
အင်ဒိုနီးရှားသမ္မတ Prabowo Subianto က အမေရိကန်နှင့်အကောက်ခွန်သုညရာခိုင်နှုန်းအတွက် ညှိနှိုင်းဆွေးနွေးမှုများ ဆက်လက်ပြုလုပ်နေကြောင်း တောင်ကိုရီးယားတွင် ကျင်းပသည့် ၂၀၂၅ ခုနှစ် APEC ညီလာခံ၏ သီးခြားအစည်းအဝေးတွင်အတည်ပြုပြောကြားခဲ့ပါသည်။ ဆွေးနွေး မှုများသည် အပြန်အလှန်ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ရန် အထူးသဖြင့် အင်ဒိုနီးရှား ၏ ထိပ်တန်းကုန်ပစ္စည်းများတိုးချဲ့ရန်အတွက် ရည်ရွယ်ကြောင်း သိရပါသည်။ အင်ဒိုနီးရှားနိုင်ငံ စီးပွားရေးရာညှိနှိုင်းဆွေးနွေးရေးဝန်ကြီး Airlangga Hartarto ကအမေရိကန်နှင့် ဆွေးနွေးမှုများ ကိုညီလာခံအပြီးတွင် ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ အကောက်ခွန်သုညရာခိုင်နှုန်း အဆိုပြုခဲ့သည့်ကုန်ပစ္စည်းများမှာ မလေးရှားနှင့်သဘောတူ ညီခဲ့သည့် အမေရိကန်တွင်မထုတ်လုပ်သည့် စားအုန်းဆီ၊ ကိုကိုး၊ ရော်ဘာနှင့် များစွာသောအခြားကုန်ပစ္စည်းများဖြစ်ကြောင်းနှင့် ထောက်ပံ့မှုကွင်းဆက်နှင့်ဆက်စပ်သည့် အရေးကြီးသတ္တုတွင်းထွက်ပစ္စည်းများအတွက်မူ သီးခြားဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားသည် မလေးရှား၏ အမေရိကန်နှင့် သဘောတူညီချက်နှင့်တူညီစွာ စားအုန်းဆီတင်ပို့မှုကို အကောက်ခွန်သုညရာခိုင်နှုန်းဖြစ်မည့် နည်းလမ်းများကို ရှာဖွေနေကြောင်း သိရပါသည်။ အင်ဒိုနီးရှားနိုင်ငံ စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုဦးစီးဌာန၏ ခေတ္တညွှန်ကြားရေးမှူးချုပ် Putu Juli Ardika က စားအုန်းဆီအကောက်ခွန် ညှိနှိုင်း ဆွေးနွေးမှုများဆက်လက်ပြုလုပ်နေပြီး မလေးရှားကဲ့သို့အဆင်ပြေအောင်မြင်မည်ဟုမျှော်လင့် ကြောင်း ပြောကြားခဲ့ပါသည်။ Ardika ကအမေရိကန်နှင့် လက်မှတ်ရေးထိုးခဲ့သည့်အပြန်အလှန် အကောက်ခွန်သဘောတူညီချက်အောက်တွင် သွင်းကုန်အကောက်ခွန်နှုန်းထားကို ၂၅ ရာခိုင်နှုန်းမှ ၁၉ ရာခိုင်နှုန်းထိလျှော့ကျသွားသည့် အောင်မြင်မှုကို ရည်ညွှန်းပြောကြားခြင်း ဖြစ်ကြောင်း သိရပါ သည်။ စားအုန်းဆီ၊ ရာဘာ၊ သစ်ထုတ်ကုန်များ၊ လေယာဉ်ပစ္စည်းများနှင့် ဆေးဝါးများပါဝင်သည့် မလေးရှား၏အဓိကထုတ်ကုန်များမှာ အမေရိကန်၏အကောက်ခွန် သုညရာခိုင်နှုန်း သတ်မှတ်ခြင်း ခံထားရကြောင်း သိရပါသည်။ Ardika က တူညီသည့်သဘောတူညီချက်ရရှိပါက အင်ဒိုနီးရှားသည် အမေရိကန်ဈေးကွက်တွင် မလေးရှားနှင့် မျှတစွာယှဉ်ပြိုင်နိုင်ရှိစေမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။
Antara News
DOCA (ရန်ကုန်)
