ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ဇန်နဝါရီလအတွင်းအိန္ဒိယနိုင်ငံ၏ ရုရှားနိုင်ငံထံမှ ကုန်ပစ္စည်းတင်သွင်းမှု ၄၀ ရာခိုင်နှုန်းကျော်ခန့် သိသိသာသာ ကျဆင်းလာ

        ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော နောက်ဆုံးရ ကိန်းဂဏန်းအချက်အလက်များအရ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း အိန္ဒိယနိုင်ငံ၏ ရုရှားနိုင်ငံထံမှ ကုန်ပစ္စည်း တင်သွင်းမှုသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလနှင့် နှိုင်းယှဉ်ပါက ၄၀.၄၈ ရာခိုင်နှုန်း အထိ သိသိသာသာ ကျဆင်းသွားကြောင်း သိရပါသည်။

         ရုရှားနိုင်ငံမှ တင်သွင်းသော ကုန်ပစ္စည်းစုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းခန့်မှာ ပုံမှန်အားဖြင့် ရေနံစိမ်းများဖြစ်ပြီး ယခုလအတွင်း ရုရှားရေနံစိမ်း တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၂.၃ ဘီလီယံခန့် လျော့နည်းနိုင်ကြောင်း သိရပါသည်။ အိန္ဒိယနိုင်ငံအစိုးရသည် ၂၀၂၆ ခုနှစ် ဇန်နဝါ ရီလအတွက် ကုန်သွယ်မှုအချက်အလက်များကို ဖေဖော်ဝါရီလ၊ ၁၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော်လည်း ကုန်ပစ္စည်းအမျိုးအစားနှင့် နိုင်ငံအလိုက် အသေးစိတ်အချက် အလက်များကိုမူ ထုတ်ပြန်ရန် ကျန်ရှိနေသေးပြီး အိန္ဒိယနိုင်ငံသည် ရေနံစိမ်းအပြင် ကျောက်မီးသွေး၊ အချို့သော ရေနံထွက်ပစ္စည်းများ၊ ဓာတ်မြေသြဇာ၊ သံ၊ သတင်းစာစက္ကူ၊ စီမံကိန်းသုံး ပစ္စည်းများ၊ ပဲမျိုးစုံ၊ ပုလဲနှင့် အဖိုးတန်ကျောက်မျက်ရတနာများကိုလည်း ရုရှားနိုင်ငံမှ တင်သွင်းလျက်ရှိကြောင်း သိရပါသည်။

         ၂၀၂၅-၂၆ ဘဏ္ဍာနှစ်အတွင်း ရုရှားရေနံစိမ်းတင်သွင်းမှု လျော့ကျလာခြင်းသည် အမေရိ ကန်အစိုးရက ရုရှားရေနံစိမ်းများ မဝယ်ယူရန် အိန္ဒိယအပေါ် ဖိအားပေးမှုများကြောင့် ဖြစ်ကြောင်း သိရပါသည်။ ဩဂုတ်လ ၂၇ ရက်နေ့မှစ၍ အမေရိကန်နိုင်ငံသည် အိန္ဒိယ၏ ကုန်ပစ္စည်း တင်ပို့ မှုများအပေါ် အပိုဆောင်း ၂၅ ရာခိုင်နှုန်းခန့် အပြစ်ပေးသည့်အခွန် အဖြစ် သတ်မှတ်ခဲ့ပြီး ၎င်းမှာ ရုရှားရေနံစိမ်း ဝယ်ယူမှုအတွက် အဓိက အရေးယူဒဏ်ခတ်ခြင်းပင်ဖြစ်ကြောင်း သိရပါသည်။ ရလဒ်အနေဖြင့် စက်တင်ဘာလတွင် အိန္ဒိယ၏ ရုရှားရေနံစိမ်း တင်သွင်းမှုသည် ဧပြီလနှင့် နှိုင်းယှဉ်ပါက ၃၀ရာခိုင်နှုန်းနီးပါး ကျဆင်းသွားကာ အမေရိကန်ဒေါ်လာ ၃.၃၂ ဘီလီယံအထိ လျော့ကျသွားခဲ့ကြောင်း သိရပါသည်။

          ရုရှားနိုင်ငံမှ တင်သွင်းမှု လျော့ကျသွားခြင်းသည် အိန္ဒိယရေနံချက်စက်ရုံများ၏ ရုရှားရေနံ စိမ်းဝယ်ယူမှုကို ရပ်ဆိုင်းလိုက်ပြီဟူသော ထုတ်ပြန်ချက်များနှင့် ကိုက်ညီနေကြောင်း သိရပါသည်။ ဇန်နဝါရီလ ၉ ရက်နေ့က ထွက်ပေါ်ခဲ့သော သတင်းတစ်ပုဒ်အပေါ် တုံ့ပြန်ရာတွင် အိန္ဒိယ၏ အကြီးဆုံး ပုဂ္ဂလိက ရေနံချက်လုပ်ငန်း ဖြစ်သော Reliance Industries Ltd (RIL) က ဇန်နဝါရီလအတွင်း "ရုရှားရေနံစိမ်း တင်သွင်းမှု တစ်စုံတစ်ရာ" ရှိလာရန် မမျှော်လင့်ထားကြောင်း လူမှုကွန်ရက်စာမျက်နှာ X တွင် ရေးသားဖော်ပြခဲ့ကြောင်း သိရပါသည်။ RIL ၏ ရေနံချက်လုပ်နိုင် စွမ်းမှာ တစ်နှစ်လျှင် တန်ချိန် ၆၈ သန်းကျော် ရှိပါသည်။

       ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် Trump အစိုးရသည် အိန္ဒိယနိုင်ငံက "ရုရှား ဖက်ဒရေးရှင်း နိုင်ငံမှ ရေနံကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တင်သွင်းခြင်းကို ရပ်ဆိုင်းရန် ကတိပြုထား ပြီး" အမေရိကန် စွမ်းအင်ထုတ်ကုန်များကို ဝယ်ယူရန် သဘောတူညီ ခဲ့သည်ဟု ဆိုကာ အိန္ဒိယ ကုန်ပစ္စည်းများအပေါ် သတ်မှတ်ထားသည့် ၂၅ ရာခိုင်နှုန်း အပြစ်ပေးသည့်အခွန်ကို ပြန်လည်ရုပ်သိမ်းပေးခဲ့ကြောင်း သိရပါသည်။ ထို့အပြင် အမေရိကန်သည် အိန္ဒိယအနေဖြင့် ဗင်နီဇွဲလား နိုင်ငံမှ စွမ်းအင်များကို ပြန်လည်ဝယ်ယူစေရန်လည်း ဆန္ဒရှိနေကြောင်း ထုတ်ပြန်ခဲ့ပါသည်။

         တရားဝင် အချက်အလက်များအရ ၂၀၁၂-၁၃ ခုနှစ်တွင် အိန္ဒိယသည် အဆိုပါ တောင်အမေ ရိကနိုင်ငံ (ဗင်နီဇွဲလား) ထံမှ အမေရိကန်ဒေါ်လာ ၁၄.၁၀ ဘီလီယံဖိုး ရေနံစိမ်း တင်သွင်းခဲ့ပါသည်။ အမျိုးမျိုးသော ပထဝီနိုင်ငံရေး အကြောင်းရင်းများကြောင့် ဗင်နီဇွဲလား ရေနံစိမ်းတင်သွင်းမှုမှာ တဖြည်းဖြည်း လျော့နည်းလာခဲ့ပြီး ၂၀၂၁-၂၂ ခုနှစ်တွင် လုံးဝ မရှိတော့သည့် အခြေအနေ (သုည) သို့ ရောက်ရှိသွားခဲ့ကြောင်း သိရပါသည်။

        အခြားတစ်ဖက်တွင်မူ ၂၀၁၁-၁၂ ခုနှစ်တွင် သုညသာရှိခဲ့သော ရုရှားရေနံစိမ်းများ အိန္ဒိယ သို့ တင်သွင်းမှုသည် ၂၀၂၂-၂၃ ခုနှစ်တွင် ဒေါ်လာ ၃၁ ဘီလီယံကျော်အထိ ရုတ်တရက် ထိုးတက်လာခဲ့ကြောင်း သိရပါသည်။ (၂၀၂၃-၂၄) တွင် ၄၆.၄၉ ဘီလီယံ ရှိခဲ့ပြီး ၂၀၂၄-၂၅ ခုနှစ်တွင်မူ ၅၀.၂၈ ဘီလီယံအထိ ကျော်လွန် ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

Source: Hindustan Times                                                           

DOCA (ရန်ကုန်)

ဖိလစ်ပိုင်နိုင်ငံ၏ဝယ်လိုအားကြောင့် တရုတ်နိုင်ငံ၏စပါးမျိုးစေ့တင်ပို့မှုမြင့်တက်လာ

           အမရိကန်စိုက်ပျိုးရေးဌာန (USDA) ၏ အဆိုအရ တရုတ်နိုင်ငံသည် ၂၀၂၆ ခုနှစ်တွင် စပါးမျိုးစေ့များကို ပိုမိုတင်သွင်းသွားရန်ခန့်မှန်းထားပြီးထိုသို့မြင့်တက်လာရခြင်းမှာ အဓိကအားဖြင့် ဖိလစ်ပိုင်နိုင်ငံ၏ ဝယ်လိုအားမြင့်တက်လာခြင်းနှင့် ဖိလစ်ပိုင်နိုင်ငံ၏ အဓိကစားသုံး ကုန်ဖြစ်သော ဆန်စပါး ပြည်တွင်းထုတ်လုပ်မှုကို မြှင့်တင်ရန် ကြိုးပမ်းလာခြင်းကြောင့် ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။ USDA ၏ အစီအရင်ခံစာတွင် ဖော်ပြထားသည်မှာ ဖိလစ်ပိုင်နှင့် ပါကစ္စတန်နိုင်ငံတို့မှ ဝယ်လိုအားများနေခြင်းကြောင့် ၂၀၂၅-၂၆ ရောင်းဝယ်ရေးနှစ် (Marketing Year) အတွက် တရုတ်နိုင်ငံ၏ စပါးမျိုးစေ့တင်ပို့မှုသည် ၁၀ ရာခိုင်နှုန်းမြင့်တက်လာကာ မတ်ထရစ်တန် ၃၈၀၀၀ ခန့် အထိ ရှိလာမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ်က တင်ပို့ခဲ့သည့် စပါးမျိုးစေ့ မတ်ထရစ်တန် ၃၄၀၀၀ ခန့်၏ ၈၅ ရာခိုင်နှုန်းခန့်ကို အဆိုပါနိုင်ငံနှစ်ခုကပင် အများဆုံးဝယ်ယူခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

             ဖိလစ်ပိုင်နိုင်ငံအနေဖြင့် စပ်မျိုးစပါး (Hybrid rice seeds) များ ပိုမိုဝယ်ယူလာခြင်းက တရုတ်နိုင်ငံမှ ဝယ်လိုအားကို မြင့်တက်စေခြင်းဖြစ်ပြီး၊ ဆန်တင်သွင်းမှုအပေါ် မှီခိုနေရခြင်းကို လျှော့ချရန်နှင့် ပြည်တွင်းထုတ်လုပ်မှုကို မြှင့်တင်ရန် ဖိလစ်ပိုင်အစိုးရ၏ ကြိုးပမ်းအားထုတ်မှု များနှင့်လည်း ကိုက်ညီနေပါသည်။ "ဖိလစ်ပိုင်အစိုးရသည် ဆန်စပါးထုတ်လုပ်မှု မြှင့်တင်ရန်နှင့် စားနပ်ရိက္ခာဖူလုံမှု အားကောင်းစေရန်အတွက် အရည်အသွေးမြင့် စပ်မျိုးစပါးများအတွက် ထောက်ပံ့ကြေးများကို ဆက်လက်ပေးအပ်နေသောကြောင့် တရုတ်နိုင်ငံ၏ စပ်မျိုးစပါးများ အပေါ် ဝယ်လိုအား အားကောင်းလာခြင်းဖြစ်သည်" ဟု USDA က ဆိုပါသည်။ ဖိလစ်ပိုင် စိုက်ပျိုးရေးဌာန (DA) လက်အောက်ရှိ စိုက်ပျိုးရေးလေ့ကျင့်ရေးဌာန (ATI) ၏ စီမံကိန်းအ ကျဉ်းချုပ်တွင် ဖော်ပြထားသည်မှာ မျိုးရိုးဗီဇမတူညီသော အရည်အသွေးမြင့် မျိုးကွဲနှစ်ခုမှ ထုတ်လုပ်ထားသည့် စပ်မျိုးစပါးများသည် ရိုးရာမျိုးစပါးများထက် ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင် နှုန်းအထိ ပိုမိုထွက်ရှိကြောင်း သိရပါသည်။

             ထို့ပြင် အဆိုပါမျိုးစေ့များသည် နိုင်ငံတစ်ဝန်းရှိ စပါးစိုက်ပျိုးရာဒေသများတွင် ကြုံတွေ့ လေ့ရှိသည့် မိုးခေါင်ခြင်းနှင့် မြေငန်ခြင်းကဲ့သို့သော ဆိုးရွားသည့် အခြေအနေများအောက်တွင် ပိုမိုကောင်းမွန်စွာ ရှင်သန်နိုင်စွမ်းရှိကြောင်းလည်း ATI က ဆိုပါသည်။ လတ်တလောနှစ်များ အတွင်း ဖိလစ်ပိုင်နိုင်ငံတွင် ဆန်စပါးဝယ်လိုအားမှာ ပြည်တွင်းထုတ်လုပ်မှုထက် ဆက်လက်သာလွန်နေသောကြောင့် နိုင်ငံအတွင်း လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် အဓိကအားဖြင့် ပြည်ပမှတင်သွင်းမှုကိုသာ အားကိုးအားထားပြုခဲ့ရပါသည်။ သို့သော်လည်း USDA က မှတ် ချက်ပြုထားသည်မှာ အစိုးရ၏ ဆန်စပါးကဏ္ဍ ယှဉ်ပြိုင်စွမ်းအား မြှင့်တင်ရေးရန်ပုံငွေ (RCEF) ကဲ့သို့သော အစီအမံများသည် လယ်ယာစိုက်ပျိုးရေး ထုတ်လုပ်မှုကို မြှင့်တင်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ရကြောင်း သိရသည်။

          ဖိလစ်ပိုင်နိုင်ငံ၏ ဆန်စပါးကုန်သွယ်မှုမူဝါဒ ဖြေလျှော့ပေးခဲ့သည့် ကာလအတွင်း တောင်သူများ၏ ယှဉ်ပြိုင်နိုင်စွမ်းနှင့် ဝင်ငွေတိုးတက်စေရန် ရေးဆွဲခဲ့သည့် RCEF သည် အ စောပိုင်းက ရန်ပုံငွေ ဖိလစ်ပိုင်ပီဆို ၁၀ ဘီလီယံသာ ရှိခဲ့သော်လည်း ယခုအခါ ပီဆို ၃၀ ဘီလီ ယံအထိ တိုးမြှင့်ရရှိထားသည်။ ယခုနှစ်၏ ပီဆို ၆.၇၉၃ ထရီလီယံရှိသော အမျိုးသားဘတ် ဂျက်အောက်တွင် RCEF ၏ ဆန်စပါးမျိုးစေ့အစီအစဉ်အတွက် လျာထားချက်မှာ ပီဆို ၆ ဘီလီ ယံအထိ နှစ်ဆတိုးလာခဲ့သည်။ အဆိုပါစီမံကိန်း၏ ထိရောက်မှုကို အမြင့်ဆုံးဖြစ်စေရန်အတွက် RCEF ၏ စက်မှုလယ်ယာကဏ္ဍတွင် ပါဝင်သော ဆန်စပါးပြုပြင်ရေးစနစ် (RPS) ကို အသုံးပြုသည့် ဒေသများရှိ တောင်သူများအနေဖြင့် ဆန်စပါးမျိုးကွဲတစ်မျိုး သို့မဟုတ် နှစ်မျိုးကိုသာ စိုက်ပျိုးကြရန် စိုက်ပျိုးရေးဌာန (DA) က အစောပိုင်းတွင် တိုက်တွန်းထားသည်။ အကယ်၍ မျိုးကွဲ များစွာကို တစ်ချိန်တည်းတွင် ရောနှောစိုက်ပျိုးပါက စက်ရုံအနေဖြင့် လုပ်ငန်းစဉ်တစ်ခုပြီးမှ နောက်တစ်ခုကို စတင်နိုင်ရန် စောင့်ဆိုင်းရသောကြောင့် လုပ်ငန်းလည်ပတ်မှုများကို နှေးကွေးစေနိုင်ကြောင်း စိုက်ပျိုးရေးဝန်ကြီး Francisco Tiu Laurel က ပြောကြားခဲ့သည်။ ယခုနှစ် ၂၀၂၅-၂၀၂၆ ရောင်းဝယ်ရေးနှစ်အတွက် အမေရိကန်စိုက်ပျိုးရေးဌာန (USDA) က ဖိလစ်ပိုင်နိုင်ငံ၏ စပါးအထွက်နှုန်းမှာ မက်ထရစ်တန် ၁၉.၅၂ သန်းခန့်ရှိမည်ဟု ခန့်မှန်း ထားပြီး၊ ၎င်းမှာ ဖိလစ်ပိုင် စိုက်ပျိုးရေးဌာန (DA) က ခန့်မှန်းထားသည့် မက်ထရစ်တန် ၂၀.၃ သန်းထက် လျော့နည်းနေပါ သည်။ တစ်ချိန်တည်းမှာပင် ပါကစ္စတန်နိုင်ငံ၌ အထွက်နှုန်း ကောင်းသော စပ်မျိုးစပါး (Hybrid rice) များသည် ယခင်ကအသုံးပြုခဲ့သည့် စပ်မျိုးမဟုတ်သော စပါးမျိုးကွဲများကို အစားထိုးလာသောကြောင့် တရုတ်နိုင်ငံမှ စပါးမျိုးစေ့ဝယ်ယူမှု ပိုမို တိုးမြှင့်လာလိမ့်မည်ဟု USDA က မျှော်လင့် ထားသည်။

          ပြီးခဲ့သည့်လက ဖိလစ်ပိုင်နိုင်ငံသည် ဆန်တင်သွင်းရာတွင် တင်သွင်းသည့်နိုင်ငံများကို ပိုမို စုံလင်အောင် လုပ်ဆောင်ရန်နှင့် နိုင်ငံတစ်နိုင်ငံတည်းအပေါ် အလွန်အကျွံမှီခိုနေရခြင်းကို ရှောင်လွှဲရန် ကြိုးပမ်းသည့်အနေဖြင့် ပါကစ္စတန်နိုင်ငံမှ ဆန်တင်သွင်းမှု တိုးမြှင့်ရန် လမ်းဖွင့်ပေးခဲ့ သည်။ တောင်အာရှနိုင်ငံတစ်ခုဖြစ်သည့် ပါကစ္စတန်သည် ၂၀၂၅ ခုနှစ်အတွင်း ဖိလစ်ပိုင် နိုင်ငံသို့ ဆန်မက်ထရစ်တန် ၇၆,၅၂၂ တင်ပို့ခဲ့ပြီး၊ ၎င်းမှာ စုစုပေါင်းဆန်တင်သွင်းမှု ပမာဏ မက်ထရစ်တန် ၃.၃၉ သန်း၏ ၂ ရာခိုင်နှုန်းခန့် ရှိပါသည်။ ဗီယက်နမ်နိုင်ငံမှာမူ ပြီးခဲ့သည့်နှစ်က ထိပ်တန်းတင်ပို့ သူအဖြစ် ရပ်တည်ခဲ့ပြီး မက်ထရစ်တန် ၂.၇၆ သန်း (သို့မဟုတ်) စုစုပေါင်း တင် သွင်းမှု၏ ၈၁ ရာခိုင်နှုန်းကို တင်ပို့ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

တရုတ်နိုင်ငံတွင် BYD Song Ultra လျှပ်စစ် Crossover ကားကို အမေရိကန်ဒေါ်လာ ၂၆,၀၅၀ ဖြင့် ရောင်းချမည် 

            BYD Song Ultra EV အလတ်စား crossover ကားသည် တရုတ်နိုင်ငံစျေးကွက်ထဲသို့ ယွမ် ၁၈၀,၀၀၀ (အမေရိကန်ဒေါ်လာ ၂၆,၀၅၀) နှင့် မကြာခင်တွင် စတင်ဝင်ရောက်လာတော့မည်ဖြစ်ကြောင်း သိရသည်။ ထိုကားသည် CLTC စံနှုန်းအရ တစ်ခါအားသွင်းရုံဖြင့် ကီလိုမီတာ ၇၁၀ အထိ မောင်းနှင်နိုင်မည်ဖြစ်ပြီး ၂၇၀ ကီလိုဝပ် (362 hp) အားရှိသော လျှပ်စစ်မော်တာတစ်လုံး ပါဝင်မည်ဖြစ်သည်။ ယခုကဲ့သို့ သိသာထင်ရှားသော စျေးနှုန်းပြင်ဆင်မှုသည် BYD Dynasty series ၏ အထွေထွေမန်နေဂျာ ပြောကြားခဲ့သည့် Song Ultra EV ကို တစ်လလျှင် အစီးရေ ၂၀,၀၀၀ ကျော် ရောင်းချရန် ရည်မှန်းချက်နှင့် ကိုက်ညီနေပါသည်။ ၎င်းသည် Song မော်ဒယ်လ်များထဲတွင် အကြီးဆုံးကားဖြစ်ပြီး BYD ၏ “God’s Eye” B (DiPilot 300) အဆင့်မြင့် မောင်းနှင်မှု အထောက် အကူပြုစနစ်ကို တပ်ဆင်ထားမည်ဖြစ်သည်။ BYD Song Ultra EV သည် အလျား ၄,၈၅၀ မီလီမီတာ၊ အနံ ၁,၉၁၀ မီလီမီတာနှင့် အမြင့် ၁,၆၇၀ မီလီမီတာ ရှိကာ Wheel base မှာ ၂,၈၄၀ မီလီမီတာ ဖြစ်သည်။ ကား၏ အသားတင်အလေး ချိန်မှာ ၁,၉၉၀ ကီလိုဂရမ်မှ ၂,၀၅၀ ကီလိုဂရမ် ကြား ရှိပါသည်။ အလျား ၄.၈ မီတာကျော် ရှည် လျားသော်လည်း ကားအမိုး လိုင်းမှာ နောက်သို့ ကျဆင်းသွားသည့် ပုံစံကြောင့် အတွင်းခန်းတွင် ထိုင်ခုံနှစ်တန်းသာ ပါဝင်ပါသည်။ ကား၏ ပြင်ပ ဒီဇိုင်းတွင် ကြွတက်နေသော Fender များ၊ ကိုယ်ထည်ထဲမြုပ်နေသော တံခါးလက်ကိုင်များ၊ အမိုးပေါ်တွင် LiDAR စင်ဆာတစ်ခုနှင့် လျှောဆင်းနေသော ရှေ့ဖုံး (Bonnet) ပုံစံတို့ကို တွေ့မြင်ရမည် ဖြစ်သည်။ Song Ultra EV တွင် လျှပ်စစ်မော်တာ တစ်လုံးတည်းကိုသာ အသုံးပြုထားပြီး အခြေခံ မော်ဒယ် (Entry-level) ၏ စွမ်းဆောင်ရည်မှာ ၂၄၀ ကီလိုဝပ် (၃၂၂ မြင်းကောင်ရေ) ရှိပါသည်။ ပိုမိုအားကောင်းသည့် မော်ဒယ်တွင်မူ ၂၇၀ ကီလိုဝပ် (၃၆၂ မြင်း ကောင်ရေ) အထိ စွမ်းဆောင် နိုင်ကြောင်းသိရသည်။ မိသားစုစီးကားအဖြစ် ရည်ရွယ်ထားသော ဤ SUV တွင် BYD ၏ လက် အောက်ခံ FinDreams မှ ထုတ်လုပ်သည့် ၇၅.၆ ကီလိုဝပ်နာရီ နှင့် ၈၂.၇ ကီလိုဝပ်နာရီ LFP ဘက်ထရီနှစ်မျိုးကို အသုံးပြုထားသည်။ ကား၏ CLTC မောင်းနှင်နိုင်မှု အကွာအဝေးမှာ ၆၂၀ ကီလို မီတာ နှင့် ၇၁၀ ကီလိုမီတာ အသီးသီးဖြစ်ပြီး အမြင့်ဆုံး အမြန်နှုန်းမှာ တစ်နာရီလျှင် ၂၁၀ ကီလိုမီတာအထိ မောင်းနှင်နိုင်ပါသည်။ BYD Song သည် အစပိုင်းတွင် BYD အမှတ်တံဆိပ် အောက်မှ မော်ဒယ်တစ်ခုတည်းသာ ဖြစ်သော်လည်း ယခုအခါ Crossover အဖြစ်သို့ ပြောင်းလဲ လာခဲ့ပြီ ဖြစ်သည်။ လက်ရှိတွင် Song Pro DM-i၊ Song L EV နှင့် Song L DM-i တို့ ပါဝင်သည်။ နိုင်ငံတကာစျေးကွက်တွင် Sealion 6 နှင့် Seal U အမည်များဖြင့် ရောင်းချနေသော Song Plus SUV မှာမူ တရုတ်ပြည်တွင်းစျေးကွက်မှ မကြာသေးမီကပင် နုတ်ထွက်သွားခဲ့ပြီဖြစ်ကြောင်း သိရှိရပါသည်။

Source : Carsnewchina                                                                 

DOCA(ရန်ကုန်)

၂၀၂၆ ဟဂ် (Hajj) ရာသီအတွက် ဆော်ဒီသို့ ဆန် ၂,၂၈၀ တန် တင်ပို့မည့် အင်ဒိုနီးရှား

          အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၆ ခုနှစ် ဟဂ်ရာသီအတွက် ပြည်တွင်းထုတ် ဆန် ၂,၂၈၀ တန် ကို ဆော်ဒီအာရေးဘီးယားနိုင်ငံသို့ တင်ပို့ရန်ပြင်ဆင်နေကြောင်း တာဝန်ရှိသူများက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ ၎င်းအစီအစဉ်သည် ထောက်ပံ့ပို့ဆောင်ရေးကို ချောမွေ့စေရန်၊ ပြည်တွင်း လယ်သမားများကိုပံ့ပိုးရန်နှင့် အင်ဒိုနီးရှား ဟဂ်ဘုရားဖူးများ ဦးစားပေးနှစ်သက်သည့် အစားအသောက်အရသာနှင့် ကိုက်ညီစေရန် ရည်ရွယ်ကြောင်း သိရပါသည်။ အမျိုးသား အစားအစာ အေဂျင်စီအတွင်းရေးမှူးချုပ် Sarwo Edhy က အစိုးရဝန်ကြီးဌာနများ၏ သဘောတူညီချက် ရရှိပြီးနောက် အစိုးရပိုင်ထောက်ပံ့ပို့ဆောင်ရေး ကုမ္ပဏီ Bulog ကို ဆန်တင်ပို့ရေး တာဝန်ပေးအပ် သွားမည်ဟု ပြောကြားခဲ့သည်။ ၎င်းဆုံးဖြတ်ချက်သည် အစားအစာညှိနှိုင်းရေး ဝန်ကြီး Zulkifli Hasan ဦးဆောင်သည့် ဆွေးနွေးပွဲအပြီး ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ Edhy ၏အဆိုအရ ၎င်းဆန်များကို အစားအစာထောက်ပံ့ရေးနှင့် ဈေးနှုန်းတည်ငြိမ်ရေး အစီအစဉ်အောက်ရှိ အစိုးရ အရန်ဆန်များကိုအသုံးပြုသွားမည်ဖြစ်ပြီး အင်ဒိုနီးရှား ဟဂ်ဘုရားဖူး ၂၀၅,၄၂၀ ဦး အတွက် အစားအသောက်အဖြစ် ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။ လူတစ်ဦးလျှင် နေ့စဉ် ဆန်ချက်ပြုတ် စားသုံးမှုကို ၁၇၀ ဂရမ် ခန့် သတ်မှတ်ထားကြောင်း သိရပါသည်။ တင်ပို့မည့်ဆန်သည် ကျိုးပဲ့နှုန်း ၅ ရာခိုင်နှုန်းအောက်သာရှိသည့် အဆင့်မြင့်ဆန်အမျိုးအစားဖြစ်ပြီး အင်ဒိုနီးရှားအာဏာပိုင်များ ချမှတ်ထားသည့် အရည်အသွေးစံချိန်များနှင့် ကိုက်ညီကြောင်း Edhy က ပြောကြားခဲ့သည်။ အစားအစာညှိနှိုင်းရေးဝန်ကြီး Hasan က ပြည်တွင်းဆန် အသုံးပြုခြင်းသည် နိုင်ငံ၏ အစားအစာ ဖူလုံမှုကို ပြသခြင်းဖြစ်ကြောင်း၊ ယခင်နှစ်များတွင် အင်ဒိုနီးရှား ဟဂ်ဘုရားဖူးများသည် ဗီယက်နမ်နှင့် ထိုင်းမှတင်သွင်းသည့် ဆန်များကို အသုံးပြုခဲ့ရကြောင်း ၎င်းတို့၏ဟဂ်ဘုရားဖူးများသည် နူးညံ့ပြီး အရသာနဲ့ ကိုက်ညီသည့် အင်ဒိုနီးရှားဆန်ကို ပိုမိုကြိုက်နှစ်သက်ကြောင်းနှင့် ထို့ကြောင့် ပြည်တွင်း လယ်သမားများထံမှဆန်ကိုသာ ဆော်ဒီကို တင်ပို့ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Bulog ဥက္ကဋ္ဌနှင့်ညွှန်ကြားရေးမှူးဖြစ်သူ Ahmad Rizal Ramdhani က ကုမ္ပဏီအနေဖြင့် ဖေဖော်ဝါရီလတတိယပတ်အတွင်း ဆန်တင်ပို့မှု စတင်မည်ဖြစ်ပြီး ထပ်မံလိုအပ်လာနိုင်သည့် အခြေအနေကို ကြိုတင်စဉ်းစားကာ ဆန် ၃,၀၀၀ တန် အထိ ပြင်ဆင်ထားကြောင်းနှင့် ဆန်များကို အသစ်ရိတ်သိမ်းထားသည့် စပါးများမှ ထုတ်လုပ်မည်ဖြစ်ပြီး ယင်းမူဝါဒသည် အရေးပါသော အစားအစာများအတွက် ပြည်ပအပေါ် မမှီခိုလိုသည့် နိုင်ငံ၏ ဆန္ဒနှင့် ဂုဏ်သိက္ခာကို ဖော်ပြခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ယခုနှစ်တွင် အင်ဒိုနီးရှား၏ ပြည်တွင်းဆန် ဝယ်ယူစုဆောင်းမှု အရှိန်မြင့်တက်လာပြီး ဖေဖော်ဝါရီ ၈ ရက်အထိ Bulog က ပြည်တွင်းထုတ် ဆန် ၂၀၉,၃၀၀ တန် ကို ဝယ်ယူထားပြီး ယခင်နှစ်တူညီသည့်ကာလထက် ၄၄၀.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရ ပါသည်။ ၎င်းပမာဏသည် ပြည်တွင်းစားသုံးမှုနှင့် ပြည်ပတင်ပို့မှု နှစ်မျိုးလုံးကို ဖြည့်ဆည်းနိုင်ရန် လုံလောက်သည့် ကုန်လက်ကျန်ကိုပံ့ပိုးပေးကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

ဗီယက်နမ်သံအမတ် အယ်လ်ဂျီးရီးယား အော်ရန်ပြည်နယ်သို့ လုပ်ငန်းဆိုင်ရာ ခရီးစဉ် သွားရောက်

        ဗီယက်နမ်နိုင်ငံ၏ အယ်လ်ဂျီးရီးယားဆိုင်ရာ သံအမတ် Tran Quoc Khanh သည် အယ်လ်ဂျီးရီးယားနိုင်ငံအနောက်ပိုင်း စီးပွားရေးအချက်အချာဖြစ်သည့် အော်ရန် (Oran) ပြည်နယ်သို့ မကြာသေးမီက အလုပ်သဘောခရီးစဉ် သွားရောက်ခဲ့ကြောင်း သိရသည်။ ၎င်းခရီး စဉ်သည် ယခင်နှစ် နိုဝင်ဘာလတွင် ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chinh ၏ အယ်လ်ဂျီးရီး ယားသို့ တရားဝင်ခရီးစဉ်အတွင်းရရှိခဲ့သည့် သဘောတူညီချက်များကို အကောင်အထည်ဖော်ရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ခရီးစဉ်အတွင်း သံအမတ် Khanh သည် အော်ရန် ပြည်နယ် အုပ်ချုပ်ရေးမှူး Brahim Ouchene၊ ပြည်နယ် စီးပွားရေးနှင့် စက်မှုလုပ်ငန်းရှင်များအသင်းဒါရိုက်တာ Larbi Ahmed နှင့် ဒေသခံစီးပွားရေး လုပ်ငန်းရှင်များနှင့် အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။ ဆွေးနွေးမှုများတွင် သံအမတ် က ဗီယက်နမ်နှင့် အယ်လ်ဂျီး ရီးယားတို့သည် ကာလကြာရှည်ခင်မင်သည့်ဆက်ဆံရေး သမိုင်းကြောင်းကို ပိုင်ဆိုင်ခဲ့ပြီး ဝန်ကြီးချုပ် Pham Minh Chinh ၏ ခရီးစဉ်မှရရှိခဲ့သည့် အရေးပါသည့် ရလဒ်များသည် အနာဂတ်ကာလတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရန်အတွက် လမ်းညွှန်ချက်များကို ချမှတ်ပေးခဲ့ကြောင်းနှင့် ဗီယက်နမ်၏ အားသာချက်များနှင့် အလားအလာများနှင့်အတူ နှစ်နိုင်ငံလုပ်ငန်းများအကြား ကဏ္ဍများတွင် ချိတ်ဆက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်သည့် အခွင့်အလမ်းများနှင့်ပတ်သတ်၍ ပြောကြားခဲ့ပါသည်။ ဗီယက်နမ် ကုန်သွယ်ရေး အကြံပေး Hoang Duc Nhuan ကလည်း နှစ်နိုင်ငံအကြား ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အလားအလာကြီး မားကြောင်း၊ အထူးသဖြင့် ဗီယက်နမ် စီးပွားရေးလုပ်ငန်းများနှင့် အော်ရန်ပြည်နယ်ရှိ လုပ်ငန်းများအကြား ပူးပေါင်းဆောင်ရွက်နိုင်မှုများရှိကြောင်း ပြောကြားခဲ့ပါသည်။ အခမ်းအနား တွင် ဗီယက် နမ်ကုမ္ပဏီအချို့၏ ကိုယ်စားလှယ်များကလည်း ဗီယက်နမ်အမှတ်တံဆိပ် စိုက်ပျိုးရေးထုတ်ကုန်များကို အယ်လ်ဂျီးရီးယားနှင့် မြောက်အာဖရိက ဈေးကွက်သို့ တင်သွင်းရောင်းချ နိုင်ရေးအတွက် အယ်လ်ဂျီးရီးယားဘက်နှင့် ရင်းနှီးမြှုပ်နှံမှုတွင် ပူးပေါင်းဆောင်ရွက်လိုကြောင်း ဖော်ပြခဲ့ကြသည်။ အော်ရန်ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် စီးပွားရေးနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းဒါရိုက်တာ တို့ကလည်း ဗီယက်နမ်သံအမတ်နှင့် စီးပွားရေးကိုယ်စားလှယ်အဖွဲ့၏ လာရောက်လည်ပတ်မှုကို ကြိုဆိုခဲ့ကြပြီး အော်ရန်ပြည်နယ်အနေဖြင့်သာမက အယ်လ်ဂျီးရီးယားနိုင်ငံအနေဖြင့်ပါဗီယက်နမ် လုပ်ငန်းများကို ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်လာရန် အစဉ်အမြဲ ကြိုဆိုလျက်ရှိပြီး အမြင့်ဆုံးအဆင့် အထောက်အပံ့နှင့် အကျိုးခံစားခွင့်များ ပေးအပ်သွားမည်ဟု အတည်ပြုခဲ့ကြကြောင်း သိရပါသည်။ ဒေသခံအရာရှိများကလည်း လက်ရှိအချိန်တွင် တူရကီ၊ တရုတ်၊ ဆော်ဒီအာရေးဘီးယား၊ ယူအေအီးနိုင်ငံများနှင့် အိန္ဒိယနိုင်ငံမှ ကုမ္ပဏီများသည် အော်ရန် ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ပြီး ဖွံ့ဖြိုးတိုးတက်မှု ရလဒ်ကောင်းများ ရရှိထားကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် အယ်လ်ဂျီးရီးယားဘက်မှ တာဝန်ရှိသူများက နိုင်ငံ၏ ဥပဒေရေးရာစနစ်များကို အပြောင်းအလဲကြီးများ ပြုလုပ်ပြီး နိုင်ငံခြားရင်းနှီး မြှုပ်နှံသူများအပေါ် ပိုင်ဆိုင်မှုအချိုးအစား ကန့်သတ်ချက်များကို ဖယ်ရှားထားကြောင်း၊ ပြည်တွင်းနှင့် ပြည်ပ ရင်းနှီးမြှုပ်နှံသူများအကြား ခွဲခြားဆက်ဆံမှု မရှိကြောင်း အလေးပေးပြောကြားခဲ့သည်။ ၎င်းတို့က Es-Senia နှင့် Hassi Ameur ကဲ့သို့သော အဓိက စက်မှုဇုန်များ တည်ရှိရာ အော်ရန်ပြည်နယ်သို့ ရင်းနှီးမြှုပ်နှံရန်လည်း ဖိတ်ခေါ်ခဲ့ကြကြောင်း သိရပါသည်။ ထိုအလုပ် သဘောခရီးစဉ်သည် ဗီယက်နမ်နှင့် အယ်လ်ဂျီးရီးယားတို့အကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းစေရန် နှစ်ဦးနှစ်ဖက်၏ဆန္ဒကိုထပ်မံ အတည်ပြုသည့် အပြင် လက်တွေ့ကျသော စီးပွားရေးမိတ်ဖက်အခွင့်အလမ်းများကို ဖွင့်လှစ်ပေးခဲ့ပြီး နှစ်နိုင်ငံ မဟာဗျူဟာမိတ်ဖက် ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေရန် အထောက်အကူပြုခဲ့ကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

စီးပွားရေးနှင့် ကုန်သွယ်ရေး ဆက်ဆံမှု မြှင့်တင်ရန် နားလည်မှုစာချုပ် လက်မှတ်ရေးထိုးခဲ့သည့် ဗီယက်နမ်–ဘရာဇီး

          ဗီယက်နမ်နှင့် ဘရာဇီးနိုင်ငံတို့သည် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် စီးပွားရေးဆက်ဆံမှု ပိုမိုခိုင်မာစေရန် ရည်ရွယ်၍ စီးပွားရေးမြှင့်တင်ရေး အဖွဲ့အစည်းကြီး နှစ်ခုအကြား နားလည်မှုစာချုပ် (MoU) တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ ၎င်း MoU ကို Brazil–Vietnam Chamber of Commerce (BVC) နှင့် Brazil–Vietnam Chamber of Commerce and Industry (CCBV) ၏ Espirito Santo ဒေသခွဲ (CCBV-ES) တို့က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး ဘရာဇီးနိုင်ငံဆိုင်ရာဗီယက်နမ်သံရုံး၏ပံ့ပိုးမှုဖြင့် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းများအတွက် ပူးပေါင်း ဆောင်ရွက်မှုများတိုးချဲ့ရန်နှင့် စီးပွားရေးအခွင့်အလမ်းများ ဖန်တီးပေးရန် ရည်ရွယ်ကြောင်း သိရပါသည်။ လက်မှတ်ရေးထိုးပွဲကို ဖေဖော်ဝါရီ ၇ ရက်က ဆာအိုပေါလိုမြို့တွင် ကျင်းပခဲ့ပြီး ဘရာဇီးနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ် Bui Van Nghi၊ ဘရာဇီးရှိဗီယက်နမ် ကုန်သွယ်ရေးရုံး အကြီးအကဲ Pham Hong Trang နှင့် အဖွဲ့အစည်းနှစ်ခု၏ ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရပါသည်။ သဘောတူညီချက်အရ နှစ်ဖက်အနေဖြင့် စီးပွားရေးလုပ်ငန်းများကို အထောက်အကူပြုရာတွင် ပူးပေါင်းညှိနှိုင်းမှုများ ခိုင်မာစေရန်၊ ကုန်သွယ်ရေး မြှင့်တင်ရေး ကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန်စေလွှတ်ရန်၊ ဈေးကွက်ဆိုင်ရာ မဟာဗျူဟာ အချက်အလက်များမျှဝေရန်နှင့် နှစ်နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကိုရည်ရွယ်သည့် လုပ်ဆောင်ချက် များအကောင်အထည်ဖော်ရန် သဘောတူခဲ့ကြကြောင်း သိရပါသည်။ အခမ်းအနားတွင် သံအမတ် Bui Van Nghi က ကုန်သွယ်ရေးမြှင့်တင်ရေး အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှု သည် ဗီယက်နမ်–ဘရာဇီး စီးပွားရေးဆက်ဆံရေး တိုးတက်စေရန် အရေးပါသော အခန်းကဏ္ဍ ဖြစ်ကြောင်းနှင့်  ကုန်သည်ကြီးများအသင်းများအကြား ပိုမိုနီးကပ်သော ညှိနှိုင်း ဆောင်ရွက်မှုများက စီးပွားရေးဆက်သွယ်မှုများကို တိုက်ရိုက်လွယ်ကူစေပြီး အမှန်တကယ် အကျိုးရှိသည့် ရလဒ်များကို ဖြစ်ပေါ်စေကာ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ရေးအတွက် အထောက်အကူပြုမည်ဟု ပြောကြားခဲ့ပါသည်။ BVC ဥက္ကဋ္ဌ Victor Key က ၎င်း MoU သည် ကွန်ယက်များချိတ်ဆက်ခြင်း၊ ဗဟုသုတမျှဝေခြင်းနှင့် အခွင့်အလမ်းများကို လက်တွေ့စီမံကိန်းများအဖြစ် ပြောင်းလဲ ဆောင်ရွက်ရန် ရေရှည်ကတိကဝတ်တစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် CCBV-ES ဥက္ကဋ္ဌ Bernard Vassas ကလည်း ဗီယက်နမ်–ဘရာဇီး ပူးပေါင်းဆောင်ရွက်မှုသည် ကုန်သွယ်ရေးကဏ္ဍတစ်ခုတည်းတွင်သာ မကန့်သတ်ဘဲ ယဉ်ကျေးမှု၊ အားကစားစသည့် ကဏ္ဍများအထိ တိုးချဲ့သင့်ကြောင်း၊ ထိုသို့ လုပ်ဆောင်ခြင်းအားဖြင့် နှစ်နိုင်ငံအကြား အပြန်အလှန် နားလည်မှု မြှင့်တင်နိုင်ပြီး ရေရှည်မိတ်ဖက်ဆက်ဆံရေးအတွက် တည်တံ့ခိုင်မာသော အခြေခံအုတ်မြစ်ကို ဖန်တီးနိုင်မည်ဟု ပြောကြားခဲ့ပါသည်။ လက်မှတ်ရေး ထိုးပြီးနောက် အဖွဲ့အစည်းနှစ်ခုအနေဖြင့် ကုန်သွယ်မှု မြှင့်တင်ရေးလှုပ်ရှားမှုများကို ပူးပေါင်းအကောင်အထည်ဖော်ရန်၊ ပူးတွဲအခမ်းအနားများ စီစဉ်ကျင်းပရန်၊ အဖွဲ့ဝင်များကို အထောက်အကူ ပြုရန်နှင့် ဗီယက်နမ်–ဘရာဇီး စီးပွားရေးနှင့် ကုန်သွယ်မှုဆက်ဆံရေးကို ပိုမိုခိုင် မာနက်ရှိုင်းစေရန် အများပိုင်လုပ်ငန်းအစီအစဉ်တစ်ရပ်ကို ဖန်တီးသွားရန် မျှော်လင့်ထားကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

ဘင်္ဂလားဒေရှ့်နိုင်ငံမှ စျေးကွက်အသစ်များသို့ အထည်ချုပ် (RMG) တင်ပို့မှု ၅ ရာခိုင်နှုန်း နီးပါးကျဆင်း

          ဘင်္ဂလားဒေရှ့်နိုင်ငံ၏ ပို့ကုန်မြှင့်တင်ရေးဗျူရို (EPB) ၏ အချက်အလက်များအရ ယခု ဘဏ္ဍာနှစ်၏ ဇူလိုင်လမှ ဇန်နဝါရီလအထိ အဝတ်အထည်များအပေါ်ဝယ်လိုအား အားနည်းသွားခြင်းကြောင့် စျေးကွက်အသစ်များသို့ အထည်ချုပ်တင်ပို့မှုမှာ ယခင်နှစ်အလားတူကာလ နှင့် နှိုင်းယှဉ်ပါက ၄.၉၉ ရာခိုင်နှုန်းကျဆင်းခဲ့ပြီးနောက် အမေရိကန်ဒေါ်လာ ၃.၇၇ ဘီလီယံသို့ ရောက်ရှိခဲ့သည်။ ဘင်္ဂလားဒေရှ့် နိုင်ငံသည် ဥရောပသမဂ္ဂ (EU)၊ အမေရိက (USA)၊ ဗြိတိန် (UK) နှင့် က‌နေဒါနိုင်ငံတို့မှအပကျန်ရှိသော ကမ္ဘာ့နိုင်ငံအလိုက် စျေးကွက်အသစ်များအဖြစ် သတ်မှတ် ထားကြောင်း သိရသည်။ ပို့ကုန်မြှင့်တင်ရေးဗျူရို (EPB) ၏ အချက်အလက်များအရ ဥရောပ သမဂ္ဂ (EU) သည် ဘင်္ဂလားဒေရှ့်အထည်ချုပ် (RMG) ကဏ္ဍ၏ အကြီးဆုံးသော ပို့ကုန် စျေးကွက် စျေးကွက် အဖြစ်ဆက်လက်တည်ရှိနေပြီး စုစုပေါင်းတင်ပို့မှု၏ ၄၉.၃၅ ရာခိုင်နှုန်း ရှိသည်။ ၂၀၂၅ ခုနှစ် ဇူလိုင်လမှ ၂၀၂၆ ဇန်နဝါရီလအထိ ဥရောပသမဂ္ဂ ရရှိသော ပို့ကုန်ဝင်ငွေမှာ အမေရိကန် ဒေါ်လာ ၁၁.၃၄ ဘီလီယံရှိခဲ့ပြီး ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၃.၉၈ ရာခိုင်နှုန်း ကျ ဆင်းခဲ့ကြောင်းသိရသည်။ အမေရိကန်သို့ အထည်ချုပ် (RMG) တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၄.၄၇ ဘီလီယံ ရှိပြီး၊ ယင်းမှာ စုစုပေါင်းတင်ပို့မှု၏ ၁၉.၄၆ ရာခိုင်နှုန်း ဖြစ်ကာ ယခင်နှစ်နှင့် နှိုင်း ယှဉ်ပါက ၀.၀၃ ရာခိုင်နှုန်း အနည်းငယ်မျှသာ ကျဆင်းခဲ့သည်။ ကနေဒါနှင့် ဗြိတိန် နိုင်ငံများသို့ တင်ပို့မှုမှာ တိုးတက်သည့်အလားအလာ ပြသခဲ့သည်။ ကနေဒါနိုင်ငံမှ ရရှိသော ပို့ကုန်ဝင်ငွေသည် ဒေါ်လာ ၇၈၄.၁၇ သန်း (စုစုပေါင်း၏ ၃.၄၁ ရာခိုင်နှုန်း) ရှိပြီး ယခင်နှစ်ထက် ၄.၄၂ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ ပို့ကုန်မြှင့်တင်ရေးဗျူရို (EPB) ၏ အချက်အလက်များအရ ဗြိတိန်နိုင်ငံသို့ အထည်ချုပ်တင်ပို့မှုမှာ စုစုပေါင်း ဒေါ်လာ ၂.၆၂ ဘီလီယံ (စုစုပေါင်း၏ ၁၁.၃၈ ရာခိုင်နှုန်း) ရှိခဲ့ပြီး ၂.၅၅ ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရသည်။ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်၏ ဇူလိုင်လမှ ဇန်နဝါ ရီလအထိ ကာလအတွင်း စုစုပေါင်း အထည်ချုပ်တင်ပို့မှုမှာ ဒေါ်လာ ၂၂.၉၈ ဘီလီယံ ရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂.၄၃ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

Source : The dailystar                                                                

DOCA(ရန်ကုန်)

၂၀၂၅ ခုနှစ်တွင် ဂျပန်၏ ဆန်တင်ပို့မှု စံချိန်တင်

         ဂျပန်နိုင်ငံ၏ ဆန်တင်ပို့မှုသည် ၂၀၂၅ ခုနှစ်တွင် ၃.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး စံချိန်တင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့သော်လည်း တိုးတက်မှုနှုန်းမှာမူ နှေးကွေးခဲ့ကြောင်း ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ထုတ်ပြန်သော အစိုးရ၏ အချက်အလက်များအရ သိရသည်။

       စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၏ အဆိုအရ ၂၀၂၅ ခုနှစ်တွင် အသင့်စား ဆန်ထုပ်များအပါအဝင် ဆန်တန်ချိန် ၄၈၀၀၀ ကျော် တင်ပို့ခဲ့ပြီး နှိုင်းယှဉ်စာရင်းအင်းများ ရရှိနိုင်ခဲ့သည့် ၂၀၂၀ ခုနှစ်မှစ၍ ပြည်ပသို့ ၅ နှစ်ဆက်တိုက် စံချိန်တင် တင်ပို့နိုင်ခဲ့ခြင်း ဖြစ်သည်။

         ပြည်တွင်းစိုက်ပျိုးသော ဆန်ဈေးနှုန်းမြင့်မားမှုကြောင့် ပြည်တွင်းဖြန့်ဖြူးရောင်းချမှုကို ပိုမိုအားကောင်းစေခဲ့သည့်အတွက် ၂၀၂၄ ခုနှစ်အထိ ယခင်သုံးနှစ်တာကာလအတွင်း တိုးတက်မှုနှုန်းမှာ ၂၀ ရာခိုင်နှုန်းကျော်မှ သိသိသာသာ နှေးကွေးသွားခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

           ဂျပန်နိုင်ငံ၏ အစိုးရသည် အနာဂတ်တွင် ဆန်ပြတ်လပ်မှုကို ကာကွယ်ရန် ယန္တရားအသစ် တစ်ခု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ၂၀၂၄ ခုနှစ်မှ ၂၀၃၀ ခုနှစ်တွင် နိုင်ငံ၏ ဆန်တင်ပို့မှုကို ရှစ်ဆ နီးပါး တိုးမြှင့်၍ တန်ချိန် ၃၅၀,၀၀၀ အထိ တိုးမြှင့်ရန် စီစဉ်ထားကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးရေးထုတ်ကုန်တင်ပို့မှုမှတစ်ဆင့် ဝင်ငွေအမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်ရရှိခဲ့သည့် ဗီယက်နမ်

        ဗီယက်နမ်နိုင်ငံဟနွိုင်းမြို့၏ စိုက်ပျိုးရေးနှင့် သစ်တောထွက်ကုန် ပို့ကုန်တန်ဖိုးသည် ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ကျော်အထိ ရောက်ရှိရန်ခန့်မှန်းရပြီး၊ တည်ငြိမ် သောတိုးတက်မှုကို ဆက်လက်ထိန်းသိမ်းနိုင်ကာ နိုင်ငံအဆင့် စိုက်ပျိုးရေး ထောက်ပံ့မှုကွင်းဆက်အတွင်း မြို့တော်၏ အရေးပါသော အခန်းကဏ္ဍကို ထပ်မံပြသနိုင်ခဲ့ကြောင်း ဟနွိုင်း စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ဦးစီးဌာနထံမှအဆိုအရ သိရသည်။ စုစုပေါင်းပို့ကုန်တန်ဖိုးအနက် အဓိကစိုက်ပျိုးရေးနှင့် အစားအသောက်ထုတ်ကုန်များတင်ပို့မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံခန့် ရှိပြီး ကဏ္ဍအတွင်း ပို့ကုန်ဝင်ငွေ အချိုးအစားအများဆုံးရရှိခဲ့ကြောင်း သိရပါသည်။ ဤရလဒ်မှာ နိုင်ငံခြားဈေးကွက်များကိုချဲ့ထွင်ခြင်း၊ အရည်အသွေးစံချိန်စံညွှန်းများ တိုးတက်ကောင်းမွန်စေရန် ဆောင်ရွက်ခြင်း၊ ထုတ်ကုန်ခြေရာခံစနစ်များကို ခိုင်မာစေရန်နှင့် တင်းကျပ်လာသောသွင်းကုန် စည်းမျဉ်းများကို ကိုက်ညီစေရန်အတွက် အပြည်ပြည်ဆိုင်ရာ စံနှုန်းအတိုင်း ထုတ်လုပ်မှုမော်ဒယ်များကို မြှင့်တင်ဆောင်ရွက်ခဲ့သည့် ဟနွိုင်း၏ ကြိုးပမ်းအားထုတ်မှုများ ထိရောက်မှုရှိကြောင်းကို ပြသနေကြောင်း သိရပါသည်။ ပို့ကုန်တိုးတက်မှုနှင့်အတူ ဟနွိုင်း၏ စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းကဏ္ဍလည်း ကောင်းမွန်သော ရလဒ်များကို ဆက်လက်ရရှိနေကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်တွင် ကဏ္ဍ၏ ဒေသဆိုင်ရာ စုစုပေါင်းကုန်ထုတ်လုပ်မှုတန်ဖိုး (GRDP) သည် ယခင်နှစ် နှင့်နှိုင်းယှဉ်ပါက ၃.၅၅ ရာခိုင်နှုန်း တိုးတက်မည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။ လက်ရှိစျေးနှုန်းများအရ ၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းကဏ္ဍ၏ စုစုပေါင်း ကုန် ထုတ်လုပ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇၀.၄ ထရီလီယံနီးပါးရှိမည်ဟု ခန့်မှန်းထားပြီး ၎င်းအနက် စိုက်ပျိုးရေးကဏ္ဍသည် စုစုပေါင်းတန်ဖိုး၏ ၉၁.၀၂ ရာခိုင်နှုန်းကို ကိုယ်စားပြုကြောင်း သိရပါသည်။ ထိုအောင်မြင်မှုများသည် ဟနွိုင်းအနေဖြင့် အနာဂတ်နှစ်များတွင် စိုက်ပျိုးရေးကဏ္ဍ ကိုခေတ်မီပြီး တည်တံ့ခိုင်မြဲကာ တန်ဖိုးမြှင့်ထုတ်လုပ်မှုပုံစံသို့ ပြန်လည်ဖွဲ့စည်းတည်ဆောက်နိုင်ရန်၊ ယှဉ်ပြိုင်နိုင်စွမ်းကိုမြှင့်တင်ရန်နှင့် ပို့ကုန်ဈေးကွက်များကို ထပ်မံချဲ့ထွင်ရန်အတွက် ခိုင်မာသောအခြေခံအုတ်မြစ်တစ်ရပ်အဖြစ် ပံ့ပိုးပေးနိုင်ခဲ့ကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

ဖိလစ်ပိုင်နိုင်ငံသည် ပို့ကုန်တိုးတက်မှုကြောင့် ဒီဇင်ဘာလတွင် လယ်ယာကုန်သွယ်မှုကွာဟချက်ကို ကျဉ်းမြောင်းစေခဲ့

          ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် စိုက်ပျိုးရေး ကုန်သွယ်မှုလိုငွေပြမှု သိသိသာသာ ကျဉ်းမြောင်းလာခြင်းဖြင့် အဆုံးသတ်ခဲ့ပြီး အပူပိုင်းဒေသ သစ်သီးဝလံများ ဦးဆောင်သော လယ်ယာပို့ကုန်များ မြင့်တက်လာခြင်းနှင့် သွင်းကုန်များ လျော့နည်းလာခြင်း တို့ကြောင့် ဖိအားများကို လျှော့ချပေးခဲ့ကြောင်း နိုင်ငံ၏ စိုက်ပျိုးရေးဌာန (DA) က ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ပြောကြားခဲ့သည်။

          ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့မှ ထုတ်ပြန်သော အချက်အလက်များအရ ဒီဇင်ဘာလတွင် စိုက်ပျိုးရေးပို့ကုန်များသည် အမေရိကန်ဒေါ်လာ ၈၈၄.၇၇ သန်း သို့မဟုတ် စုစုပေါင်း စိုက်ပျိုးရေးကုန်သွယ်မှု၏ ၃၆ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ပြီး သွင်းကုန်များသည် အမေရိကန် ဒေါ်လာ ၁.၅၅ ဘီလီယံ သို့မဟုတ် ၆၄ ရာခိုင်နှုန်း ရှိခဲ့သည်။ ယင်းကြောင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၆၆၈.၃၅ သန်း ရှိခဲ့ပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် မှတ်တမ်းတင်ထားသည့် ပမာဏထက် ၂၇ ရာခိုင်နှုန်း လျော့နည်းသွားခဲ့သည်။

         အာရှနှင့် ဥရောပဈေးကွက်များတွင် အမြတ်အစွန်းနှင့် ဝယ်လိုအား ပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ ငှက်ပျောသီး၊ သရက်သီး၊ နာနတ်သီးနှင့် ဒူးရင်းသီး အပါအဝင် ကမ္ဘာ့ဈေးကွက်များအတွက် တန်ဖိုးမြင့်သီးနှံ ၁၂ မျိုးကို ဖော်ထုတ်ထားကြောင်း DA က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ