
ခရိုအေးရှားနိုင်ငံ၏ အကြီးဆုံး နှစ်ပတ်လည် စာအုပ်ပြပွဲကို Zagreb ၌ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်း ၁၅ နိုင်ငံမှ ပြခန်းပေါင်း ၃၆၀ ကျော်ကို ပြသခဲ့သည်။ ၄၇ ကြိမ်မြောက် International Book Fair သို့မဟုတ် Interliber 2025 သည် ခရိုအေးရှားနိုင်ငံမှ စာအုပ်များ၊ စာရေးဆရာများ၊ စာဖတ်ခြင်း၊ သိပ္ပံနှင့် ဗဟုသုတများကို မြှင့်တင် ပေးမည်ဖြစ်ကြောင်း ခရိုအေးရှားဝန်ကြီးချုပ် Andrej Plenkovic က ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။ အခမ်းအနားတွင် တက်ရောက်ခဲ့သည့် Zagreb ၏ မြို့တော်ဝန် Tomislav Tomasevic က Interliber သည် ခရိုအေးရှားပြည်သူများ၏ စာအုပ်များကို ချစ်မြတ်နိုးမှုကို ပြသခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ နိုင်ငံ၏အရေးအကြီးဆုံး အမျိုးသားစာပေပွဲတော်အဖြစ် သတ်မှတ်ခံရသည့် Interliber သည် နိုဝင်ဘာ ၁၆ ရက်အထိ ကျင်းပမည်ဖြစ်ပြီး စာရေးဆရာများ၊ ထုတ်ဝေသူများနှင့် စာဖတ်ပရိသတ် မျိုးဆက်သစ်များအားလုံးကို စုစည်းစေမည်ဖြစ်သည်။ ပွဲစီစဉ် သူ Dina Grozdanovic Postolka က ၎င်းသည် စာအုပ်ပြပွဲတစ်ခုထက်ပိုကြောင်း အလေးပေး ပြောကြားခဲ့သည်။ ၎င်းတို့သည် စာအုပ်အရောင်းမြှင့်တင်ခြင်းနှင့် ဟောပြောပွဲများ၊ ထုတ်ဝေခြင်း လုပ်ငန်းအတွက် ပရော်ဖက်ရှင်နယ်ပရိုဂရမ်များ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် မျိုးဆက်အားလုံးအတွက် အပြန်အလှန်တုံ့ပြန်မှုဆိုင်ရာ ဉာဏ်စမ်းပဟေဠိများအထိ နေ့စဉ် အဆင့်လေးဆင့်ဖြင့် ကျယ်ပြန့်သော ပရိုဂရမ်များကို ပေးဆောင်လျက်ရှိကြောင်း ၎င်းက ဆင်ဟွာသို့ ပြောကြားခဲ့သည်။ Interliber ကို ခရိုအေးရှား ယဉ်ကျေးမှုနှင့် မီဒီယာဝန်ကြီးဌာနနှင့် Zagreb မြို့တော်တို့မှ ပူးပေါင်းစီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
Source : Xinhua
DOCA(ရန်ကုန်)
