
၂၀၂၅ ခုနှစ်အောက်တိုဘာလတွင် ဗီယက်နမ်သည် စိုက်ပျိုးမွေးမြူရေး-သစ်တော-ရေထွက်ကုန်တင်ပို့မှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၅.၉၆ ဘီလီယံရရှိခဲ့သည့်အတွက် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ၁၀ လတာကာလစုစုပေါင်းတင်ပို့မှုမှ ဝင်ငွေ အမေရိကန် ဒေါ်လာ ၅၈.၁၃ ဘီလီယံရရှိခဲ့ပြီဖြစ်ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၁၂.၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဗီယက်နမ်စိုက်ပျိုးမွေးမြူရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန ၏အဆိုအရ သိရပါသည်။ ထိုစုစုပေါင်းတန်ဖိုးပမာဏထဲတွင် စိုက်ပျိုးရေးထုတ်ကုန်တင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၁.၃၄ ဘီလီယံ(၁၅.၅ ရာခိုင်နှုန်းမြင့်တက်)၊ မွေးမြူရေးထုတ်ကုန် တင်ပို့မှုမှဝင်ငွေ အမေရိကန်ဒေါ်လာ ၅၁၂.၉ သန်း (၁၉ ရာခိုင်နှုန်းမြင့်တက်)၊ ရေထွက်ကုန်တင်ပို့ မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၉.၃၁ ဘီလီယံ (၁၂.၉ ရာခိုင်နှုန်းမြင့်တက်)နှင့် သစ်တောထွက်ကုန် တင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၄.၉၃ ဘီလီယံ (၅.၈ ရာခိုင်နှုန်းမြင့်တက်) ရရှိခဲ့ကြောင်း သိရပါသည်။ အာရှသည် ဗီယက်နမ်၏အကြီးမားဆုံး ဈေးကွက်ဖြစ်ပြီး စုစုပေါင်းတင်ပို့မှုတန်ဖိုး၏ ၄၄.၇ ရာခိုင်နှုန်းရှိပြီး ၎င်း၏နောက်တွင် အမေရိကက ၂၂.၇ ရာခိုင်နှုန်း၊ ဥရောပက ၁၃.၈ ရာခိုင်နှုန်းနှင့် အာဖရိကနှင့် သမုဒ္ဒရာပိုင်းဇုန်ဒေသတို့က ၃ ရာခိုင်နှုန်းနှင့် ၁.၄ ရာခိုင်နှုန်း အသီးသီး ရှိကြောင်း သိရပါသည်။ တရုတ်၊ အမေရိကန်နှင့် ဂျပန်တို့မှာ ဗီယက်နမ်ထံမှထိပ်တန်းဝယ်ယူသူ ၃ နိုင်ငံဖြစ်ပြီး စုစုပေါင်းတင်ပို့မှုများ၏ ၂၁.၄ ရာခိုင်နှုန်း၊ ၂၀.၄ ရာခိုင်နှုန်းနှင့် ၇ ရာခိုင်နှုန်း အသီးသီးရှိကြောင်း သိရပါသည်။ ထိုရလဒ်များသည် ကော်ဖီ၊ သီဟိုဠ်စေ့များနှင့် ငရုတ်ကောင်းအစရှိသည့် အဓိကစိုက်ပျိုးရေးကုန်ပစ္စည်းများ၏ ပို့ကုန်ပစ္စည်းဈေးနှုန်းများအားကောင်းခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သိရပါသည်။ ဗီယက်နမ်သည် ကော်ဖီတန်ချိန် ၁.၃ သန်း တင်ပို့ရာမှ ဝင်ငွေ အမေရိကန် ဒေါ်လာ ၇.၄၁ ဘီလီယံရရှိခဲ့ပြီး တင်ပို့သည့်ပမာဏတွင် ၁၃.၅ ရာခိုင်နှုန်းနှင့်ဝင်ငွေရရှိမှု တွင် ၆၁.၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထို့ပြင် သီဟိုဠ်စေ့များကို တန်ချိန် ၆၂၄၄၀၀ တန် တင်ပို့ရာမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၄.၂၅ ဘီလီယံရရှိခဲ့ပြီး ပမာဏတွင် ၂.၂ ရာခိုင်နှုန်းနှင့် ဝင်ငွေ ရရှိမှုတွင် ၁၈.၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါ သည်။ ငရုတ်ကောင်းတင်ပို့မှုမှာမူ တန်ချိန် ၂၀၆၃၀၀ တန်တင်ပို့ခဲ့ပြီး တင်ပို့သည့်ပမာဏတွင် ၅.၉ ရာခိုင်နှုန်းကျဆင်းခဲ့သော်လည်း ဝင်ငွေရရှိ မှုတွင် အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံဖြင့် ၂၅.၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထိုဆယ်လတာကာလတွင် သစ်သီးနှင့်ဟင်းသီးဟင်းရွက်တင်ပို့မှုမှာ အားကောင်းစွာကြီးထွားခဲ့ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၇.၀၉ ဘီလီယံ တန်ဖိုးတင်ပို့ခဲ့ကြောင်း သိရပါသည်။ တရုတ်မှာ စုစုပေါင်းတင်ပို့မှု၏ ၆၂.၉ ရာခိုင်နှုန်းဖြင့် အကြီးမားဆုံးဝယ်ယူသူဖြစ်ပြီး ၎င်း၏နောက်တွင် အမေရိကန်က ၆.၆ ရာခိုင်နှုန်းနှင့် တောင်ကိုရီးယားက ၃.၉ ရာခိုင်နှုန်းဖြင့်ရပ်တည်နေကြောင်း သိရပါသည်။ ဆန်တင်ပို့မှုမှာမူ သိသာစွာကျဆင်းခဲ့ပြီး စုစုပေါင်းဆန်တန်ချိန် ၇.၂ သန်းတင်ပို့ရာမှ ဝင်ငွေ ၃.၇ ဘီလီယံရရှိခဲ့ကာ ပမာဏတွင် ၆.၅ ရာခိုင်နှုန်းနှင့် ဝင်ငွေရရှိမှုတွင် ၂၃.၈ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရှိရပါသည်။
Vietnam Plus
DOCA (ရန်ကုန်)
