ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ကမ္ဘောဒီးယားနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍနှင့် လူမှုအသိုင်းအဝိုင်း၏ အသက်မွေးဝမ်းကျောင်းမှုကို မြှင့်တင်ရန် ကမ္ဘာ့ဘဏ်က ခရီးသွားလုပ်ငန်းဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက် 

          ကမ္ဘာ့ဘဏ်သည် ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှင့် ဆင်းရဲမွဲတေမှု လျှော့ချရေးအတွက် အရေးပါသောကဏ္ဍတစ်ခုအဖြစ် ခရီးသွားလုပ်ငန်းကဏ္ဍကို အသိအမှတ်ပြုခဲ့ပြီး နိုင်ငံ၏ ခရီးသွားလုပ်ငန်းအလားအလာကို ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနနှင့် မိတ်ဖက်အသစ်တစ်ရပ် ဖွဲ့စည်းခဲ့သည်။ ခရီးသွားလုပ်ငန်းဝန်ကြီး Huot Hak သည် ၂.၁၂.၂၀၂၅ ရက်နေ့က ဝန်ကြီးဌာနတွင် ကမ္ဘာ့ဘဏ်၏ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မန်နေဂျာ Tania Meyer နှင့် သူမ၏အဖွဲ့အား အလုပ်သဘောလက်ခံတွေ့ဆုံခဲ့သည်။ တွေ့ဆုံမှုအတွင်း Tania Meyer နှင့်အဖွဲ့တို့သည် ယခင်အစီအစဉ်များကို ပြန်လည်သုံးသပ်ခဲ့ပြီး ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း၊ ဂေဟစနစ် ခရီးသွားလုပ်ငန်းနှင့် ဒေသခံအသက်မွေးဝမ်း ကျောင်းလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အလမ်းအသစ်များကို ရှာဖွေခဲ့ကြသည်။ Meyer က ကမ္ဘောဒီးယားအစိုးရအား စဉ်ဆက်မပြတ်ပံ့ပိုးမှုအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အလုပ်အကိုင်ဖန်တီးမှုနှင့် ဒေသခံစီးပွားရေး မြှင့်တင်ရေးအပေါ် ခရီးသွားလုပ်ငန်းကဏ္ဍ၏ သက်ရောက်မှုဆိုင်ရာ လေ့လာမှုများအပါအဝင် အဓိကစီမံကိန်းများကို ပြီးမြောက်အောင်မြင်စွာ ပူးပေါင်းဆောင်ရွက်မှုများကို အလေးပေးပြောကြားခဲ့သည်။ ယခင် စီမံကိန်းများ၏ အောင်မြင်သောရလဒ်များ၊ အစိုးရ၏ ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုနှင့် နိုင်ငံသားများနှင့် ရပ်ရွာများ၏ အသက်မွေးဝမ်းကျောင်းမှုအတွက် ခရီးသွားလုပ်ငန်းကဏ္ဍ၏ သိသာထင်ရှားသော ပံ့ပိုးကူညီမှုများကိုအခြေခံ၍ ကမ္ဘာ့ဘဏ် (WB) သည် ခရီးသွားလုပ်ငန်းကဏ္ဍကို ပံ့ပိုးပေးနိုင်ပြီး ဖွံ့ဖြိုးတိုးတက်စေနိုင်သည့် လာမည့်စီမံကိန်းများအပြင် ကမ္ဘာ့ဘဏ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနအကြား မိတ်ဖက်အဖွဲ့အစည်းတစ်ခု တည်ထောင်ခြင်းကို Meyer က ဆက်လက်ပြောကြားခဲ့သည်။ ဝန်ကြီး Hak က ကမ္ဘာ့ဘဏ်အား စဉ်ဆက်မပြတ်ပံ့ပိုးမှုနှင့် မိတ်ဖက်အဖြစ် ဆောင်ရွက်ပေးခဲ့မှုအတွက် ကျေးဇူးတင်ရှိကြောင်း၊ အမျိုးသားခရီးသွားလုပ်ငန်းကဏ္ဍ၏ ရေရှည်တည်တံ့သော တိုးတက်မှုကို အထောက်အကူပြုသည့်အပြင် ကမ္ဘောဒီးယားနိုင်ငံသားများအတွက် လက်တွေ့ကျသော စီးပွားရေးအကျိုးကျေးဇူးများနှင့် အခွင့်အလမ်းများကို ပေးစွမ်းသည့် ဂေဟစနစ်ခရီးသွားလုပ်ငန်း အသိုက်အဝန်းများ ဖွံ့ဖြိုးတိုးတက်ရေးတွင် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှုကို ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)  

ချက်နိုင်ငံနှင့် ရင်းနှီးမြှုပ်နှံမှုချိတ်ဆက်မှုအရှိန်မြှင့်တင်မည့် Hai Phong မြို့တော်

      ၂၀၂၅ ခုနှစ် Hai Phong ကုန်သွယ်‌ရေးနှင့် ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေး ကွန်းဖရန့်ကို ချက်နိုင်ငံရှိဗီယက်နမ်သံရုံးတွင် နိုဝင်ဘာလ ၃၀ ရက်‌နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။ Hai Phong ပါတီကော်မတီအတွင်းရေးမှူး Le Tien Chau က ကြီးမှူးကျင်းပသည့် ထိုအခမ်းအနားကို မြို့တော်၏ဦးစီးဌာနများမှတာဝန်ရှိသူများ၊ ချက်နိုင်ငံရှိဗီယက်နမ်စီးပွားရေး လုပ်ငန်းများနှင့် လူမှုအသိုင်းအဝိုင်းမှကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရပါသည်။ ချက်နိုင်ငံဆိုင်ရာဗီယက်နမ်သံအမတ် Duong Hoai Nam က လတ်တလော ဗီယက်နမ်-ချက်မဟာ ဗျူဟာမိတ်ဖက်ဖွဲ့မှုအဆင့်မြှင့်တင်ခြင်းသည် များစွာသော နယ်ပယ်များ အထူးသဖြင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးချိတ်ဆက်မှုတို့တွင် ပူးပေါင်းဆောင်ရွက်ရန်အတွက် အခွင့်အလမ်းသစ်များကို တံခါးဖွင့်လှစ်ပေးခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ချက်နိုင်ငံရှိ ဗီယက်နမ်ပြည်သူ့ယူနီယံ ဒုတိယဥက္ကဌ Giang Thanh က ဗီယက်နမ်ပြည်သူ ၆၀၀၀၀ ပတ်လည်သည် ရေရှည်နေထိုင်ခွင့်ပါမစ်နှင့် ၃၀၀၀၀ ကျော်သည် ချက်နိုင်ငံသားခံယူခွင့် ရရှိထားကြောင်း သိရပါသည်။ ၎င်းသည် အားကောင်းသော လိုက်လျောညီထွေနိုင်စွမ်းနှင့်အတူ အားကောင်းသော မျိုးဆက်သစ်လုပ်ငန်းများကို ဖန်တီးပေးပြီး ပြည်တွင်းအသိုက်အဝန်းတွင် လွှမ်းမိုးမှုကြီးထွားလာစေကြောင်း သိရပါသည်။ ချက်နိုင်ငံရှိ ဗီယက်နမ်စီးပွားရေးအသင်း၏ဥက္ကဌ Nguyen Thai Ngoc က ချက်နိုင်ငံသည် တည်ငြိမ်ပြီး ပွင့်လင်းမြင်သာသော ဥပဒေနှင့် စီးပွားရေးဝန်းကျင်ကို ပေးစွမ်းနိုင်ကြောင်း ပြောကြားခဲ့ပါသည်။  Chau က အမှာစကားပြောကြားရာတွင် ဗီယက်နမ်မြောက်ပိုင်းတွင် စက်မှုလုပ်ငန်း၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် နိုင်ငံတကာဝန်ဆောင်မှုများအတွက် အချက်အချာဖြစ်လာရန် Hai Phong ၏ဖွံ့ဖြိုးတိုးတက်မှုမျှော်မှန်းချက်ကို အကြမ်းဖျင်းပြောကြားခဲ့ကြောင်း သိရပါသည်။ Hai Phong ပြည်သူ့ကော်မတီဒုတိယဥက္ကဌနှင့် Hai Phong စီးပွားရေးဇုန်အာဏာပိုင် အဖွဲ့၏ အကြီးအကဲဖြစ်သူ Le Trung Kien က Hai Phong သည် ကုန်ထုတ်လုပ်ခြင်းနှင့် ပြုပြင် ထုတ်လုပ်သည့်လုပ်ငန်းများ၊ မြင့်မားသောနည်းပညာ၊ သန့်စင်သောစွမ်းအင်၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ဆေးဝါးတို့တွင် ချက်စီးပွားရေးလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်မှုအားကောင်းရန် ကြိုးပမ်းလိုကြောင်းနှင့် Hai Phong သည်လည်း အုပ်ချုပ်မှုပြန်လည်ဖွဲ့စည်းမှု၊ ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းမှု၊ ခေတ်မီပြီး ကောင်းမွန်သော အခြေခံအဆောက်အအုံများမှတစ်ဆင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများကို အပြည့်အဝပံ့ပိုးသွားမည်ဟု ကတိပြုကြောင်း ပြောကြားခဲ့ပါသည်။ ကွန်းဖရန့်တွင် နိဂုံးချုပ်အနေဖြင့် Chau က ချက်နိုင်ငံရှိ ဗီယက်နမ်စီးပွားရေးအသိုက်အဝန်း၏ အောင်မြင်မှုများကို ချီးမွမ်းခဲ့ပြီး ထိုအသိုက်အဝန်းသည် Hai Phong မြို့တော်အကြား အရေးပါသော ပေါင်းကူးတံတားသဖွယ်ဆက် လက်ဆောင်ရွက်ပေးနိုင်မည်ဟု ယုံကြည်ချက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

ဒစ်ဂျစ်တယ်စီးပွားရေးနှင့် အစိမ်းရောင်အသွင်ကူးပြောင်းမှုတွင်ပူးပေါင်းဆောင်ရွက်မှု အားကောင်းရန် ကြိုးပမ်းမည့် ဗီယက်နမ်နှင့် တရုတ်

          စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်‌ရေးရည်မှန်းချက်နှင့်အတူ ဗီယက်နမ်နှင့် တရုတ်တို့သည် ဒစ်ဂျစ်တယ်စီးပွားရေးနှင့် အစိမ်းရောင်အသွင်ကူးပြောင်းမှုတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ကျယ်ပြန့်သောအခန်းကဏ္ဍကို ပိုင်ဆိုင်ထားကြောင်း ၂၀၂၅ ခုနှစ် ဆောင်းဦးရာသီစီးပွားရေးဖိုရမ် ၏တစ်စိတ်တစ်ပိုင်းအနေဖြင့် ဟိုချီမင်းမြို့တော်တွင် နိုဝင်ဘာလ ၂၇ ရက်နေ့ကကျင်းပခဲ့သည့် ဗီယက်နမ်-တရုတ်စီးပွားရေးအလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့ပါသည်။ ဗီယက်နမ်နိုင်ငံ မြူနီ စပယ်ပြည်သူ့ကော်မတီ ဒုတိယဥက္ကဌဖြစ်သူ Nguyen Loc Ha က ဗီယက်နမ်-တရုတ်ပူးပေါင်း ဆောင်ရွက်မှုသည် အထင်ကြီးဖွယ်ဖွံ့ဖြိုးတိုးတက်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ သီးခြားအနေဖြင့် ထောက်ပံ့ပို့ဆောင်‌ရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုအားကောင်းခဲ့ပြီး ကုန်စည်ထုတ်လုပ်ခြင်းနှင့် အပြန်အလှန်ကုန်သွယ်ရေးကို အရှိန်မြှင့်တင်ပေးနိုင်ခဲ့ကြောင်း သိရပါသည်။ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုက စက်မှုအသွင်ကူးပြောင်းခြင်းနှင့် တင်ပို့မှုစွမ်းရည်မြှင့်တင်ခြင်းတွင် အရေးပါသောအခန်းကဏ္ဍကရပ်တည်နေခြင်းနှင့်အတူ ဗီယက်နမ်သည်စိုက်ပျိုးမွေးမြူရေး စီးပွားရေးမှ ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးကွင်းဆက်တွင် အရေးကြီးသောနိုင်ငံအဖြစ်သို့ အသွင်ကူးပြောင်းခဲ့ကြောင်း သိရပါသည်။ ဟိုချီမင်းမြို့တော်သည် တရုတ်ထံမှရင်းနှီးမြှုပ်နှံမှုများကို ထိပ်တန်းဆွဲဆောင်သူအဖြစ်ရပ်တည်နေကြောင်း သိရပါသည်။ လတ်တလောတွင် ၎င်း၌ သတင်းအချက်အလက်နည်းပညာနှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်း၊ စမတ်ကုန်ထုတ်လုပ်ခြင်း၊ ထောက်ပံ့ပို့ဆောင်ရေး၊ e-commerce ၊ ပြည့်ဖြိုးမြဲစွမ်းအင်နှင့် အစိမ်းရောင်နည်းပညာများအစရှိ သည့်ကဏ္ဍများတွင် အမေရိကန်ဒေါ်လာ ၃ ဘီလီယံနီးပါးရှိသော တရုတ်ရင်းနှီးမြှုပ်နှံသည့် စီမံကိန်း ၈၀၀ ကျော်ပိုင်ဆိုင်ထားကြောင်း သိရပါသည်။ Ha ၏အဆိုအရ ဟိုချီမင်းမြို့တော်နှင့် တရုတ်တို့တွင် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်းနှင့် AI၊ စမတ်ကြီးမားသောမြို့တော် တည်‌ထောင်ခြင်းနှင့် ဘဏ္ဍာရေးရင်းနှီးမြှုပ်နှံမှုချိတ်ဆက်ခြင်းတို့တွင် ပူးပေါင်းဆောင်ရွက်ရန် အတွက် များစွာသောအခွင့်အလမ်းများကို ပိုင်ဆိုင်ထားကြောင်း သိရပါသည်။ ဟိုချီမင်းမြို့တော်ရှိ တရုတ်ကောင်စစ်ဝန်ချုပ် Tang Li က တရုတ်သည် ချိတ်ဆက်ခြင်း၊ ထုတ်လုပ်မှုတွင်ပူးပေါင်း ဆောင်ရွက်ခြင်းနှင့် ဒစ်ဂျစ်တယ်စီးပွားရေးအစရှိသည့် ဧရိယာများတွင် ဗီယက်နမ်နှင့်အတူမူဝါဒ ညှိနှိုင်းဆွေးနွေးမှုဆက်လက်မြှင့်တင်သွားမည်ဖြစ်ပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် သင့်လျော်သောဝန်းကျင်တစ်ရပ်ကိုဖန်တီးရန်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် ဟိုချီမင်းမြို့တော်နှင့် တရုတ်တို့သည် အခြေခံအရင်းအမြစ်များဝေမျှမှု မြင့်တက်ရန်၊ စီးပွားရေးဖိုရမ်များအကြားချိတ်ဆက်မှုများအားကောင်းရန်နှင့် ထိရောက်မှုရှိသော အပြန်အလှန်ပံ့ပိုးမှုယန္တယားတည်ထောင်ရန်အတွက် ကုန်စည်ပြပွဲများကျင်းပရန် သဘောတူညီခဲ့ကြကြောင်း သိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

ဗြီတိန်နိုင်ငံနှင့် ဆေးဝါးဆိုင်ရာ အခွန်ကင်းလွတ်ခွင့်သဘောတူညီချက်ကို အမေရိကန်ကြေညာ

          အမေရိကန်နိုင်ငံသည် ဗြီတိန်နိုင်ငံ၏ ဆေးဝါးဆိုင်ရာထုတ်ကုန်များနှင့် ဆေးဘက်ဆိုင်ရာ နည်းပညာများအပေါ် အခွန်ကင်းလွတ်ခွင့်သဘောတူညီချက်အား ဒီဇင်ဘာလ ၁ ရက်နေ့တွင် ကြေညာခဲ့ကြောင်းနှင့် အဆိုပါ သဘောတူညီချက်သည် ဗြီတိန်နိုင်ငံအား ဆေးဝါးများအပေါ်ပိုမို ရင်းနှီးလာစေရန် ဦးတည်နေကြောင်း သိရပါသည်။ အဆိုပါသဘောတူညီချက်သည် ဆေးဝါးဆိုင်ရာကဏ္ဍများတွင်သုံးစွဲမည့် နိုင်ငံပိုင်အမျိုးသားကျန်းမာရေးဝန်ဆောင်မှုရန်ပုံငွေကို မြင့်တက်စေရန် ပါဝင်ကြောင်းသိရပါသည်။ ဗြီတိန်နိုင်ငံသည် သဘောတူညီမှုအောက်တွင် ဆေးဝါးအသစ်များအတွက် ၂၅ ရာခိုင်နှုန်းဈေးနှုန်းမြှင့်တင်သွားမည်ဖြစ်ကြောင်း သိရပါသည်။ အမေရိကန်နိုင်ငံ သမ္မတ Donald Trump သည် အမေရိကန်ဆေးဝါးများအတွက် ဗြီတိန်နိုင်ငံနှင့် ဥရောပနိုင်ငံများအား ပေးဆောင်ရန်ဖိအားပေးလျက်ရှိကြောင်း သိရပါသည်။ ဆေးဘက် ဆိုင်ရာလုပ်ငန်းသည် ဗြီတိန်နိုင်ငံ၏ခက်ခဲစွာလည်ပတ်နေသော ပတ်ဝန်းကျင်ကို ဝေဖန်ခဲ့ပြီး အဓိကကုမ္ပဏီများသည် ဗြီတိန်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ရပ်ဆိုင်းခဲ့ကြောင်း သိရပါသည်။ အဆိုပါဆေးဝါးကဏ္ဍနှင့် အစိုးရအကြား အငြင်းပွားမှုအ‌ကြောင်းအရာတစ်ခုမှာ ကုမ္ပဏီများက ရောင်းချမှုအချိုးအစားကို အမျိုးသားကျန်းမာရေးဝန်ဆောင်မှုသို့ ပြန်လည်ထည့်သွင်းရခြင်းကြောင့်ဖြစ်ကြောင်း သိရပါသည်။ အမေရိကန်နိုင်ငံကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့က ဗြီတိန်နိုင်ငံသည် ၂၀၂၆ ခုနှစ်တွင် ပြန်အမ်းငွေ ၁၅ ရာခိုင်နှုန်းကျဆင်းမည်ဖြစ်ကြောင်း ကတိကဝတ်ပြုခဲ့ကြောင်း သိရှိရပါသည်။

Source: The Edge Malaysia                                                        

DOCA (ရန်ကုန်)

Nigeria နိုင်ငံ၏ စီးပွားရေးအခြေအနေများ တတိယသုံးလပတ်ကာလတွင် ၃.၉၈ ရာခိုင်နှုန်းခန့် မြင့်တက်

          Nigera နိုင်ငံ၏ စီးပွားရေးအခြေအနေများသည် ငွေကြေးဖောင်းပွမှုနှင့် ငွေကြေးမူဝါဒတင်းကျပ်စွာ လုပ်ဆောင်မှုအပေါ် ဖိအားပေးခံရမှုကြောင့် တတိယ သုံးလပတ်ကာလတွင် တစ်နှစ်ထက် တစ်နှစ် ၃.၉၈ ရာခိုင်နှုန်းခန့် မြင့်တက်လာကြောင်း ဒီဇင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်သော အချက်အလက်များအရ သိရပါသည်။ ၎င်းနိုင်ငံ၏ စီးပွားရေးချဲ့ထွင်မှုများသည် ပြည်တွင်းအသား တင်ကုန်ထုတ်လုပ်မှုအပေါ် စာရင်းတွက်ချက်မှုများ ပြုလုပ်အပြီးတွင် ၃.၁၃ ရာခိုင်နှုန်းခန့် ချဲ့ထွင်ခဲ့ ကြောင်း သိရပါသည်။ တတိယ သုံးလပတ်ကာလတွင် Nigeria နိုင်ငံ၏ လောင်စာဆီကဏ္ဍသည် တစ်နှစ်ထက်တစ်နှစ် ၅.၈၄ ရာခိုင်နှုန်းခန့်မြင့်တက်ခဲ့ကြောင်းနှင့် အဆိုပါမြင့်တက်မှုသည် တစ်နေ့ လျှင် ရေနံစိမ်းစည်ပေါင်း ၁.၆၄ သန်းခန့် ထုတ်လုပ်နိုင်မှုကြောင့်ဖြစ်ကြောင်း သိရပါသည်။ သို့ရာတွင် အဆိုပါကဏ္ဍ၏ ရှယ်ယာများသည် ၃.၄၄ ရာခိုင်နှုန်းခန့်ကျဆင်းခဲ့ပြီး ၎င်းသည် Nigeria နိုင်ငံ၏ ဆီမဟုတ်သောကဏ္ဍများအပေါ် မှီခိုနေရခြင်းကိုဖော်ပြနေကြောင်း သိရပါသည်။ Nigeria နိုင်ငံ အမျိုးသားစာရင်းအင်းဗျူရိုက ဆီမဟုတ်သောကဏ္ဍတွင် ၃.၉၁ ရာခိုင်နှုန်းခန့်ချဲ့ထွင်ခဲ့ကြောင်း၊ ဝန်ဆောင်မှုနှင့် စက်မှုလုပ်ငန်းတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၄.၁၅ ရာခိုင်နှုန်းခန့်ရှိလာကြောင်းနှင့် စိုက်ပျိုးရေးကဏ္ဍတွင် ၃.၇၇ ရာခိုင်နှုန်းဖွံ့ဖြိုးတိုးတက်မှုရှိလာကြောင်း ပြောကြားခဲ့ပါသည်။ ကမ္ဘာ့ဘဏ်က Nigeria နိုင်ငံသည်၎င်း၏ စီးပွားရေးကို မူဝါဒပြန်လည်တည်ဆောက်ခြင်းမှတစ်ဆင့် တည်ငြိမ်အောင်လုပ်ဆောင်နေကြောင်းပြောကြားခဲ့ပါသည်။ ထို့အပြင်၎င်းဘဏ်က Nigeria နိုင်ငံအား အစားအသောက်ဈေးနှုန်းများထိန်းချုပ်ရန်နှင့် လူနေမှုအဆင့်အတန်းများမြှင့်တင်ရန် တိုက်တွန်းလျက်ရှိကြောင်း သိရှိရပါသည်။

Source: Reuters                                                                        

DOCA (ရန်ကုန်)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဂုန်လျှော်အခြေပြုထုတ်လုပ်ရေးတွင် အကြီးစားရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် စီစဉ်နေသည့် တရုတ်နိုင်ငံကုမ္ပဏီ

          တရုတ်နိုင်ငံရင်းနှီးမြှုပ်နှံသူများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အစိမ်းရောင်နည်းပညာ၊ ဂုန် လျှော်၊ အထည်အလိပ်နှင့် ဆေးဝါးကဏ္ဍများတွင် ထုတ်လုပ်ရေးပြောင်းလဲမှု တစ်စိတ်တစ်ပိုင်းအဖြစ် ရင်းနှီးမြှုပ်နှံလိုကြောင်း တရုတ်နိုင်ငံပို့ကုန်နှင့်သွင်းကုန်ဘဏ်မှ ဒုတိယဥက္ကဌဆိုသူ Yang Dongning က ပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကြီးစား အဆောက်အဦစီမံကိန်းများတွင် ရေရှည်ရင်းနှီးမြှုပ်နှံမှုအကြီးစားပြုလုပ်လျက်ရှိသော်လည်း ယခုအခါတွင် အဓိကထုတ်လုပ်ရေးကဏ္ဍများတွင် အားစိုက်မှုမြှင့်တင်နေကြောင်း Dongning က ဒါကာမြို့တွင်  CA Yunus နှင့်အစည်းအဝေးပြုလုပ်စဉ်တွင် ပြောကြားခဲ့ကြောင်း သိရပါသည်။ အဆိုပါ မြှင့်တင်ခြင်းတွင် ခေါင်မိုးဆိုလာပြားများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ “ရွှေဖိုက်ဘာ” ဂုန်လျှော်အကြီးတမ်း ရင်းနှီးမြှုပ်နှံမှုများ အထူးသဖြင့် စွမ်းအင်၊ ဇီဝမြေဩဇာ ထုတ်လုပ်မှုများ ပါဝင်ကြောင်း Dongning က ပြောကြားခဲ့ပါသည်။ ထို့အပြင် ၎င်းက တရုတ်နိုင်ငံလုပ်ငန်းရှင်များနှင့် Exim Bank သည် ယခင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကနဦးအကြီးစားအဆောက်အဦများတွင် ရန်ပုံငွေများပြုလုပ်ခဲ့ကြောင်း ထပ်ပေါင်းပြောကြားခဲ့ပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ရိုးရာ ဂုန်လျှော်လုပ်ငန်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံပြိုင်ဘက်များနှင့် စွန့်ဦးလုပ်ငန်းများတည်ထောင်ရန် ရှာဖွေနေသော တရုတ်နိုင်ငံများ အတွက် အဓိကနေရာဖြစ်ကြောင်း သိရပါသည်။ တရုတ်နိုင်ငံ ကုမ္ပဏီများသည် အစိမ်းရောင်စွမ်းအင်၊ မြေဩဇာနှင့် ပလက်စတစ်အစားထိုးများထုတ်လုပ်နိုင်ရန် အတွက် ဂုန်လျှော် ၁ သန်းတန်ခန့်အသုံးပြုရန် ပြင်ဆင်နေကြောင်း နိုင်ငံပိုင် ဘဏ္ဍာရေးနှင့် ရေရှည်တည်တံ့ရေးအဖွဲ့အစည်း၏ ဥက္ကဌဖြစ်သူ Ma Jun က ပြောကြားခဲ့ပါသည်။ အကြံပေးခေါင်းဆောင် Yunus က ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ်လုပ်ရေးကဏ္ဍတွင် တရုတ်နိုင်ငံ၏ စိတ်ဝင်စားမှုကို ကြိုဆိုလျက်ရှိကြောင်းနှင့် ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများသည် တရုတ်နိုင်ငံအပါအဝင်ဖွံ့ဖြိုးပြီးနိုင်ငံများသို့ ကုန်ပစ္စည်းတင်ပို့ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအား ထုတ်လုပ်မှုအချက်အချာအဖြစ်ပြောင်းလဲရာတွင် အထောက်အပံ့ပေးနိုင် ကြောင်း မှတ်ချက်ပြုခဲ့ပါသည်။ ထို့အပြင် ၎င်းက ကမ္ဘာ့အကြီးဆုံးဆိုလာစွမ်းအင် ထုတ်လုပ်သည့်နိုင်ငံဖြစ်သော တရုတ်နိုင်ငံသည် ဆိုလာပြားနှင့် ခေါင်မိုးဆိုလာစနစ်များတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် အစိမ်းရောင်စွမ်းအင် ထုတ်လုပ်နိုင်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကူးပြောင်းခြင်းကို အထောက်အပံ့ပေးရာတွင် အရေးပါသော အခန်းကဏ္ဍမှပါဝင်ကြောင်း မှတ်ချက်ပြုခဲ့ပါသည်။ Dongning က တရုတ်နိုင်ငံ ကုမ္ပဏီများသည် AI နှင့် e-commerce တွင်လည်း ရင်းနှီးမြှုပ်နှံရန်စီစဉ်နေကြောင်း ပြောကြားခဲ့ပါသည်။ Yunus က တရုတ်နိုင်ငံအဆောက်အဦကုမ္ပဏီများအား ဒေသတွင်းချိတ်ဆက်မှုတစ်လျောက် နေရာပြောင်းရွေ့တည်ဆောက်ထားသော ထုတ်လုပ်ရေးစက်ရုံများမှ ထုတ်လုပ်မှုများ အဆင်ပြေစေရန်အတွက် တရုတ်နိုင်ငံတောင်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအားချိတ်ဆက်နိုင်ရန် မီးရထားလမ်းများတည်ဆောက်ရန် တိုက်တွန်းလျက်ရှိကြောင်း သိရှိရပါသည်။

Source: The Business Standard                                                  

DOCA (ရန်ကုန်)

၂၀၂၅ ခုနှစ်တွင် လတ်ဆတ်သောသစ်သီးတင်သွင်းမှုများ ၂၅ ရာခိုင်နှုန်းမြှင့်တင်ခဲ့သည့် ဖိလစ်ပိုင်နိုင်ငံ

          အမေရိကန်နိုင်ငံ၏ ဖိလစ်ပိုင်နိုင်ငံသို့တင်ပို့မှုများကျဆင်းသော်လည်း ဖိလစ်ပိုင်နိုင်ငံသို့ သစ်သီးတင်သွင်းမှုများသည် ၂၀၂၅ ခုနှစ်တွင် ၂၅ ရာခိုင်နှုန်းခန့်မြင့်တက်ရန်မျှော်မှန်းလျက်ရှိကြောင်း အမေရိကန်နိုင်ငံ စိုက်ပျိုးရေးဌာန (USDA) မှ ထုတ်ပြန်သော ထုတ်ပြန်ချက်များအရ သိရ ပါသည်။ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် USDA က ဖိလစ်ပိုင်နိုင်ငံသို့ ကမ္ဘာ့သစ်သီးတင်ပို့မှုများသည် ၂၀၂၄ ခုနှစ် အမေရိကန်ဒေါ်လာ ၃၂၁ သန်း ၃ ရာခိုင်နှုန်းတိုးတက်မှုအပြီးတွင် ၂၅ ရာခိုင်နှုန်းခန့် တစ်နှစ်ထက်တစ်နှစ်တိုးတက်လာနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းဌာနကဖိလစ်ပိုင်နိုင်ငံ၏ လူဦးရေသည် ၂၀၂၅ ခုနှစ်အဆုံးတွင် ၁၆၄ သန်းခန့်ရောက်ရှိလာနိုင်ကြောင်းနှင့် နှစ်စဉ် လူဦးရေ ၁ သန်းခန့်တိုးပွားလာနိုင်ပြီး အစားအ သောက်ထုတ်ကုန်များအတွက် လိုအပ်ချက်များမြင့်တက်လာနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါမြင့်တက်မှုများရှိသော်လည်း ၂၀၂၄ ခုနှစ်တွင် အမေရိကန်နိုင်ငံမှ ဖိလစ်ပိုင်နိုင်ငံသို့ သစ်သီးများတင်ပို့မှုသည် ၁၀ ရာခိုင်နှုန်းခန့် အမေရိကန် ဒေါ်လာ ၁၄ သန်းခန့်လျော့နည်းခဲ့ပြီး ယခုနှစ်တွင်လည်း အနည်းဆုံး ၇ ရာခိုင်နှုန်းခန့် လျော့နည်းလာမည်ဟု ‌မျှော်မှန်းကြောင်း သိရပါသည်။ ဆယ်စုနှစ်အပြီးတွင် အမေရိကန်နိုင်ငံမှ ဖိလစ်ပိုင်နိုင်ငံ သို့ တင်ပို့မှုသည် ၇၃ ရာခိုင်နှုန်းခန့် ကျဆင်းလာနိုင်ကြောင်း သိရပါသည်။ သစ်သီးတင်ပို့မှုများသည် ၂၀၂၅ ခုနှစ်တွင် ကျဆင်းလာနိုင်သည်ဟု ခန့်မှန်းခဲ့သော်လည်း အမေရိကန်နိုင်ငံမှ ကုန်သည်များက ပန်းသီးတင်ပို့မှုများမြင့်တက်လာနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ ဖိလစ်ပိုင်အစိုးရမှ ထုတ်ပြန်သောထုတ်ပြန်ချက်များအရ တရုတ်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံ၏ အဓိက သစ်သီးတင်သွင်းသည့် နိုင်ငံဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် တင်သွင်းခဲ့သော တင်သွင်းမှု၏ ၇၂ ရာခိုင်နှုန်း ခန့်သည် တရုတ်နိုင်ငံမှဖြစ်ကြောင်း သိရပါသည်။ ဖိလစ်ပိုင်နိုင်ငံသည် တရုတ်နိုင်ငံမှ တင်သွင်း လျက်ရှိသော သစ်သီးများမှာ ပန်းသီး၊ စပျစ်သီး၊ ဆန်းကစ်သီး၊ သစ်တော်သီး၊ သံပယိုသီး၊ သံပုရာသီး၊ လိမ္မော်သီးနှင့် တစ်ခြားသော လိမ္မော်သီးမျိုးစပ်များဖြစ်ကြောင်း သိရပါသည်။ ဖိလစ်ပိုင်နိုင်ငံသည် တရုတ်နိုင်ငံသာမက တောင်အာဖရိကနှင့် ဩစတျေးလျနိုင်ငံတို့မှလည်း ဆန်းကစ်သီး၊ စပျစ်သီးနှင့် လိမ္မော်သီးများကို ၉ ရာခိုင်နှုန်းနှင့် ၈ ရာခိုင်နှုန်းခန့် အသီးသီးတင်သွင်းလျက်ရှိကြောင်း သိရှိရပါသည်။

Source: Business World                                                             

DOCA (ရန်ကုန်)

တောင်ကိုရီးယားနိုင်ငံအပေါ် အခွန် ၁၅ ရာခိုင်နှုန်းကောက်ခံသွားမည်ဟု အမေရိကန်နိုင်ငံ ကူးသန်းရောင်းဝယ်ရေးအကြီးအကဲအတည်ပြု

          အမေရိကန်နိုင်ငံကူးသန်းရောင်းဝယ်ရေးအတွင်းရေးမှူးဆိုသူ Howard Lutnick က ဒီဇင်ဘာလ ရက်နေ့တွင် တောင်ကိုရီးယားနိုင်ငံအပေါ် အခွန် ၁၅ ရာခိုင်နှုန်းလျော့ချ ကောက်ခံသွားမည်ဖြစ်ကြောင်း အတည်ပြုခဲ့ပါသည်။ အဆိုပါအကောက်ခွန်လျော့ချခြင်းသည် တောင်-ကိုရီးယားနိုင်ငံက အမေရိကန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကတိကဝတ်များနှင့်ပတ်သက်၍ အကောင်အထည်ဖော်နိုင်ရန် လွှတ်တော်တွင်ဥပဒေပြုခြင်းကြောင့်ဖြစ်ကြောင်း သိရပါသည်။  အဆိုပါ နှစ်နိုင်ငံကုန်သွယ်ရေးသဘောတူညီချက်သည် လျှပ်ကူးပစ္စည်းများနှင့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများအပေါ် အခွန် ၁၅ ရာခိုင်နှုန်းကောက်ခံခြင်းဖြင့် အမျိုးသားလုံခြုုံရေးကို ချုပ်ကိုင်ထားကြောင်းနှင့် တောင်ကိုရီးယားနိုင်ငံအား ၎င်း၏ ပြိုင်ဘက်နိုင်ငံများဖြစ်သော ဂျပန်နိုင်ငံနှင့် ထိုင်ဝမ်နိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်ပေးနိုင်ကြောင်း သိရပါသည်။ အမေရိကန်နိုင်ငံသည် ယခင်က တောင်ကိုရီးယားနိုင်ငံ၏ အမျိုးသားလုံခြုံရေးနှင့်ပတ်သက်သော စက်ပစ္စည်းများအပေါ် အခွန် ၂၅ ရာခိုင်နှုန်းကောက်ခံခဲ့ပါသည်။ သို့ရာတွင် တောင်ကိုရီးယားနိုင်ငံသည် သင်္ဘောတည် ဆောက်ရေးအပါအဝင် အမေရိကန်နိုင်ငံရှိ နည်းဗျူဟာမြောက်စက်ရုံများတွင် အမေရိကန်ဒေါ်လာ ၃၅၀ ဘီလီယံခန့်ရင်းနှီးမြှုပ်နှံရန်အတွက် ဆိုးလ်သဘောတူညီချက်အား ကောင်းမွန်စေရန်အတွက် ဥပဒေမူကြမ်းများရေးဆွဲခဲ့သဖြင့် အမေရိကန်နိုင်ငံသည်တောင်ကိုရီးယားနိုင်ငံအပေါ် အကောက်ခွန်များလျော့ချကောက်ခံခဲ့ကြောင်း သိရှိရပါသည်။

Source: Yahoo Finance                                                              

DOCA (ရန်ကုန်)

IEU-CEPA ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင်လက်မှတ်ရေးထိုးရန် ရည်မှန်းထားသည့် အင်ဒိုနီးရှား

          အင်ဒိုနီးရှားနိုင်ငံကုန်သွယ်ရေးဝန်ကြီး Budi Santoso က အင်ဒိုနီးရှား-ဥရောပသမဂ္ဂ ဘက်ပေါင်းစုံစီးပွားရေးမိတ်ဖက်သဘောတူညီချက် (IEU-CEPA) ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် လက်မှတ်ရေးထိုးရန် ရည်မှန်းထားကြောင်း အင်ဒိုနီးရှားနိုင်ငံစက်မှုနှင့်ကုန်သည်များအသင်းချုပ် တွင် ဒီဇင်ဘာလ ၁ ရက်နေ့က ပြောကြားခဲ့ပါသည်။ Santoso က IEU-CEPA သည် လတ်တလော တွင် ဥပဒေမူကြမ်းရေးဆွဲသည့်လုပ်ငန်းစဉ်တွင်တည်ရှိနေပြီး များစွာသောဘာသာစကားများဖြင့် ဘာသာပြန်ပြီးဖြစ်ကြောင်း၊ အကယ်၍ဇန်နဝါရီလတွင်လက်မှတ်ရေးထိုးနိုင်ပါက အထက် လွှတ်တော်သို့ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်းနှင့် ထိုအဆင့်သည် ၂၀၂၆ ခုနှစ် နှစ်လယ်တွင် ပြီးမြောက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဝန်ကြီးက သဘောတူညီချက်အသစ် အောက်တွင် ဥရောပဈေးကွက်သို့ဝင်ရောက်ရန်အတွက် အင်ဒိုနီးရှားစီးပွားရေးလုပ်ငန်းများက ပြင်ဆင်ထားခြင်း၏ အရေးပါမှုကို အသားပေးပြောကြားခဲ့ကြောင်း သိရပါသည်။ ယခင်ကလည်း အင်ဒိုနီးရှားနိုင်ငံစီးပွားရေးရာညှိနှိုင်းဆွေးနွေးရေးဝန်ကြီးက IEU-CEPA သည် ၂၀၂၉ ခုနှစ်တွင် နိုင်ငံ၏စီးပွားရေးကြီးထွားမှု ၈ ရာခိုင်နှုန်းတိုးတက်ရန်ကူညီပေးနိုင်မည်ဟု ပြောကြားခဲ့ပါသည်။ နိုင်ငံပိုင်လုပ်ငန်းစီမံခန့်ခွဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ ဒုတိယအကြီးအကဲ Ferry Irawan က သဘောတူညီချက်သည် ဥရောပသမဂ္ဂတွင် အင်ဒိုနီးရှားထုတ်ကုန်များအတွက် ကျယ်ပြန့်သော ဈေးကွက်လမ်းကြောင်းကို တံခါးဖွင့်လှစ်ပေးနိုင်မည်ဖြစ်ပြီး ဥ‌ရောပသို့ အင်ဒိုနီးရှား၏တင်ပို့မှု အများစုအတွက် အကောက်ခွန်လျော့ချခြင်းအစရှိသည့် များစွာသောအကျိုးကျေးဇူးများကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း သိရပါသည်။ သဘောတူညီချက်အောက်တွင် စားအုန်းဆီ၊ ကော်ဖီ၊ ကိုကိုးနှင့် ရာဘာအစရှိသည့်စိုက်ပျိုးရေးထုတ်ကုန်များ၊ ငါး၊ကျောက်ပုဇွန်နှင့် ပုဇွန်တို့ပါဝင်သည့် ရေထွက်ကုန်များ၊ သစ်၊ ပြုပြင်ထားသောသစ်နှင့် သစ်သားပြားများပါဝင်သည့် သစ်တောထွက်ကုန်များနှင့် အဝတ်အထည်နှင့် အီလတ်ထရောနစ်ပစ္စည်းများပါဝင်သည့် များစွာသောအင်ဒိုနီးရှား ပို့ကုန်ပစ္စည်းများမှာ အကောက်ခွန်လုံးဝကျခံရမည်မဟုတ်ကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် တူနီးရှားနှင့် PTA လက်မှတ်ရေးထိုးရန်ရည်ရွယ်ထားသည့် အင်ဒိုနီးရှား

       အင်ဒိုနီးရှားနိုင်ငံကုန်သွယ်ရေးဝန်ကြီး Budi Santoso ကအင်ဒိုနီးရှား-တူနီးရှားဦးစားပေး ကုန်သွယ်ရေးသဘောတူညီချက် (IT-PTA) ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် လက်မှတ်ရေးထိုးရန် စီစဉ်ထားကြောင်း ပြောကြားခဲ့ပါသည်။ ထို PTA သည် အကောက်ခွန်လျော့ချခြင်းနှင့် ဖြတ်သိမ်း ခြင်းတို့ပါဝင်သည့် ကုန်စည်များ၊ အကောက်ခွန်လုပ်ငန်းစဉ်များနှင့် ကုန်သွယ်မှုလွယ်ကူချောမွေ့ စေခြင်းတို့အပေါ်လွှမ်းခြုံထားကြောင်း သိရပါသည်။ Santoso က ထိုသဘောတူညီချက်သည် မြောက်အာဖရိကနှင့် မြေထဲပင်လယ်ဒေသသို့ အင်ဒိုနီးရှား၏ပို့ကုန်ဈေးကွက်တိုးချဲ့ရန်နှင့် ကွဲပြား ရန်အတွက် အခွင့်အလမ်းများကိုဖန်တီးပေးလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ၂၀၂၄ ခုနှစ်တွင် အင်ဒိုနီးရှားနှင့် တူနီးရှားအပြန်အလှန်ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၆၉.၃ သန်းရှိခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ အမေရိကန်‌ဒေါ်လာ ၁.၁ ဘီလီယံတန်ဖိုးရှိခဲ့ကြောင်း သိရပါသည်။ IT-PTA သည် တူနီးရှားတွင် အင်ဒိုနီးရှားထုတ်ကုန်များ၏ ယှဉ်ပြိုင်နိုင်စွမ်း အားကောင်းရန်နှင့် ဦးစားပေးအကောက်ခွန်များမှတစ်ဆင့် MSME လုပ်ငန်းများအတွက် ပို့ကုန်အခွင့်အလမ်းများကို တိုးချဲ့ပေးနိုင်ရန်မျှော်မှန်းရကြောင်း သိရပါသည်။ ကုန်သွယ်ရေးကို ကျော်လွန်၍ သဘောတူညီချက်သည် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုနက်ရှိုင်းရန်အတွက် စင်မြင့်တစ်ခုအဖြစ်ဆောင်ရွက်ပေးနိုင်ရန် မျှော်မှန်းရကြောင်း သိရပါသည်။ Santoso က စီးပွားရေးလုပ်ငန်းရှင်များအား အင်ဒိုနီးရှား၏အပေါင်းလက္ခဏာဆောင်သော ပို့ကုန်စွမ်းရည်ကို ထိန်းသိမ်းရန်အတွက် ထိုအခွင့်အလမ်းများကို ရယူရန်တိုက်တွန်းခဲ့ကြောင်း သိရပါသည်။ အင်ဒိုနီးရှားသည် ၎င်းတို့၏ကတိကဝတ်ဖြစ်သည့် ကုန်သွယ်ရေးတံခါးဖွင့်လှစ်ထားမှုနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနှင့်အတူ ကမ္ဘာလုံးဆိုင်ရာဈေးကွက်ကို ဆက်လက်တိုးချဲ့သွားမည်ဟု သိရပါသည်။ နိုင်ငံသည် ဥရောပသမဂ္ဂ၊ ကနေဒါ၊ ယူရေးရှန်းစီးပွားရေးယူနီယံနှင့် ပီရူးတို့ပါဝင်သော များစွာသောကုန်သွယ်ရေးသဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း သိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ