ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ကမ္ဘောဒီးယားပြည်တွင်းထုတ်ကုန်များ မြှင့်တင်ရန် ပို့ကုန်ဝန်ဆောင်မှုစင်တာ ဖွင့်လှစ်

      ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပြည်တွင်းထုတ်ကုန်များကို မြှင့်တင်ရန်နှင့်နိုင်ငံတကာဈေးကွက်ချဲ့ထွင်ရန်အတွက် ပို့ကုန်ဝန်ဆောင်မှု စင်တာ(ESC) ကို တရားဝင်ဖွင့်လှစ်ခဲ့သည်။ ESC သည် ပို့ကုန်လုပ်ထုံးလုပ်နည်းများဆိုင်ရာ သင်တန်းများ၊ ဝယ်ယူသူများနှင့် ချိတ်ဆက်ခြင်းဆိုင်ရာ အရေးကြီးသော သိမြင်မှုများကို ထောက်ပံ့ခြင်းဖြင့် ပို့ကုန်လုပ်ငန်းရှင်များကို ပံ့ပိုးရန်ရည်ရွယ်သည်။ အဆိုပါအခမ်းအနားကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Cham Nimul မှ ဥက္ကဋ္ဌ အဖြစ်ဦးဆောင် ကျင်းပခဲ့ပြီး  သံအမတ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ နှင့်ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ ESC တည်ထောင်ခြင်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများမှ သွင်းကုန်မြှင့်တင်ရေးဗဟိုဌာန ( CBI ) နှင့်ပူးပေါင်း၍ ကမ္ဘောဒီးယားပို့ကုန်များကို မြှင့်တင်ရန်နှင့် ကုန်သည်များအား နိုင်ငံတကာဈေးကွက်အတွက် ပြင်ဆင်ရာတွင် ကူညီရန်ရည်ရွယ်သည်။ ပို့ကုန်နှင့် ပတ်သက်သည့် လုပ်ထုံးလုပ်နည်းများအကြောင်း ပို့မိုလေ့လာလိုသော စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၏ Website နှင့် ပို့ကုန်ဝန်ဆောင်မှုစင်တာသို့ ဆက်သွယ်လေ့လာနိုင်ကြောင်း အသိပေးပြောကြားခဲ့သည်။

Source: Khmer Times

DOCA(ရန်ကုန်)

ဗီယက်နမ်လတ်ဆတ်သော အုန်းသီးများ ပြည်ပဈေးကွက်သစ်များတွင် စားသုံးမှုမြင့်တက်လျက်ရှိ

        ဗီယက်နမ်၏ လတ်ဆတ်သော အုန်းသီးများမှာ အမေရိကန်၊ တရုတ်နှင့် UK ကဲ့သို့သော ပြည်ပဈေးကွက်များတွင် စားသုံးမှုမြင့်တက်လျက်ရှိပြီး ဗီယက်နမ်သစ်သီးတင်ပို့မှုကဏ္ဍသည် အနာဂတ်တွင် ထိုးဖောက်နိုင်ရန်အတွက် များစွာသောအခွင့်အလမ်းများနှင့်အတူ တောက်ပသည့်အနာဂတ်ရှိနေခြင်းကို မီးမောင်းထိုးပြနေကြောင်းသိရပါသည်။ ဗီယက်နမ်သည် ကမ္ဘာ့ အုန်းသီးဈေးကွက်တွင် စိုက်ခင်းဧရိယာနှင့် ထွက်ရှိမှုတို့တွင် နံပါတ်၆နေရာ၌ ရပ်တည်နေကြောင်းသိရပါသည်။ စိုက်ခင်း ၂၀၀၀၀၀ဟတ်တာရှိခြင်းနှင့်အတူ ဗီယက်နမ်သည် အုန်းသီး နှစ်စဉ်တန်ချိန် ၂သန်းခန့်ထုတ်လုပ်နိုင်ကြောင်းသိရပါသည်။ ထိုထုတ်လုပ်မှုစွမ်းရည်နှင့်အတူ ဗီယက်နမ်သည် ပြည်ပဈေးကွက် ၁၅ခုသို့ တန်၃၀၀၀၀တင်ပို့လျက်ရှိကြောင်းသိရပါသည်။ ဗီယက်နမ်အုန်းသီးများကို အနောက်ခြမ်းဈေးကွက်သို့ ၂၀၁၇ခုနှစ်မှစ၍ တင်ပို့ခဲ့ခြင်းဖြစ်ပြီး Vina T&T ကုမ္ပဏီက ယခင် ထိုင်းအုန်းသီးများကလွှမ်းမိုးထားသည့် အမေရိကန်ဈေးကွက်သို့ ဦးဆောင်ရှေ့ပြေးအနေဖြင့် ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ တရုတ်နိုင်ငံသို့ တင်ပို့ခွင့်ရရန်အတွက် ၂၀၁၆ မှစ၍ ညှိနှိုင်းဆွေးနွေးခဲ့ပြီး လတ်တလောတွင် တရုတ်နိုင်ငံက ပို့ကုန်သဘောတူခွင့်ပြုလိုက်ကြောင်းသိရပါသည်။ Vina T&T ၏ အထွေထွေညွှန်ကြားရေးမှူးဖြစ်သူ Nguyen Dinh Tung က ဗီယက်နမ်အုန်းသီးများသည် ချိုမြိန်မှုကြောင့် လူသိများပြီး အမေရိကန်၊ ဥရောပ၊ ကနေဒါနှင့် တောင်ကိုရီးယားနိုင်ငံတို့ထံမှ စားသုံးသူများ၏ သဘောကျမှုခံရကြောင်းပြောကြားခဲ့ပါသည်။ တရုတ်ဈေးကွက်အနေဖြင့် Vina T&T သည် ထိုဈေးကွက်သို့ ပထမအသုတ်တင်ပို့ရန်အတွက် တရုတ်ကုမ္ပဏီ ၂ခုဖြင့် စာချုပ်လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်းသိရပါသည်။ လူဦးရေ ၁.၄ ဘီလီယံ ကျော်နှင့်အတူ ပြည်တွင်းထုတ်လုပ်နိုင်အားသည် စားသုံးလိုအား ၏ ၁၀% သာဖြည့်စွမ်းနိုင်သည့်အတွက် တရုတ်နိုင်ငံသည် ကြီးမားသောအလားအလာရှိသည့် ဈေးကွက်ကို ပိုင်ဆိုင်ထားကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန (MARD) ၏ ဒုတိယဝန်ကြီးဖြစ်သူ Hoang Trung က တရုတ်နိုင်ငံ၏ အုန်းသီးစားသုံးမှုသည် နှစ်စဉ် ၄ဘီလီယံကျော်ရှိပြီး ၂.၆ ဘီလီယံခန့်သည် လတ်ဆက်သော အုန်းသီးများဖြစ်ကြောင်းသိရပါသည်။ တရုတ်နိုင်ငံ၏ ဝယ်လိုအားမြင့်ပြီး ထုတ်လုပ်နိုင်စွမ်းအကန့်အသတ်ရှိနေခြင်းသည် ဗီယက်နမ်အတွက် အခွင့်အလမ်းဖြစ်ကြောင်းသိရပါသည်။ MARD ၏ အချက်အလက်များအရ လတ်ဆတ်သောအုန်းသီးတင်ပို့မှုသည် ဒူးရင်း၊ နဂါးမောက်သီး၊ ငှက်ပျောသီး၊ သရက်သီးနှင့် ပိန္နဲသီးတို့နောက်တွင် ဗီယက်နမ် ၆ခုမြောက်ပို့ကုန်ဝင်ငွေအများဆုံး သစ်သီးအမျိုးအစားဖြစ်ကြောင်းသိရပါသည်။ ၂၀၂၄ခုနှစ်၏ ပထမ ၁၀လတာကာလတွင် အုန်းသီးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း၁၂၀ရရှိကြောင်း ခန့်မှန်းရသည်ဟုသိရပါသည်။

Source : VietnamPlus

DOCA(ရန်ကုန်)

ကမ္ဘာပေါ်တွင် လက်ဖက်တင်ပို့မှု၌ ဗီယက်နမ်အဆင့် ၅ နေရာရပ်တည်

    ယခုနှစ် စက်တင်ဘာလကုန်တွင် ဗီယက်နမ်သည် ကမ္ဘာ့ ၅ ခုမြောက် အကြီးမားဆုံး လက်ဖက်တင်ပို့သူဖြစ်လာပြီး တန်ချိန် ၁၀၈၀၀၀ တန်တင်ပို့ရာမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၁၈၉ သန်းရရှိခဲ့ကြောင်း သိရပါသည်။ ၂၀၂၃ ခုနှစ် တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက ပမာဏ တွင် ၃၁.၉% မြင့်တက်လာပြီး တန်ဖိုးတွင် ၃၄.၂% မြင့်တက်လာကြောင်း သိရပါသည်။ ထို အချက်အလက်ကို သီးနှံထုတ်လုပ်ရေးဦးစီးဌာန၊ ဗီယက်နမ်ဥယျာဉ်ပန်းခြံအသင်းနှင့် Nothern Mountainous Agriculture and Forestry Science Institute တို့က Phu Tho ပြည်နယ်တွင် နိုဝင်ဘာလ ၅ ရက်နေ့က ကျင်းပခဲ့သော အရည်အသွေးမြင့်မားသော လက်ဖက်ကို ထုတ်လုပ်မှုနှင့် စားသုံးမှုမြှင့်တင်ရေး ကွန်ဖရန့်တွင် ရရှိခဲ့ကြောင်း သိရပါသည်။ စိုက်ခင်းဧရိယာများ အနည်းငယ် လျှော့ကျခဲ့သော်လည်း ထုတ်လုပ်နိုင်စွမ်းမြင့်တက်လာသောကြောင့် လက်ဖက်ထွက်ရှိမှုသည် လတ်တလောနှစ်များတွင် မြင့်တက်လာကြောင်း သီးနှံထုတ်လုပ်ရေးဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ Nguyen Quoc Manh ၏ အဆိုအရ သိရပါသည်။ ၂၀၂၂ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံတွင်း ရောင်းချခဲ့သော လက်ဖက် တန်ချိန် ၄၈၀၀၀ သည် အမေရိကန်ဒေါ်လာ ၃၂၅ သန်းတန်ကြေးရှိပြီး ပြည်ပသို့တင်ပို့ခဲ့သော လက်ဖက်တန်ချိန် ၁၄၆၀၀၀ သည် တန်ဖိုး အမေရိကန်ဒေါ်လာ ၂၃၇ သန်းသာရှိကြောင်း သိရပါသည်။ Manh က ပြည်တွင်း လက်ဖက်စားသုံးမှု ပမာဏသည် ပြည်ပသို့ တင်ပို့သည့် ပမာဏ၏ သုံးပုံတစ်ပုံသာရှိကြောင်း၊ သို့သော် ပြည်တွင်းစားသုံးသည့် တန်ဖိုးသည် ပိုမြင့်ကြောင်းနှင့် တင်ပို့သည့် တန်ဖိုးမြှင့်တင်ရန် နည်းလမ်းများ ရှာဖွေခြင်းသည် ဗီယက်နမ်လက်ဖက်လုပ်ငန်းအတွက် ဆက်လက်စိန်ခေါ်မှု ဖြစ်နေကြောင်း ပြောကြားခဲ့ပါသည်။ ဗီယက်နမ်၏ လက်ဖက်ထုတ်ကုန်များကို နိုင်ငံနှင့် ဒေသပေါင်း ၁၀၀ ကျော်သို့ တင်ပို့လျက်ရှိပြီး အဓိက ဈေးကွက်များတွင် ပါကစ္စတန်၊ ထိုင်ဝမ်၊ ရုရှား၊ တရုတ်၊ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့ ပါဝင်ကြောင်းအရည်အသွေးပြုပြင်ထုတ်လုပ်ရေးနှင့် ဈေကွက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏အဆိုအရ သိရပါသည်။ ဗီယက်နမ်သည် လက်ဖက်အမျိုးအစား ၁၅ မျိုးခန့် ပြုပြင်ထုတ်လုပ်လျက်ရှိပြီး အနက်နှင့် အစိမ်းရောင်လက်ဖက်မှာ အဓိက အမျိုးအစားများဖြစ်ကြောင်း သိရပါသည်။

Source : Vietnamplus

DOCA(ရန်ကုန်)

                                     

၂၀၂၄ခုနှစ်၏ ကမ္ဘာတစ်ဝန်းရှိ ဆန်အများဆုံးထွက်ရှိသော နိုင်ငံ (၁၀)နိုင်ငံ

        ဆန်သည် ကမ္ဘာပေါ်တွင် အရေးကြီးဆုံးသော အစားအစာများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး မတူညီကွဲပြားသော ယဉ်ကျေးမှုများနှင့် အစားအစာများမှတစ်ဆင့် လူသန်းပေါင်းများစွာ အား အဟာရဖြည့်တင်းပေးလျက်ရှိသည်။ ဆန်သည် လွန်ခဲ့သောနှစ်ပေါင်း ၁၀၀၀၀ ကျော်ခန့်က အာရှတိုက်တွင် စတင်ပေါက်ဖွားလာခဲ့ခြင်းဖြစ်ပြီး ၎င်းသည် အိန္ဒိယဘာစမာတီအမျိုးအစားမှ ဂျပန်တွင် လူကြိုက်များသော စေးကပ်သောမျိုးကွဲများအထိ ကမ္ဘာတစ်ဝန်းရှိ အစားအစာများ၏ အခြေခံအစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့သည်။ Carbohydrate များကြွယ်ဝစွာပါဝင်သော ဆန်သည် အရေးကြီးစွမ်းအင်အရင်းအမြစ်ကိုပံ့ပိုးပေးကာ ပါဝင်ပစ္စည်းအမျိုးမျိုးဖြင့် မကြာခဏတွဲစပ်ပြီး အသုံးပြုခြင်းဖြင့် ၎င်း၏ဘက်စုံအသုံးပြုနိုင်မှုကိုမြင့်တက်စေသည်။ ၎င်း၏ အချက်အပြုတ်ဆိုင်ရာအရေးပါမှုအပြင် စပါးစိုက်ပျိုးခြင်းသည် နိုင်ငံများစွာ၏ စီးပွားရေးတွင် အရေးပါသောအခန်းကဏ္ဍမှပါဝင်နေပြီး ၎င်းသည် အစားအစာအရင်းအမြစ်သာမက ယဉ်ကျေးမှုနှင့် စီးပွားရေးဆိုင်ရာ အခြေခံအုတ်မြစ်တစ်ခုလည်းဖြစ်သည်။ ၂၀၂၄ခုနှစ်၏ ဆန်အများဆုံးထွက်ရှိသော နိုင်ငံ(၁၀)နိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် ကမ္ဘာ့ဆန်ထုတ်လုပ်မှု၏ ၂၈% (မတ်ထရစ်တန်ချိန် ၁၄၄.၆၂ သန်း)ဖြင့် နံပါတ်(၁)နေရာတွင် ရပ်တည်နေပြီး၊ နံပါတ်(၂) အနေဖြင့် အိန္ဒိယနိုင်ငံမှ ကမ္ဘာ့ဆန်ထုတ်လုပ်မှု၏ ၂၆% (မတ်ထရစ်တန်ချိန် ၁၃၇.၈၃ သန်း)၊ နံပါတ်(၃) အနေဖြင့် ဘင်္ဂလားဒေ့ရှ်မှ ကမ္ဘာ့ဆန်ထုတ်လုပ်မှု၏ ၇% (မတ်ထရစ်တန်ချိန် ၃၇သန်း)၊ နံပါတ်(၄)အနေဖြင့် အင်ဒိုနီးရှားမှ ကမ္ဘာ့ဆန်ထုတ်လုပ်မှု၏ ၆% (မတ်ထရစ်တန်ချိန် ၃၃.၀၂ သန်း)၊ နံပါတ်(၅)အနေဖြင့် ဗီယက်နမ်မှ ကမ္ဘာ့ဆန်ထုတ်လုပ်မှု၏ ၅% (မတ်ထရစ် တန်ချိန် ၂၆.၆၃ သန်း)၊ နံပါတ်(၆)အနေဖြင့် ထိုင်းနိုင်ငံမှ ကမ္ဘာ့ဆန်ထုတ်လုပ်မှု၏ ၄% (မတ်ထရစ်တန်ချိန် ၂၀ သန်း)၊ နံပါတ်(၇)အနေဖြင့် ဖိလစ်ပိုင်မှ ကမ္ဘာ့ဆန်ထုတ်လုပ်မှု၏ ၂% (မတ်ထရစ်တန်ချိန် ၁၂.၃၃ သန်း)၊ နံပါတ်(၈)အနေဖြင့် မြန်မာနိုင်ငံမှ ကမ္ဘာ့ဆန်ထုတ်လုပ်မှု၏ ၂% (မတ်ထရစ်တန်ချိန် ၁၁.၉ သန်း)၊ နံပါတ်(၉)အနေဖြင့် ပါကစ္စတန်နိုင်ငံမှ ကမ္ဘာ့ဆန်ထုတ်လုပ်မှု၏ ၂% (မတ်ထရစ်တန်ချိန် ၉.၈၇ သန်း)၊ နံပါတ်(၁၀)အနေဖြင့် ဂျပန်နိုင်ငံမှ ကမ္ဘာ့ဆန်ထုတ်လုပ်မှု၏ ၁% (မတ်ထရစ်တန်ချိန် ၇.၃ သန်း) စသည်ဖြင့် အသီးသီးရပ်တည်လျက်ရှိသည်။

Source : jagranjosh

DOCA(ရန်ကုန်)

ဗီယက်နမ်ဟင်းသီးဟင်းရွက်နှင့် သစ်သီးတင်ပို့မှု စံချိန်တင် အမေရိကန်ဒေါ်လာ ၇.၅ ဘီလီယံရရှိနိုင်

    ဗီယက်နမ်သည် ယခုနှစ်တွင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးတင်ပို့မှုများမှတဆင့် စံချိန်တင်အမေရိကန်ဒေါ်လာ ၇.၅ ဘီလီယံရရှိနိုင်ကြောင်း ဗီယက်နမ်သစ်သီးနှင့် ဟင်းသီးဟင်း ရွက်အသင်း (Vinafruit) ၏ အဆိုအရ သီရပါသည်။ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ အချက်အလက်များအရ ယခုနှစ်၏ ပထမ ၁၀ လတွင် ထိုထုတ်ကုန်များ တင်ပို့မှုမှတဆင့် အမေရိကန်ဒေါ်လာ ၆.၃၄ ဘီလီယံရရှိခဲ့ပြီး ၂၀၂၃ ခုနှစ် တူညီသည့်ကာလထက် ၃၁.၅% မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထိုကာလတွင် ဒူးရင်းတင်ပို့မှုမှတဆင့် အမေရိကန်ဒေါ်လာ ၃ ဘီလီယံဖြင့် အများဆုံးရရှိခဲ့ပြီး ဟင်းသီးဟင်းရွက်နှင့် သစ်သီးတင်ပို့ရာမှ စုစုပေါင်း ဝင်ငွေ ရရှိမှု၏ ၅၀% နီးပါးရှိကြောင်း သိရပါသည်။ ငှက်ပျောသီး၊ သရက်သီး၊ နဂါးမောက်သီးနှင့် ပြုပြင်ထားသော ထုတ်ကုန်များ စသည်တို့မှာလည်း အရေးပါသည့်ကဏ္ဍတွင် ရှိနေကြောင်း သိရပါသည်။ တရုတ်သည် ဗီယက်နမ်သစ်သီးနှင့် ဟင်းသီးဟင်းရွက်များအား အကြီးမားဆုံးဝယ်ယူသူအဖြစ် ဆက်လက်ရပ်တည်နေပြီး ယခုနှစ် ပထမ ၉ လတာကာလတွင် တင်သွင်းမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃.၈ ဘီလီယံရှိခဲ့ပြီး ၂၀၂၃ တူညီသည့်ကာလထက် ၃၈% မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထို့ပြင် ထိုင်း၊ အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်အစရှိသည့် ဈေးကွက်များတွင်လည်း အားကောင်းစွာ ကြီးထွားမှု ပြခဲ့ကြောင်းသိရပါသည်။ ယခုနှစ်တွင် ဒူးရင်းတင်ပို့မှုမှတဆင့် ဝင်ငွေ အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံရရှိနိုင်ပြီး မည်သည့်သစ်သီးမဆို ထိုသို့ရရှိနိုင်ရန်ခက်ခဲသဖြင့် သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ခဲ့ကြောင်းသိရပါသည်။ လက်ဆတ် သော အုန်းသီးတင်ပို့မှုမှာ ဒူးရင်းကဲ့သို့ မများသော်လည်း တရုတ်နိုင်ငံထံမှ အုန်းသီးတင်ပို့ရန်အတွက် လတ်တလော ခွင့်ပြုချက်ရထားခြင်းသည် အပေါင်းလက္ခဏာဆောင်ပြီး စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်များက အုန်းသီးတင်ပို့မှု အရှိန်ဖြင့် တင်ပေးနိုင်ကြောင်း သိရပါသည်။ ဗီယက်နမ်အုန်းသီးအသင်း အထွေထွေအတွင်းရေးမှူးဖြစ်သူ Cao Ba Dang Khoa က တရုတ်ဈေးကွက်တွင် အုန်းသီးဝယ်လိုအားသည် အပိုင်း ၅ ပိုင်းကွဲပြားပြီး SME က လုပ်ငန်းရှင်များလည်း ထိုဈေးကွက်သို့ ဝင်ရောက်နိုင်ကြောင်းနှင့် ထုတ်ကုန်အရည်အသွေး အတွက် ထောက်ပံ့ပို့ဆောင်ရေး၊ ဈေးကွက်ဝင်ရောက်နိုင်စွမ်းနှင့် အရင်းအမြစ်စသည်တို့တွင် စီးပွားရေးလုပ်ငန်းများ အားကောင်းရန်လိုအပ်သည့် အမေရိကန်နှင့် ဥရောပသမဂ္ဂ တို့နှင့်မတူညီကြောင်း ပြောကြားခဲ့ပါသည်။ လတ်တလောတွင် ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံတွင် အုန်းသီးဈေးကွက် ၆၀% ကို ပိုင်ဆိုင်ထားကြောင်း သိရပါသည်။

Source : VietnamPlus

DOCA(ရန်ကုန်)

 

Foxconn က ဗီယက်နမ်တွင် Chip ထုတ်လုပ်မှုစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ သန်း၈၀ရင်းနှီးမြှုပ်နှံမည်

         ထိုင်ဝမ်နည်းပညာအင်အားကြီးကုမ္ပဏီဖြစ်သည့် Foxconn ၏ လက်အောက်ခံကုမ္ပဏီဖြစ်သည့် Shunsin Technology Vietnam Co.,Ltd. သည် ဗီယက်နမ်နိုင်ငံတွင် အမေရိကန် ဒေါ်လာ သန်း၈၀တန်ကြေးရှိ Chip ထုတ်လုပ်သည့် စီမံကိန်းအတွက် ပါမစ်တောင်းခံထားကြောင်းသိရပါသည်။ ထိုစီမံကိန်းကို Quang Chau စက်မှုဇုန်တွင် တည်ဆောက်မည်ဖြစ်ပြီး အကျယ်အဝန်းဧရိယာ ၄၄၃၄၃.၈ စတုရန်းမီတာရှိကြောင်းသိရပါသည်။ စီမံကိန်းမှ အီလက်ထရောနစ်အစိတ်အပိုင်းများ အထူးသဖြင့် integrated circuit boards များကိုထုတ်လုပ်မည်ဖြစ်ပြီး တစ်နှစ်လျှင် ၄.၅ သန်းထုတ်လုပ်နိုင်စွမ်းရှိကြောင်းသိရပါသည်။ ထိုထုတ်ကုန်အားလုံးကို အမေရိကန်၊ ဥရောပသမဂ္ဂနှင့် ဂျပန်သို့ တင်ပို့မည်ဟုသိရပါသည်။ သဘာဝပတ်ဝန်းကျင်သက်ရောက်မှုအကဲဖြတ်ခြင်းအစီရင်ခံစာအရ Shunsin သည် စီမံကိန်းတွင် အမေရိကန်ဒေါ်လာ သန်း၂၀ပါဝင်မည်ဖြစ်ပြီး ကျန်သန်း၆၀ကို ဈေးငှားခြင်းနှင့် ရန်ပုံငွေကောက်ခံခြင်းတို့ပြုလုပ်မည်ဟုသိရပါသည်။ Shunsin သည် ဆောက်လုပ်ရေးခွင့်ပြုချက်ပါဝင်သော ပါမစ်များကို ဒီဇာင်ဘာတွင် အပြီးသတ်ရန်ရည်ရွယ်ထားပြီး မေလ ၂၀၂၆ တွင် ဆောက်လုပ်ရေးနှင့် ပစ္စည်းကိရိယာတပ်ဆင်ခြင်းတို့ပြုလုပ်မည်ဟုသိရပါသည်။ စီမံကိန်းသည် ဇွန်လ ၂၀၂၆ တွင် စတင်မည်ဖြစ်ပြီး ဒီဇင်ဘာလ ၂၀၂၆ တွင် အပြည့်အဝလည်ပတ်နိုင်ရန် မျှော်လင့်ရကြောင်းသိရပါသည်။ ကုမ္ပဏီက ၎င်းတို့သည် တရုတ်နိုင်ငံရှိ ၎င်းတို့၏စက်ရုံများတွင် အကောင်အထည်ဖော်ခဲ့ပြီးဖြစ်သော အဆင့်မြင့် Closed-loop နည်းပညာကို အသုံးပြုမည်ဟုသိရပါသည်။ ထုတ်လုပ်မှုပုံစံတွင် စွမ်းရည်မြင့်သော လူအစား စက်ပစ္စည်းအသုံးပြုမှုများ၊ အဆင့်မြင့်နည်းပညာ၊ အလုပ်သမားများအတွက် အားကောင်းသောလုံခြုံရေးစီမံချက်၊ ရေရှည်လုပ်ငန်းလည်ပတ်မှုတည်ငြိမ်ခြင်းနှင့် ထုတ်လုပ်နိုင်စွမ်းတိုးမြှင့်ခြင်းတို့ကို အသားပေးထားကြောင်းသိရပါသည်။ စီမံကိန်းတွင် အလုပ်သမား ၁၄၅၀ဦးနှင့် ပြည်ပကျွမ်းကျင်ပညာရှင် ၃၅ဦးပါဝင်ကြောင်းသိရပါသည်။ Apple ၏ အဓိကပံ့ပိုးသူ Foxconn သည် ဗီယက်နမ်တွင် ၎င်းတို့၏ရင်းနှီးမြှုပ်နှံမှုများကို တိုးချဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ ၎င်းတို့သည် ဗီယက်နမ်နိုင်ငံ Bac Ninh နှင့် Bac Giang တို့တွင် မတ်လ ၂၀၀၇ မှစ၍ ကနဦးလုပ်ငန်းလည်ပတ်မှုစတင်ခဲ့ခြင်းဖြစ်ပြီးနောက်ပိုင်းတွင် Quang Ninh ၌ ထပ်မံတိုးချဲ့ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။

Source : Vietnam Plus

DOCA(ရန်ကုန်)

ထိုင်းနိုင်ငံစီးပွားကူးသန်းဝန်ကြီးဌာနက စားသုံးဆီပြုပြင်ထုတ်လုပ်သူများအား လက်လီရောင်းဈေးနှုန်းများကို ထိမ်းထားရန်ပြောကြား

       ထိုင်းနိုင်ငံစီးပွားရေးနှင့်ကူးသန်းဝန်ကြီးဌာနက စားသုံးဆီပြုပြင်ထုတ်လုပ်သူများအား ထုတ်လုပ်မှုကုန်ကျစရိတ်များကိုသက်ရောက်သည့် အကြောင်းရင်းများမရှိသောကြောင့် ဈေးနှုန်းများမြှင့်တင်ခြင်းမပြုရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ ပဲပိစပ်ဆီထုတ်လုပ်သူများက ပဲပိစပ်ဆီပုလင်းဈေးနှုန်းကို မြှင့်တင်ရန်စီစဉ်နေကြောင်း သတင်းများထွက်ပေါပြီးနောက်တွင် ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Goranij Nonejuie က ဌာနသည် ထုတ်လုပ်မှုကုန်ကျစရိတ်ကို မြင့်တက်စေသည့်အကြောင်းများမရှိသောကြောင့် ပဲပိစပ်ဆီထုတ်လုပ်သူများက ရောင်းချသည့်ဈေးနှုန်းမြှင့်တင်ခြင်းကိုတားမြစ်ရန် ထိုင်းနိုင်ငံပဲပိစပ်နှင့် Rice Bran ဆီပြုပြင်ထုတ်လုပ်သူများအသင်းအား စာပို့ထားကြောင်းပြောကြားခဲ့ပါသည်။ ကုန်ပစ္စည်းများအား ဈေးနှုန်းအလွန်မြှင့်တင်ခြင်း၊ မရောင်းချဘဲ သိုလှောင်ထားခြင်းတို့သည် ထိုင်းနိုင်ငံ၏ ၁၉၉၉ ကုန်စည်နှင့် ဝန်ဆောင်မှုအက်ဥပဒေနှင့် ငြိစွန်းသောကြောင့် ဥပဒေ ချိုးဖောက်ခြင်းဟု ယူဆရကြောင်းသိရပါသည်။ Mr.Goranij က စားသုံးသူများသည် ကုန်ပစ္စည်းများကို ဈေးနှုန်းအဆမတန်တင်ပါက ဌာန၏ Hot Line နံပါတ်နှင့် စီးပွားကူးသန်းရုံးများတွင် တိုင်ကြားနိုင်ကြောင်းပြောကြားခဲ့ပါသည်။ ဌာနသည် စားသုံးသူများကုန်ကျစရိတ်လျှော့ချရာတွင် ကူညီရန် ပရိုမိုးရှင်းပွဲများကျင်းပခြင်းနှင့် ထုတ်ကုန်များဈေးလျှော့ပေးခြင်းတို့တွင် လက်လီ နှင့် လက်ကားစတိုးဆိုင်များထံမှ ပူးပေါင်းဆောင်ရွက်မှုကို ရှာဖွေခဲ့ပြီးဖြစ်ကြောင်းသိရပါသည်။ အေဂျင်စီသည်လည်း ပဲပိစပ်ဆီဈေးနှုန်းများ မမျှတစွာ အကြောင်းအရင်းမရှိဘဲ မြှင့်တင်ခြင်းမှ ကာကွယ်ရန်အတွက် ဈေးနှုန်းစောင့်ကြည့်ရန် နိုင်ငံတစ်ဝန်းရှိ စီးပွားကူးသန်းရုံးများနှင့် လုပ်ဆောင်လျက်ရှိကြောင်းသိရပါသည်။ စားအုန်းဆီနှင့်ပတ်သက်၍ ဌာနသည် စားအုန်းဆီပုလင်း ရောင်းချသည့် ဈေးနှုန်းများအားထိန်းသိမ်းရန် လက်လီနှင့် လက်ကားစတိုးဆိုင်များထံမှ ပူးပေါင်းဆောင်ရွက်မှုကို ရှာဖွေခဲ့ပြီးဖြစ်ကြောင်းသိရပါသည်။ စီးပွားကူးသန်းဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ်နှင့် စစ်ဆေးရေးအရာရှိချုပ်ဖြစ်သူ Wittaya Maneenet က စားသုံးသူများအတွက် ဈေးနှုန်းပြင်ဆင်မှုကို ဆိုင်းငံ့ထားရန်နှင့် ကုန်လက်ကျန်အနေအထားကို စီမံခန့်ခွဲရန် များစွာသော လက်လီရောင်းချသူများနှင့် စားအုန်းဆီကြိတ်ခွဲစက်ရုံလုပ်ငန်းရှင်များအသင်းတို့နှင့် ဆွေးနွေးမှုများဆောင်ရွက်ပြီးဖြစ်ကြောင်းသိရပါသည်။ ဈေးနှုန်းကစားခြင်းကိုကာကွယ်ရန် ဌာနသည် ဥပဒေချိုးဖောက်သူများအနေဖြင့် ထောင် ၇နှစ် သို့မဟုတ် ဒဏ်ငွေ ဘတ်၁၄၀၀၀၀ သို့မဟုတ် ပြစ်ဒဏ်နှစ်ခုလုံးခံရနိုင်ကြောင်း သတိပေးထားသည်ဟုသိရပါသည်။

Source : Bangkok Post

DOCA(ရန်ကုန်)

ဗီယက်နမ်ရှိ ကားများ၏ ၃၀% နီးပါးအား ၂၀၃၀ တွင် လျှပ်စစ်သုံးကားများဖြစ်ရန် မျှော်လင့်ထား

          ပို့ဆောင်ရေးဝန်ကြီးဌာနသည် ၂၀၃၀ခုနှစ်တွင် ကားများ၏ ၃၀% နှင့် မော်တော်ဆိုင်ကယ် ၂၂% ကို လျှပ်စစ်အသုံပြုယာဉ်များဖြစ်လာစေရန် ရည်မှန်းထားကြောင်းသိရသည်။ ၎င်းသည် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု ၅.၉% ကိုလျှော့ချရန်ဟူသော ရည်မှန်းချက်ပြည့်မှီစေရန်အတွက် ဖြေရှင်းချက်တစ်ခုပင်ဖြစ်သည်။ လျှပ်စစ်ကားများ (EVs) အတွက် အဆင့်မြင့်ထားသော စည်းမျဉ်းများပါရှိသော မော်တော်ကားများအတွက် အမျိုးသားနည်းပညာဆိုင်ရာစံချိန်စံညွှန်းများကိုပြင်ဆင်ရန် ပြန်လည်သုံးသပ်ခြင်းများကိုလည်းဆောင်ရွက်သွားမည်ဖြစ်သည။ အားသွင်းအခြေခံအဆောက်အအုံစနစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ၂၀၂၁-၂၀၃၀ ကာလအတွက် ကုန်းလမ်းသယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံအစီအစဉ်တွင် ပေါင်းစည်းရန် လေ့လာမှုများဆောင်ရွက်သွားမည်ဖြစ်သည်။ ဝန်ကြီးဌာနသည် ရုပ်ကြွင်းလောင်စာသုံးယာဉ်များမှ EV များအဖြစ်သို့ပြောင်းလဲသည့် ပရောဂျက်များအတွက် ကာဗွန်လဲလှယ်ခြင်းနှင့် လျှော့ချခြင်းဆိုင်ရာ ယန္တရားများကိုကြည့်ရှုမည်ဖြစ်သည်။ အစီအစဉ်အရ ဝန်ကြီးဌာနသည် ၂၀၃၀ခုနှစ်တွင် သဘာဝဓာတ်ငွေ့အသုံးပြုမှုလျှော့ထားသော ဘတ်စ်ကား ၆၂၃စီးအား ဟိုချီမင်မြို့တွင် ၄၂၃စီးနှင့် ဟနွိုင်းတွင် ၂၀၀စီးထားရှိနိုင်ရန် ရည်မှန်းထားသည်။ ထို့ပြင် ၂၀၃၀ တွင် ၁၀၀% သော လမ်း၊ ယာဉ်များအား biofuel E5 ကို အသုံးပြုသွားမည်ဖြစ်ကြောင်းသိရသည်။

Source : Vnexpress 

DOCA(ရန်ကုန်)        

တောင်ကိုရီးယား၏ ပို့ကုန်တိုးတက်မှု တတိယလတွင်နှေးကွေး

            ကွန်ပျူတာချစ်ပ်များ ဝယ်ယူမှုနှင့်ပတ်သက်၍ ကမ္ဘာ့ဝယ်လိုအားကျဆင်းလာသည့်  လက္ခဏာများကြောင့် တောင်ကိုရီးယား၏ ပို့ကုန်တိုးတက်မှုသည် အောက်တိုဘာလတွင် တတိယလတွင် နှေးကွေးသွားဖွယ်ရှိကြောင်း Reuters စစ်တမ်းက ဗုဒ္ဓဟူးနေ့တွင် ဖော်ပြထားသည်။ အာရှ၏ စတုတ္ထအကြီးဆုံးစီးပွားရေးနိုင်ငံမှ ပြင်ပသို့တင်ပို့မှုမှာ အောက်တိုဘာလတွင် တစ်နှစ်ထက်တစ်နှစ် ၆.၉ ရာခိုင်နှုန်းထိ တိုးလာမည်ဟု ခန့်မှန်းထားကြောင်း အောက်တိုဘာ ၂၄-၂၉ စစ်တမ်းမှ စီးပွားရေး ပညာရှင် ၂၂ ဦး၏ ပျမ်းမျှအဆိုအရ သိရသည်။ ယင်းသည် နှစ်စဉ် ပို့ကုန်တိုးတက်မှု၏ ၁၃ ကြိမ်မြောက် ဆက်တိုက်ဖြစ်နိုင်သော်လည်း စက်တင်ဘာလတွင် တစ်နှစ်ထက်တစ်နှစ် ၇.၅ ရာခိုင်နှုန်း မြင့်တက်ပြီး ဇွန်လနောက်ပိုင်း အနှေးကွေးဆုံးနှုန်းထက် အနည်းငယ်လျော့နည်းသွားမည် ဖြစ်သည်။ တစ်ပိုင်း လျှပ်ကူး ပစ္စည်းမဟုတ်သော ပို့ကုန်များအတွက် ကန့်သတ်ထားသော ဝယ်လိုအားများကြားတွင် အိုင်တီဝယ်လိုအား တဖြည်းဖြည်းကျဆင်းလာသဖြင့် ပို့ကုန်တိုးတက်မှုသည် နှေးကွေးသည့် လမ်းကြောင်းသို့ ဝင်ရောက်သွားဖွယ်ရှိကြောင်း၊” ဟု Hana Securities မှ စီးပွားရေးပညာရှင် Chun Kyu-yeon က ပြောကြားခဲ့သည်။ အာရှ၏စတုတ္ထအကြီးဆုံးစီးပွားရေးဖြစ်သော တောင်ကိုရီးယား နိုင်ငံသည် ပို့ကုန် ကျဆင်းမှုကြောင့် တတိယသုံးလပတ်တွင် တိုးတက်မှုမရှိသလောက်ပင်ဖြစ်ပြီး၊ "တစ်ပိုင်းလျှပ်ကူးပစ္စည်းကဏ္ဍမှ ဦးဆောင်သော ပို့ကုန်များ နှေးကွေးခြင်းသည် အတည်ပြုနိုင်ပါက စီးပွားရေးတိုးတက်မှု အလားအလာအတွက် သတင်းဆိုးဖြစ်လာနိုင်ပြီး ယခုအောက်တိုဘာလ ပထမရက် ၂၀ တွင် ပို့ကုန် ၂.၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အမေရိကန်နှင့် ဥရောပသမဂ္ဂသို့ တင်ပို့မှုမှာ ၂.၆ ရာခို်ငနှုန်း နှင့် ၈.၉ ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့ပြီး တရုတ်နိုင်ငံသို့ တင်ပို့မှုမှာ ၁.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ "ခိုင်မာအားကောင်းတဲ့ အမေရိကန်ပြည်ထောင်စုကို တင်ပို့ရောင်းချမှု တိုးတက်မှုနှုန်း နှေးကွေးနေချိန်မှာ တရုတ်-မြန်မာနယ်စပ် တင်ပို့မှု ပြန်လည်ကောင်းမွန်လာနိုင်မှုကလည်း မျှော်လင့်ထားတာထက် အားနည်းလိမ့်မယ်" ဟု iM Securities မှ စီးပွားရေးပညာရှင် Park Sang-hyun က ပြောကြားခဲ့သည်။ သွင်းကုန်စာရင်းများအရ စက်တင်ဘာလတွင် ၂.၂ ရာခိုင်နှုန်း ခန့်တိုးတက်လာပြီးနောက် အောက်တိုဘာလတွင် ၂.၀ ရာခို်ငနှုန်းတိုး လာမည်ဟု ခန့်မှန်းထားခဲ့သည်။ စစ်တမ်း၏ ပျမ်းမျှခန့်မှန်းချက်မှာ ယခုလ၏ ကုန်သွယ်ရေးလက်ကျန်ငွေသည် ယခင်လက ကန်ဒေါ်လာ ၆.၆၆ ဘီလီယံနှင့် နှိုင်းယှဉ်ပါက ပိုငွေဒေါ်လာ ၄.၂၃ဘီလီယံထိရှိလာခဲ့သည်။

Sources-reuters

DOCA(မန္တလေး)

၂၀၂၅ခုနှစ်တွင် ကမ္ဘောဒီးယား၏ စီးပွားရေး ၆.၃ ရာခိုင်နှုန်းကြီးထွားရန်ခန့်မှန်း

ကမ္ဘောဒီးယားအစိုးရသည် ၂၀၂၅ခုနှစ်အတွက် ဘဏ္ဍာရေးမူကြမ်း အမေရိကန်ဒေါ်လာ ၉.၃ ဘီလီယံကျော်ခွင့်ပြုပေးခဲ့ပြီး စီးပွားရေးကြီးထွားနှုန်းကို ၆.၃ ရာခိုင်နှုန်းခန့်မှန်းထားခဲ့ကြောင်းသိရပါသည်။ ထိုကြီးထွားနှုန်းကို စက်မှုလုပ်ငန်း (၈.၆ ရာခိုင်နှုန်း)၊ ဝန်ဆောင်မှု (၅.၆ ရာခိုင်နှုန်း) နှင့် စိုက်ပျိုးမွေးမြူရေး (၁.၁ ရာခိုင်နှုန်း) တို့ပါဝင်သော အဓိကကဏ္ဍများတွင် တိုးတက်မှုများရှိခဲ့ခြင်းကြောင့် မျှော်မှန်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ငွေကြေးဖောင်ပွနှုန်းကို ၂.၅ ရာခိုင်နှုန်းမျှော်မှန်းထားကြောင်းသိရသည်။ ကမ္ဘောဒီးယား၏ GDP per capital မှာ အမေရိကန်ဒေါ်လာ ၂၄၂၉ ဖြစ်ကြောင်းသိရသည်။ ထို ၂၀၂၅ဘတ်ဂျတ်သည် အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံအဆောက်အအုံနှင့် လူသားအရင်းအမြစ်တိုးတက်ရေးနှင့် စီးပွားရေးကွဲပြားမှုတို့ကို ပံ့ပိုးပေးနိုင်ကြောင်းသိရပါသည်။ ထို့ပြင် ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် တရားမျှတမှုတို့တွင် အများပြည်သူဝန်ဆောင်မှုများမြှင့်တင်ရန် ရည်ရွယ်ကြောင်းလည်းသိရပါသည်။ ယခုနှစ်တွင် ကမ္ဘောဒီးယား၏ စီးပွားရေးသည် ကြီးထွားနှုန်း ၆.၆ ရာခိုင်နှုန်းဖြင့် ဆက်လက်နာလံထူရန် ခန့်မှန်းရကြောင်းသိရပါသည်။
Source : Khmer Times
DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ