ပြင်သစ်နိုင်ငံ၏ ပြောင်းထွက်ရှိမှု နှစ်ပေါင်း ၅၀ အတွင်း အနည်းဆုံး ဖြစ်လာ

Powered by Drupal

   ဥရောပသမဂ္ဂ (EU) တွင် ပြောင်းအများဆုံး စိုက်ပျိုးထုတ်လုပ်သည့် ပြင်သစ်နိုင်ငံသည် ပြင်းထန်သော မိုးခေါင်ရေရှားမှုကြောင့် နှစ်ပေါင်း ၅၀ အတွင်း ပြောင်းထွက်ရှိမှု ပမာဏမှာ အနည်းဆုံး ဖြစ်မည်ဟု ခန့်မှန်းထားကြောင်းနှင့် အခြားသော EU အဖွဲ့ဝင်နိုင်ငံများတွင်လည်း ၂၀၂၆-၂၀၂၇ ဈေးကွက်နှစ်တွင် ထုတ်လုပ်မှုပမာဏစုစုပေါင်း ပိုမိုလျော့နည်းဖွယ်ရှိကြောင်း အမေရိကန်စိုက်ပျိုး ရေးဝန်ကြီးဌာန၏ ပြည်ပစိုက်ပျိုးရေး ဝန်ဆောင်မှုဌာန (FAS) ၏ အစီရင်ခံစာအရ သိရှိရပါသည်။

   ပြင်သစ်နိုင်ငံပြောင်းထွက်ရှိမှုမှာ တန်ချိန် ၇ သန်းထက် လျော့နည်းပြီး ယခင်နှစ်ထက် ၅၀  ရာခိုင်နှုန်းအောက် ကျဆင်းမည်ဟု မျှော်မှန်းထားပြီး ဥရောပသမဂ္ဂ၏ ပြောင်းထွက်ရှိမှုစုစုပေါင်းကို ဌာန၏ ဇူလိုင် လခန့်မှန်းချက်ထက် ၄ ရာခိုင်နှုန်းအောက် လျော့ကျကာ တန်ချိန် ၄၈.၂ သန်းခန့်သာ ရှိမည်ဖြစ်ကြောင်း၊ အဆိုပါ ခန့်မှန်းချက်အတိုင်း ဖြစ်လာပါက ၂၀၂၅-၂၀၂၆ ခုနှစ် EU ၏ စုစုပေါင်း ထွက်ရှိမှုထက် ၁၅ ရာခိုင်နှုန်း လျော့ကျသွားမည်ဖြစ်ပြီး ၂၁ ရာစုအတွင်း အနည်းဆုံး ပြောင်းထွက် ရှိမှု ပမာဏဖြစ်မည် ဖြစ်ကြောင်း သိရှိရပါသည်။

    ပြင်သစ်နိုင်ငံရှိ ပြောင်းစိုက်ပျိုးသူများသည် ၂၀၂၅ ခုနှစ်တွင် အထွက်နှုန်း စိတ်ပျက်ဖွယ် ဖြစ်ခဲ့ပြီးနောက် ၂၀၂၆ ခုနှစ်အတွက် ၎င်းတို့၏ စိုက်ပျိုးဧရိယာကို လျှော့ချခဲ့ကြကြောင်း၊  ၂၀၂၆ ခုနှစ်၊ မေလတွင် စတင်ဖြစ်ပေါ်ခဲ့သည့် အပူလှိုင်းဖြတ်သန်းမှု (၅) ကြိမ်နဲ့ မိုးခေါင်မှုတို့ကြောင့် စားကျက်မြေနှင့် ပြောင်းစိုက်ခင်းများပါ ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ လူထုသောက်သုံးရေရရှိရေး အတွက် ဒေသဆိုင်ရာအာဏာပိုင်များက စိုက်ပျိုးရေပေးဝေမှုကို ပြင်းပြင်းထန်ထန် ကန့်သတ်ခဲ့ သည့်အတွက် ရေသွင်းစိုက်ပျိုးသည့် ပြောင်းစိုက်ခင်းများကို (စုစုပေါင်း ပြောင်းစိုက်ဧရိယာရဲ့ ၃၄ ရာခိုင်နှုန်းခန့်) ထိခိုက်မှုရှိခဲ့ကြောင်း၊       ပြင်သစ်နိုင်ငံ၏ ပြောင်းအထွက်နှုန်းမှာ တစ်ဟက်တာလျှင် ၆.၅ တန်အောက်သို့ ကျဆင်းမည်ဟု မျှော်မှန်းရပြီး ယင်းမှာ ဇူလိုင်လ ခန့်မှန်းချက်ထက် ၁၀ ရာခိုင်နှုန်း အောက် ကျဆင်းခြင်းဖြစ်ပြီး ငါးနှစ်တာ ပျမ်းမျှအထွက်နှုန်းအောက် ၃၀ ရာခိုင်နှုန်း လျော့နည်းနေ ကြောင်း FAS ၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

     ထုတ်လုပ်မှုလျော့ကျသွားသည့်အတွက် EU အနေဖြင့် ၂၀၂၆-၂၀၂၇ ခုနှစ်တွင် ပြောင်းတန်ချိန် ၂၃.၂ သန်းအထိ တင်သွင်းရမည်ဟု ခန့်မှန်းထားပြီး ယင်းပမာဏမှာ ယခင်နှစ်ထက် ၂၂ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်ပြီး ၂၀၁၈-၂၀၁၉ ခုနှစ်နောက်ပိုင်း တင်သွင်းမှုပမာဏ အမြင့်ဆုံးဖြစ်လာမည် ဖြစ်ကြောင်း၊       EU ၏ ပြောင်းတင်သွင်းမှုအများစုမှာ ယူကရိန်းနိုင်ငံမှ ဖြစ်သော်လည်း ရုရှားနိုင်ငံနှင့် ယူကရိန်နိုင်ငံတို့အကြား ပိုမိုပြင်းထန်လာသော စစ်ပွဲကြောင့် ယူကရိန်းဆိပ်ကမ်းများမှ ကုန်စည် ပို့ဆောင်ရေး ပြင်းထန်စွာကန့်သတ်ခံရသဖြင့် EU အနေဖြင့် အခြားသော နိုင်ငံများထံမှ ပြောင်း တင်သွင်းရန် ရှာဖွေခဲ့ကြောင်း၊ EU ၏ ထုတ်လုပ်မှု လျော့ကျသွားခြင်းနှင့် ယူကရိန်းနိုင်ငံမှ ကုန်စည် ရရှိနိုင်မှု ယာယီအခက်အခဲ ဖြစ်နေခြင်းတို့ကြောင့် စုစုပေါင်း သုံးစွဲမှုပမာဏမှာ ယခင်ခန့်မှန်းထား သည်ထက် ပိုမိုလျော့နည်းသွားသော်လည်း လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် အစားထိုးတိရစ္ဆာန် အစားအစာ ကောက်ပဲသီးနှံများအပြင် အထူးသဖြင့် အမေရိကန်နှင့် ဘရာဇီးနိုင်ငံတို့မှ ပြောင်း တင်သွင်းမှုများ မြင့်တက်လာမည်ဟု မျှော်လင့်ထားကြောင်း၊၂၀၂၆-၂၀၂၇ ခုနှစ်တွင် ပြောင်းသုံးစွဲမှု ပမာဏမှာ တန်ချိန် ၇၀.၇ သန်းအထိ လျော့ကျသွားမည်ဟု ခန့်မှန်းထားပြီး ယင်းပမာဏမှာ ၂၀၁၂-၂၀၁၃ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိသွားခြင်းဖြစ်ကြောင်း ဌာန၏ ထုတ်ပြန် ချက်အရ သိရှိရပါသည်။

Source: World Grain, September 14 , 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)