Pitaya Fruit အမည်ရှိပြီး Dragon Fruit ဟုအများစုကခေါ်ကြသည်။ မြန်မာအမည်-နဂါးမောက်သီး၊ အင်္ဂလိပ်အမည်- Dragon Fruit၊ နဂါးမောက်သီး၏မူရင်းဒေသမှာ အမေရိကန်တောင်ပိုင်းနှင့် အလယ်ပိုင်းဖြစ်သည်။ နဂါးမောက်သီးပင်များသည် ကမ္ဘာ တစ်ဝန်းရှိ အပူပိုင်းဒေသ ရာသီဥတုရှိရာ နေရာအနှံ့အပြားတွင် စိုက်ပျိုးဖြစ်ထွန်းပြီး ရေငတ်ခံနိုင်သော ရှားစောင်းနွယ်ဝင်အပင်တစ်မျိုးဖြစ်သည်။ အရှေ့တောင်အာရှ၊ မက္ကဆီကို၊ မလေးရှား၊ ဗီယက်နမ် နှင့်အစ္စရေးနိုင်ငံတို့တွင် စီးပွားဖြစ်စိုက်ပျိုးသည်။ မူရင်းဒေသမျိုးစု (Hylocerus) အောက်တွင် မျိုးစိပ်ပေါင်း (၂၆) ခုရှိရာ မျိုးစိပ်အလိုက် မူရင်းဒေသကွဲပြားပါသည်။ စီးပွားဖြစ်စိုက်ပျိုးလျက်ရှိသောမျိုးများ၏ မူရင်းဒေသမှာ မက္ကဆီကိုနိုင်ငံအလယ်ပိုင်းဒေသဖြစ်သည်။
မြန်မာနိုင်ငံတွင်စိုက်ပျိုးသော နဂါးမောက်သီးပင်များကို ၂၀၀၀ ပြည့်နှစ်တွင် ထိုင်းနိုင်ငံမှ ပျိုးပင်များ တင်သွင်းစိုက်ပျိုးခြင်းဖြစ်ပါသည်။ စိုက်ပျိုးရေးဦးစီးဌာန လက်အောက်ရှိ ဥယျာဉ်ခြံများဖြစ်သော ပုပ္ပားနှင့် ရန်ကုန်ဥယျာဉ်ခြံတို့တွင် စတင်စမ်းသပ် စိုက်ပျိုးဖြစ်ထွန်းနိုင်သော သီးနှံတစ်မျိုးဖြစ်သည်။ နဂါးမောက်သီးကို ယခင်က ပုပ္ပားတွင် သာတွေ့ရသည်။ ၂၀၁၄ ခုနှစ်တွင် တောင်ကြီး၊ မန္တလေး၊ မိတ္ထိလာ၊ ရန်ကုန်မြို့များတွင် စိုက်ပျိုးရောင်းချခဲ့ကြောင်းသိရပါသည်။ ယခုအခါတွင် မြန်မာပြည်အနှံ့ စိုက်ပျိုးလာ ကြောင်း တွေ့ရှိရသည်။
နဂါးမောက်သီးအမျိုးအစားဖြစ်သော (Dragon Fruit) မျိုးမှာ အတွင်းသား အနီရောင်မျိုး (red flesh variety) Hylocereus umdatus နှင့် အတွင်းသားအဖြူ (white flesh variety) Hylocereus တို့ကို အများဆုံးစိုက်ပျိုးသည်။
စိုက်ပျိုးနည်း
စိုက်ပျိုးသောနည်းစနစ်မှာ တီပုံသဏ္ဌာန်၊ တိုင်စနစ်၊ စင်စနစ်၊ တန်းစနစ်များဖြင့် အများဆုံးစိုက်ပျိုးကြသည်။ အမြင့် ၅ ပေ၊ အကျယ် ၄ လက်မရှိကွန်ကရစ်တိုင် (သို့မဟုတ်) သစ်သားတိုင်များကို ပင်ခြား ၆ ပေ၊ တန်းခြား ၉ ပေ အကွာ၊ တိုင်ခြေ ပတ်လည်တွင် ၂ ပေပတ်လည် ၂ ပေအနက် ကျင်းများတူးပြီး မြေဆွေးများ ထည့်ရပါမည်။ မြေတွင်းပိုးများ ကာကွယ်နိုင်သော ဆေးဇွန်းတစ်ဇွန်းစာထည့်ပြီး ၅ ရက်ခန့် မြေနှပ်ထားရ ပါမည်။ ထိုကျင်းများတွင် နဂါးမောက်ပင် ၁ ပေခွဲအရွယ်ရှိသော အပင်များကို ကွန်ကရစ် တိုင်တစ်တိုင်ပတ်လည်တွင် တွယ်ကပ်နိုင်ရန် နဂါးမောက်ပင်ကို ကြိုးဖြင့်ချည်ထားရပါ မည်။ ကျောက်တိုင်ထိပ်တွင် သစ်သားတန်းများ ထည့်ပေးရပါမည်။
ပူနွေးသောရာသီဥတုကို ကြိုက်နှစ်သက်သဖြင့် နေရောင်ခြည်ကောင်းစွာရရှိသော နေရာဒေသတွင်ကောင်းစွာ ဖြစ်ထွန်းသည်။ အနိမ့်ဆုံးအပူချိန်မှာ (-၂)ဒီဂရီစင်တီဂရိတ် အထိခံနိုင်ရည်ရှိသည်။ စိုက်ပျိုးရန် သင့်တော်သောမြေအမျိုးအစားမှာ ချဉ်ငံကိန်း ph မှာ (၆) ဖြစ်သည်။ ရေစီးစိမ့်မှု ကောင်းသောမြေမျိုးတွင် ကောင်းစွာဖြစ်ထွန်းသည်။ ရေကိုတစ်ပတ်တစ်ခါ ရွဲရွဲလောင်းပေးပါက လုံလောက်ပါသည်။ နွေရာသီတွင် ရေမှန်မှန် လောင်းပေးရပါမည်။
အပင်မှအတက်များထွက်လာသောအခါ မြေဩဇာအဖြစ် တစ်တိုင်လျှင်တီဆူပါ နို့ဆီဘူးနှစ်ဘူး၊ နွားချေး၊ ဝက်ချေးတစ်ပြည်၊ ပုလဲနို့ဆီဘူး တစ်ဘူးရောမွှေပြီး နှစ်လ တစ်ကြိမ်ကျွေးပေးရပါမည်။ အသီးသီးနေသော အချိန်တွင် တစ်ပတ်တစ်ကြိမ် ကျွေးပေး လျှင် အသီးပို၍ဖြစ်ထွန်းပါသည်။
ပေါင်းမြက် ကင်းရှင်းစေရန် တူရွင်း၊ ပေါက်ပြားတို့ဖြင့် ရှင်းလင်းပေးခြင်း၊ အပင်ခြေ ပတ်လည်တွင် ကောက်ရိုး၊ မြက်ခြောက်များဖြင့် ဖုံးအုပ်ပေးခြင်း၊ ပေါင်းသတ်ဆေးများ အသုံးပြု၍ နှိမ်နှင်းနိုင်ပါသည်။ နဂါးမောက်ပင်စိုက်ပျိုးပြီး ၁-၂ လ အကြာတွင် သဘာဝ မြေဩဇာများ၊ ဘိုကာရှီများကို ပင်စည်အားမထိစေဘဲ ဘေးပတ်ပတ်လည်မှ မြေဆွ၍ ကျွေးပေးနိုင်သည်။ မိမိခြံမှ ထွက်ရှိသော သစ်ရွက်ခြောက်များ၊ ကောက်ရိုးများကို အပင်ပတ်ပတ်လည်တွင် ဖုံးအုပ်ထားပေးခြင်းဖြင့် ရေလိုအပ်ချက်လျော့နည်းရုံမျှမက မြေကြီးအတွင်းမှ အဟာရဓါတ်များ အငွေ့ပျံပျောက်ဆုံးမှုမှသက်သာစေသည့်အပြင် မြေကြီးတွင်းရှိ အကျိုးပြုအဏုဇီဝများ၏ ကောင်းမွန်သောလုပ်ဆောင်ချက်ကြောင့် အပင်ကြီးထွားသန်မာပြီး ရောဂါဒဏ်ခံနိုင်ရည် မြင့်တက်လာမည်ဖြစ်ပါသည်။
နဂါးမောက်ပင်များ၏မျိုးကို တစ်ခါသာဝယ်ရပြီး ဆက်လက်စိုက်ပျိုးရန်အတွက် မျိုးကို မိမိအပင်မှ တစ်လက်မခွဲကိုင်းများဖြတ်၍ စိုက်ပျိုးနိုင်သောကြောင့် အလွယ်တကူ စိုက်ပျိုးနိုင်သော အပင်မျိုးဖြစ်သည်။ နဂါးမောက်စိုက်ပျိုးခြင်းဖြင့် ခြံစိုက်တောင်သူများ ဝင်ငွေကောင်းလျက်ရှိပြီး ခြံကြီးများတွင် နဂါးမောက်ပင်များကို ကွန်ကရစ်တိုင် ၃၀၀ မှ ၁၀၀၀ အထိ တစ်တိုင်လျှင် (၄ ပင်နှုန်း) စိုက်ပျိုးလျက်ရှိသည်။
အရွယ်အစားနှင့် သွင်ပြင်လက္ခဏာ
အပင်အမျိုးအစားမှာတွယ်တက်ပင်နှင့် မြေပေါ်တွားသွား၍ ပေါက်သော ရေငတ် ဒဏ်ခံနိုင်သော ရှားစောင်းမျိုးနွယ်ဝင်အပင်ဖြစ်ပါသည်။ ပင်စည်သုံးမြှောင့်ပုံရှိပြီး ပင်စည် အနားတွင်ဆူးငယ်များရှိသည်။ မျိုးအလိုက် ဆူးအတိုအရှည်နှင့် ဆူးအရေအတွက် ကွာခြားသည်။ ညပိုင်းအချိန်တွင် ပန်းပွင့်ပြီး နေထွက်လာလျှင် ပန်းပွင့်မှာ ပြန်ငုံသွား တတ်သည်။ ဧပြီလနှင့် ဇူလိုင်လအတွင်းတွင် ပန်းပွင့်လေ့ရှိသည်။ ပွင့်ဖတ်မှာ အစိမ်းရောင် သန်းသော အဝါရောင်ရှိပြီး ပွင့်ချပ်မှာ နို့နှစ်ရောင်ဖြစ်သည်။
အပင်တစ်နှစ်သားအရွယ် ရောက်သောအခါ အဖူးအပွင့်များထွက်ကာ သီးကင်းစ ပြုလာပါသည်။ တစ်နှစ်သား အရွယ်တွင် သီးကင်းနည်းပြီး တစ်ပတ်လျှင် ၁၀ လုံးခန့်သီးသည်။ နှစ်ကြာလာသည်နှင့် အမျှ အသီးပိုသီး၍ အသီးလည်းကြီးလာပါသည်။ ပန်းပွင့်ပြီး (၇)ပတ်မှ (၈) ပတ်အကြာတွင် အသီးပေါ်ရှိအဖတ်များ အစိမ်းရောင်ပျောက်ပြီး အနီရောင်ပြောင်းလာလျှင် အသီးဆွတ်ခူးနိုင်ပြီဖြစ်ပါသည်။ အသီးအရောင်မှာ အနီရောင်၊ အဝါရောင်၊ အဖြူရောင် စသည့်ဖြင့် မျိုးအလိုက်ကွဲပြားပါသည်။ အသီးလုံးပတ်လည်တွင် နဂါး အမောက်ကဲ့သော ကော့ပြန်နေသော အဖတ်များပါရှိသည်။ မြန်မာနိုင်ငံတွင် အသီး အတွင်းသား အဖြူရောင်နှင့်အနီရောင် နှစ်မျိုးကို စီးပွားဖြစ်စိုက်ပျိုးကြသည်။ အစေ့မှာ အမဲရောင်ဖြစ်သည်။
မျိုးအလိုက် ပန်းပွင့်ခြင်း၊ အသီးသီးခြင်းနှင့် အသီးအရည်အသွေး ကွာခြားနိုင်ပါ သည်။ အသီးများဆက်တိုက်သီးချိန်တွင် အသီးကောင်းမွန်စေရန်အတွက် အပင်မှ ဖြာထွက်သော အကိုင်းအခက်များကို ဖယ်ရှားပေးရပါမည်။
သတိထားရမည့်ပိုးမွှားအန္တရာယ်
နဂါးမောက်သီး၏ အဓိကဖျက်ပိုးမှာ ပုရွက်ဆိတ်နီဖြစ်သောကြောင့် မည့်သည့် စနစ်ဖြင့် စိုက်ပျိုးသည်ဖြစ်စေ စတင်စိုက်ပျိုးချိန်တွင် ပုရွက်ဆိတ်နီ၏ အန္တရာယ်ကို အထူးသတိထားရမည်ဖြစ်ပါသည်။ အပင်၏အဖျားပိုင်း ထွက်လာသော အဖူးနု များနှင့် အသီးညှာတို့ကို ပုရွက်ဆိတ်နီကလေးများ အုပ်စုဖွဲ့စားသောက်ဖျက်ဆီးတတ်ကြသည်။ ပင်စည်အောက်ခြေကို ဖျက်ဆီးသော ပုရွက်ဆိတ်နီများကို မြေအောင်းပိုးသတ်ဆေး တစ်မျိုးမျိုးအသုံးပြု၍ နှိမ်နှင်းနိုင်ပြီး ပင်စည်အပေါ်ပိုင်းဖျက်ဆီးသော ပုရွက်ဆိတ်နီ များကို သဘာဝပိုးသတ်ဆေးများ သို့မဟုတ် ဆီဗင် (Sevin) ပိုးသတ်ဆေးဖြင့် နှိမ်နှင်း နိုင်သည်။
ရောဂါအနေဖြင့် ဗက်တီးရီးယား ပျော့ပုတ်ရောဂါ (Enterobacterciaace) ကျရောက်တတ်၍ ကိုဘိုဒ်၊ ကျုပရိုမက် စသည့် ဆေးများဖြင့် ပက်ဖြန်းကာကွယ်နိုင်သည်။ မှိုပြောက်စွန်းရောဂါကို အင်ဗန်တိုဟက် ဖက်ဂွန်းမန်ကိုရှက်၊ ဒိုင်သိမ်း စသည့် မှိုသတ် ဆေးများ အလှည့်ကျ ပက်ဖြန်း၍ ကာကွယ်နိုင်သည်။
ဈေးကွက်
စိုက်ပျိုးထွက်ရှိသောနဂါးမောက်သီးများကို တစ်ကီလိုလျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချပြီး ဆိုဒ်မမီသော နဂါးမောက်သီးများကို တစ်လုံးလျှင် ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ်အထိ ရောင်းရကြောင်းသိရသည်။ နဂါးမောက်သီးတွင် အဖြူ၊ အနီ၊ အဝါ သုံးမျိုးရှိရာ စားသုံးသူများမှာ အနီသီးကို ပိုမိုနှစ်သက်ကြသည်။
ကျန်းမာရေးအကျိုးကျေးဇူးများ
နဂါးမောက်သီးသည် အလေးထားစားသုံးသင့်သည့် အသီးတစ်မျိုးဖြစ်သည်။ နဂါးမောက်သီးတွင် ဗီတာမင်စီနှင့် အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်သည့်အပြင် လိုင်ကိုပိန်း ဓါတ်များစွာပါဝင်သောကြောင့် အရွယ်တင်နုပျိုစေပြီး အသီးတွင် Antioxidant အများဆုံး ပါဝင်သဖြင့် ကင်ဆာရာဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ဆီးလွန်ရောဂါ များ၊ လေသင်တုန်းနှင့် လေဖြတ်ခြင်းရောဂါများပျောက်ကင်းစေသည်။ အဆိပ်အတောက် ဖြစ်စေတတ်သော Heavy mental များကို ခြေဖျက်ပေးသဖြင့် ကိုလက်စထရောကို လျော့ကျစေသည့်အပြင် ချောင်းဆိုး၊ ရင်ကျပ်ရောဂါကိုလည်း သက်သာပျောက်ကင်း စေပါသည်။
ထို့အပြင် အစာအိမ်အတွင်းရှိ အဆိပ်အတောက်များကို ချေဖျက်နိုင်စွမ်း ရှိခြင်း၊ အဆီဓါတ်များကို လျော့ကျနိုင်စွမ်းရှိခြင်း၊ မှတ်ဉာဏ်ကောင်းခြင်း၊ မျက်လုံးအားကောင်း ခြင်း၊ သွားနှင့် အရိုးများခိုင်မာစေခြင်း တို့ကြောင့် လူတိုင်းစားသုံးသင့်သော အသီးဖြစ်ပါ သည်။ အထူးသဖြင့် နလန်ထလူမမာများအတွက် အထူးသင့်လျော်သည်။ နဂါးမောက်သီး တွင်အစွမ်းအာနီသင် ထက်မြက်စေသည့် Antioxidant ဓါတ်ပြည့်ဝစွာပါဝင်သည့်အတွက် စိတ်ဖိစီးမှုနှင့် ဆက်နွယ်နေသောရောဂါများကို ပျောက်ကင်းစေနိုင်သဖြင့် အမေရိကတိုက် အလယ်ပိုင်းဒေသများတွင် နဂါးမောက်သီးမှာ ဆေးစွမ်းထက်သည့် အသီးအဖြစ် နာမည် ကြီးလှပါသည်။
နဂါးမောက်သီးကို အဓိက စားသုံးသင့်သည့် သူများမှာ ကျန်းမာပြီး အသားအရေ လှပနုပျိုလိုသူများ၊ နာတာရှည်ရောဂါခံစားနေရသူများ၊ လေးဘက်နာ၊ နှလုံးရောဂါခံစား နေရသူများ၊ ဆီးချို၊ သွေးချို၊ သွေးတိုးရောဂါခံစားနေရသူ၊ အစာအိမ်ရောဂါ၊ ကျောက်ကပ် ရောဂါခံစားနေရသောသူများ၊ ဆီးကျောက်တည်သူ၊ ဆီးချုပ်၊ ဝမ်းချုပ်တတ်သောသူများ၊ ဦးနှောက်မဖွံ့ဖြိုးသည့် ရောဂါရှိသူ၊ လေကောင်း လေသန့် မရရှိသော ပတ်ဝန်းကျင်တွင် အလုပ်လုပ်ကိုင်နေရသူများ၊ စိတ်ဖိစီးမှုများသောသူများ၊ ကိုယ်အလေးချိန်လျော့ချချင် သူများ၊ အားအင်ကုန်ခမ်းစိတ်ဓါတ်ကျနေသူများအတွက် စားသုံးရန်အထူးသင့်လျော် ပါသည်။ ယခုအခါ ဈေးကွက်အတွင်းတွင် လူကြိုက်များသည့် နဂါးမောက်သီးပင်ကို မြန်မာပြည်အရပ်ရပ်တွင် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။
DOCA(မွန်)