပို့ကုန်၏ ၄၄.၂ ရာခိုင်နှုန်းကို တင်ပို့ပေးထားပြီး ထိပ်ဆုံးမှ ဆက်လက်ရပ်တည်နေကာ ၎င်း၏နောက်တွင် ဂျိုဟိုး (၁၉.၇ ရာခိုင်နှုန်း)၊ ဆလန်ဂေါ (၁၄.၂ ရာခိုင်နှုန်း)၊ ဆာရာဝါ (၆.၁ ရာခိုင်နှုန်း) နှင့် ကွာလာလမ်ပူ (၃.၅ ရာခိုင်နှုန်း) တို့က အသီးသီးရပ်တည်လျက်ရှိသည်။  သွင်းကုန်ကဏ္ဍနှင့် ပတ်သက်၍ ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ၂၀၂၅ ခုနှစ် အလားတူလနှင့် နှိုင်းယှဉ်ပါက ၅.၃ ရာခိုင်နှုန်း (သို့မဟုတ်) ရင်းဂစ် ၆.၃ ဘီလီယံ မြင့်တက်လာခဲ့ကြောင်း Mohd Uzir က ပြောကြားခဲ့သည်။ သွင်းကုန်တိုးတက်မှုကို ပုလောပီနန် (ရင်းဂစ် ၃.၇ ဘီလီယံ)၊ ဆလန်ဂေါ (ရင်းဂစ် ၂.၀ ဘီလီယံ)၊ မလက္ကာ (ရင်းဂစ် ၁.၃ ဘီလီယံ)၊ ကွာလာလမ်ပူ (ရင်းဂစ် ၈၄၆.၀ သန်း)၊ ကဒါး (ရင်းဂစ် ၇၇၂.၀ သန်း)၊ ပေရတ် (ရင်းဂစ် ၂၃၆.၃ သန်း)၊ ဆာရာဝါ (ရင်းဂစ် ၇၆.၂ သန်း)၊ နက်ဂရီဆေဘီလန် (ရင်းဂစ် ၁၆၁.၁ သန်း) နှင့် လာဘวน (ရင်းဂစ် ၃.၀ သန်း) တို့က ဦးဆောင်ခဲ့ကြောင်း သိရသည်။ ဂျိုဟိုး (ရင်းဂစ် ၁.၈ ဘီလီယံ)၊ ပဟန်း (ရင်းဂစ် ၁၉၂.၅ သန်း)၊ ဆာဘား (ရင်းဂစ် ၇၁.၅ သန်း)၊ ပါးလစ် (ရင်းဂစ် ၄၁.၉ သန်း)၊ ကလန်တန် (ရင်းဂစ် ၂၆.၄ သန်း) နှင့် ထရန်ဂါနူး (ရင်းဂစ် ၁.၅ သန်း) ပြည်နယ်များတွင်မူ သွင်းကုန်တင်သွင်းမှု ကျဆင်းခဲ့သည်။ မလေးရှားနိုင်ငံ၏ စုစုပေါင်းသွင်းကုန်ပမာဏတွင် ပုလောပီနန်ပြည်နယ်က ၂၅.၈ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ပြီး ၎င်း၏နောက်တွင် ဆလန်ဂေါ (၂၅.၁ ရာခိုင်နှုန်း)၊ ဂျိုဟိုး (၂၁.၇ ရာခိုင်နှုန်း)၊ ကွာလာလမ်ပူ (၈.၇ ရာခိုင်နှုန်း) နှင့် ကဒါး (၅.၆ ရာခိုင်နှုန်း) ပြည်နယ်တို့က အသီးသီး ရပ်တည်နေ‌ကြောင်း သိရှိရပါသည်။

Source : Thestar                                                                        

DOCA(ရန်ကုန်)

အင်ဒိုနီးရှား စားအုန်းဆီတင်ပို့မှု ၅၉ ရာခိုင်နှုန်းကျော် တက်လာသော်လည်း ကုန်သွယ်မှုပိုငွေ ဆက်လက်ကျဆင်း

        အင်ဒိုနီးရှား ဗဟိုစာရင်းအင်းဌာန (BPS) ၏ အဆိုအရ အင်ဒိုနီးရှား စားအုန်းဆီ တင်ပို့သူများသည် ဇန်နဝါရီလအတွင်း တင်ပို့မှုများ အဆမတန် မြင့်တက်ခဲ့ခြင်းကြောင့် ၂၀၂၆ ခုနှစ်ကို အားကောင်းကောင်းဖြင့် စတင်နိုင်ခဲ့ကြသည်။ သို့သော်လည်း ထိုသို့ တိုးတက်လာမှုသည် နိုင်ငံ၏ တဖြည်းဖြည်း လျော့နည်းလာနေသည့် ကုန်သွယ်မှုပိုငွေ (Surplus) ကို ပြန်လည်ဆွဲတင်ပေးနိုင်ရန်အတွက်မူ လုံလောက်သော အနေအထားတွင် မရှိခဲ့ပေ။ ဂျကာတာမြို့တွင် မတ်လ ၂ ရက်နေ့ က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ အင်ဒိုနီးရှား ဗဟိုစာရင်းအင်းဌာန (BPS) ၏ ဒုတိယ အကြီးအကဲ Ateng Hartono က ၎င်းတို့၏ စားအုန်းဆီတင်ပို့မှုသည် တစ်နှစ်ထက်တစ်နှစ်နှိုင်း ယှဉ်ချက်အရ ၅၉.၆၃ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်ဟု ပြောကြားခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံသည် စားအုန်းဆီထောက်ပံ့မှုတွင် ထိပ်ဆုံးမှ ဦးဆောင်နေသည့်နိုင်ငံဖြစ်ပြီး၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း စားအုန်းဆီကုန်ကြမ်း (CPO) နှင့် ၎င်းမှဆင်းသက်လာသော ထုတ်ကုန်များ တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂.၂၉ ဘီလီယံအထိ ရှိခဲ့သည်။ နှိုင်းယှဉ်ချက်အနေဖြင့် ၂၀၂၅ ခုနှစ် အလားတူကာလတွင် အဆိုပါ တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁.၄၄ ဘီလီယံ သာရှိခဲ့သည်။ တင်ပို့မှုပမာဏမှာလည်း ယခင်နှစ်က တန်ချိန် ၁.၂၇ သန်း ရှိခဲ့ရာမှ ယခုနှစ်တွင် တန်ချိန် ၂.၂၄ သန်းအထိ ရှိလာသဖြင့် ၇၇.၀၇ ရာခိုင်နှုန်းအထိ အဆမတန် မြင့်တက်လာခဲ့သည်။ ဤကဏ္ဍသည် ၂၀၂၆ ခုနှစ်၏ ပထမလအတွင်း အင်ဒိုနီးရှားနိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ မဟုတ်သော ပို့ကုန်တန်ဖိုး၏ ၁၀.၇၈ ရာခိုင်နှုန်းခန့်ကို ပါဝင်ပံ့ပိုးပေးထားသည်။ အပြည်ပြည်ဆိုင်ရာ ဈေးကွက်တွင် စားအုန်းဆီကုန်ကြမ်း (CPO) ဈေးနှုန်းသည် ဇန်နဝါရီလအတွင်း တစ်တန်လျှင်ပျမ်းမျှ အမေရိကန်ဒေါ်လာ ၉၉၇.၈၂ ရှိခဲ့ပြီး ယခင်လနှင့် နှိုင်းယှဉ်ပါက ၁.၈၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ သို့သော်လည်း ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၆.၇၇ ရာခိုင်နှုန်း ဈေးနှုန်းကျဆင်းနေဆဲဖြစ်သည်။ အင်ဒိုနီးရှား စားအုန်းဆီကို မည်သည့်နိုင်ငံများက အဓိက ဝယ်ယူခဲ့သည် ဆိုသည့် အသေးစိတ်အချက်အလက်များကို BPS က ထုတ်ပြန်ခြင်းမရှိသော်လည်း၊ အီရန်နိုင်ငံသို့ အင်ဒိုနီးရှားမှ တင်ပို့သည့် ပစ္စည်းများထဲတွင် ဟင်းသီးဟင်းရွက်ဆီနှင့် အဆီအနှစ်များက အများဆုံးပါဝင်နေသည်။ ဇန်နဝါရီလအတွင်း အီရန်သို့ တင်ပို့ခဲ့သည့် ဟင်းသီးဟင်းရွက်ဆီနှင့် တိရစ္ဆာန်အဆီတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂.၁ သန်း ရှိခဲ့ပြီး၊ ၎င်းထဲတွင် စားအုန်းဆီအကြမ်းနှင့် အချောထည်များ ပါဝင်သည်။ လက်ရှိရရှိနိုင်သော အချက်အလက်များသည် ဇန်နဝါရီလအထိသာ ဖြစ်သောကြောင့် အရှေ့အလယ်ပိုင်း ပဋိပက္ခ၏ နောက်ဆက်တွဲ သက်ရောက်မှုများကိုမူ ထည့်သွင်းတွက်ချက်ထားခြင်း မရှိကြောင်း သိရသည်။ သို့သော်လည်း စားအုန်းဆီ တင်ပို့မှုသည် ဂဏန်းနှစ်လုံးအထိ (Double-digit) ရာခိုင်နှုန်းများစွာ မြင့်တက်လာခဲ့သော်လည်း အင်ဒိုနီးရှားနိုင်ငံ၏ လျော့နည်းနေသော ကုန်သွယ်မှုပိုငွေကို ပြန်လည်မြှင့်တင်ပေးနိုင်ရန်အတွက်မူ ဆက်လက်ပျက်ကွက်နေဆဲ ဖြစ်ကြောင်း သိရှိရပါသည်။

Source : jarkartarglobe                                                              

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ