
ဗီယက်နမ်နှင့် အီတလီမှထိပ်တန်းစီးပွားရေးလုပ်ငန်းများသည် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တော်တွင်ကျင်းပသည့် စီးပွားရေးချင်းချိတ်ဆက်မည့် B2B အစည်းအဝေးကို တက်ရောက်ခဲ့ကြောင်း သိရပါသည်။ ၉ ကြိမ်မြောက် အာဆီယံ-အီတလီစီးပွားရေးဆက်ဆံမှုအဆင့်မြင့်အစည်းအဝေး၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် ထိုအစည်းအဝေးသည် နှစ်နိုင်ငံစလုံးမှလုပ်ငန်းများအား ဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုများရှာဖွေရန်နှင့် အရည်အသွေးမြင့်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများအတွက် အခြေခံအုတ်မြစ်တစ်ခုဖြစ်ပေါ်လာစေရန် အခွင့်အလမ်းတစ်ခုဖြစ်ခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်နိုင်ငံရှိ အီတလီကုန်သွယ်ရေးအေဂျင်စီ၏ ညွှန်ကြားရေးမှူး Fabio De Cillis ၏ အဆိုအရ ဗီယက်နမ်သည် ကြီးမားသောကြီးထွားမှုအလားအလာနှင့်အတူ အားကောင်းသော ဈေးကွက်အဖြစ်ပေါ်ထွန်းလာပြီး အီတလီလုပ်ငန်းများ၏ နိုင်ငံတကာမဟာဗျူဟာတွင် ဦးစားပေးတည်နေရာဖြစ်လာကြောင်း သိရပါသည်။ Cillis က ဗီယက်နမ်-အီတလီစီးပွားရေးပူးပေါင်း ဆောင်ရွက်မှုသည် လျှင်မြန်စွာတိုးချဲ့ခဲ့ပြီဖြစ်ပြီး အထူးသဖြင့် စက်ပစ္စည်းနှင့် စက်အစိတ်အပိုင်း တို့တွင်ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါသည်။ အီတလီသည် စက်ပစ္စည်းအပြည့်အစုံ တင်ပို့ရုံသာမက စက်အစိတ်အပိုင်းများရောင်းချခြင်းတွင် ဗီယက်နမ်နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။ အစားအစာနှင့် ဖက်ရှင်အစရှိသည့် အစဉ်အလာအားကောင်းသည့်ကဏ္ဍများအပြင် အီတလီသည် ဆေးဝါးနည်းပညာ၊ လေကြောင်းနှင့် AI ကဲ့သို့သောနည်းပညာမြင့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းနေကြောင်း သိရပါသည်။ B2B ဆွေးနွေးမှုများသည် ကုန်ထုတ်လုပ်ခြင်း၊ စက်ပစ္စည်း၊ အစားအစာနည်းပညာ၊ ဆေးဝါးများ၊ အီလတ်ထရောနစ်များ၊ ထောက်ပံ့ပို့ဆောင်ရေးများနှင့် ဆန်းသစ်တီထွင်မှုတို့ပါဝင်သည့် ဧရိယာများကို အဓိကရည်ရွယ်ကြောင်း သိရပါသည်။ Omnia Technologies Beverage Singapore Pte Ltd ၏ မန်နေးဂျင်း ဒါရိုက်တာ Stefano Romanelli က ဗီယက်နမ်ရှိ အဖျော်ယမကာနှင့် အစားအစာ ပြုပြင်ထုတ်လုပ်ခြင်းသည် လတ်တလောတွင် အီတလီနည်းပညာကို အသုံးပြုလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ကုမ္ပဏီသည် အစားအစာပြုပြင်ထုတ်လုပ်ခြင်းမှသည် ဆေးဝါးပြုပြင် ထုတ်လုပ်သည့် လုပ်ငန်းနယ်ပယ်သို့ ၎င်းတို့၏လုပ်ငန်းလည်ပတ်မှုများကို တိုးချဲ့ရန် ရည်ရွယ်ထားကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် အာဆီယံ-အီတလီကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံ နီးပါးဖြင့် ၂၀၂၃ ခုနှစ်ကထက် ၃၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်-အီတလီအပြန်အလှန်ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇ ဘီလီယံနီးပါးဖြင့် ၂၀၂၃ ခုနှစ်ကထက် ၁၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။
Vietnam Plus
DOCA (ရန်ကုန်)
