၂၀၂၆ ခုနှစ်၊ ပထမ (၈) လအတွင်း ကမ္ဘောဒီးယား လေကြောင်းခရီးသည် ၁၀ ရာခိုင်နှုန်းကျဆင်း

Powered by Drupal

           ကမ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံတကာလေကြောင်းခရီးသည် အရေအတွက်သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီမှ ဩဂုတ်လအထိ ၈ လအတွင်း ၄.၁၆ သန်းရှိခဲ့ပြီး ယမန်နှစ် အလားတူကာလထက် ၁၀ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း အရပ်ဘက်လေကြောင်း အထွေထွေအတွင်းဝန်ရုံး (SSCA) ၏ ထုတ်ပြန်ချက်များအရ သိရသည်။ အဆိုပါကာလအတွင်း ကမ္ဘောဒီးယား၏ နိုင်ငံတကာလေဆိပ်များသို့ ပြေးဆွဲသည့် လေယာဉ်ခရီးစဉ် ၄၂,၁၈၉ ကြိမ်ရှိခဲ့ပြီး ယခင်နှစ်ထက် ၁ ရာခိုင်နှုန်းသာ လျော့ကျခဲ့သည်။ သို့သော် လေကြောင်းကုန်စည်ပို့ဆောင်မှုမှာ ၁၇ ရာခိုင်နှုန်း မြင့်တက်ကာ တန်ချိန် ၆၆,၅၅၉ တန်အထိရှိခဲ့သည်။ ကမ္ဘောဒီးယားတွင် မြို့တော်ဖနွမ်းပင်ရှိ Techo အပြည်ပြည် ဆိုင်ရာလေဆိပ်၊ Siem Reap Angkor အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် Sihanouk အပြည်ပြည်ဆိုင်ရာလေဆိပ်တို့သည် အဓိကလေကြောင်းအချက်အချာများအဖြစ် လည်ပတ်နေသည်။ လက်ရှိတွင် ကမ္ဘောဒီးယားသို့ အာဆီယံနိုင်ငံများ၊ အရှေ့အာရှ၊ တောင်အာရှနှင့် အရှေ့အလယ်ပိုင်း ဒေသများမှ လေကြောင်းခရီးစဉ်များကို နိုင်ငံတကာလေကြောင်းလိုင်း ၂၉ ခုနှင့် ပြည်တွင်းလေကြောင်းလိုင်း ၄ ခုအပါအဝင် လေကြောင်းလိုင်း ၃၃ ခုက ပြေးဆွဲပေးနေကြောင်း SSCA အတွင်းဝန်နှင့် ပြောရေးဆိုခွင့်ရှိသူ Sinn Chanserey Vutha က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: Khmer Times                                                           

DOCA(ရန်ကုန်)