ကမ္ဘောဒီးယားက ဖိလစ်ပိုင်နှင့် သဘောတူညီချက်သစ်ဖြင့် ဆန်တင်ပို့မှုဈေးကွက် တိုးချဲ့

Powered by Drupal

    ကမ္ဘောဒီးယားဒေသတွင်း ဆန်တင်ပို့သည့် City Rice Import Export Co Ltd သည် အရှေ့တောင်အာရှဈေးကွက်သို့ ဆန်များတင်ပို့ရန် DILAI Trading Co Pte Ltd နှင့် ဆန်ဝယ်ယူရေး သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ပြီးနောက် ကမ္ဘောဒီးယားနိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံရှိ ယင်း၏ ဆန်တင်ပို့မှုဈေးကွက်ကို တိုးချဲ့ရန် ကြိုးပမ်းလျက်ရှိသည်။ အဆိုပါ သဘောတူညီချက်ကို စက်တင်ဘာလ ၁၄ ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Cham Nimul ၊ ဝန်ကြီးဌာနအကြီးတန်းအရာရှိများနှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံရုံးကိုယ်စားလှယ် များ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။

       အဆိုပါသဘောတူညီချက်သည် ကမ္ဘောဒီးယားနိုင်ငံ၏ ဆန်တင်ပို့သူများအတွက် စီးပွားရေး အခွင့်အလမ်းသစ်တစ်ရပ် ဖြစ်ပေါ်စေမည်ဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံနှင့် ကမ္ဘောဒီးယား နိုင်ငံအကြား စိုက်ပျိုးရေးကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာစေရန် အထောက် အကူပြုမည်ဟု မျှော်လင့်ရသည်။

     ဝန်ကြီး Nimul က အဆိုပါသဘောတူညီချက်ကို ကြိုဆိုခဲ့ပြီး City Rice Import Export ၏ စီးပွားရေးတိုးတက်မှုကို ချီးကျူးခဲ့သလို ကမ္ဘောဒီးယားကို ဆန်တင်ပို့သည့်နိုင်ငံအဖြစ် ရွေးချယ်ခဲ့ သည့်အပြင် ကမ္ဘောဒီးယားဆန်၏ အရည်အသွေးနှင့် တင်ပို့နိုင်မှုစွမ်းရည်အပေါ် ယုံကြည်မှုထားရှိ သည့်အတွက် DILAI Trading ကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ အဆိုပါ သဘောတူညီချက်သည် ကုန်သွယ်ရေးအရောင်းအဝယ်တစ်ခုထက်ပိုကြောင်း ပြောကြားခဲ့ပြီး ကမ္ဘောဒီးယားဆန်အတွက် ပြည်ပဈေးကွက်များတိုးချဲ့ရန်၊ စားနပ်ရိက္ခာဖူလုံမှုကို ပိုမိုအားကောင်း စေရန်နှင့် ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်တို့အကြား စီးပွားရေးနှင့်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက် မှုကို ပိုမိုနက်ရှိုင်းစေရန်အတွက် အရေးပါသောမဟာဗျူဟာမြောက် ခြေလှမ်းတစ်ရပ် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

     ဝန်ကြီးက ကုမ္ပဏီနှစ်ခုလုံးအနေဖြင့် ကျွမ်းကျင်မှု၊ တာဝန်ယူမှု၊ ပွင့်လင်းမြင်သာမှုနှင့် နီးကပ်သော ပူးပေါင်းဆောင်ရွက်မှုတို့ကို အဓိကထား၍ အဆိုပါသဘောတူညီချက်ကို ပြည့်ဝစွာနှင့်  ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။ ထို့အပြင် ငွေပေးချေမှု တိကျမှန်ကန်မှု၊ အချိန်မီပေးပို့နိုင်မှု၊ ထုတ်ကုန်အရည်အသွေးနှင့် တည်ငြိမ်သော ထောက်ပံ့မှုတို့၏ အရေးပါပုံကိုလည်း အလေးပေးပြောကြားခဲ့သည်။

     ဝန်ကြီးဌာနက ဆန်တန်ဖိုးကွင်းဆက်တစ်လျှောက်ရှိ သက်ဆိုင်သူများနှင့် ကမ္ဘောဒီးယား ဆန်အဖွဲ့ချုပ်အနေဖြင့် ဆန်၏ အရည်အသွေးနှင့် ဘေးကင်းလုံခြုံမှုအပြင် ထုပ်ပိုးမှုဆိုင်ရာ စံချိန် စံညွှန်းများကို ဆက်လက်မြှင့်တင်ဆောင်ရွက်ရန်နှင့် “ကမ္ဘောဒီးယားနိုင်ငံ၏ ဆန်တင်ပို့မှု ဈေးကွက် ချဲ့ထွင်ရေးနှင့် ဈေးကွက်ကွဲပြားစုံလင်ရေး မဟာဗျူဟာ (၂၀၂၅–၂၀၃၀)” ကို အပြည့်အဝ အကောင် အထည်ဖော်ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။

      အဆိုပါ မဟာဗျူဟာ၏ရည်ရွယ်ချက်မှာ ကမ္ဘောဒီးယားဆန်၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင် ရန်နှင့် ဆန်တင်ပို့မည့် နိုင်ငံများနှင့် ဈေးကွက်များကို ပိုမိုချဲ့ထွင်ကာ ကွဲပြားစုံလင်အောင် ဆောင်ရွက် ခြင်းဖြင့် နိုင်ငံတကာဈေးကွက်တွင် ကမ္ဘောဒီးယားဆန်၏ ဈေးကွက်ဝေစုကို တိုးမြှင့်ရန် ဖြစ်သည်။

Source: Khmer Times, September 15, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)