ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

စားနပ်ရိက္ခာဖူလုံရေးနှင့် AI ဆိုင်ရာ သုတေသနပူးပေါင်းဆောင်ရွက်မှုတို့တွင် တိုးမြှင့် ဆောင်ရွက်သွားမည့် အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံ

              အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့သည် စားနပ်ရိက္ခာဖူလုံရေး၊ အစိမ်းရောင်စီးပွားရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် ညဏ်ရည်တု (AI) နည်းပညာသုတေသနနှင့် အဆင့်မြင့်ပညာရေး ကဏ္ဍတို့တွင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှု အားကောင်းစေရန် သဘောတူညီခဲ့ကြသည်။ အင်ဒိုနီးရှားနိုင်ငံ အဆင့်မြင့်ပညာရေး၊ သိပ္ပံနှင့် နည်းပညာဝန်ကြီး Brian Yuliarto သည် မလေးရှားနိုင်ငံ အဆင့်မြင့် ပညာရေးဝန်ကြီး Zambry Abdul Kadir နှင့် အင်ဒိုနီးရှားနိုင်ငံတွင် တွေ့ဆုံစဉ်အတွင်း အဆိုပါ နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများ ကို ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ ထိုပူးပေါင်းဆောင်ရွက်မှုသည် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများအား ရင်ဆိုင်ဖြေရှင်းရာတွင် နှစ်နိုင်ငံလုံး၏ သုတေသနနဲ့ ဆန်းသစ်တီထွင်မှုများကို အားကောင်းလာစေရန်အတွက် မဟာဗျူဟာမြောက် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ဝန်ကြီး Yuliarto က ဖေဖော် ဝါရီလ ၁၇ ရက်‌နေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တစ်ခု၌ ပြောကြားခဲ့သည်။ နှစ်နိုင်ငံမှ ပညာရှင်များ၊ သုတေသီများနှင့် တက္ကသိုလ်များအကြား ပိုမိုနီးကပ်သော ပေါင်းစပ်ညှိနှိုင်းမှုများသည် သုတေသနရလဒ်များကို ပြည်သူလူထု၏ ပြဿနာများအတွက် လက်တွေ့ကျသော ဖြေရှင်းချက်များအဖြစ် ပြောင်းလဲပေးနိုင်လိမ့်မည်ဖြစ်ကြောင်း ၎င်းက အလေးပေး ပြောဆိုခဲ့သည်။ တစ်ဖက်တွင်လည်း ဝန်ကြီး Kadir က အင်ဒိုနီးရှားနှင့် မလေးရှားတို့သည် ယခု သဘောတူထားသည့် ဦးစားပေးကဏ္ဍများတွင် အပြန်အလှန် ဖြည့်ဆည်းပေးနိုင်သည့် အားသာချက် ကိုယ်စီရှိကြ သည်ဟု ဆိုသည်။ မူအားဖြင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည့် နယ်ပယ်များအား ရှေ့ဆက်လုပ် ဆောင်ရန်အတွက် နှစ်နိုင်ငံလုံးက ပညာရှင်များပါဝင်သော လုပ်ငန်းအဖွဲ့ (working groups) များ ဖွဲ့စည်းရန် သဘောတူညီခဲ့ကြကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။ ဤ မိတ်ဖက်ဆက်ဆံရေး အောက်တွင် နှစ်နိုင်ငံအစိုးရများသည် "မလေးရှား-အင်ဒိုနီးရှား ပညာရေးဆိုင်ရာ မဟာမိတ်အဖွဲ့ (KAMI)" နှင့် ဆက်နွှယ်နေသည့် ရွေးချယ်ထားသော တက္ကသိုလ်များနှင့် သုတေသီများကို ပါဝင်စေမည်ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံ အဆင့်မြင့်ပညာရေးဦးစီးဌာနသည်လည်း ပူးပေါင်းဆောင်ရွက်မည့် နယ်ပယ်နှင့် ပုံစံများကို သတ်မှတ်ရန်အတွက် မလေးရှားနိုင်ငံရှိ သက်ဆိုင်ရာ ဌာနနှင့် ပဏာမဆွေးနွေးမှုများကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ခရီးစဉ်အတွင်း ဝန်ကြီး Kadir သည် IPB တက္ကသိုလ်သို့ သွားရောက်ခဲ့ပြီး မလေးရှား ကျောင်းသားများနှင့် တွေ့ဆုံကာ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

Source : Antara                                                                         

DOCA(ရန်ကုန်)

အမေရိကန်နိုင်ငံမှ ရေနံနှင့်ကျောက်မီးသွေးတင်သွင်းမှု တိုးမြှင့်ရန်စီစဉ်လျက်ရှိသော အိန္ဒိယနိုင်ငံ

          နယူးဒေလီနှင့် ဝါရှင်တန်တို့အကြားချုပ်ဆိုထားသည့် ယာယီကုန်သွယ်ရေး သဘောတူညီချက်အရ အိန္ဒိယနိုင်ငံသည် စွမ်းအင်ရရှိရာ အရင်းအမြစ်များကို ခွဲဝေရန်အတွက် အမေရိကန် နိုင်ငံထံမှ ရေနံစိမ်းနှင့်ကျောက်မီးသွေး တင်သွင်းမှုကိုတိုးမြှင့်သင့်ကြောင်း အိန္ဒိယကုန်သွယ်ရေး နှင့် စက်မှုဝန်ကြီးက ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံသည် အထူးသဖြင့် သတ္တုဗေဒ (သံမဏိချက် လုပ်ခြင်း) လုပ်ငန်းများတွင် အသုံးပြုသည့် အရည်အသွေးမြင့် ကျောက်မီးသွေးကို ပိုမိုတင်သွင်း ရန် အထူးစိတ်ဝင်စားနေကြောင်း ဝန်ကြီး Piyush Goyal ၏ ပြောကြားချက်ကို India’s Telegraph သတင်းစာက ကိုးကားဖော်ပြခဲ့သည်။ ထို့အပြင် အိန္ဒိယအနေဖြင့် AI အတွက် အသုံး ပြုသည့် GPUs (Graphics Processing Units)၊ ဒေတာ စင်တာသုံး ပစ္စည်းကိရိယာများနှင့် စွမ်းဆောင်ရည်မြင့် ကွန်ပျူတာ စနစ်များအပါအဝင် အမေရိကန်ထုတ် နည်းပညာဆိုင်ရာ အစိတ်အပိုင်းများကိုလည်း ပိုမိုအသုံးပြု သွားနိုင်ကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။ အိန္ဒိယနှင့် အမေရိကန်တို့သည် ကုန်သွယ်ရေး သဘောတူညီချက်အတွက် ဆက်လက်ညှိနှိုင်းနေဆဲဖြစ်သော်လည်း သိသာသောတိုးတက်မှုများ ရှိနေသည်။ အထူးသဖြင့် ရုရှားနိုင်ငံမှ ရေနံ စိမ်းတင်သွင်းမှုကို လျှော့ချရန် အိန္ဒိယဘက်က အရိပ် အယောင်ပြပြီးနောက်တွင် ယခုကဲ့သို့ တိုးတက်မှုများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ယခင်နှစ်က သမ္မတထရမ့်သည် အိန္ဒိယမှ အမေရိကန် သို့ တင်ပို့သော ကုန်စည်များအပေါ် အပိုအခွန် ၂၅ ရာခိုင်နှုန်း (Tariff) ကို ကောက်ခံခဲ့သည်။ အိန္ဒိယ ရေနံချက်စက်ရုံများသည် အခြားသော ရေနံအရင်းအမြစ်များ ဘက်သို့ လှည့်နေပြီဖြစ်ကြောင်း သတင်းများက ဖော်ပြနေသော်လည်း အိန္ဒိယအာဏာပိုင်များက စွမ်းအင် လုံခြုံရေးကို အဓိကထားနေသောကြောင့် တရားဝင် ကတိကဝတ်ပြုမှုများမှာမူ နှေးကွေး နေဆဲ ဖြစ်သည်။ ဤကုန်သွယ်ရေး သဘောတူညီချက်တွင် ရေနံကဏ္ဍကို အဓိကထားနေရခြင်းမှာ ၂၀၂၂ ခုနှစ် နောက်ပိုင်း အိန္ဒိယသည် ရုရှားရေနံကို အများဆုံးဝယ်ယူသူ ဖြစ်လာခဲ့သောကြောင့်ဖြစ်သည်။ ဝါရှင်တန်သည် ဤဆက်ဆံရေး ကို စီးပွားရေးသက်သက်ထက် နိုင်ငံရေးပြဿနာတစ်ခုအဖြစ် ပိုမိုရှုမြင်လာပြီး အိန္ဒိယကို အခြားအရင်းအမြစ်များထံ ပြောင်းလဲဝယ်ယူရန် ကုန်သွယ်ရေးနည်းလမ်းဖြင့် ဖိအားပေးလျက်ရှိသည်။ ကျောက်မီးသွေး ကဏ္ဍတွင်လည်း အိန္ဒိယသည် အဓိက တင်သွင်း သူ ဖြစ်သည်။ ပြီးခဲ့သည့်နှစ်က တိုးတက်လာသော သံမဏိလုပ်ငန်းများ အတွက် ကျောက်မီးသွေး တန်ချိန် ၆၂.၆ သန်းအထိ တင်သွင်းခဲ့ရပြီး ၉.၆ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ အမေရိကန်ထံမှ ကျောက်မီးသွေး တင်သွင်းမှုမှာလည်း သိသိသာသာ မြင့်တက်လာခဲ့ရာ စုစုပေါင်းတင်သွင်းမှု၏ ၇.၃ ရာခိုင်နှုန်းမှ ၁၅ ရာခိုင် နှုန်းအထိ ဖြစ်လာခဲ့သည်။ ၎င်းသည် အိန္ဒိယ၏ အဓိက ကျောက်မီးသွေး တင်ပို့သူဖြစ်သော သြစတြေးလျ၏ ဈေးကွက်ဝေစုကို လျှော့ချပစ်ခဲ့ကြောင်း သိရှိရပါသည်။

Source : Oilprice.com                                                                

DOCA(ရန်ကုန်)

အင်ဒိုနီးရှားတွင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကိုရှာဖွေရန် အမေရိကန် ရင်းနှီးမြှုပ်နှံသူများကို တိုက်တွန်းခဲ့သည့် Prabowo

            အင်ဒိုနီးရှား သမ္မတ Prabowo Subianto သည် ဖေဖော်ဝါရီလ၁၈ ရက်နေ့က အမေရိ ကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တွင် ကျင်းပသော အမေရိကန်ကုန်သွယ်ရေးအသင်း (US Chamber of Commerce)၊ US-ASEAN Business Council နှင့် US-Indonesia Society တို့နှင့် တွေ့ဆုံရာတွင် အမေရိကန် စီးပွားရေးခေါင်းဆောင်များအား အင်ဒိုနီးရှားတွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။ အဆိုပါ တွေ့ဆုံပွဲကို အင်ဒိုနီးရှားကုန်သွယ်ရေးအသင်း (Kadin) ကိုယ်စားလှယ်များ၊ ဝန်ကြီးအချို့နှင့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြ ကြောင်း သိရပါသည်။ သမ္မတ Prabowo က စက်မှုစွမ်းအားမြှင့်တင်ခြင်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန် ရည်ရွယ်သည့် downstream စီမံကိန်း ၁၈ ခုပါဝင်သည့် အစိုးရ၏ ဦးစားပေးအစီ အစဉ်များကို  အလေးပေးပြောကြားခဲ့ကြောင်း သိရပါသည်။ ၎င်းက အင်ဒိုနီးရှား နိုင်ငံ၏ စီးပွား ရေးနှင့် နိုင်ငံရေးတည်ငြိမ်မှု၊ အုပ်ချုပ်မှုစနစ်တိုးတက်လာမှုနှင့် အကျင့်ပျက်ခြစားမှုများကို တိုက်ဖျက်ရန် ဥပဒေအကောင်အထည်ဖော်ရေးအားကောင်းလာမှုတို့ကို ရှင်းလင်း ပြောကြားခဲ့ပြီး ၎င်းတို့သည် ရင်းနှီးမြှုပ်နှံမှုများ လိုအပ်ပြီး ပိုမိုများပြားသည့် ရင်းနှီးမြှုပ်နှံမှုများကို လိုလားကြောင်း၊ နည်းပညာအသစ်များအတွက် လိုအပ်သည့် သတ္တုသယံဇာတများလည်း ပေါများသည့်အတွက် အင်ဒိုနီးရှားသို့ လာရောက်ရင်းနှီးမြှုပ်နှံရန် ပြောကြားခဲ့ပါသည်။ မိနစ် ၄၅ ခန့် ကြာမြင့် သော မိန့်ခွန်းတွင် ၎င်းက မကြာမီ လက်မှတ်ရေးထိုးမည့် အင်ဒိုနီးရှား-အမေရိကန် အပြန်အလှန် ကုန်သွယ်ရေးသဘောတူညီချက်၊ ရင်းနှီးမြှုပ်နှံသူများအတွက် အဆင်ပြေစေမည့် ပြုပြင်ပြောင်းလဲ ရေးအစီအစဉ်များနှင့် မြေရှားသတ္တု (rare earth) အပါအဝင် စွမ်းအင်နှင့် သတ္တုသယံဇာတ ကဏ္ဍ ရှိ အခွင့်အလမ်းများကိုလည်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရပါသည်။ ထို့အပြင် ၎င်း၏တာဝန် ထမ်းဆောင်မှု ပထမနှစ်အတွင်း ရရှိခဲ့သည့် အောင်မြင်မှုများကို မျှဝေခဲ့ပြီး ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၏ ဦးစားပေးအစီအစဉ်များကို ထပ်မံ အလေးပေးပြောကြားခဲ့ကြောင်း သိရပါသည်။ သမ္မတ Prabowo က အင်ဒိုနီးရှားနိုင်ငံသည် ရင်းနှီးမြှုပ်နှံသူများအား လက်ခံကြိုဆိုသော နိုင်ငံဖြစ်ကြောင်း အခိုင်အမာ ပြောကြားကာ ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ် စောင့်ရှောက်ပြီး စီးပွားရေးအခြေအနေကောင်းမွန်စေရန် ဆက်လက်ထိန်းသိမ်းသွားမည်ဟု ကတိပြုခဲ့ကြောင်း သိရပါသည်။ အဆိုပါ တွေ့ဆုံပွဲသို့ စီးပွားရေးရာညှိနှိုင်းဆွေးနွေးရေးဝန်ကြီး Airlangga Hartarto၊ စွမ်းအင်နှင့် သတ္တုသယံဇာတဝန်ကြီး Bahlil Lahadalia၊ ရင်းနှီးမြှုပ်နှံ မှုဝန်ကြီး Rosan Perkasa Roeslani နှင့် အမေရိကန်နိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ကြီး Dwisuryo Indroyono Soesilo တို့ တက်ရောက်ခဲ့ကြောင်း သိရပါသည်။ စီးပွားရေးခေါင်းဆောင် များအနက် Kadin ဥက္ကဋ္ဌ Anindya Novyan Bakrie၊ Pertamina ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် Simon Aloysius Mantiri၊ PT Freeport Indonesia အမှုဆောင်အရာရှိချုပ် Tony Wenas နှင့် Freeport-McMoRan Inc. ဥက္ကဋ္ဌ Richard C. Adkerson တို့ ပါဝင်ခဲ့ကြောင်း သိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

ဘုရားဖူးများအတွက် ဆော်ဒီအာရေးဗီးယားသို့ ရေထွက်ကုန်များတင်ပို့ရန် အင်ဒိုနီးရှားစီစဉ်

        အင်ဒိုနီးရှားအစိုးရသည် ဆော်ဒီအာရေဗျနိုင်ငံသို့ ရေထွက်ကုန်များ တင်ပို့နိုင်ရန်နှင့် ဟတ်ဂျ်ဘုရားဖူးများများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဗျူဟာမြောက်စီမံချက် များကို ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။ ရေကြောင်းရေးရာနှင့် ငါးလုပ်ငန်း ဝန်ကြီးဌာန (KKP) ၏ အရည်အသွေးထိန်းချုပ်ရေးနှင့် စောင့်ကြည့်ရေးအေဂျင်စီ အကြီးအကဲ Ishartini က အစားအစာရေးရာ ညှိနှိုင်းဆွေးနွေးရေးဝန်ကြီး Zulkifli Hasan မှ ဖွဲ့စည်းထားသော လုပ်ငန်းအဖွဲ့တွင် ၎င်းတို့ဝန်ကြီးဌာနပါဝင်ထားပြီး ဟတ်ဂျ်နှင့် Umrah ဘုရားဖူးများ၏ လိုအပ်ချက်များကို အထူးအလေးပေးဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။ ဂျကာတာမြို့ တွင် ကြာသပတေးနေ့ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် Ishartini က ဆော်ဒီ အစားအစာ နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့ (SFDA) နှင့် ဆွေးနွေးညှိနှိုင်းမှုများ စတင်လုပ်ဆောင်နေပြီး အင်ဒိုနီးရှားမှ မွေးမြူထားသော ငါးများကို တင်ပို့ခွင့် လိုင်စင်ရရှိရန် ကြိုးပမ်းနေကြောင်း၊ တင်ပို့ခွင့်လိုင်စင် မရရှိသေးသော်လည်း လုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်နေပြီး SFDA က ချမှတ်ထားသော လိုအပ်ချက်များကိုလည်း အပြည့်အဝ ဖြည့်ဆည်းပြီးဖြစ်ကြောင်းနှင့် လုပ်ငန်းအဖွဲ့၏ ကြိုးပမ်းမှုများကြောင့် အင်ဒိုနီးရှားနိုင်ငံမှ မွေးမြူရေးငါးထွက်ကုန်များ ဆော်ဒီဈေးကွက်သို့ ဝင်ရောက်နိုင်မည်ဟု ယုံကြည်ကြောင်း Ishartin ကပြောကြားခဲ့ပါသည်။ KKP ၏ အချက်အလက်များအရ ၂၀၂၄ ခုနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံ၏ ငါးမွေးမြူရေးထွက်ကုန် စုစုပေါင်းထုတ်လုပ်မှုမှာ တန်ချိန် ၁၅.၇၅ သန်း ရှိခဲ့ကြောင်း သိရပါသည်။ ထိုထဲတွင် seaweed ၉.၈၅ သန်းတန်၊ တီလာပီးယား ၁.၅၆ သန်းတန်၊ catfish ၁.၁၅ သန်းတန်၊ milkfish ၇၉၈,၈၆၄ တန်၊ goldfish ၅၂၃,၇၉၆ တန်နှင့် pangasius ၃၈၁,၉၆၉ တန် ပါဝင်ကြောင်း သိရပါသည်။ ဟတ်ဂျ်နှင့် Umrah ရေးရာ ဝန်ကြီး Mohamad Irfan Yusuf သည် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ပြည်သူ့လွှတ်တော် (DPR) နှင့် အစည်းအဝေးအတွင်း အဆိုပါအစီအစဉ်ကို ပထမဆုံးအလေးပေး ပြောကြားခဲ့ကြောင်း သိရပါသည်။ ၎င်းအစီအစဉ်မှာ ယခုနှစ် ဟတ်ဂျ်ရာသီအတွက် အင်ဒိုနီးရှား နိုင်ငံကထုတ်လုပ်သည့် ဆန်ကို ဆော်ဒီအာရေဗျသို့ တင်ပို့ခွင့် ရရှိခဲ့သည့် အောင်မြင်မှုနောက်ခံ ဖြင့် ဆက်လက်အကောင်အထည်ဖော်လာခြင်း ဖြစ်ကြောင်း သိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

အမေရိကန် ဒေါ်လာ ၃၈.၄ ဘီလီယံ တန်ဖိုးရှိသည့်အပြန်အလှန်ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကတိကဝတ် လက်မှတ်ရေးထိုးခဲ့သည့် အင်ဒိုနီးရှား–အမေရိကန်

        အင်ဒိုနီးရှားနှင့် အမေရိကန်ပြည်ထောင်စုတို့သည် စိုက်ပျိုးရေးမှ ကုန်ထုတ်လုပ်မှုလုပ်ငန်းနှင့် အဆင့်မြင့်နည်းပညာကဏ္ဍများအထိလွှမ်းခြုံသည့် ကဏ္ဍစုံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကတိကဝတ်စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၈.၄ ဘီလီယံ (ရူပီ ၆၄၉.၄၂ ထရီလီယံခန့်) ကို လက်မှတ်ရေးထိုးခဲ့ကြောင်း တာဝန်ရှိသူများက ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါသဘောတူညီချက်များကို ဝါရှင်တန်မြို့၌ ကျင်းပသည့် US–Indonesia Business Summit 2026 တွင် ကြေညာခဲ့ပြီး အဆိုပါ ဆွေးနွေးပွဲကို U.S. Chamber of Commerce၊ US–ASEAN Business Council နှင့် U.S.–Indonesia Society တို့က လက်ခံကျင်းပခဲ့ကြောင်း သိရပါသည်။ အင်ဒိုနီးရှားသမ္မတ Prabowo Subianto က စျေးကွက်ယုံကြည်မှုနှင့် ရေရှည်ရင်းနှီးမြှုပ်နှံမှုများ ထိန်းသိမ်းရာတွင် အုပ်ချုပ်မှု ကောင်းမွန်မှု၊ ပွင့်လင်းမြင်သာမှုနှင့် ယုံကြည်စိတ်ချရမှုတို့၏ အရေးပါမှုကို အလေးပေး ပြောကြားခဲ့ကြောင်း သိရပါသည်။ စိုက်ပျိုးရေးကဏ္ဍတွင် ပဲပိစပ် ဒေါ်လာ ၁.၃၇ ဘီလီယံ၊ ဂျုံ ဒေါ်လာ ၁.၂၅ ဘီလီယံ (၂၀၃၀ အထိ စီစဉ်ထား)၊ ပြောင်းဖူး ဒေါ်လာ ၈၅၅ သန်း၊ ဝါဂွမ်း ဒေါ်လာ ၂၄၄ သန်းနှင့် အခြားစိုက်ပျိုးရေးထုတ်ကုန်များ ဒေါ်လာ ၈၀၀ သန်း ပါဝင်သည့် စုစုပေါင်း ဝယ်ယူရန်ကတိ ကဝတ် အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံ တန်ဖိုးရှိကြောင်း သိရပါသည်။ စက်မှုလုပ်ငန်းကဏ္ဍ သည် စုစုပေါင်း ဒေါ်လာ ၃၃.၉၁ ဘီလီယံဖြင့် အဓိက ရပ်တည်နေကြောင်း သိရပါသည်။ အဓိက သဘောတူညီချက်များတွင် အင်ဒိုနီးရှားကုန်သည်နှင့် စက်မှုလုပ်ငန်းအသင်း (Kadin) နှင့် US–ASEAN Business Council အကြား ဒေါ်လာ ၂ ဘီလီယံ တန်ဖိုးပူးပေါင်းဆောင်ရွက်မှု၊ အမေရိကန်ဒေါ်လာ သန်း ၂၀၀ တန်ဖိုးရှိသော အသုံးပြုပြီးအဝတ်အထည်များရောင်းချရေးနှင့် စုစုပေါင်း ဒေါ်လာ ၃၁.၅၉ ဘီလီယံ တန်ဖိုးရှိသည့်အကြီးစား ဆီမီကွန်ဒတ်တာစီမံကိန်းများ ပါဝင် ကြောင်း သိရပါသည်။ စီးပွားရေးရေးရာ ညှိနှိုင်းဆွေးနွေးရေး ဝန်ကြီး Airlangga Hartarto က အင်ဒိုနီးရှားသည် အမေရိကန်ကို မဟာဗျူဟာမိတ်ဖက်အဖြစ် ရှုမြင်ထားကြောင်း နှင့်  ဒစ်ဂျစ်တယ်တီထွင်ဆန်းသစ်မှု၊ AI၊ ဆီမီကွန်ဒတ်တာများ၊ အရေးပါသောသတ္တုများ၊ ထောက်ပံ့မှု ကွင်းဆက်တည်ငြိမ်မှု၊ စွမ်းအင်အသွင်ကူးပြောင်းရေးနှင့် တန်ဖိုးမြှင့်ထုတ်လုပ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် Reciprocal Trade သဘောတူညီချက် အပြီးသတ်နိုင်ပါက ဈေးကွက်လမ်းကြောင်းများကို တိုးချဲ့ပေးနိုင်မည်ဖြစ်ပြီး ကုန်သွယ်ရေးအတားအဆီးများကို လျှော့ချနိုင်ကာ စီးပွားရေးလုပ်ငန်း များအတွက် ယုံကြည်စိတ်ချရမှု မြှင့်တင်နိုင်မည်ဟုသိရပါသည်။ ၎င်းသည် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုစီးဆင်းမှု ပိုမိုများပြားစေပြီး ရေရှည်စီးပွားရေးဆက်ဆံမှု ခိုင်မာစေရန် အထောက် အကူပြုမည်ဖြစ်ကြောင်း သိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

စိုက်ပျိုးမွေးမြူရေးကုန်သွယ်မှုတွင် ပူးပေါင်းဆောင်ရွက်မှုအရှိန်မြှင့်တင်လျက်ရှိသည့် ဗီယက်နမ်နှင့် တရုတ်

       ဗီယက်နမ်နှင့် တရုတ်နိုင်ငံ Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအကြား စိုက်ပျိုးမွေးမြူရေးကုန်သွယ်မှုသည် ကြီထွားမှုဆက်လက်အားကောင်းနေပြီး ၂၀၂၅ ခုနှစ်တွင် ကုန်သွယ်မှုပမာဏ ယွမ် ၁၈.၂၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၆ ဘီလီယံခန့်) ရောက်ရှိခဲ့ ကြောင်း သိရသည်။ Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ရေးရာဦးစီးဌာန၏ အချက်အလက်များအရ Guangxi ၏ ဗီယက်နမ်ထံမှ စိုက်ပျိုး မွေးမြူရေးထုတ်ကုန်တင်သွင်းမှုတန်ဖိုးမှာ ယွမ် ၁၂.၀၉ ဘီလီယံရှိပြီး ယခင်နှစ်တူညီသည့်ကာလ နှင့် နှိုင်းယှဉ်ပါက ၁၀.၈ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရပါသည်။ ၎င်းသည် ဒေသတွင်း စိုက်ပျိုးမွေးမြူရေးထောက်ပံ့မှုကွင်းဆက်တွင် ဗီယက်နမ်၏ အရေးပါမှုမြင့်တက်လာနေခြင်းကို ပြသနေကြောင်း သိရပါသည်။ ၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ကာလအတွင်း နှစ်ဖက်အပြန် အလှန် စိုက်ပျိုးမွေးမြူရေးကုန်သွယ်မှုသည် ပျမ်းမျှနှစ်စဉ် ၁၅.၂ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး သစ်သီးဝလံကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်မှု၏ အဓိကကဏ္ဍအဖြစ် ဆက်လက်တည်ရှိနေကြောင်း သိရပါသည်။ ပထဝီအနေအထား အားသာချက်များနှင့် ထောက်ပံ့ပို့ဆောင်ရေး အခြေခံအဆောက် အအုံ ဖွံ့ဖြိုးတိုးတက်မှုများကြောင့် Guangxi သည် တရုတ်ဈေးကွက်သို့ ဝင်ရောက်လာသည့် ဗီယက်နမ်သစ်သီးဝလံများအတွက် အဓိကပြန်လည်ဖြန့်ချိရာအချက်အချာ ဒေသတစ်ခုအဖြစ် ပေါ်ထွန်းလာနေကြောင်း သိရပါသည်။ ထို့အပြင် အာဆီယံနိုင်ငံများနှင့် တရုတ်၏စိုက်ပျိုး‌မွေးမြူ ရေးထုတ်ကုန်များကိုချိတ်ဆက်ပေးသည့် ပေါင်းကူးတံတားတစ်ခုအဖြစ်လည်း ဆောင်ရွက်လျက် ရှိကြောင်း သိရပါသည်။ Guangxi Zhuang မှ ဗီယက်နမ်သို့ တင်ပို့သည့် အဓိကထုတ်ကုန်များ တွင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ လိမ္မော်သီးများ၊ ဖရဲသီး ၊ အာလူးနှင့် ရေထွက်ပစ္စည်းများ ပါဝင်ပြီး ဗီယက်နမ်ဘက်မှ တန်ဖိုးမြင့်ထုတ်ကုန်များဖြစ်သည့် လတ်ဆတ်သောဒူရင်းသီး၊ ကျောက်ပုဇွန်၊ ပီလောပီနံနှင့် တိရစ္ဆာန်အစာအတွက် ငါးမှုန့်တို့ကို ပြန်လည်တင်ပို့လျက်ရှိကြောင်း သိရပါသည်။ နှစ်ဖက်စိုက်ပျိုးမွေးမြူရေးထုတ်လုပ်မှုကွင်းဆက်ပူးပေါင်းဆောင်ရွက်မှုသည် ယခင် Bac Giang ပြည်နယ် (ယခု Bac Ninh ပြည်နယ်) တွင် ဗီယက်နမ်–တရုတ် (Guangxi) စိုက်ပျိုး မွေးမြူရေးပူးပေါင်းဆောင်ရွက်မှုစမ်းသပ်ဇုန်တည်ထောင်ခြင်းနှင့်အတူ ပိုမို တည်တံ့ခိုင်မာလာခဲ့ကြောင်း သိရပါသည်။ ထို့အပြင် Guangxi Zhuang ရှိ Pingxiang၊ Dongxing နှင့် Baise ဒေသများတွင်လည်း စိုက်ပျိုးမွေးမြူရေး ပူးပေါင်းဆောင်ရွက်မှု စမ်းသပ်ဇုန်များ ဖွင့်လှစ်ထား ကြောင်း သိရပါသည်။ နည်းပညာအခြေပြု စိုက်ပျိုးမွေးမြူရေး (Smart agriculture) သည် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု၏ ထူးခြားချက်အသစ်တစ်ရပ် ဖြစ်လာနေကြောင်း သိရပါသည်။ Guangxi Zhuang အခြေစိုက် Yang Xiang Group သည် ဗီယက်နမ်တွင် ဒစ်ဂျစ်တယ်စနစ် အပြည့်အစုံအသုံးပြုထားသည့် ဝက်မွေးမြူရေးစီမံကိန်းကို စတင်အကောင်အထည်ဖော်ခဲ့ကြောင်း သိရပါသည်။ Jie Jiarun Group မှ ဖန်တီးထားသည့် နည်းပညာဖြေရှင်းချက်များကိုလည်း သစ်သီးစိုက်ပျိုးသည့်ဒေသအချို့တွင် အသုံးချထားပြီး အရည်အသွေးမြင့် သစ်သီးထွက်ရှိမှု အချိုး အစား ကို ၃၀ ရာခိုင်နှုန်းခန့်အထိ မြှင့်တင်နိုင်ခဲ့ကြောင်း သိရပါသည်။ ထို့အပြင် Quang Ninh ပြည်နယ်တွင် တရုတ် (Guangxi )–ဗီယက်နမ် စမတ်ငါးမွေးမြူရေး ပူးပေါင်းဇုန် စီမံကိန်းသည် Ha Long Bay တွင် ပထမဆုံး စမတ်ပင်လယ်အနက် ငါးလှောင်အိမ်များ လည်ပတ်နိုင်ရန် ပံ့ပိုးပေးခဲ့ကြောင်း သိရပါသည်။ ယခုနှစ်အတွင်း Guangxi သည် နိုင်ငံတကာ စိုက်ပျိုးမွေးမြူရေး ကုန်သွယ်မှုတွင် အရည်အသွေးမြင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းများကို တိုးချဲ့ဆောင်ရွက်ရန်၊ ပြည်ပစိုက်ပျိုးရေးသိုလှောင်ရုံများတည်ဆောက်ရေးတွင် လုပ်ငန်းရှင်များ ကို ပံ့ပိုးရန်၊ ဗီယက်နမ်နှင့် အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရေး လမ်းကြောင်းများ ချဲ့ထွင်ရန်နှင့် Guangxi စိုက်ပျိုးမွေးမြူရေးအာဏာပိုင်များနှင့် ဗီယက်နမ် နယ်စပ်ပြည်နယ် လေးခုအကြား ပူးတွဲကွန်းဖရန့်များ ကျင်းပရန် စီစဉ်ထားကြောင်း သိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

၂၀၂၆ ဖေဖော်ဝါရီလအထိ အိန္ဒိယနိုင်ငံ၏ သကြားတင်ပို့မှုများတန်ချိန် ၂.၀၁ သိန်း တန် ခန့် ရောက်ရှိ 

   ၂၀၂၅-၂၆ ဈေးကွက်နှစ်အတွင်း ဖေဖော်ဝါရီလအထိ အိန္ဒိယနိုင်ငံသည် သကြားတန် ချိန် ၂၀၁,၅၄၇ တင်ပို့ခဲ့ပြီး အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နိုင်ငံသည် အိန္ဒိယနိုင်ငံမှ သကြားအများဆုံးတင်ပို့ရာနိုင်ငံဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် အိန္ဒိယနိုင်ငံလုံးဆိုင် ရာ သကြားကုန်သွယ်မှုအသင်း (AISTA) မှ ထုတ်ပြန်သော ထုတ်ပြန်ချက်များအရ သိရပါသည်။

         အိန္ဒိယနိုင်ငံ၏ သကြားတင်ပို့မှုကို သကြားစက်ရုံများအကြား အချိုးကျခွဲဝေပေးသည့် ခွဲတမ်းစနစ်ဖြင့် အစိုးရက ဆက်လက်ထိန်းချုပ်ထားကြောင်း သိရပါသည်။ ဗဟိုအစိုးရသည် မကြာသေးမီက ထပ်တိုးခွင့်ပြုခဲ့သည့် တန်ချိန် ၅ သိန်း အပါအဝင် ၂၀၂၅-၂၆ ဈေးကွက်နှစ် အတွက် စုစုပေါင်း သကြားတန်ချိန် ၂ သန်း တင်ပို့ရန် အတည်ပြုထားကြောင်း သိရပါသည်။

       စုစုပေါင်း တင်ပို့မှုပမာဏတွင် သကြားဖြူ တန်ချိန် ၁၆၃,၀၀၀ တန်ခန့်နှင့် သန့်စင်ပြီး  သကြား (Refined Sugar) တန်ချိန် ၃၇,၆၃၈ ပါဝင်ကြောင်း အိန္ဒိယနိုင်ငံလုံးဆိုင်ရာ သကြား ကုန်သွယ်မှုအသင်း (AISTA) မှ ထုတ်ပြန်သော ထုတ်ပြန်ချက်များအရ သိရပါသည်။ အိန္ဒိယနိုင်ငံ သည် သကြားတင်ပို့မှုကို (UAE) နိုင်ငံသို့ တန်ချိန် ၄၇,၀၀၆ ဖြင့် အများဆုံး တင်ပို့ခဲ့ပြီး ၎င်းနောက်တွင် အာဖဂန်နစ္စတန်နိုင်ငံသို့ တန်ချိန် ၄၆,၁၆၃ တန်ခန့် ဒုတိယအများဆုံး တင်ပို့ခဲ့ကြောင်း သိရ ပါသည်။

          စက်တင်ဘာလတွင် ကုန်ဆုံးမည့် ၂၀၂၅-၂၆ ဈေးကွက်နှစ်အတွက် အိန္ဒိယ၏ သကြားထုတ်လုပ်မှုမှာ ၁၃ ရာခိုင်နှုန်းခန့်မြင့်တက်လာပြီး တန်ချိန်ပေါင်း ၂၉.၆ သန်းတန်ခန့် အထိ ထုတ်လုပ်လာနိုင်မည်ဖြစ်ကြောင်း AISTA ခန့်မှန်းချက်တွင် ဖော်ပြထားကြောင်း သိရပါသည်။

         တင်ပို့လိုသည့် စက်ရုံများသို့ အပိုဆောင်း တန်ချိန် ၅ သိန်းအား အချိုးကျစနစ်ဖြင့် တင်ပို့ ခွင့်ပြုရန် အစိုးရ၏ ဆုံးဖြတ်ချက်ကို အဆိုပါ ကုန်သွယ်မှုအသင်းက မျှော်လင့်လျက်ရှိကြောင်း သိရပါသည်။ ကနဦးသတ်မှတ်ထားသည့် တန်ချိန် ၁.၅ သန်း ခွဲတမ်းမှာ စက်ရုံအချင်းချင်း လဲလှယ် ခွင့်ရှိသော်လည်း၊ ယခု အသစ်ချပေးသည့် ခွဲတမ်းမှာမူ ထိုသို့ လဲလှယ်ခွင့်မရှိကြောင်း AISTA ၏ ပြောကြားချက်အရ သိရပါသည်။

Source: The Economic Times                                           

DOCA (ရန်ကုန်)

2025-2026 ဘဏ္ဍာနှစ်အတွင်း ပါကစ္စတန်နိုင်ငံ၏ မိုဘိုင်းလ်ဖုန်းတင်သွင်းမှုများ မြင့်တက်

       ပါကစ္စတန်နိုင်ငံသည်၂၀၂၅-၂၆ ဘဏ္ဍာနှစ်၏ ပထမခုနစ်လ (ဇူလိုင်လမှ ဇန်နဝါရီလအထိ) အတွင်း မိုဘိုင်းလ်ဖုန်းတန်ဖိုး အမေရိကန်ဒေါ်လာ ၁.၁၃၉ ဘီလီယံဖိုး တင်သွင်းခဲ့ကြောင်းနှင့် ၎င်းပမာဏသည် ယခင်နှစ် အလားတူကာလက တင်သွင်းခဲ့သည့် ဒေါ်လာ ၈၆၇.၆၈၅ သန်းနှင့် နှိုင်းယှဉ်ပါက ၃၁.၃၆ ရာခိုင်နှုန်းကျော်ခန့် မြင့်တက်လာကြောင်း သိရပါသည်။ တရားဝင်အချက် အလက်များအရ ပါကစ္စတန်ရူပီးငွေကြေးဖြင့် တွက်ချက်ပါက ၂၀၂၅-၂၆ ဘဏ္ဍာနှစ် ဇူလိုင်လမှ ဇန်နဝါရီလ ကာလအတွင်း မိုဘိုင်းလ်ဖုန်းတင်သွင်းမှု စုစုပေါင်းတန်ဖိုးမှာ ရူပီး ၃၂၁.၁၃၇ ဘီလီယံ ခန့်ရှိကြောင်းနှင့် ယခင်နှစ် အလားတူကာလတွင် တင်သွင်းခဲ့သော ရူပီး ၂၄၁.၃၃၀ ဘီလီယံနှင့် နှိုင်းယှဉ်ပါက ၃၃.၀၇ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရပါသည်။

            တစ်လချင်းအလိုက် နှိုင်းယှဉ်ချက်အရ ပါကစ္စတန်၏ မိုဘိုင်းလ်ဖုန်းတင်သွင်းမှုသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဒေါ်လာ ၁၅၉.၃၀၄ သန်းရှိခဲ့ရာမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ဒေါ်လာ ၁၇၉.၃၈၀ သန်းအထိ ၁၂.၆၀ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရပါသည်။ နှစ်အလိုက်နှိုင်းယှဥ် ချက်များအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလက တင်သွင်းခဲ့သည့် ဒေါ်လာ ၁၃၄.၂၄၃ သန်းနှင့် နှိုင်းယှဉ် လျှင် ၃၃.၆၂ ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရပါသည်။

            ပါကစ္စတန်နိုင်ငံသည် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် မိုဘိုင်းလ်ဖုန်းတန်ဖိုး ဒေါ်လာ ၁.၄၉၄ ဘီလီယံဖိုး တင်သွင်းခဲ့ပြီး၊ ၎င်းပမာဏသည် ၂၀၂၃-၂၄ ခုနှစ်က တင်သွင်းခဲ့သည့် ဒေါ်လာ ၁.၈၉၈ ဘီလီယံနှင့် နှိုင်းယှဉ်ပါက ၂၁.၃၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါသည်။ ပါကစ္စတန်ရူပီးငွေ ဖြင့်ဆိုလျှင် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွင်း မိုဘိုင်းလ်ဖုန်းတင်သွင်းမှု စုစုပေါင်းတန်ဖိုးမှာ ရူပီး ၄၁၇.၃၅၁ ဘီလီယံရှိခဲ့ပြီး၊ ၎င်းမှာ ၂၀၂၃-၂၄ ခုနှစ် အလားတူ ကာလက တင်သွင်းခဲ့သည့် ရူပီး ၅၃၅.၆၉၀ ဘီလီယံနှင့် နှိုင်းယှဉ်ပါက ၂၂.၀၉ ရာခိုင်နှုန်း လျော့ကျသွားကြောင်း သိရပါသည်။

         ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွင်း ပါကစ္စတန်၏ ဆက်သွယ်ရေးကဏ္ဍအတွက် စုစုပေါင်း တင်သွင်းမှုမှာ ဒေါ်လာ ၂.၀၉၉ ဘီလီယံရှိခဲ့ပြီး၊ ၂၀၂၃-၂၄ ခုနှစ် အလားတူကာလတွင် တင်သွင်းခဲ့သော ဒေါ်လာ ၂.၃၆၆ ဘီလီယံနှင့် နှိုင်းယှဉ်ပါက ၁၁.၃၀ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါ သည်။

        ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလ အတွင်း ပြည်တွင်းကုန်ထုတ်လုပ်ရေးနှင့် တပ်ဆင်ရေးစက်ရုံများက မိုဘိုင်းလ်ဖုန်းအလုံးရေ ၃၀.၂၁ သန်း ထုတ်လုပ်တပ်ဆင်နိုင်ခဲ့ပြီး၊ စီးပွားဖြစ် တင်သွင်းလာသော ဖုန်းအရေအတွက်မှာ ၂.၃၇ သန်းသာရှိခဲ့ကြောင်း သိရပါသည်။

           တရားဝင်အချက်အလက်များအရ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ တစ်လတည်းတွင် ပါကစ္စတန် နိုင်ငံပြည်တွင်း၌ မိုဘိုင်းလ်ဖုန်းအလုံးရေ ၂.၆၁ သန်း ထုတ်လုပ်ခဲ့ပြီး၊ စီးပွားဖြစ်တင်သွင်းမှုမှာ အလုံးရေ ၀.၃၃ သန်းရှိခဲ့ကြောင်း သိရပါသည်။ ပြည်တွင်းစက်ရုံများမှ ထုတ်လုပ်သော မိုဘိုင်းလ်ဖုန်းအလုံးရေ ၃၀.၂၁ သန်းတွင် စမတ်ဖုန်းအလုံးရေ ၁၅.၆၄ သန်းခန့်ထုတ်လုပ်ခဲ့ကြောင်း သိရပါသည်။

Source: Brecorder                                                           

DOCA (ရန်ကုန်)

ဇန်နဝါရီလအတွင်းအိန္ဒိယနိုင်ငံ၏ ရုရှားနိုင်ငံထံမှ ကုန်ပစ္စည်းတင်သွင်းမှု ၄၀ ရာခိုင်နှုန်းကျော်ခန့် သိသိသာသာ ကျဆင်းလာ

        ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော နောက်ဆုံးရ ကိန်းဂဏန်း အချက်အလက်များအရ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း အိန္ဒိယနိုင်ငံ၏ ရုရှားနိုင်ငံထံမှ ကုန်ပစ္စည်း တင်သွင်းမှုသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလနှင့် နှိုင်းယှဉ်ပါက ၄၀.၄၈ ရာခိုင်နှုန်း အထိ သိသိသာသာ ကျဆင်းသွားကြောင်း သိရပါသည်။

          ရုရှားနိုင်ငံမှ တင်သွင်းသော ကုန်ပစ္စည်းစုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းခန့်မှာ ပုံမှန်အားဖြင့် ရေနံစိမ်းများဖြစ်ပြီး ယခုလအတွင်း ရုရှားရေနံစိမ်း တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၂.၃ ဘီလီယံခန့် လျော့နည်းနိုင်ကြောင်း သိရပါသည်။ အိန္ဒိယနိုင်ငံအစိုးရသည် ၂၀၂၆ ခုနှစ် ဇန်နဝါ ရီလအတွက် ကုန်သွယ်မှုအချက်အလက်များကို ဖေဖော်ဝါရီလ၊ ၁၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော်လည်း ကုန်ပစ္စည်းအမျိုးအစားနှင့် နိုင်ငံအလိုက် အသေးစိတ်အချက် အလက်များကိုမူ ထုတ်ပြန်ရန် ကျန်ရှိနေသေးပြီး အိန္ဒိယနိုင်ငံသည် ရေနံစိမ်းအပြင် ကျောက်မီးသွေး၊ အချို့သော ရေနံထွက်ပစ္စည်းများ၊ ဓာတ်မြေသြဇာ၊ သံ၊ သတင်းစာစက္ကူ၊ စီမံကိန်းသုံး ပစ္စည်းများ၊ ပဲမျိုးစုံ၊ ပုလဲနှင့် အဖိုးတန်ကျောက်မျက်ရတနာများကိုလည်း ရုရှားနိုင်ငံမှ တင်သွင်းလျက်ရှိကြောင်း သိရပါသည်။

          ၂၀၂၅-၂၆ ဘဏ္ဍာနှစ်အတွင်း ရုရှားရေနံစိမ်းတင်သွင်းမှု လျော့ကျလာခြင်းသည် အမေရိကန်အစိုးရက ရုရှားရေနံစိမ်းများ မဝယ်ယူရန် အိန္ဒိယအပေါ် ဖိအားပေးမှုများကြောင့် ဖြစ်ကြောင်း သိရပါသည်။ ဩဂုတ်လ ၂၇ ရက်နေ့မှစ၍ အမေရိကန်နိုင်ငံသည် အိန္ဒိယ၏ ကုန်ပစ္စည်း တင်ပို့ မှုများအပေါ် အပိုဆောင်း ၂၅ ရာခိုင်နှုန်းခန့် အပြစ်ပေးသည့်အခွန် အဖြစ် သတ်မှတ်ခဲ့ပြီး ၎င်းမှာ ရုရှားရေနံစိမ်း ဝယ်ယူမှုအတွက် အဓိက အရေးယူဒဏ်ခတ်ခြင်းပင် ဖြစ်ကြောင်းသိရပါသည်။ ရလဒ်အနေဖြင့် စက်တင်ဘာလတွင် အိန္ဒိယ၏ ရုရှားရေနံစိမ်း တင်သွင်းမှုသည် ဧပြီလနှင့် နှိုင်းယှဉ်ပါက ၃၀ရာခိုင်နှုန်းနီးပါး ကျဆင်းသွားကာ အမေရိကန်ဒေါ်လာ ၃.၃၂ ဘီလီယံအထိ လျော့ကျသွားခဲ့ကြောင်း သိရပါသည်။

         ရုရှားနိုင်ငံမှ တင်သွင်းမှု လျော့ကျသွားခြင်းသည် အိန္ဒိယရေနံချက်စက်ရုံများ၏ ရုရှားရေနံ စိမ်းဝယ်ယူမှုကို ရပ်ဆိုင်းလိုက်ပြီဟူသော ထုတ်ပြန်ချက်များနှင့် ကိုက်ညီနေကြောင်း သိရပါသည်။ ဇန်နဝါရီလ ၉ ရက်နေ့က ထွက်ပေါ်ခဲ့သော သတင်းတစ်ပုဒ်အပေါ် တုံ့ပြန်ရာတွင် အိန္ဒိယ ၏ အကြီးဆုံး ပုဂ္ဂလိက ရေနံချက်လုပ်ငန်း ဖြစ်သော Reliance Industries Ltd (RIL) က ဇန်နဝါရီလအတွင်း "ရုရှားရေနံစိမ်း တင်သွင်းမှု တစ်စုံတစ်ရာ" ရှိလာရန် မမျှော်လင့်ထားကြောင်း လူမှုကွန်ရက်စာမျက်နှာ X တွင် ရေးသားဖော်ပြခဲ့ကြောင်း သိရပါသည်။ RIL ၏ ရေနံချက်လုပ်နိုင် စွမ်းမှာ တစ်နှစ်လျှင် တန်ချိန် ၆၈ သန်းကျော်ရှိပါသည်။

        ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် Trump အစိုးရသည် အိန္ဒိယနိုင်ငံက "ရုရှား ဖက်ဒရေးရှင်းနိုင်ငံမှ ရေနံကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တင်သွင်းခြင်းကို ရပ်ဆိုင်းရန် ကတိပြုထားပြီး" အမေရိကန် စွမ်းအင်ထုတ်ကုန်များကို ဝယ်ယူရန် သဘောတူညီခဲ့သည်ဟုဆိုကာ အိန္ဒိယ ကုန်ပစ္စည်းများအပေါ် သတ်မှတ်ထားသည့် ၂၅ ရာခိုင်နှုန်း အပြစ်ပေးသည့် အခွန်ကို ပြန်လည်ရုပ်သိမ်းပေးခဲ့ကြောင်း သိရပါသည်။ ထို့အပြင် အမေရိကန်သည် အိန္ဒိယအနေဖြင့် ဗင်နီဇွဲလား နိုင်ငံမှ စွမ်းအင်များကို ပြန်လည်ဝယ်ယူစေရန်လည်း ဆန္ဒရှိနေကြောင်း ထုတ်ပြန်ခဲ့ပါသည်။

       တရားဝင် အချက်အလက်များအရ ၂၀၁၂-၁၃ ခုနှစ်တွင် အိန္ဒိယသည် အဆိုပါ တောင်အမေရိကနိုင်ငံ (ဗင်နီဇွဲလား) ထံမှ အမေရိကန်ဒေါ်လာ ၁၄.၁၀ ဘီလီယံဖိုး ရေနံစိမ်း တင်သွင်းခဲ့ပါ သည်။ အမျိုးမျိုးသော ပထဝီနိုင်ငံရေး အကြောင်းရင်းများကြောင့် ဗင်နီဇွဲလား ရေနံစိမ်းတင်သွင်းမှုမှာ တဖြည်းဖြည်း လျော့နည်းလာခဲ့ပြီး ၂၀၂၁-၂၂ ခုနှစ်တွင် လုံးဝမရှိတော့သည့်အခြေအနေ (သုည) သို့ ရောက်ရှိသွားခဲ့ကြောင်း သိရပါသည်။

          အခြားတစ်ဖက်တွင်မူ ၂၀၁၁-၁၂ ခုနှစ်တွင် သုညသာရှိခဲ့သော ရုရှားရေနံစိမ်းများ အိန္ဒိယ သို့ တင်သွင်းမှုသည် ၂၀၂၂-၂၃ ခုနှစ်တွင် ဒေါ်လာ ၃၁ ဘီလီယံကျော်အထိ ရုတ်တရက် ထိုးတက်လာခဲ့ကြောင်း သိရပါသည်။ (၂၀၂၃-၂၄) တွင် ၄၆.၄၉ ဘီလီယံ ရှိခဲ့ပြီး ၂၀၂၄-၂၅ ခုနှစ်တွင်မူ ၅၀.၂၈ ဘီလီယံအထိ ကျော်လွန် ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

Source: Hindustan Times                                                           

DOCA (ရန်ကုန်)

အိန္ဒိယနိုင်ငံတွင် လာမည့် ၂ နှစ်အတွင်း AI ကဏ္ဍ၌ အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ ကျော် ရင်းနှီးမြှုပ်နှံမှုရရှိရန် မျှော်မှန်းထား

            အိန္ဒိယနိုင်ငံ၏ ဗဟိုအီလတ်ထရွန်းနစ်နှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီး Ashwin Vaishnaw က လာမည့် ၂ နှစ်အတွင်း ၎င်းတို့နိုင်ငံ၏ AI (ညဏ်ရည်တုနည်းပညာ) ကဏ္ဍ တွင် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ ကျော် ရင်းနှီးမြှုပ်နှံမှုဝင်ရောက်လာရန် မျှော်မှန်းထား ကြောင်း ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ပြောကြားခဲ့သည်။ နယူးဒေလီမြို့တွင် ကျင်းပသည့် “ India Ai Impact Summit 2026” ဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးက ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ CEO များသည် အထူးသဖြင့် Deep Tech (အဆင့်မြင့်နည်းပညာ) စတားအပ်လုပ်ငန်းများနှင့် အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းများအပေါ် အထူးစိတ်ဝင်စားမှုရှိနေကြောင်း ဝန်ကြီးက မှတ်ချက်ပြုခဲ့သည်။ AI နည်းပညာအား လူသားမျိုးနွယ်အတွက် အကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့် မှန်ကန်ပြီး တာဝန်ယူမှုရှိစွာ အသုံးပြုရေးနှင့် ပတ်သက်၍ ကမ္ဘာခေါင်းဆောင်များအကြားဘုံသဘောတူညီချက်တစ်ခု ရရှိစေရန် အိန္ဒိယနိုင်ငံမှကြိုပမ်းသွားမည်ဟုလည်းပြောကြားခဲ့ပါသည်။ ထို့အပြင် AI နည်းပညာ ဂေဟစနစ်အတွင်း၌ ခက်ခဲသော အတားအဆီးများနှင့် ပြဿနာများရှိနေပြီး ၎င်းတို့ကို နည်းပညာနှင့် ဥပဒေရေးရာ ပေါင်းစပ်ဖြေရှင်းမည့်နည်းလမ်း (Techno-Legal Approach) ဖြင့် ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ကြောင်း ဝန်ကြီး Vaishnaw မှ အလေးပေးပြောကြားခဲ့ကြောကြောင်း သိရှိရပါသည်။

Source: Xinhua                                                                         

DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ