
ကမ္ဘောဒီးယားကုန်သွယ်ရေးဝန်ကြီးဌာနနှင့် အမေရိကန်နိုင်ငံ၊ Oregon (အော်ရီဂွန်) ပြည်နယ်တို့အကြား ကမ္ဘောဒီးယား၏ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် နည်းပညာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုအသစ်တစ်ရပ် ဖော်ဆောင်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။ နှစ်ဖက်တာဝန်ရှိသူများသည် စက်တင်ဘာ ၁၅ ရက်နေ့က ကုန်သွယ်ရေးဝန်ကြီးဌာန၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဒစ်ဂျစ်တယ်ကုန်သွယ်မှု အသွင်ကူးပြောင်းရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် အော်ရီဂွန်ပြည်နယ်၏ နည်းပညာဆိုင်ရာ အတွေ့အကြုံများကိုအသုံးချ၍ ကမ္ဘောဒီးယား၏ ဒစ်ဂျစ်တယ်ချိတ်ဆက်မှု အခြေခံအဆောက်အအုံများ ခေတ်မီတိုးတက်လာစေရေးကိုလည်း ဆွေးနွေးခဲ့ကြသည်။ ကမ္ဘောဒီးယားကုန်သွယ်ရေးဝန်ကြီးဌာန အတွင်းဝန် Chea Ratha က နိုင်ငံအတွင်း ဆန်းသစ်တီထွင်မှုနှင့် စီးပွားရေးစွမ်းဆောင်ရှင်များ ဖွံ့ဖြိုးလာစေရန် အဓိကမဟာဗျူဟာများကို ရှင်းလင်းပြောကြားခဲ့ပြီး ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးကို ဦးစားပေးဆောင်ရွက်ကာ ပုဂ္ဂလိကကဏ္ဍ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးကို အစိုးရက ဆက်လက်အလေးထားမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။ အမေရိကန်ဘက်မှ ဖနွမ်းပင်ရှိ အမေရိကန်သံရုံး ယာယီဒုတိယအကြီးအကဲ Benjamin Chiang ဦးဆောင်၍ အော်ရီဂွန်ပြည်နယ် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ Business Oregon မှ ကိုယ်စားလှယ်များ ပါဝင်ခဲ့ကြသည်။ ဆွေးနွေးမှုတွင် ကမ္ဘောဒီးယားရှိ ပုဂ္ဂလိက လုပ်ငန်းများအနေဖြင့် ဘဏ္ဍာငွေရရှိနိုင်မှု ပိုမိုကောင်းမွန်လာစေရေး၊ အစိုးရ၊ ကုမ္ပဏီများနှင့် တက္ကသိုလ်များအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့် ထုတ်လုပ်မှုစွမ်းအား တိုးတက်စေရန် နည်းပညာအသစ်များ အသုံးချရေးတို့ကိုလည်း အကြံပြုခဲ့သည်။ Business Oregon ၏ ဆန်းသစ်တီထွင်မှုနှင့် စီးပွားရေးစွမ်းဆောင်ရှင်ဖွံ့ဖြိုးရေး မန်နေဂျာ Mark Brady က အော်ရီဂွန် ပြည်နယ်၏ စီးပွားရေးလုပ်ငန်းများကို ပံ့ပိုးပေးသည့် အတွေ့အကြုံများ၊ သုတေသနရလဒ်များကို လက်တွေ့အသုံးချနိုင်အောင် ဖော်ဆောင်ပေးသည့် နည်းလမ်းများနှင့် ကမ္ဘောဒီးယား၏ ဒစ်ဂျစ်တယ်စီးပွားရေးစနစ် အားကောင်းလာစေရန် သက်ဆိုင်ရာအစီအစဉ်များနှင့် နည်းပညာများအား လေ့လာအသုံးချနိုင်မည့် အလားအလာများကို ဆွေးနွေးခဲ့သည်။ အဆိုပါဆွေးနွေးမှုများမှတစ်ဆင့် ကမ္ဘောဒီးယားနှင့် အော်ရီဂွန်ပြည်နယ်အကြား ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်တစ်ရပ် ပေါ်ပေါက်လာနိုင်ကြောင်းလည်း သုံးသပ်ထားသည်။ ၂၀၂၅ ခုနှစ်တွင် ကမ္ဘောဒီးယားနှင့် အမေရိကန်အကြား ကုန်သွယ်မှုပမာဏမှာ ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ ၁၅.၇ ဘီလီယံ ရှိခဲ့ကြောင်း သိရှိရပါသည်။
Source: Khmer Times
DOCA(ရန်ကုန်)
