တောင်ကိုရီးယားကုမ္ပဏီများကို ကမ္ဘောဒီးယား၏ စိုက်ပျိုးရေးရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ မိတ်ဆက်

Powered by Drupal

           ကမ္ဘောဒီးယားနိုင်ငံသည် တောင်ကိုရီးယားကုမ္ပဏီများအတွက် စိုက်ပျိုးရေး၊ လယ်ယာထွက် ကုန်ပြုပြင်ထုတ်လုပ်ရေးနှင့် ဆည်မြောင်းကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများကို မိတ်ဆက်ခဲ့ကြောင်း သိရသည်။ အဆိုပါအကြောင်းအရာကို အထက်လွှတ်တော် ယာယီအထက် လွှတ်တော်ဥက္ကဋ္ဌ Ouch Borith က တောင်ကိုရီးယား သံအမတ် Kim Chang Yong နှင့် စက်တင်ဘာ ၁၆ ရက်တွင် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံမှုတွင် ကမ္ဘောဒီးယား၏ စိုက်ပျိုးရေး၊ လယ်ယာထွက်ကုန်ပြုပြင် ထုတ်လုပ်ရေးနှင့် ဆည်မြောင်းကဏ္ဍများ၌ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်နိုင်ရေးဆွေးနွေးခဲ့ကြသည်။ တောင်ကိုရီးယား သံအမတ်က မကြာသေးမီက ကမ္ဘောဒီးယားသို့ လာရောက်လေ့လာခဲ့သည့် ကိုရီးယားကုမ္ပဏီများအနက် အချို့မှာ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများကို လက်တွေ့အကောင် အထည်ဖော်ရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုစီမံကိန်းများအနက် Kampong Thom ပြည်နယ်တွင် သီဟိုဠ်စေ့ ပြုပြင်ထုတ်လုပ်သည့်စက်ရုံ တည်ဆောက်မည့် စီမံကိန်းပါဝင်ပြီး ၂၀၂၇ ခုနှစ်တွင် ထုတ်ကုန်များ စတင်တင်ပို့ရန် မျှော်မှန်းထားကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် တောင်ကိုရီးယား အစိုးရ၏ ပံ့ပိုးမှုဖြင့် ကမ္ဘောဒီးယားမြောက်ပိုင်းတွင် ဆောင်ရွက်နေသည့် ဆည်မြောင်းဖွံ့ ဖြိုးရေးစီမံကိန်းကို အနောက်ပိုင်းပြည်နယ်များသို့ တိုးချဲ့ရန်လည်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

Source: Khmer Times                                                           

DOCA(ရန်ကုန်)