အထင်ကရ အညာဒေသထွက်ကုန်များနှင့် ပခုက္ကူ(ဧရာအနောက်) မြို့တော်

Powered by Drupal
Mon, 09/04/2023 - 15:41 -- consumer_admin

     ပခုက္ကုမြို့သည် မြန်မာနိုင်ငံအလယ်ပိုင်း၊ မကွေးတိုင်းဒေသကြီးအတွင်း တည်ရှိပြီး စီးပွားရေး အချက်အချာကျသော မြို့ဖြစ်ပါသည်။ ပခုက္ကူမြို့သည် ဧရာဝတီမြစ်အနောက်ဘက်ကမ်းတွင် တည်ရှိပြီး ဧရာအနောက်မြို့တော်ဟု ထင်ရှားသော မြို့တစ်မြို့ဖြစ်ပါသည်။ တန်ခိုးကြီးဘုရားများ ဖြစ်သော သီဟိုဠ်ရှင်ဘုရား၊ ရွှေကူမြတ်စွာဘုရားနှင့် တံကဲတော်၊ ဖောင်တော်ဦး မြတ်စွာဘုရား၊ ရွှေမုဌောစေတီတော်၊ ရွှေတန်းတစ်သရက္ခံဘုရားများ စသည့် နာမည်ကြီး ထင်ရှားကျော်ကြားလှသော ဘုရားများလည်းရှိသည့်အပြင် မြန်မာနိုင်ငံ၌ အရှည်ဆုံးတံတားဖြစ်သည့် ဧရာဝတီတံတား (ပခုက္ကူ)       တည်ရှိရာမြို့လည်း ဖြစ်ပါသည်။

          ပခုက္ကူမြို့၏ ဒေသသမိုင်းအကျဉ်းကို ဖွင့်လှစ်တင်ပြရလျှင် ပခုက္ကူမြို့ မဟာဝိဇယာရာမ (အလယ်တိုက်)၊ အရှင်ကေလာသ (ဝိဇ္ဇာဂုဏ်ထူး)ရေးသားတော်မူသည့် ပခုက္ကူသာသနာဝင် ကျမ်း အရ အလောင်းစည်သူမင်းသည် ဧရာဝတီမြစ်အတွင်းဖောင်တော်ဖြင့် လှည့်လည်ရာ ကိုယ်ဝန်ရှိသော မောင်းမငယ်လိုက်ပါလာ ၍ မောင်းမငယ်သည် တံငါရွာသို့ရောက်စဉ် တံငါသည်မြင်၍ အိန္ဒြေမဲ့စွာ ရယ်လိုက်သဖြင့် မင်းကြီးက အမျက်ထွက်ပြီး အပြစ်ဒဏ်ပေးရာ လက်လွန်သေဆုံးသွားခဲ့သည်။ ထို့ကြောင့် သူမ၏ အလောင်းကို ခွဲ၍ ဗိုက်ထဲမှ သားသူငယ်ကို ထုတ်ယူပြီး ရှေးမင်းတို့ ထုံးစံအတိုင်း ဈာပနပွဲကျင်းပြီး သားသူငယ်ကို ဂူသီးခြားနှင့် စေတီငယ်တစ်ဆူကို တည်ထားခဲ့သည်။ သားသူငယ် ကိုထုတ်၍ ဂူတည်ခဲ့သည့် တံငါရွာ ကို “သားထုတ်ဂူ”ဟု အမည်ခေါ်တွင်စေခဲ့သည်။ ထိုနာမည်ကို အစွဲပြု“သားထုတ်ဂူ” ဟုခေါ်တွင်ရာမှ အချိန်ကြာမြင့်လာသောအခါ “ပခုက္ကူ”ဟူ၍ အမည်တွင် လာခဲ့သည်။

          ပခုက္ကူမြို့၏ အရှေ့ဘက်တွင် ဧရာဝတီမြစ်နှင့် တောင်သာမြို့နယ်၊ တောင်ဘက်တွင် ဧရာ ဝတီမြစ်နှင့် ညောင်ဦးမြို့နယ်၊ အရှေ့မြောက်ဘက်တွင် ရေစကြိုမြို့နယ်၊ အနောက်ဘက်တွင် ပေါက မြို့နယ်နှင့် ဆိပ်ဖြူမြို့နယ်တို့နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် မြိုင်မြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျက်ရှိသည်။ ပခုက္ကူမြို့သည် ဧရာဝတီမြစ် ဘေးတွင်တည်ရှိပြီး မြေပြန့်လွင်ပြင် များသာရှိ ပါသည်။

   ပခုက္ကူမြို့သည် ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းတွင် တည်ရှိသောကြောင့် စက်လှေ၊ သင်္ဘောများဖြင့် ခရီးသွားခြင်း၊ ကုန်စည်စီးဆင်းမှု လွယ်ကူသော မြို့လည်းဖြစ်ပါသည်။ ပခုက္ကူ ဆိပ်ကမ်းသည် မြန်မာနိုင်ငံ၏ တတိယမြောက်အရေးပါသော ကုန်းတွင်းဆိပ်ကမ်းဖြစ်ပြီး အထက် မြန်မာနိုင်ငံ၏ အကြီးဆုံး ဆန်တင်ပို့ရောင်းချရာ ဆိပ်ကမ်းလည်းဖြစ်သည်။ ပခုက္ကူ သင်္ဘောဆိပ် သည် ဧရာဝတီ(ပခုက္ကူ)တံတားအနီးတွင် တည်ရှိသည်။

          အထင်ကရ အညာဒေသထွက်ကုန်ပစ္စည်းများလည်း ပေါကြွယ်လှသည့် မြို့လည်းဖြစ်သည်။ အညာထွက်ကုန်ပစ္စည်းများဖြစ်သော  ပခုက္ကူအညာစောင်၊ ယောထည်၊ ချည်ထည်၊  ရှင်မတောင် သနပ်ခါး၊ ဧရာဝဏ်ဆင်ဖိနပ်တို့မှာ နိုင်ငံတစ်ဝှမ်းကျော်ကြားပြီး  အစားအသောက်များအနေဖြင့် မြန်မာ့ရိုးရာ နှမ်းဖတ်ချဉ်၊ ဇီးဖျော်ရည်၊ မန်ကျည်းဖျော်ရည်၊ အုန်းမန်ကူ၊ လက်ဖက်၊ပဲကြော် စသည့် အညာထွက်ကုန်များ ထွက်ရှိရာဒေသလည်းဖြစ်ပါသည်။

       ပခုက္ကူမြို့သည် ယက္ကန်းလုပ်ငန်းများထွန်းကားလျက်ရှိပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည် နှင့်အမျှ စက်ယက္ကန်းများလည်း ပေါ်ပေါက်လာခဲ့သည်။ ယက်လုပ်သော အထည်များမှာ ချည်(ဝါဒ) စောင်၊ လက်သုပ်ပုဝါ၊ မျက်နှာသုတ်ပုဝါ၊ ချည်တပတ်၊ ချည်ပုဆိုး၊ ချည်လုံချည်များလည်း ယက်လုပ်ကြပြီး  ချည်(ဝါဒ) စောင်မှာ အညာဒေသတွင်သာမက မြန်မာပြည်အနှံ့ အလွန်နာမည် ကြီးသော စောင်ဖြစ်သည်။ ဝါဒစောင်သည် နွေ၊ မိုး၊ ဆောင်း ရာသီမရွေး အသုံးပြု၍ရသောကြောင့် လူအများ နှစ်သက်ကြသည်။ ပခုက္ကူချည်စောင်မှာ မပူလွန်း၊ မအေးလွန်းသော ချည်သားဖြင့် ယက်လုပ်ထားပြီး နွေ၊ မိုး၊ ဆောင်း ရာသီသုံးမျိုးလုံး အသုံးဝင်သောကြောင့် မြန်မာနိုင်ငံအနှံ့ ထင်ရှားကျော်ကြား လျက်ရှိပါသည်။ ချည်‌(ဝါဒ)စောင်သည် အလျား(၆ပေ ၁၀ လက်မ)၊ အနံ(၄ ပေ ၆ လက်မ) ရှိသော ကြောင့် လူတစ်ယောက်ကို လုံလုံလောက် လောက်ခြုံလို့ရပါသည်။ ကောင်းမွန် ခိုင်ခန့်သောကြောင့် စုတ်ပြဲသည်ထိ မပြစ်ရက်ဘဲ စွဲစွဲလန်းလန်းသုံးစွဲကြပါသည်။ ဈေးနှုန်းအနေဖြင့် ချည်(ဝါဒ)စောင်မှာ ကျပ်(၂၀၀၀၀ မှ ၂၂၀၀၀)ထိရှိပြီး ယက္ကန်း တစ်စင်လျှင် အထည်ရေမှာ(၅၀၊ ၆၀)ရည်မှန်း၍ မိမိတို့လို အပ်သလောက် လိပ်တုံးရှည်ပြီး ယက်လုပ်ကြကြောင်း သိရှိရသည်။ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ ညောင်ဦးနယ်များသို့ ဖြန့်ဖြူးရောင်းချကြပြီး အညာဒေသထွက်ကုန် လက်ဆောင်အဖြစ်လည်း ပေးကြသည်။

          ပခုက္ကူဒေသထွက်ကုန်တစ်ခုကို ပြောပါဆိုလျှင် မြန်မာ့ရှင်မတောင် သနပ်ခါး ထွက်ရှိရာ ဒေသဟု ပြောမှာမလွဲပင်ဖြစ်ပါသည်။ မြန်မာအမျိုး သမီးအများစုသည် သနပ်ခါးကို အမြတ်တနိုး လိမ်းကြသည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော်ကတည်းကပင် အလှခြယ်သကြသော ပစ္စည်းတစ်ခုအဖြစ်အသုံးပြုခဲ့ကြသည်။ ယခုခေတ်ပေါ် အနောက်တိုင်း အလှခြယ်ပစ္စည်းများ အသုံး များ၍ ခေတ်စားနေစေကာမူ သနပ်ခါးနှင့်ကင်းနိုင်သူ အမျိုးသမီးအရေအတွက် မှာ အလွန်နည်းပါး လှသည်။ သနပ်ခါးမှာ အလှအပအတွက်သာမက ဆေးဖတ်လည်းဝင်သည်။ သနပ်ခါးသည် ရင်ကို အေးစေပြီး ဝမ်းတွင်းအပူကို ငြိမ်းစေသည်။ အညာဒေသဘက်မှ မိဘများသည် ကလေးများ သနပ်ခါးလိမ်းသည့်အခါ ပါးစပ်ထဲသို့ ဝမ်းတွင်းအပူငြိမ်းစေရန် ထည့်ကျွေးလေ့ရှိသည်။ ပခုက္ကူဘက် တွင် သနပ်ခါးမှာ ရေစကြိုမြို့နယ်ရှိ ရှင်မတောင်မှထွက်ရှိသော ရှင်မတောင် သနပ်ခါး၊ မြိုင်မြို့နယ် ကန်နီဘက်မှ ထွက်ရှိသော မြိုင်သနပ်ခါး၊ ပေါက်မြို့ဘက်မှ ထွက်ရှိသော ပေါက်သနပ်ခါးဟူ၍ သနပ်ခါးများ ထွက်ရှိပြီး ပခုက္ကူမြို့မဈေးနှင့် သနပ်ခါးသီးသန့်ရောင်းချသော ဦးမေဃကျောင်းဝန်း အတွင်း၌ စည်ကားစွာ ရောင်းချလျက်ရှိသည်။ သနပ်ခါးတစ်တုံးလျှင် အရှည်၊ အတို၊ အတုတ်ကို လိုက်၍ (၂၅၀၀-၃၀၀၀-၄၅၀၀)ကျပ် အစားစားရှိပြီး  ရောင်းအားကောင်းသော အညာဒေသ ထွက်ကုန် တစ်ခုပင်ဖြစ်သည်။

          ပခုက္ကူမြို့တွင် ဖိနပ်ချုပ်လုပ်ငန်းများလည်း လုပ်ကိုင်လျက်ရှိရာ ဧရာဝဏ်ဆင်တံဆိပ် ဖိနပ်သည် “ခြေရာမထင်တဲ့ ဧရာဝဏ်ဆင်”ဟူ၍လည်း နာမည်ကြီးလှသည်။ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား အစရှိသည့် မြို့များမှလည်း  ပခုက္ကူအညာမှ ထွက်ရှိသော ဧရာဝဏ် ဆင်ဖိနပ်ကို လွန်စွာနှစ်သက်ကြသည်။ ပခုက္ကူသို့ အလည်လာပါက ဖိနပ်အတွက်ဆိုလျှင် ဧရာဝဏ်ဆင် ဖိနပ်ကို မမှာဘဲ မနေနိုင်ပါ။ သားရေမှာလွန်စွာကောင်းပြီး ခိုင်ခန့်သောကြောင့် လူကြိုက်များကြသည်။

ဧရာဝဏ်ဆင်ဖိနပ်မှာ “ကျား” စီးတစ်ရံလျှင် (၇၀၀၀) ကျပ်၊ “မ”စီး တစ်ရံလျှင် (၄၅၀၀) ကျပ်ရှိပြီး ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ ညောင်ဦးနှင့် ပခုက္ကူပတ်ဝန်းကျင်ရှိ မြို့နယ်များသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။

          ပခုက္ကူမြို့သည် ဒေသထွက်ကုန်များပေါများရာ အညာဒေသဖြစ်ရုံသာမက အစားအစာများ လည်း ထွက်ရှိရာဒေသဖြစ်သည်။ အစားအစာတစ်ခုဖြစ်သော နှမ်းဖတ်ချဉ်သည် မြန်မာ့ရိုးရာ အစားအစာတစ်ခုဖြစ်ပြီး အရံဟင်းသာဖြစ်သော်လည်း လူကြိုက်များလှသည်။ ပခုက္ကူဒေသထွက် နှမ်းဖတ် ချဉ်မှာ အညာဒေသ၏ နာမည်ကြီး အစားအစာတစ်ခုလည်းဖြစ်ပြီး နှမ်းဖတ်ချဉ်ကို ကြက်သွန်နီ ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ ရှောက်ရွက်၊ ကြက်သွန်မြိတ်ရှိပါက ကြက်သွန်မြိတ်များကို ပါးပါးလှီးညှပ်ထည့်ခြင်း၊ ဆားနှင့် ဟင်းခတ်မှုန့်အနည်းငယ်ထည့်ပြီး ဆီကျက်လေးဖြင့် သုပ်စားခြင်း ဖြင့် အလွန်စားကောင်းသော ဟင်းတစ်ခွက်ဖြစ်သည်။ ထို့ပြင် နှမ်းဖတ်ချဉ်ကို နှမ်းဖတ်ချဉ် ဝက်အူ ချက်၊ နှမ်းဖတ်ချဉ်မျှစ်ပုဇွန်ကြော်ချက်၊ နှမ်းဖတ်ချဉ်ကြော် စသည့်ဖြင့်လည်း အမျိုးမျိုးချက်၍ စားသောက်နိုင်သည်။ နှမ်းဖတ်ချဉ်သည် မြေပဲဆီကြိတ်ရာမှ ထွက်ရှိလာသော မြေပဲဖတ်ခွေဖြစ်ပြီး မြေပဲဖတ်ကို ရေနွေး၊ ဆားအနည်းငယ်၊ အနံ့အရသာနှင့် ပြည့်စုံသွားအောင် ကြက်သွန်ဖြူ အနည်း ငယ်ရောထည့်၍ အချဉ်ဖောက်ထားသော စားသောက်ကုန်တစ်ခုဖြစ်သည်။ မိသားစုတပိုင်တနိုင်များ ထုတ်လုပ်ကြသော်လည်း ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင်(၃၆၀၀)ကျပ်ရှိပြီး ရောင်း အားကောင်း၍ ပခုက္ကူအညာဒေသတွင်သာမက မြန်မာပြည်အနှံ့အပြားသို့လည်း ဖြန့်ဖြူးရောင်းချလျက်ရှိသည်။ ရန်ကုန်မြို့သူမြို့သားများသည် အညာဒေသမှထွက်ရှိသော နှမ်းဖတ်ချဉ်ကို ကြိုက်နှစ်သက် ကြသည်။ အညာသို့သွားလျှင် လက်ဆောင်အဖြစ် မပါမဖြစ် ဝယ်ခဲ့ကြရန်လည်း မှာလေ့ရှိကြသည်။ ပုဂံဘက်တွင်လည်း “နှမ်းဖတ်ချဉ်”နာမည်ဖြင့် ထမင်းဆိုင် ဖွင့်ထားပြီး နှမ်းဖတ်ချဉ်နှင့် ပတ်သက်သော ဟင်းလျာများ ဝယ်ယူစားသောက်နိုင်ကြောင်း သိရှိရပါသည်။

          ပခုက္ကူဒေသတွင် နှမ်းဖတ်ချဉ်သာမက သဘာဝ ဇီး/ မန်ကျည်း ဖျော်ရည်များလည်း ထွက်ရှိရာဒေသဖြစ်သည်။ အညာဒေသတွင် ဆီးသီးပင်၊ မန်ကျည်းပင်ကြီးများ ပေါများရာဒေသဖြစ်၍ ဆီးသီးများ၊ မန်ကျည်းသီးများလည်း အလွန်ပေါများသောကြောင့် ပခုက္ကူဒေသရှိ စီးပွားရေးလုပ်ငန်းရှင်များသည် သဘာဝဇီးဖျော်ရည်၊ မန်ကျည်းဖျော်ရည်များကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချကြသည်။ အညာမှထွက်ရှိသော သဘာဝဇီးဖျော်ရည်၊ မန်ကျည်းဖျော်ရည်များသည် ဓာတုဆေးဝါး ကင်းစင်ပြီး သဘာဝအတိုင်းပြုလုပ်ထားသောကြောင့် တောနှင့်မြို့ပါ  နှစ်သက်စွာ စားသုံးကြသည်။ သဘာဝဇီးဖျော်ရည်၊ မန်ကျည်းဖျော်ရည် ပုလင်း၊ ဘူးများကို ခေတ်မီသေသပ်စွာ  ထုပ်ပိုးထားပြီး တစ်ပုလင်းလျှင် (၄၀၀၀- ၄၅၀၀)ကျပ်၊ တစ်ဘူးလျှင် (၆၀၀၀)ကျပ် ဈေးရှိပြီး ဒေသတွင်းအပြင် မြန်မာနိုင်ငံအနှံ့သို့ ဖြန့်ဖြူးရောင်းချလျက်ရှိသည်။ ထို့ပြင် ဆီးသီးကိုလည်း ဆီးငံစေ့ထုပ်၊ ဆီးစပ် ပေါင်းထုပ်၊ ဆီးချိုသီးထုပ် စသည့်မှာ လူတိုင်းကြိုက်နှစ်သက်ကြသည့် အညာဒေသထွက်ကုန်ပင် ဖြစ်ပါသည်။

          ထို့ပြင် ပခုက္ကူမြို့သည် မိုးနည်းပါးသော အညာဒေသဖြစ်ပြီး ဒေသထွက်စိုက်ပျိုးရေးလုပ်ငန်းများလည်း စိုက်ပျိုးလုပ်ကိုင်ကြပါသည်။ အဓိကအားဖြင့် ဆေးရွက်ကြီး၊ ဝါ၊ မြေပဲ၊ နှမ်း၊ ပြောင်း၊ ပဲအမျိုးမျိုး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူများလည်း စိုက်ပျိုးထွက်ရှိရာဒေသလည်းဖြစ်ပါသည်။ ထို့ကြောင့် စီးပွားရေးအချက်အချာကျပြီး ဒေသထွက်ကုန်များလည်း အမြောက်အမြားထွက်ရှိသည့်အတွက် အလုပ်အကိုင်အခွင့်အလမ်းများ များစွာရရှိသောကြောင့် စီးပွားဖြစ်သော်လည်းကောင်း၊ မိမိတစ်ဝမ်းတစ်ခါးအတွက်သော်လည်းကောင်း လုပ်ကိုင်၍လည်းအဆင်ပြေလျက်ရှိပါကြောင်း “အထင်ကရ အညာဒေသ ထွက်ကုန်များနှင့် ပခုက္ကူ(ဧရာအနောက်)မြို့တော်” အား ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မကွေး)