ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

စွမ်းအင်ကဏ္ဍ၌ သုံးစွဲမှုတိုးမြှင့်နိုင်ရေး ပြည်ပသို့ စားအုန်းဆီတင်ပို့မှုကို အင်ဒိုနီးရှား ကန့်သတ်

   အီဂျစ်၊ ပါကစ္စတန်၊ ရုရှား နှင့် ဘယ်လာရုစ်တို့ ကဲ့သို့သော နိုင်ငံများထံမှ ဝယ်လိုအားမြင့် တက်လျက်ရှိသော်လည်း ကမ္ဘာ့အကြီးဆုံး စားအုန်းဆီထုတ်လုပ်သူ အင်ဒိုနီးရှားနိုင်ငံသည် စားအုန်းဆီသုံးစွဲမှုကို ၎င်း၏ ပြည်တွင်း ဇီဝလောင်စာထုတ်လုပ်မှုတွင် ဦးစားပေးရန် အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိသည်။

     အင်ဒိုနီးရှားသမ္မတ Prabowo Subianto က စားအုန်းဆီသည် အံသြဖွယ်ရာကောင်းသည့် သီးနှံတစ်မျိုးပင်ဖြစ်ပြီး အင်ဒိုနီးရှားပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေကြောင်း၊ အင်ဒိုနီးရှား ၏ ပထမဦးစားပေးအဖြစ် ဇီဝလောင်စာ ထုတ်လုပ်မှု၌ သုံးစွဲမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂ ရက် နေ့၌ အနောက်ဂျာဗားပြည်နယ် Bogor တွင် ကျင်းပသော ဗဟိုနှင့် ဒေသန္တရ အစိုးရအဖွဲ့များ၏ အမျိုးသားအဆင့် ပေါင်းစပ်ညှိနှိုင်းမှု အစည်းအဝေး၌ ပြောကြားခဲ့သည်။ 

    အင်ဒိုနီးရှားအစိုးရ၏ မူဝါဒအသစ်အရ စားအုန်းဆီကြမ်းနှင့် ၎င်း၏ ဘေးထွက်ပစ္စည်းများ ကို ပြည်တွင်းစွမ်းအင်လိုအပ်ချက်အတွက် အဓိကထား၍ သုံးစွဲမည်ဖြစ်သည်။ အသုံးပြုပြီးသော ဟင်းချက်ဆီများ အပါအဝင် စွန့်ပစ်ဆီများကိုလည်း ပြည်ပသို့တင်ပို့မှု လျှော့ချလျက် လေယာဉ်ဆီ ထုတ်လုပ်မှု၌ သုံးစွဲမည်ဖြစ်သည်။

    အင်ဒိုနီးရှားအစိုးရသည် စားအုန်းဆီကို ဟင်းချက်ဆီအဖြစ် သုံးစွဲမှုအပြင် အခြားသော ကုန် စည်များ ထုတ်လုပ်ပေးနိုင်စွမ်းရှိသည့် မဟာဗျူဟာမြောက်ကုန်စည်အဖြစ် သတ်မှတ်ထားသည်။ ၂၀၂၆ ခုနှစ်အတွင်း စားအုန်းဆီအခြေခံ စားသောက်ကုန်များ ထုတ်လုပ်မှုနှင့် လေကြောင်းသုံး ဇီဝ လောင်စာဆီထုတ်လုပ်မှု စီမံကိန်းနှစ်ရပ်တွင် ဦးစားပေးလုပ်ငန်း ၁၈ ခုမှ အင်ဒိုနီးရှား ရူပီးယား‌ငွေ ၆၁၈ ထရီလီယံ (ဒေါ်လာ ၃၆.၈၆ ဘီလီယံ) ရှိသော ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ပြီး အလုပ်အကိုင် နေရာပေါင်း ၂၇၆၀၀၀ ကို ဖန်တီးပေးနိုင်ရန် ရည်မှန်းထားသည်။

    အင်ဒိုနီးရှားနိုင်ငံ၏ ဇီဝလောင်စာအပေါ် အာရုံစူးစိုက်မှုသည် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင် ဈေးကွက်မတည်ငြိမ်မှုနှင့် ပြည်တွင်း၌ စွမ်းအင်လိုအပ်ချက်ရှိမှုတို့အပေါ် တုံ့ပြန်လုပ်ဆောင်ချက် တစ်စိတ်တစ်ပိုင်းပင်ဖြစ်သည်။ ၎င်းတို့အနေဖြင့် ဒီဇယ်ဆီနှင့်လေယာဉ်ဆီတို့အတွက် စားအုန်းဆီ မှ ထုတ်လုပ်နိုင်မှုရှိကြောင်း၊ ဓာတ်ဆီသုံးစွဲလိုသူများအတွက်မှု နိုင်ငံတကာ ဈေးနှုန်းများအတိုင်း ပေးဆောင်နိုင်ကြောင်း၊ သာမန် အင်ဒိုနီးရှားပြည်သူများ အနေဖြင့် ပြည်တွင်း၌ ထုတ်လုပ်သည့် လောင်စာဆီကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်မှုမှ အကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း သမ္မတ Prabowo က ပြောဆိုခဲ့သည်။

    လက်ရှိကာလတွင် အင်ဒိုနီးရှားနိုင်ငံသည် ဇီဝလောင်စာဆီ၌ စားအုန်းဆီ ၄၀ ရာခိုင်နှုန်း ရောစပ် အသုံးပြုသည့် B40 မူဝါဒကို ချမှတ်ကျင့်သုံးလျက်ရှိသည်။ စွမ်းအင်ဝန်ကြီး Bahlil Lahadalia က စမ်းသပ်လုပ်ဆောင်မှုများ အောင်မြင်ပါက အစိုးရအနေဖြင့် ယခုနှစ် ဒုတိယနှစ်ဝက် တွင် စားအုန်းဆီ ၅၀ ရာခိုင်နှုန်း ရောစပ် အသုံးပြုမည့် B50 အစီအစဉ်ကို ဖော်ဆောင်မည်ဟု ပြောဆိုထားသည်။

Source: Jakarta Globe, 03/02/2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

အော်ဂဲနစ်ဆန်များကို ကမ္ဘာ့အဆင့်မြင့်ဈေးကွက်များသို့ တင်ပို့မှုတိုးမြှင့်ရန် ထိုင်းကြိုးပမ်း

      ထိုင်းနိုင်ငံခြားကုန်သွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Arada Fuengthong က ၂၀၂၆ ခုနှစ်တွင် ဌာနအနေဖြင့် ထိုင်းအော်ဂဲနစ်ဆန်ကို မြှင့်တင်ရန်နှင့် လူသိများစေရန် စီစဉ်ထား ကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် အဆင့်မြင့်စျေးကွက်၌ ခေတ်သစ်စားသုံးသူများ၏ လိုအပ် ချက်များကို ဖြည့်ဆည်းပေးနိုင်သည့် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော အရည်အသွေးမြင့် ထုတ်ကုန်တစ်ခုအဖြစ် အဆင့်မြှင့်တင်ရန် ရည်ရွယ်ထားကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် ဖေဖော်ဝါရီလတွင် ဆွစ်ပြည်ထောင်စုနှင့် ဂျာမနီ ဖက် ဒရယ် သမ္မတနိုင်ငံတို့သို့ သွားရောက်မည်ဖြစ်ပြီး အော်ဂဲနစ်ဆန်နှင့် သက်ဆိုင်သည့် အေဂျင်စီများ၊ အဖွဲ့အစည်းများနှင့် အဓိကဆန်တင်သွင်းသူများကို တွေ့ဆုံကာ စျေးကွက်ချဲ့ထွင်ရေးကို ညှိနှိုင်း ဆွေးနွေးခြင်းနှင့် ကုန်သွယ်မှုဆက်ဆံရေးများကို ခိုင်မာစေရေး ဆောင်ရွက်သွားမည် ဖြစ်သည်။

     ဆောင်ရွက်မည့်လုပ်ငန်းများ၏ အဓိကအချက်မှာ ထိုင်းအော်ဂဲနစ်ဆန်စားသုံးမှုကို မြှင့်တင် မည့်ကမ်ပိန်းတစ်ရပ်ဖြစ်သည်။ ထိုင်းနိုင်ငံခြားကုန်သွယ်ရေး ဦးစီးဌာနအနေဖြင့် Thai SELECT အသိ အမှတ်ပြု လက်မှတ်ရရှိထားသည့် ထိုင်းစားသောက်ဆိုင်များနှင့်ပူးပေါင်း၍ ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်ချ် မြို့နှင့် ဂျာမနီနိုင်ငံ ဖရန့်ဖွတ်မြို့ရှိ စားသောက်ဆိုင်ပေါင်း(၁၀) ခုတို့တွင် တစ်ပတ်ကြာ ပရိုမိုးရှင်း ကမ်ပိန်း ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ အဆိုပါကမ်ပိန်းအတွင်း ထိုင်းအော်ဂဲနစ်ဆန်၏ ကျန်းမာ ရေး အကျိုးကျေးဇူးများ၊ အရသာ၊ ဂရုတစိုက် ထိန်းသိမ်းထားသော အရည်အသွေး စံနှုန်းများမှ သည် ထုတ်လုပ်မှုဖြစ်စဉ်အထိ ဂရုတစိုက် ဆောင်ရွက်မှုဖြစ်စဉ်အကြောင်းကို အရည်အသွေးမြင့် ထိုင်းဟင်းလျာများမှတစ်ဆင့် ဝေမျှသွားမည်ဖြစ်ကြောင်း သိရှိရသည်။

      ထူးခြားချက်မှာ ထိုင်းအော်ဂဲနစ်ဆန်ဖြင့် ပြုလုပ်ထားသော အထူးဟင်းလျာများကို မှာယူ သည့် ဖောက်သည်များအနေဖြင့် ထိုင်းနိုင်ငံသို့ အသွားအပြန် လေယာဥ်လက်မှတ်များ၊ ထိုင်း အစားအစာ ချက်ပြုတ်နည်းသင်တန်းများနှင့် Thai SELECT အသိအမှတ်ပြု စားသောက်ဆိုင်များ ရှိ စားသောက်ဆိုင်လက်ဆောင်ကူပွန်များကဲ့သို့ အထူးဆုများ ရယူနိုင်ရန် အခွင့်အလမ်းများ စု ဆောင်းရန် မှတ်ပုံတင်နိုင်မည်ဖြစ်ကြောင်း၊ အဓိက ဆန်တင်သွင်းသူများ၊ ဒေသတွင်းဩဇာရှိသူ များနှင့် မီဒီယာများကို အသိပညာဖြန့်ဝေရန် ဖွင့်ပွဲအခမ်းအနားနှင့် လှုပ်ရှားမှုများသို့ ဖိတ်ကြား သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် ထိုင်းနိုင်ငံခြား ကုန်သွယ်ရေး ဦးစီးဌာနအနေဖြင့်  ၂၀၂၆ ဘဏ္ဍာ ရေးနှစ် တတိယသုံးလပတ်နှင့် စတုတ္ထသုံးလပတ်များအတွင်း အမေရိကန်၊ တရုတ်နှင့် ဥရောပ သမဂ္ဂကဲ့သို့သော အခြားသောအဓိက ဈေးကွက်များရှိ ထိပ်တန်းဩဇာရှိသူများနှင့် ပူးပေါင်း၍ လူ မှုမီဒီယာများမှတစ်ဆင့် ထိုင်းအော်ဂဲနစ်ဆန်ကို အားပေးမြှင့်တင်သွားမည်ဖြစ်ကြောင်း သိရှိရ သည်။

      တစ်ချိန်တည်းတွင် ထိုင်းနိုင်ငံခြား ကုန်သွယ်ရေး ဦးစီးဌာနသည် ကမ္ဘာ့ထိပ်တန်း အော်ဂဲ နစ် စိုက်ပျိုးရေး ကုန်စည်ပြပွဲကြီးများကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အတွင်း ကျင်းပ မည့် ဂျာမနီနိုင်ငံ၊ Nuremberg မြို့ရှိ BIOFACH (၂၀၂၆) ကုန်စည်ပြပွဲနှင့် မတ်လ ၃ရက်နေ့မှ ၆ ရက် နေ့အတွင်း ကျင်းပမည့် အမေရိကန်ပြည်ထောင်စုရှိ Natural Products Expo West ကုန်စည်ပြပွဲ တို့သို့ ဒေသအခြေပြုစီးပွားရေးလုပ်ငန်းနှင့် အသေးငယ်နှင့်အလတ်စားလုပ်ငန်း (SME) လုပ်ကိုင် သူ စုစုပေါင်း ၁၂ ဦးကို ခေါ်ဆောင်သွားရန် စီစဉ်ထားသည်။ အဆိုပါ ကုန်စည်ပြပွဲများသည် ထိုင်း ဆန်၏ အပြုသဘောဆောင်သော ပုံရိပ်ကို မြှင့်တင်ရန်နှင့် ကမ္ဘာတစ်ဝှမ်းရှိ မိတ်ဖက်များနှင့် ကုန် သွယ်ရေးကွန်ရက်များ ချိတ်ဆက်ရန် ရည်ရွယ်သည်။ အဆိုပါ လုပ်ဆောင်မှုများသည် ထိုင်း အော်ဂဲ နစ်ဆန်နှင့် ဆက်စပ်ထုတ်ကုန်များ၏ တင်ပို့မှုကို တိုးမြှင့်ပေးပြီး တန်ဖိုးမြင့်စေကာ ထိုင်းလယ် သမားများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် SMEများအတွက် တည်ငြိမ်သော ဝင်ငွေရရှိစေရန် အထောက်အကူပြုလိမ့်မည်ဟု ယုံကြည်ထားကြောင်း သိရှိရသည်။

    ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံသည် ဘတ် ၁.၂၁ ဘီလီယံတန်ဖိုးရှိသော အော်ဂဲနစ် ဆန်တန် ချိန် ၂၆,၁၁၀ ကို တင်ပို့ခဲ့သည်။ ၂၀၂၄ခုနှစ်တွင် ဘတ် ၁.၀၈၈ ဘီလီယံတန်ဖိုးရှိသော အော်ဂဲနစ် ဆန်တန်ချိန် ၂၂,၂၉၃ တင်ပို့နိုင်ခဲ့ခြင်းနှင့် နှိုင်းယှဉ်ပါက ပမာဏအားဖြင့် ၁၇.၁၂%နှင့် တန်ဖိုးအား ဖြင့် ၁၁.၂၁% အသီးသီး တိုးမြင့်လာခြင်းဖြစ်သည်။ အဓိကတင်ပို့သည့် ဈေးကွက်များမှာ ဝင်ငွေ မြင့် မားသော နိုင်ငံများဖြစ်သည့်  အမေရိကန်ပြည်ထောင်စု၊ တရုတ်၊ အီတလီ၊ ဘယ်လ်ဂျီယံနှင့် ဆွစ် ဇာလန်နိုင်ငံတို့ရှိ စားသုံးသူများသည် ကျန်းမာရေးနှင့် သဘာပတ်ဝန်းကျင်အပေါ် သက်ရောက်မှု ကို အလေးထားကြကြောင်း သိရှိရသည်။

Source: Thai Rath Online,  4 Feb 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အမေရိကန်၏ အကောက်ခွန်လျှော့ချပေးမှုက အိန္ဒိယဆန်တင်ပို့သူများအတွက် သက်သာမှုရရှိ

     အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အိန္ဒိယထုတ်ကုန်များအပေါ် ကောက်ခံသည့် အခြေခံအကောက်ခွန် (BCD) ကို ၂၅ ရာခိုင်နှုန်းမှ ၁၈ ရာခိုင်နှုန်းသို့ ၇ ရာခိုင်နှုန်း လျှော့ချပေး လိုက်ကြောင်း ကြေညာခဲ့သည်။ ပြင်ဆင်သတ်မှတ်လိုက်သော အကောက်ခွန်နှုန်းထားအသစ်သည် ချက်ချင်း စတင်သက်ရောက်မှုရှိမည် ဖြစ်သည်။

       ရုရှားနိုင်ငံမှ စက်သုံးဆီနှင့် လက်နက်များ ဝယ်ယူမှုကြောင့် အိန္ဒိယအပေါ် အမေရိကန်က စည်းကြပ်ထားသည့် အပိုဆောင်း အကောက်ခွန် ၂၅ ရာခိုင်နှုန်းကို ပြန်လည်ရုပ်သိမ်းရန်ကိစ္စနှင့် ပတ်သက်၍မူ မည်သည့်ဆုံးဖြတ်ချက်ကိုမျှ ချမှတ်ခြင်း မရှိသေးကြောင်း သိရှိရသည်။

      အဆိုပါကိစ္စနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံသည် ရုရှားထံမှ စက်သုံးဆီဝယ်ယူမှုကို ရပ်တန့် ရန် သဘောတူညီခဲ့ပြီး ၎င်းအစား အမေရိကန်နှင့် ဗင်နီဇွဲလားနိုင်ငံတို့ထံမှ ပြောင်းလဲတင်သွင်း သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတက ပြောကြားခဲ့သည်။

      သို့သော်လည်း ထရမ့်၏ ပြောကြားချက်အပေါ် အိန္ဒိယဘက်မှ တရားဝင် တုံ့ပြန်မှု တစ်စုံ တစ်ရာ မရှိသေးပေ။ အကယ်၍ စည်းကြပ်ထားသော အပိုဆောင်းအကောက်ခွန် ၂၅ ရာခိုင်နှုန်းကို သာ ဖယ်ရှားပေးလိုက်ပါက အိန္ဒိယထုတ်ကုန်များအပေါ် ၁၈ ရာခိုင်နှုန်းသော အခွန်နှုန်းထားသာ ကျန်ရှိတော့မည်ဖြစ်ကြောင်း၊ လက်ရှိတွင် အိန္ဒိယနှင့်ပါကစ္စတန် ထုတ်ကုန်များသည် အကောက် ခွန် ၁၉ ရာခိုင်နှုန်း ကျသင့်နေသောကြောင့် ပါကစ္စတန်နှင့်နှိုင်းယှဉ်လျှင် အိန္ဒိယဆန်သည် အမေရိကန် ဈေးကွက်တွင် ပိုမိုယှဉ်ပြိုင်နိုင်စွမ်း ရှိလာမည်ဖြစ်သည်။

      အိန္ဒိယဆန်တင်ပို့သူများအသင်းက ၁၈ ရာခိုင်နှုန်းသော အကောက်ခွန်နှုန်းထားသည် အမေရိကန် ဆန်ဈေးကွက်တွင် အိန္ဒိယ၏ နေရာရရှိမှုကို အထောက်အကူပြုမည်ဖြစ်ကြောင်း၊ အထူးသဖြင့် အိန္ဒိယ ဘာစမာတီဆန် တင်ပို့မှုကို ပိုမိုအားကောင်းလာစေလိမ့်မည်ဟု ပြောကြား ခဲ့သည်။ လက်ရှိတွင် အကောက်ခွန်နှုန်းထားများနှင့် ပတ်သက်၍ ရှုပ်ထွေးမှုအချို့ ရှိနေသော်လည်း မကြာမီအချိန်အတွင်း အခြေအနေများမှာ ပိုမိုရှင်းလင်းလာလိမ့်မည်ဟု မျှော်လင့်ရပါသည်။

Source: Igrain, 3 Feb 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ကာဇက်စတန်နိုင်ငံ၏ ကောက်ပဲသီးနှံတင်ပို့မှု မြင့်တက်

         ကာဇက်စတန်နိုင်ငံသည် ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် လက်ရှိစျေးကွက်ရှာဖွေရေး နှစ်စတင်ချိန်မှစ၍ ကောက်ပဲသီးနှံတန်ချိန် ၅.၈ သန်း တင်ပို့ခဲ့ပြီး ယခင်နှစ်အလားတူကာထက် တန်ချိန် ၁ သန်း သို့မဟုတ် ၂၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

            ဝန်ကြီးဌာန၏ အဆိုအရ အဓိက ဒေသဆိုင်ရာဈေးကွက်များစွာသို့ တင်ပို့မှုများ သိသိသာသာ မြင့်တက်လာခဲ့သည်။

          ဥဇဘက်ကစ္စတန်သို့ တင်ပို့မှုမှာ တန်ချိန် ၁.၈၁၃ သန်းမှ ၂.၇၀၂ သန်းအထိ ၄၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ကာဂျစ္စတန်သို့ တင်ပို့မှုမှာ တန်ချိန် ၉၅,၀၀၀ မှ ၁၆၃,၀၀၀ တန်အထိ ၇၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး အာဖဂန်နစ္စတန်သို့ တင်ပို့မှုမှာ တန်ချိန် ၂၁၆,၀၀၀ မှ ၄၁၆,၀၀၀ တန်အထိ ၉၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

          ဝန်ကြီးဌာနသည် လက်ရှိစျေးကွက်ရှာဖွေရေးနှစ်အတွင်း ကောက်ပဲသီးနှံတန်ချိန် ၁၃ သန်း တင်ပို့ရန် ၎င်း၏ပစ်မှတ်ကို ဆက်လက်ထိန်းသိမ်းထားကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပို့ကုန်တိုးတက်လာ

           ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပို့ကုန်များသည် ဇန်နဝါရီလတွင် အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော် အထိ မြင့်တက်လာခဲ့ပြီး ယခင်လထက် ၁၁.၂၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။

         ပို့ကုန်မြှင့်တင်ရေးဗျူရို (EPB) ၏ ဖေဖော်ဝါရီလ ၃ ရက်နေ့ ဝက်ဘ်ဆိုက်တွင် ဖော်ပြ ထားသော အချက်အလက်များအရ လက်ရှိ ၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ်၏ ခုနစ်လမြောက်လ ဖြစ်သော ဇန်နဝါရီလတွင် အမေရိကန်ဒေါ်လာ ၄,၄၁၃.၆၅ သန်းတန်ဖိုးရှိ ကုန်ပစ္စည်းများ တင်ပို့ခဲ့ပြီး ယခင်နှစ် အလားတူလထက် ၀.၅၀ ရာခိုင်နှုန်း လျော့နည်းခဲ့သည်။

         EPB ၏ အချက်အလက်များအရ လက်ရှိ ၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ်၏ ပထမခုနစ်လအတွင်း ဘင်္ဂလားဒေ့ရှ်၏ စုစုပေါင်းပို့ကုန်မှာ အမေရိကန်ဒေါ်လာ ၂၈.၄၁ ဘီလီယံအထိရောက်ရှိခဲ့ပြီး ယခင်နှစ်ထက် ၁.၉၃ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ပြသထားသည်။

          ပို့ကုန်နှေးကွေးလာရခြင်းမှာ အဓိကအားဖြင့် အရေးကြီးသော အထည်ချုပ်လုပ်ငန်းတွင် စွမ်းဆောင်ရည်ညံ့ဖျင်းခြင်းကြောင့်ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဇူလိုင်လမှ ဇန်နဝါရီလအတွင်း အသင့်ချုပ်အထည်များတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၂.၉၈ ဘီလီယံ ရရှိခဲ့ပြီး ယခင်နှစ်က အမေရိကန်ဒေါ်လာ ၂၃.၅၅ ဘီလီယံ ရရှိခဲ့သည်။

           ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ်တွင် ၎င်း၏ ပို့ကုန်ပစ်မှတ်ကို အမေရိကန်ဒေါ်လာ ၅၅ ဘီလီယံ သတ်မှတ်ထားပြီး ၎င်းတွင် အသင့်ချုပ်လုပ်ထားသော အထည်အလိပ်များမှ အမေရိကန်ဒေါ်လာ ၄၅ ဘီလီယံနီးပါး ပါဝင်ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီတင်ပို့မှု ၂၁.၈၃ ရာခိုင်နှုန်းအထိ မြင့်တက်

          ၂၀၂၅ ခုနှစ်သည် အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီလုပ်ငန်းအတွက် အောင်မြင်မှုများရရှိသည့် နှစ်တစ်နှစ်ဖြစ်ခဲ့ပြီးဝယ်လိုအားများသည်လည်း သိသိသာသာမြင့်တက်ခဲ့ကြောင်း သိရပါသည်။ အင်ဒိုနီးရှားနိုင်ငံ ဗဟိုစာရင်းအင်းဌာန (BPS) ၏ ထုတ်ပြန်ချက်များအရ ၂၀၂၅ ခုနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံ စားအုန်းဆီတင်ပို့မှုမှ စုစုပေါင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၂၄.၄၂ ဘီလီယံခန့် ရရှိခဲ့ကြောင်း သိရပါသည်။ အဆိုပါတင်ပို့မှုမှ ရရှိခဲသော  ဝင်ငွေပမာဏ သည် ၂၀၂၄ ခုနှစ်တွင်ရရှိခဲ့သောပမာဏထက် ၂၁.၈၃ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံသည် စားအုန်းဆီတန်ချိန် ၂၃.၆၁ သန်းတန်ခန့်ကို ပြည်ပသို့တင်ပို့ခဲ့ပြီး တင်ပို့မှုပမာဏမှာ ၂၀၂၄ ခုနှစ်တွင် တင်ပို့ခဲ့သော တန်ချိန် ၂၁.၆၄ သန်းတန်ထက် ၉.၀၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ BPS အနေဖြင့် အင်ဒိုနီးရှားနိုင်ငံမှ တင်ပို့သည့် စားအုန်းဆီစျေးကွက်များကို ထုတ်ဖော်ပြသထားခြင်းမရှိသော်လည်း အိန္ဒိယနိုင်ငံသည် ပြည်ပမှ ထောက်ပံ့မှုအပေါ်များစွာမှီခိုနေရသဖြင့် စားအုန်းဆီသည် အင်ဒိုနီးရှားနိုင်ငံအတွက် အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်မှုပိုငွေရရှိစေခြင်း အဓိကအကြောင်းအရင်း တစ်ခုဖြစ်ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်တွင် အိန္ဒိယနိုင်ငံသို့ တင်ပို့ခဲ့သည့် ဟင်းသီးဟင်းရွက်ဆီမှ ကုန်သွယ်မှုပို ငွေ အမေရိကန်ဒေါ်လာ ၃.၅၆ ဘီလီယံခန့် ရရှိခဲ့ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်းတွင် စားအုန်းဆီတင်ပို့မှုမှ​ ဝင်ငွေ အမေရိကန်ဒေါ်လာ ၂.၈ ဘီလီယံခန့်ရရှိခဲ့ပြီး တင်ပို့မှုတန်ချိန်ပေါင်း ၂.၇၅ သန်းတန်ခန့်ရှိခဲ့ကြောင်း သိရပါသည်။ စားအုန်းဆီဝယ်မှုများမြင့်တက်နေသော်လည်း ကမ္ဘာ့စားအုန်းဆီပျမ်းမျှ စျေးနှုန်းမှာ ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၉၈၀.၅၁ အထိသာရှိခဲ့ကြောင်းနှင့် ၂၀၂၄ ခုနှစ်နှင့်နှိုင်းယှဥ်လျှင် ၁၇.၅၉ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရပါသည်။ ထို့အပြင် အဆိုပါစျေးနှုန်းသည် လအလိုက်နှိုင်းယှဥ်မှုတွင်းလည်း ၀.၂၉ ရာခိုင်နှုန်းခန့်ကျဆင်းခဲ့ကြောင်း သိရပါသည်။ အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီတင်ပို့မှု တိုးတက်လာခြင်းသည် ၂၀၂၀ ခုနှစ်မှစတင်၍ အရှိန်အဟုန်မြင့်မားလာခဲ့ကာ အင်ဒိုနီးရှားနိုင်ငံအား ကုန်သွယ်မှုပိုငွေရရှိစေရန်အတွက် အထောက်အကူပြုခဲ့ကြောင်းသိရပါသည်။ အင်ဒိုနီးရှားနိုင်ငံသမ္မတသည် ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးများအား အင်ဒိုနီးရှားနိုင်ငံမှထွက်ရှိသော စားအုန်းဆီများကို ဝယ်လိုအားကောင်းလာကြောင်းနှင့် စားအုန်းဆီကို ဆပ်ပြာထုတ်လုပ်ခြင်းမှစ၍ မုန့်ဖုတ်လုပ်ငန်းသုံးပစ္စည်းများအထိ နယ်ပယ်အသီးသီးတွင် အသုံးပြုနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် ၎င်းက အင်ဒိုနီးရှားနိုင်ငံအနေဖြင့် စားအုန်းဆီအနည်များနှင့် အသုံးပြုပြီးသား ဟောင်းနွမ်းဆီ များကို ပြည်ပတင်ပို့မှုကန့်သတ်ရန် ဆုံးဖြတ်ခြင်းသည် ဘိုင်အိုဒီဇယ် ထောက်ပံ့မှုကို ကာကွယ်ရန်နှင့် လေယာဥ်ဆီထုတ်လုပ်မှုကို မြှင့်တင်ရန်အတွက်ဖြစ်ကြောင်း ကာကွယ်ပြောဆိုခဲ့ပါသည်။

Source: JakartaGlobe                                                      

DOCA (ရန်ကုန်)

ကမ္ဘာ့ဒုတိယထိပ်သီး နာနတ်သီးတင်ပို့သူအဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံ

        ၂၀၂၅ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘာ့ဒုတိယအကြီးဆုံး နာနတ်သီးတင်ပို့သည့် နိုင်ငံအဖြစ် သုံးနှစ်ဆက်တိုက် ဆက်လက်ရပ်တည်နိုင်ခဲ့ကြောင်း သိရပါသည်။ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ ထုတ်ပြန်ချက်အရ ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၃ ခုနှစ်မှစတင်ကာ ကိုစတာရီကာ (Costa Rica) နိုင်ငံပြီးနောက် ကမ္ဘာ့အဆင့်တွင် ဒုတိယနေရာ၌ နေရာယူထားနိုင်ခဲ့ပြီး အာရှဒေသတွင် ထိပ်တန်းတင်ပို့သည့်နိုင်ငံအဖြစ်လည်း ရပ်တည်နိုင်ခဲ့ကြောင်း သိရပါသည်။

         ၂၀၂၅ခုနှစ် စက်တင်ဘာလအထိ ရရှိထားသော ကနဦးအချက်အလက်များအရ ဖိလစ်ပိုင်နိုင်ငံ၏ နာနတ်သီးတင်ပို့မှုသည် ၁၄ ရာခိုင်နှုန်းခန့် မြင့်တက်လာပြီး တန်ချိန် ၇၇၅,၀၂၈ မက်ထရစ်တန်အထိ တင်ပို့မှုများရှိခဲ့ကြောင်း FAO ၏ထုတ်ပြန်ချက်များအရ သိရပါသည်။

            ဖိလစ်ပိုင်နိုင်ငံထွက် နာနတ်သီးများကို အများဆုံးတင်သွင်းသော ဈေးကွက်ဖြစ်သည့် တရုတ်နိုင်ငံသို့ တင်ပို့မှုမှာ ၁၉ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ပါသည်။ ဖိလစ်ပိုင်မှ တင်ပို့မှုမြင့်တက်လာစေသည့် အဓိကအကြောင်းအရင်းသည် တရုတ်နိုင်ငံတွင်း ရာသီဥတုဖောက်ပြန်မှုကြောင့် ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှုကျဆင်းကာ အထွက်နှုန်းနှင့်အရည် အသွေးနိမ့်ကျခဲ့ခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရပါသည်။

          ထို့အပြင်ဖိလစ်ပိုင်၏ အဓိကဈေးကွက်များဖြစ်သော ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့သည် စုစုပေါင်း နာနတ်သီးတင်ပို့မှု၏ ၃၆ ရာခိုင်နှုန်းနှင့် ၁၃ ရာခိုင်နှုန်းကို အသီးသီး ဝယ်ယူတင်သွင်းခဲ့ကြကြောင်း သိရပါသည်။

           ကမ္ဘာ့ဈေးကွက်ဝေစု ၆၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသော ကိုစတာရီကာနိုင်ငံတွင် မိုးရွာသွန်းမှု လွန်ကဲခြင်းနှင့် အပူချိန်မြင့်မားခြင်းတို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ နှောင့်နှေးခဲ့ရကြောင်း FAO ၏ သုံးသပ်ချက်အရ သိရပါသည်။ ထို့အပြင် ရာသီဥတုဒဏ်ကြောင့် အပင်များထိခိုက်ပျက်စီးခြင်းနှင့် ပိုးမွှားကျရောက်မှု မြင့်မားခြင်းတို့လည်း ကြုံတွေ့ခဲ့ရကြောင်း သိရပါသည်။ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် နာနတ်သီးတင်သွင်းမှု ပမာဏမှာ၂၀၂၅ ခုနှစ်က တန်ချိန်ပေါင်း ၃.၂ သန်းခန့်ရှိခဲ့ပြီး အပြောင်းအလဲ အနည်းငယ်သာရှိခဲ့ကြောင်း သိရပါသည်။

           ၂၀၂၅ ခုနှစ် ပထမ (၉) လတာကာလအတွင်း အမေရိကန်နှင့် ဥရောပသမဂ္ဂတို့တွင် ဝယ်လိုအား ခိုင်မာအားကောင်းနေသော်လည်း ကမ္ဘာ့အဓိကတင်ပို့သူ ကိုစတာရီကာ နိုင်ငံဘက်မှ ထောက်ပံ့မှုလျော့နည်းခြင်းကြောင့် တိုးတက်မှုအကန့်အသတ်ဖြစ်ခဲ့ရကြောင်းနှင့် အခြားတင်ပို့သူများထံမှ ဝယ်ယူမှုတိုးမြှင့်ကာ အစားထိုးနိုင်ခဲ့သော်လည်း အနည်းငယ်သာ အထောက်အကူပြုနိုင်ခဲ့ကြောင်း FAO ဖော်ပြထားသော အစီရင်ခံစာအရ သိရှိရပါသည်။

Source: Inquirer net                                                        

DOCA (ရန်ကုန်)

ထိုင်းနိုင်ငံ၏ ဒူးရင်းဈေးကွက်ထိခိုက်

            ထိုင်းနိုင်ငံ၏ ဒူးရင်းသီးတင်ပို့မှုသည် ရိတ်သိမ်းရာသီအတွင်း အလုပ်သမားရှားပါးမှုနှင့် စုဆောင်းရေးဌာနများ မရှိခြင်းကြောင့် အခက်အခဲများနှင့် ရင်ဆိုင်ရဖွယ်ရှိပါသည်။ ၂၀၂၆ ခုနှစ်တွင် ဒူးရင်းသီး ထုတ်လုပ်မှုကို တန်ချိန် ၁.၇၈ သန်းအထိ ရောက်ရှိရန် ခန့်မှန်းထားပြီး အရှေ့ပိုင်းဒေသ သည် တန်ချိန် ၁.၀၆ သန်း သို့မဟုတ် စုစုပေါင်းထုတ်လုပ်မှု၏ ၅၉.၅% ရှိကြောင်း ပြည်တွင်း  ကုန်သွယ်ရေးဌာန (DIT) ၏ ညွှန်ကြားရေးမှူးချုပ် Wittayakorn Maneenetr က ပြောကြားခဲ့သည်။

          ဧပြီလတွင် စတင်မည့် ရိတ်သိမ်းရာသီတွင် ရာသီဥတု ဆိုးကျိုးသက်ရောက်မှုမရှိလျှင် ဒူးရင်းသီးထုတ်လုပ်မှုသည်  နှစ်အလိုက် ၁၀% တိုးတက်မည်ဟု ပြည်တွင်း  ကုန်သွယ်ရေးဌာန (DIT) ၏ ညွှန်ကြားရေးမှူးချုပ် Wittayakorn Maneenetr က ပြောကြားခဲ့သည်။

           ဗီယက်နမ်၏ ဒူးရင်းထုတ်လုပ်မှုသည် ၂၀၂၆ ခုနှစ်တွင် တန်ချိန် ၂ သန်းအထိ ရောက်ရှိလိမ့်မည်ဟု ဌာနက ခန့်မှန်းထားသည်။ ကျွမ်းကျင်သော ကမ္ဘောဒီးယား လုပ်သား အရေအတွက် ကျဆင်းလာသည်နှင့်အမျှ လယ်ယာလုပ်သားများနှင့် သစ်သီးထုပ်ပိုးသူများ ရှားပါးမှုများသည် ဒူးရင်းကဏ္ဍအတွက် စိန်ခေါ်မှုများကို ပြသလျက်ရှိသည်။

         မြန်မာနိုင်ငံမှ အလုပ်သမားများ ကဏ္ဍသို့ ဝင်ရောက်လာသော်လည်း၊ ၎င်းတို့သည် ကဏ္ဍ၏ သီးခြားလိုအပ်ချက်များကို ဖြည့်ဆည်းရန် လေ့ကျင့်မှုလိုအပ်ကြောင်း ညွှန်ကြားရေးမှူးချုပ် Wittayakorn Maneenetr က ပြောကြားခဲ့သည်။

          အရှေ့ပိုင်းဒေသတွင် ဒူးရင်းသီးထုတ်လုပ်မှုများသည် မတ်လမှ ဇွန်လအထိ အမြင့်ဆုံးရောက်ရှိမည်ဟု ဌာနက ခန့်မှန်းထားသည်။ တောင်ပိုင်းနှင့် အခြားဒေသများရှိ ထုတ်လုပ်မှုသည် ဇွန်လနှင့် သြဂုတ်လကြားတွင် စတင်ဖွယ်ရှိကြောင်း သိရသည်။ အမြင့်ဆုံးရိတ်သိမ်းရာသီတွင် ကွန်တိန်နာပြတ်လပ်မှုခန့်မှန်းချက်သည် နောက်ထပ် အတားအဆီးတစ်ခုဖြစ်ကြောင်း ပြည်တွင်းကုန်သွယ်ရေးဌာနက မှတ်ချက်ပြုခဲ့ကြောင်း သိရှိရပါသည်။

Source : Bangkok Post                                                                      

DOCA (ရန်ကုန်)

ဗီယက်နမ်နိုင်ငံသည် ၂၀၂၆ ခုနှစ်တွင် ပို့ကုန် ၁၆ ရာခိုင်နှုန်းအထိ တိုးတက်ရန်ရည်မှန်း

            ဗီယက်နမ်နိုင်ငံသည် ၂၀၂၆ ခုနှစ်တွင် ပို့ကုန်တိုးတက်မှု ၁၅ ရာခိုင်နှုန်းမှ ၁၆ ရာခိုင်နှုန်းအထိ ရည်မှန်းထားကြောင်း ဗီယက်နမ်သတင်းဌာနက ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဖော်ပြခဲ့သည်။

           စုစုပေါင်းပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၄၆ ဘီလီယံမှ ၅၅၀ ဘီလီယံအထိရောက်ရှိရန် မျှော်လင့်ရပြီး လစဉ်ပျမ်းမျှပို့ကုန်မှာ အမေရိကန်ဒေါ်လာ ၄၆ ဘီလီယံအထိရှိနိုင်ကြောင်း စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကို ကိုးကား၍ အစီရင်ခံစာတွင် ဖော်ပြထားသည်။

            ၂၀၂၆ ခုနှစ်နှင့် နောက်ပိုင်းတွင် ပို့ကုန်တိုးတက်မှုကို အရှိန်မြှင့်တင်ရန် ဝန်ကြီးဌာနက အဓိက အစီအမံခြောက်ခုကို ချမှတ်ထားပြီးဖြစ်ပြီး ယခုနှစ်အစောပိုင်းတွင် ၎င်းတို့ကို အကောင်အထည်ဖော်မည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖြည့်စွက်ဖော်ပြထားသည်။

             ၂၀၂၅ ခုနှစ်တွင် ဗီယက်နမ်၏ ပို့ကုန်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၄၇၅.၀၄ ဘီလီယံရှိခဲ့ပြီး ယခင်နှစ်ထက် ၁၇ ရာခိုင်နှုန်းတိုးလာကြောင်း အမျိုးသားစာရင်းအင်းရုံး၏ အဆိုအရ သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

ကမ္ဘာ့ဒုတိယမြောက် ငှက်ပျောသီးအများဆုံးတင်ပို့သည့်နိုင်ငံဖြစ်လာသော ဖိလစ်ပိုင်နိုင်ငံ

             ယခင်နှစ်များက ကြုံတွေ့ခဲ့ရသော ထုတ်လုပ်မှုကျဆင်းမှုများမှ ပြန်လည်နာလန်ထူလာ နိုင်ခဲ့ပြီးနောက် ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့ဒုတိယအကြီးဆုံး ငှက်ပျောသီး တင်ပို့ သည့်နိုင်ငံအဖြစ် ပြန်လည်ရောက်ရှိလာကာ ကမ္ဘာ့ဈေးကွက်တွင် ခြေကုပ်ပြန်ယူနိုင်ခဲ့ပြီဖြစ်သည်။ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ အစီရင်ခံစာအရ ဖိလစ်ပိုင်သည် အီကွေဒေါနိုင်ငံ၏ နောက်တွင် ကမ္ဘာ့ဒုတိယအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး အာရှဒေသတွင် အကြီးဆုံး ငှက်ပျောသီးတင်ပို့သူဖြစ်လာကြောင်း ဖော်ပြထားသည်။ ကိုလံဘီယာ၊ ဂွါတီမာလာနှင့် ကော့စတာရီကာ နိုင်ငံတို့မှာမူ (ကမ္ဘာ့ငှက်ပျောသီးတင်ပို့မှုတွင်) တတိယ၊ စတုတ္ထနှင့် ပဥ္စမအဆင့် နေရာများကို အသီးသီးရရှိခဲ့ကြသည်။ ပြီးခဲ့သော ၂၀၂၄ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘာ့အဆင့် (၃) နေရာ၌သာရှိခဲ့ခြင်းဖြစ်သည်။ လက်ဝယ်ရှိ ကနဦးတင်ပို့မှု အချက်အလက်များကို ကိုးကား၍ FAO အစီရင်ခံစာက ဖော်ပြရာတွင် — ဖိလစ်ပိုင်ကျွန်းစုမှ ငှက်ပျောသီးတင်ပို့မှုသည် ၂၀၂၄ ခုနှစ်က မက်ထရစ်တန် ၂.၃၃ သန်းသာရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ၂၆ ရာခိုင်နှုန်းခန့်အထိ မြင့်တက်လာခဲ့ပြီး မက်ထရစ်တန် ၂.၉၃ သန်းအထိ ရှိလာခဲ့ကြောင်း သိရသည်။ ပြည်တွင်းထုတ်လုပ်မှုသည် မကြာသေးမီနှစ်များအတွင်းက ကြုံတွေ့ခဲ့ရသော ထိခိုက်ပျက်စီးမှုများမှ ပြန်လည်နာလန်ထူလာခြင်းကြောင့် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ငှက်ပျောသီးတင်ပို့မှုကို ယခုကဲ့သို့ တိုးမြှင့်နိုင်ခဲ့ခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထို့အပြင် ဖိလစ်ပိုင်နိုင်ငံ၊ ကာဂါယန်တောင်ကြားဒေသ (Cagayan Valley) သို့မဟုတ် ဒေသ-၂ (Region 2) တွင် ငှက်ပျော သီးထုတ်လုပ်မှု မြှင့်တင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှု အများအပြားပြုလုပ်ခဲ့ကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်ဟု အစီရင်ခံစာက ဆက်လက်ဖော်ပြသည်။ ယင်း  ရင်းနှီးမြှုပ်နှံမှုများတွင် စိုက်ပျိုးရေးဝန်ကြီးဌာနမှ သဘာဝမြေ သြဇာများနှင့် အခြားသော စိုက်ပျိုးရေးသွင်းအားစုများကို ပံ့ပိုးပေးခြင်းများလည်း ပါဝင်သည်။ ဂျပန်နှင့် တရုတ်နိုင်ငံတို့သည် ပြည်တွင်းဖြစ် ငှက်ပျောသီး များအတွက် အဓိကကျသော ဈေးကွက်များဖြစ်သည်။ အထူးသဖြင့် ဂျပန်နိုင်ငံသည် ၎င်း၏ ငှက်ပျောသီးလိုအပ်ချက် စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းခန့်ကို ဖိလစ်ပိုင်နိုင်ငံ တစ်နိုင်ငံတည်းမှပင် တင်သွင်းနေခြင်းဖြစ်သည်။ ၂၀၂၅ ခုနှစ်တွင် ဖိလစ်ပိုင်နှင့် ကိုလံဘီယာ နိုင်ငံတို့မှ ထုတ်လုပ်မှုတိုးတက်လာခြင်းက ကမ္ဘာ့ငှက်ပျောသီး ကုန်သွယ်မှုကို အားကောင်းစေခဲ့ ပြီး၊ ထိုနှစ်နိုင်ငံပေါင်းမှ တင်ပို့မှုပမာဏ မက်ထရစ်တန် ၉၀၀,၀၀၀ ခန့် ပိုမို ဖြည့် ဆည်းပေးနိုင်ခဲ့မည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။

Source : Inquirer.com                                                                   

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ