အင်ဒိုနီးရှား စိုက်ပျိုးရေးဝန်ကြီးဌာနသည် ကြက်သွန်နီ တန်ချိန် ၅,၇၅၀ ကို ၂၀၂၃ ခုနှစ်တွင် သိုလှောင်နိုင်ခဲ့ပြီး အခြေခံစားသောက်ကုန် ပြတ်လပ်မှုဖြစ်ပေါ်နေသော နိုင်ငံ၏ဒေသများသို့ ဖြန့်ဖြူးပေးရန် အဆင်သင့်ဖြစ်လျက်ရှိနေပြီဖြစ်ကြောင်း ဝန်ကြီးဌာန၏ ဥယျာဉ်ခြံ စိုက်ပျိုးခြင်းဆိုင်ရာညွှန်ကြားရေးမှူးချုပ် Prihasto Setyanto က ဂျာကာတာမြို့တွင် သောကြာနေ့က ထုတ်ဖော်ပြောကြားခဲ့သည်။
ဝန်ကြီးဌာနအနေဖြင့် လက်ရှိပူပြင်းနေသောရာသီဥတုနှင့် မိုးခေါင်ရေရှားမှုဒဏ်တို့၏ သက် ရောက်မှုဒဏ်ခံနေရသော ဒေသများကို ကူညီရန် အရန်ကြက်သွန်နီများကို ပြင်ဆင်ထားပြီးဖြစ်ကြောင်း၊ လာမည့် ၂၀၂၄ ခုနှစ်အတွက် ကြက်သွန်နီ တန်ချိန် ၈,၇၅၀ ရရှိရန် ကြိုးပမ်းနေကြောင်း၊ ထို့အပြင် စားသောက်ကုန်သိုလှောင်မှုပြတ်လပ်ခြင်းကို ဖြေရှင်းရာတွင် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်နိုင်ရန် နိုင်ငံတစ်ဝှမ်းမှ အဓိကစားနပ်ရိက္ခာ ထုတ်လုပ်သူများနှင့် ပူးပေါင်းလုပ်ဆောင်သည့် ကြိုးပမ်းမှုများအပါအဝင် အစီအမံများစွာကို ချမှတ်ထားပြီဖြစ်ကြောင်း၊ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် နိုင်ငံ၏ စီးပွားရေးကို ရေရှည်တည်ငြိမ်မှုရှိအောင် အကူအညီဖြစ်စေဖို့ မျှော်လင့်ကြောင်းဖြင့် ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ဝန်ကြီးဌာနအနေဖြင့်လည်း စိုက်ပျိုးရေးကဏ္ဍကို ခြိမ်းခြောက်လာနိုင်သည့် အယ်လ်နီညို၏ပူပြင်းမှုဖြစ်စဉ်ကို ကိုင်တွယ်ဖြေရှင်းနိုင်ရာတွင် အကူအညီဖြစ်စေမည့် အမျိုးသားရေးလှုပ်ရှားမှုများကို ရင်းနှီးမြှုပ်နှံမှုပမာဏအများဆုံးဖြင့် အကောင်အထည် ဖော်ရန် လက်ရှိကာလတွင် ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါလှုပ်ရှားမှုအနေဖြင့် နိုင်ငံ၏ အခြေခံအစားအစာများဖြစ်သည့် အထူးသဖြင့် ဆန်ကဲ့သို့ အရန်စားနပ်ရိက္ခာများကို သိုလှောင်နိုင်ရေးအပေါ် အဓိက ဆောင်ရွက်သွားမည် ဖြစ်ကြောင်းဖြင့် ၎င်းက အတည်ပြုပြောကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံသည် ယခု ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ သို့မဟုတ် နိုဝင်ဘာလအထိ ခြောက်သွေ့ရာသီကို ပိုမိုကြာရှည်စွာ ကြုံတွေ့နိုင်ကြောင်း ခန့်မှန်းထားသဖြင့် အယ်လ်နီညိုအပေါ် တုံ့ပြန်ခြင်းဆိုင်ရာ အမျိုးသားရေးလှုပ်ရှားမှုသည် နိုင်ငံ၏ စားနပ်ရိက္ခာသိုလှောင်မှုကို တည်ငြိမ်နေစေရန် ကူညီပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ရှင်းပြသည်။
Source: Antara News, 25 Aug 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)