
ထိုင်းဝန်ကြီးချုပ် Anutin Charnvirakul နှင့် ပြောဆိုဆွေးနွေးမှုများအတွင်း တောင်ကိုရီးယားသမ္မတ Lee Jae-myung က တောင်ကိုရီးယားသည် ထိုင်းနိုင်ငံနှင့် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူ ညီချက်ကို အပြီးသတ်ရန် ဆန္ဒပြင်းပြနေကြောင်း ပြောကြားခဲ့သည်ဟု သိရပါသည်။ Yonhap သတင်း အေဂျင်စီ၏ အဆိုအရ Mr Lee နှင့် Mr Anutin တို့သည် စာချုပ်အပြီးသတ်ရန် ကြိုးပမ်းအားထုတ်မှု အရှိန်မြှင့်တင်ရန် သဘောတူခဲ့ကြကြောင်း သိရပါသည်။ တောင်ကိုရီးယားသမ္မတရုံးပြောရေးဆိုခွင့် ရှိသူ Kim Nam-Joon ကသမ္မတ ၂ ဦးသည် လတ်တလောညှိနှိုင်းဆွေးနွေးမှုအောက်တွင် ရှိနေသည့် CEPA ကို လျှင်မြန်စွာအကောင်အထည် ဖော်ရန်သဘောတူညီခဲ့ကြောင်း ခေါင်းဆောင် ၂ ဦး၏ ပထမဆုံးဖုန်း အပြန်အလှန်ပြောဆိုမှု နောက်တွင် ပြောကြားခဲ့ပါသည်။ တောင်ကိုရီးယားအဆိုပြု ထားသည့် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်သည် ဘက်ပေါင်းစုံစီးပွားရေး မိတ်ဖက် သဘောတူညီချက် ဖြစ်ကြောင်း သိရပါသည်။ ထိုင်းနိုင်ငံစီးပွားကူးသန်းဝန်ကြီး Suphajee Suthumphan က တောင်ကိုရီးယားနှင့် စာချုပ်အပြီးသတ်ခြင်းသည် ထိပ်တန်းဦးစားပေးဖြစ်ပြီး နှစ်နိုင်ငံသည် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (Apec) အစည်းအဝေးများ၌သီးခြား ဆွေးနွေးစဉ် ကတိကဝတ်ပြုခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ တောင်ကိုရီးယားသည် ယခုနှစ် Apec ဖိုရမ်များကို အောက်တိုဘာလ ၂၈ ရက်နေ့မှ နိုဝင်ဘာလ ၁ ရက်နေ့အထိ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည်ဟု သိရပါသည်။ ဖုန်းပြောဆိုစဉ်အတွင်း Mr Anutin က နှစ်နိုင်ငံကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို လတ်တလော အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံမှ အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံ ထိ ၂ ဆ မြှင့်တင်ရန် မျှော်လင့်ကြောင်း ထိုင်းအစိုးရအောက်လွှတ်တော်မှ ထုတ်ပြန်ချက်အရသိရ ပါသည်။
DOCA (ရန်ကုန်)
