ရာသီပေါ် ဒညင်းသီး သို့မဟုတ် အနံ့ပြင်းပြင်း အဆိပ်ပြင်းပြင်း

Powered by Drupal
Mon, 09/11/2023 - 13:38 -- consumer_admin

      အစာလည်းဆေး ဆေးလည်းအစာဟူသော မြန်မာဆိုရိုးစကားအတိုင်း သင့်လျော်သောအစားအစာသည် အာဟာရဖြစ်စေသော ဆေးတစ်မျိုးပင်ဖြစ်ပြီး သင့်လျော်သော ဆေးသည်လည်း အာဟာရ ဖြစ်စေသော အစားအစာ တစ်မျိုးပင်ဖြစ်ကြောင်းကို အစာသည်လည်းဆေး၊ ဆေးသည်လည်း အစာဟူ၍ ဆိုရိုးပြုခဲ့ကြသည်။ ထို့ကြောင့် နေ့စဉ်စားသောက်နေသော အစားအစာများတွင် ကျန်းမာရေးနှင့် ညီညွတ်သော အာဟာရဖြစ်စေမည့်အစားအစာများ ရွေးချယ်စားသုံးတက်ရန် လိုအပ်ပေသည်။ ယနေ့ မြန်မာလူမျိုးများ အစားများသော ဒညင်းသီးနှင့် ပတ်သက်၍  ကျန်းမာရေးနှင့် ညီညွတ်မှု ရှိ/ မရှိ အာဟာရ ဖြစ်မှု ရှိ/ မရှိ အခြေအနေများကို လေ့လာသိရှိရသလောက် အနည်းငယ် တင်ပြလိုပါသည်။

       ဒညင်းပင်၏ မူလအစမှာ Pea(ပဲစေ့) မျိုးနွယ်ဝင်ဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံများဖြစ်သော မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့တွင် ဖြစ်ထွန်းလေ့ရှိပါသည်။ မြန်မာနိုင်ငံမှာတော့ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်းနှင့် ရှမ်းပြည်နယ် (နောင်ချို)ဘက်တွင် အများစုစိုက်ပျိုးကြပြီး မန္တလေးတိုင်း (ပြင်ဦးလွင်)မှာလည်း စိုက်ပျိုးလာကြသည်ကို တွေ့ရှိရပါသည်။ ဒညင်းပင်ကို စိုက်ပျိုးဖို့ အကောင်းဆုံး ရေ၊ မြေရာသီဥတုမှာ အောက်ခံဂဝံမြေနှင့် သဲနုန်းမြေတို့သည် အသင့်တော်ဆုံးဖြစ်ပြီး ဒညင်းပင်အများစုသည် ပူအိုက်စွတ်စိုသော ရာသီဥတုနှင့် အပူအအေးကွာခြားမှုရှိသော ဥတုမျိုးကို နှစ်သက်ပါသည်။ မိုးရေချိန် (၁၀၀-၂၀၀)လက်မအတွင်း စိုက်ပျိုး ဖြစ်ထွန်းလျက်ရှိသည်။

     ဒညင်းသီးသည် မိုးဦးကျအချိန်ကာလမှာ ပေါ်တတ်သော အသီးတစ်မျိုးဖြစ်ပြီး မြန်မာလူမျိုးများ အနေဖြင့် ကြိုက်နှစ်သက်သောအစားအစာ တစ်မျိုးလည်းဖြစ်သည်။ ဒညင်းသီးတွင် ကျန်းမာရေးကို အကျိုးပြုသည့် ဗီတာမင်ဓာတ်များ ပါဝင်မှုမရှိဘဲ (Djenkolic Acid)သာ အများဆုံးပါဝင်နေခြင်း ဖြစ်သည်။ (Djenkolic Acid)သည် အမိုင်နိုအက်စစ်တစ်မျိုးဖြစ်ပြီး မပြင်းထန်သည့် အဆိပ်သင့်ခြင်းကို ဖြစ်ပေါ်စေနိုင် ပါသည်။ ဒညင်းသီး (၁)လုံး၏ တစ်ကီလိုဂရမ်တွင် (Djenkolic Acid) (၂၀)ဂရမ် ပါဝင်နေသည့်အတွက် ဒညင်းသီး အဆိပ်တက်ခြင်း ဖြစ်ပေါ်စေနိုင်ပါသည်။

‌     ဒေါက်တာ ခင်မောင်လွင်၏ ဟောပြောချက်တွင် ဒညင်းသီးကို ဓာတ်ခွဲသုတေသနပြုကြည့်သော အခါ လူကိုအကျိုးပြုသည့် မည်သည့်အာဟာရဓာတ်မျှ မပါဝင်ဟု ဆိုသည်။ ၎င်းတွင် ပါဝင်သော ဖန်ချောင်းကဲ့သို့ သော ကလာပ်စည်းများသည် ကျောက်ကပ်တွင် သွားပြီးပိတ်နိုင်သဖြင့် အန္တရာယ်ရှိသည်။ ဒညင်းသီးစား ခြင်းဖြင့် “ကျောက်ကပ် ပျက်စီးစေနိုင်သည်။ စားသင့်သည့် အသီးမဟုတ်။ အတိုင်းအတာ မရှိ။ လုံးဝ မစားသင့်သော အသီးမျိုး ဖြစ်သည်”ဟု ဖော်ပြထားသည်။ သို့သော် ဒညင်းသီးကို မြန်မာလူမျိုးတို့ စားသုံးခဲ့သည်မှာ နှစ်ပေါင်း ၂၀၀ ကျော်ခဲ့ပြီးဟု သိရှိရပါသည်။

          မြန်မာလူမျိုးများ အနေဖြင့် ဒညင်းသီးကို မီးအုံပြီး တို့စားခြင်း၊ အစိမ်းနုနုလေးကို တို့စားခြင်း ပြုတ်၍ အတို့အမြှပ်အနေဖြင့်လည်းကောင်း၊ ဟင်းချက်၍ လည်းကောင်း၊ ဆားရည်စိမ်၍ လည်းကောင်း၊ သဲမြေထဲတွင် အပင်ဖောက်ပြီး ဒညင်းဝက်ပြုလုပ်၍လည်း စားတတ်ကြပါသေးသည်။

          ဒညင်းသီး စားခြင်းဖြင့် ခံတွင်း အနံ့ဆိုးထွက်ခြင်း၊ ဆီးနှင့် ဝမ်းတွင်း အနံ့ဆိုးဖြစ်ပေါ်စေတတ်ပြီး ခန္ဓာကိုယ်တွင် အဆိပ်အတောက်အဖြစ် တည်ရှိနေပါသည်။ ဒညင်းသီး၏ အဆိပ်ဖြစ်စေသော ဓာတ်သည် သွေးထဲကို ရောက်သွားပြီးမှ အသည်းဆီသို့ ရောက်ရှိသွားပါသည်။ အသည်းက ခန္ဓာကိုယ်တွင်းကို ဝင်ရောက်သမျှ အဆိပ်အားလုံးကို ဖယ်ရှားပေးနိုင်သော်လည်း ဒညင်းသီး၏ အဆိပ်ကို ဖယ်ရှားပေးနိုင်ခြင်း မရှိ၍ ဝမ်းဗိုက်မအီမသာဖြစ်ခြင်း၊ လေထိုးလေအောင့်ခြင်း၊ အော့အန်ခြင်း၊ ဆီးပူဆီးကျဥ်ခြင်း၊ ဆီးနံ့ပြင်းတာ၊ ဆီးထဲသွေးပါခြင်း၊ သွေးတိုးခြင်းတို့အပြင် ကျောက်ကပ်ကို ဆီးအလုံအလောက်မထုတ်ပေးနိုင်သောကြောင့် ဆီးအသွားနည်းခြင်းကို ခံစားရနိုင်ပါသည်။ အချို့လူတွေမှာ ဒညင်းသီး (၁)လုံး လောက်စားရုံနဲ့ အဆိုပါ လက္ခဏာတွေကို ခံစားရပြီး အများစုကတော့ (၅)လုံးလောက်ထိ စားတဲ့သူတွေမှာ ဖြစ်နိုင်ခြေများပါသည်။

     နောက်တစ်ဆင့်အနေဖြင့် ကျောက်ကပ်ကနေ စွန့်ထုတ်ဖို့ကြိုးစားတာပဲဖြစ်ပြီး ဒညင်းသီး၏ အဆိပ်မော်လီကျူးလေးများသည် ကျောက်ကပ်ထဲရှိ ဆီးပြွန်လေးများကို ပိတ်ဆို့စေနိုင်သည့်အပြင် ကျောက်ကပ်ထိခိုက်ပျက်စီးပြီး ဆီးသွားသောအခါ သွေးပါခြင်း၊ ဆီးသွားရခက်ခြင်း၊ ခါးနာခြင်းတို့ကိုလည်း ခံစားရစေနိုင်ပါသည်။ထို့အပြင် သွေးထဲ အဆိပ်အတောက်များလာပြီး ရုတ်တရက် ကျောက်ကပ် ပျက်စီးခြင်းအပြင် အဆိုးဆုံးအနေဖြင့် သေဆုံးနိုင်သည့်အထိ ဖြစ်ပေါ်စေနိုင်ပါသည်။

  ဒညင်းသီး စားခြင်းဖြင့် ‌ဘေးထွက်ဆိုးကျိုးများ မဖြစ်စေရန် ဒညင်းသီးမှာ ပါဝင်သော အဆိပ်သည် ရေမှာပျော်ဝင်တဲ့ အဆိပ်မျိုးဖြစ်သည့်အတွက် ကြိုက်နှစ်သက်၍ စားပါက အဆိပ်ဓာတ်နည်းစေရန် ရေစိမ်၍သော်လည်းကောင်း၊ ရေဆူဆူတွင် အနည်းဆုံး ၃ ကြိမ်၊ ၄ ကြိမ်ပြုတ်၍ သော်လည်းကောင်း၊ ဆားရည်စိမ်၍သော်လည်းကောင်း စားသုံးသင့်ပါသည်။ အစိမ်းတို့စားခြင်းနှင့် မီးအုံ၍စားခြင်းတို့သည် အဆိပ်အများဆုံးဖြစ်စေနိုင်သည့်အတွက် မစားသုံးသင့်ပါ။ ဒညင်းသီး စားခြင်းဟာဆိုရင် ဆီးနံ့၊ ဝမ်းနံ့ဆိုးစေပြီး ပတ်ဝန်းကျင်ကို အနံ့အသက်နဲ့ဒုက္ခပေးတတ်တဲ့အပြင် ကျန်းမာရေးဆိုးကျိုးကို ဖြစ်စေ၍ ဒညင်းသီးကို တန်ဆေး၊ လွန်ဘေးဆိုသည့် စကားနှင့်အညီ အတတ်နိုင်ဆုံးလျှော့စားသင့်ကြောင်းနှင့် ဒညင်းသီးကို ကြိုက်သူများအတွက် တင်ပြလိုသည်မှာ မြန်မာရိုးရာ ဆေးပညာရှု့ထောင့်များအရ စေးထန်ပျစ်ချွဲသော အာပေါအာဗန္ဓရအစာဖြစ်သည်။ အာကာသကို ပျက်စေသဖြင့် အပေါက်အခေါင်းများကို ပိတ်စေနိုင်သော အစာဖြစ်သည်။ ထိုအစားကိုစားလျှင် အာကာသပွင့်စေတက်သော အစာနှင့် တွဲဖက်စားသင့်သည်။

   ဒညင်းသီးပြုတ်ကို တို့စရာများအဖြစ် စားလျှင် အဖြေဓာတ်အဖြစ် ‌ရှောက်ရွက် အနည်းငယ်ကို တို့စားပေးပါ။ ပိတ်သော အာကာသဓာတ်ကို ပြန်ပွင့်အောင် ကူညီပေးနိုင်သည်။ ဒညင်းသီး ပြုတ်လျှင် သကြားအနည်းငယ်နှင့် ရှောက်ရွက်ထည့်ပြီးပြုတ်ပါ။ နူးလွယ်ပြီး အဖန်ဓာတ်၊ အစေးဓာတ် လျော့နည်းစေသည်။ ဒညင်းသီးကို ရင့်သည့် အသီးရှောင်ပြီး နုသော အသီးများကို ထက်ခြမ်းခွဲပြီး ဖန်ပုလင်းတွင် ထည့်ပြီး ဆားရည်စိမ်ထားပါ။ အာကာသပိတ်ခြင်း၊ ကျောက်ကပ်တွင် အစေးဓာတ် ပိတ်ဆို့ခြင်းမှ ကာကွယ်နိုင်ပါသည်။ ထမင်းစားသောအခါ ကြိုက်တတ်၍ ဒညင်းသီးများ စားပြီးပါက ရေများများ သောက်သုံးသင့်ကြောင်းနှင့် စားပြီးပြီးချင်း သံပုရာဖျော်ရည် တစ်ခွက်သောက်သုံးခြင်းဖြင့် အဆိပ်မတက် စေနိုင်သော အဖြေဓာတ်ဖြစ်ကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။

DOCA(ကရင်)