ဗီယက်နမ်နိုင်ငံ၏ သီဟိုဠ်စေ့စိမ်း တင်သွင်းမှု အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော်အထိ ရှိလာ

Powered by Drupal

         ဇူလိုင်လလယ်အထိ ဗီယက်နမ်စီးပွားရေးလုပ်ငန်းများသည် ကမ္ဘောဒီးယားနိုင်ငံမှ အဓိကထား၍ သီဟိုဠ်စေ့စိမ်း တင်သွင်းမှုအတွက် အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော် သုံးစွဲခဲ့ပြီး ယင်းမှာ ကာလတူ ပမာဏများအနက် အမြင့်ဆုံး စံချိန်တင် ပမာဏဖြစ်သည်။

         အကောက်ခွန်ဦးစီးဌာန၏ စာရင်းဇယားများအရ ဇူလိုင်လ ၁၅ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံသည် သီဟိုဠ်စေ့စိမ်း တန်ချိန် ၁.၈၁ သန်း တန်ဖိုး (အမေရိကန်ဒေါ်လာ ၃.၀၂၄ ဘီလီယံ) တင်သွင်းခဲ့သည်။ လွန်ခဲ့သည့်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက တင်သွင်းမှုပမာဏ ၄ ရာခိုင်နှုန်းနှင့် တန်ဖိုး ၁၂.၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

         ကမ္ဘောဒီးယားနိုင်ငံသည် ဗီယက်နမ်၏ သီဟိုဠ်စေ့စိမ်း အဓိက တင်သွင်းရာ စျေးကွက်အဖြစ် ဆက်လက်တည်ရှိနေပြီး စုစုပေါင်း တင်သွင်းမှုပမာဏ၏ ၅၄.၂ ရာခိုင်နှုန်းနှင့် တင်သွင်းမှုတန်ဖိုး စုစုပေါင်း၏ ၅၆.၃ ရာခိုင်နှုန်းအထိ ပါဝင်နေသည်။ ဗီယက်နမ်သည် ယင်းစျေးကွက်မှ သီဟိုဠ်စေ့ တန်ချိန် ၉၈၀,၇၀၀ (တန်ဖိုး အမေရိကန်ဒေါ်လာ ၁.၇ ဘီလီယံကျော်) တင်သွင်းခဲ့ရာ လွန်ခဲ့သည့်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ပမာဏအားဖြင့် ၁၀.၃ ရာခိုင်နှုန်းနှင့် တန်ဖိုးအားဖြင့် ၂၅.၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။

         လက်ရှိတွင် ဗီယက်နမ်သည် ကမ္ဘာ့အကြီးဆုံး သီဟိုဠ်စေ့အဆန် အများဆုံးတင်ပို့သည့် နိုင်ငံဖြစ်သည်။ သို့သော်လည်း ပြည်တွင်းမှ ထွက်ရှိသည့် ကုန်ကြမ်းပမာဏသည် ကုန်ထုတ်လုပ်မှုလိုအပ်ချက်၏ အစိတ်အပိုင်းအချို့ကိုသာ ဖြည့်ဆည်းပေးနိုင်သဖြင့် စီးပွားရေးလုပ်ငန်းများအနေဖြင့် သီဟိုဠ်စေ့စိမ်းများကို အမြောက်အမြား တင်သွင်းနေရသည်။ သီဟိုဠ်စေ့အဆန်နှင့် အခြားသီဟိုဠ်စေ့  ထွက်ကုန်များကို ပဏာမပြုပြင်ဆန်းသစ်ပြီး ထုတ်လုပ်ပြီးနောက် ယင်းကုန်စည်များကို အမေရိကန်၊ တရုတ်နှင့် ဥရောပကဲ့သို့သော ပင်မစျေးကွက်ကြီးများသို့ ပြန်လည်တင်ပို့ကြကြောင်း သိရသည်။

        အခြားတစ်ဖက်တွင်မူ အကောက်ခွန်ဦးစီးဌာန၏ ဒေတာများအရ ဇူလိုင်လ ၁၅ ရက်နေ့အထိ ဗီယက်နမ်သည် အမျိုးအစားစုံ သီဟိုဠ်စေ့ တန်ချိန် ၃၇၃,၈၀၀ နီးပါး တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂.၆၃ ဘီလီယံနီးပါး ဝင်ငွေရရှိခဲ့သည်။ လွန်ခဲ့သည့်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက တင်ပို့မှုပမာဏမှာ အနည်းငယ် လျော့နည်းသွားသော်လည်း တင်ပို့မှု တန်ဖိုးမှာမူ ၃.၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။

        တင်သွင်းမှုပမာဏက တင်ပို့မှုထက် ကျော်လွန်နေသဖြင့် စက်ရုံများ၏ ကုန်ထုတ်လုပ်နိုင်စွမ်းကို ပြည်တွင်းမှ ကုန်ကြမ်းရရှိမှု ပမာဏက မဖြည့်ဆည်းပေးနိုင်ဘဲ ထုတ်လုပ်ရေးအတွက် ကုန်ကြမ်းလိုအပ်ချက် မြင့်မားနေချိန်တွင် သီဟိုဠ်စေ့စက်မှုကဏ္ဍသည် ကုန်သွယ်မှုလိုငွေပြမှုနှင့် ဆက်လက်ကြုံတွေ့နေရဆဲဖြစ်ကြောင်း သိရှိရပါသည်။

Source : VN Express                                                                           

DOCA (ရန်ကုန်)