ထန်းပင်အခြေခံ၍ အညာဒေသထွက်ကုန် မြန်မာ့ရိုးရာထန်းလျက်လုပ်ငန်း

Powered by Drupal
Tue, 09/12/2023 - 12:57 -- consumer_admin

     မြန်မာနိုင်ငံတွင် ထန်းပင်သည် နွေ၊ မိုး၊ ဆောင်း ရာသီမရွေး ပေါက်ရောက်ရှင်သန်နိုင်သော နှစ်ရည်ခံပင်မျိုးဖြစ်သည်။ “ထန်းပင်၊ ထန်းတော၊ ထန်းလက် ဝေဝေ” ဆိုသည့် ရှေးစာဆိုနှင့်အညီ ကျေးလက်ဒေသအနှံ့အပြားတွင် ထန်းပင်၊ ထန်းတောများစွာတွေ့ရှိရသည်။ ထန်းဖို၊ ထန်းမဟူ၍နှစ်မျိုးရှိပါသည်။ အညာဒေသသည် လွန်ခဲ့သည့် ရှေးနှစ်ပေါင်းများစွာကတည်းက ထန်းအရင်းအမြစ်ကိုပိုင်ခဲ့ခြင်းဖြစ်ပါသည်။ အညာယဉ်ကျေးမှု၊ အညာထွက်ကုန်များသည် မြန်မာနိုင်ငံသာမက ကမ္ဘာအထိ ဂုဏ်ဆောင်ကျော်ဇောခဲ့ပါသည်။ အညာဒေသ၌ ခေတ်အဆက်ဆက် ထန်းပင်၊ ထန်းတောပေါများခဲ့ပါသည်။ အရှေ့တောင်အာရှတဝှမ်းနှင့် မြစ်ဝကျွန်းပေါ်ဒေသ၏ အမှတ်သင်္ကေတသည် အုန်းပင်ဖြစ်ပြီး မြန်မာနိုင်ငံအလယ်ပိုင်း(အညာဒေသ)၏သင်္ကေတသည် ထန်းပင်ဖြစ်သည်ဟုဆိုနိုင်ပါသည်။

    ထန်းပင်သည် ပူနွေးစိုစွတ်သောရာသီဥတုကို ကြိုက်နှစ်သက်သည်။ မိုးနည်းရပ်ဝန်းဒေသ၊ မြန်မာနိုင်ငံအလယ်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး မြို့နယ်များအတွင်းရှိ ကျေးလက်ဒေသများတွင် ပေါက်ရောက်ဖြစ်ထွန်းပြီး အပူပိုင်းဒေသဖြစ်သည့် ပုဂံ၊ ညောင်ဦး၊ ကျောက်ပန်းတောင်း၊ ပခုက္ကူဒေသသည် ထန်းပင်ကြိုက်ရာသီနှင့် မြေအနေအထားရှိခြင်းကြောင့် ထန်းပင်၊ ထန်းတောများစွာရှိပြီး ဈေးကွက်တွင် မျက်နှာပန်းလှ၍ ထန်းလျက်လုပ်ငန်းများစွာရှိပါသည်။ ထန်းပင်သည် အသုံးပြုမှုပေါ်မူတည်ပြီး ထန်းလက်၊ ထန်းရွက်၊ ထန်းသီး၊ ထန်းမြစ် စသည်ဖြင့် တစ်ပင်လုံးအသုံးဝင်ပါသည်။ အညာကျေးလက်ဒေသများမှာ ထန်းလက်ဖြင့် အိမ်ကာခြင်းအပြင် အသုံးအဆောင်ပစ္စည်းအမျိုးမျိုးပြုလုပ်အသုံးပြုကြ၍ မြန်မာလူနေမှုဘဝ မြန်မာ့ရိုးရာဓလေ့တွင် တစ်စိတ်တစ်ပိုင်းပါဝင်လျက်ရှိနေပါသည်။ ထန်းပင်မှတစ်ဆင့် လူတိုင်းသောက်သုံးနိုင်သော ထန်းရည်ရရှိပြီး ထိုထန်းရည်မှတစ်ဆင့် ထန်းလျက်အမျိုးမျိုးချက်လုပ်ရောင်းချနိုင်ပါသည်။ မြန်မာနိုင်ငံအလယ်ပိုင်းတွင် ထန်းစိုက်ပျိုးမှုစတင်ဖြစ်၍ ထန်းပင်၊ ထန်းတောပေါများပြီး ဒေသခံကျေးလက်နေ ထန်းတောင်သူများသည် ထန်းလျက်ချက်လုပ်ငန်းကို ဒေသစီးပွားဖြစ်လုပ်ကိုင်ကြောင်းသိရှိရသည်။

ထန်းလျက်လုပ်ငန်း

    မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်သည် ထန်းပင်၊ ထန်းတောများစွာပေါက်ရောက်လျက်ရှိသော အညာဒေသဖြစ်သည်နှင့်အညီ ဒေသတွင်းကျေးရွာများတွင် ထန်းလျက်လုပ်ငန်းကို နှစ်စဉ် မိသားစုတစ်နိုင်တစ်ပိုင်လုပ်ကိုင်ကြသည်။ ထန်းလျက်ချက်လုပ်ငန်းကို မိရိုးဖလာမိသားစုဝိုင်းဝန်းပြီး နှစ်စဉ် ထန်းလျက်ရာသီချိန်ရောက်တိုင်း နေ့စဉ် မိသားစု(၃)ဦးခန့် ထန်းတက်၊ မြူအိုးကောက်၊ ထန်းလျက်ကျိုခြင်းလုပ်ကိုင်ကြသည်။

   ထန်းတက်ခြင်းလုပ်ငန်းကို တပေါင်း၊ တန်ခူးတွင်စတင်ပြီး တော်သလင်းလတွင်ပြီးဆုံးကြောင်း၊ ထန်းဖို၊ ထန်းမနှစ်မျိုးရှိ၍ တပေါင်းလတွင် ထန်းဖိုတက်ခြင်းစတင်ပြီး နယုန်လတွင် ထန်းဖိုတက်ခြင်းပြီးဆုံးကြောင်း၊ နယုန်လကုန်တွင် ထန်းမတက်ခြင်းစတင်ပြီး တော်သလင်းလတွင် ပြီးဆုံးကြောင်း ထန်းတက်တောင်သူများထံမှသိရှိရသည်။ ဒေသတွင်းရှိ ထန်းတက်လုပ်ငန်းလုပ်ကိုင်သော ထန်းတက်တောင်သူများသည် ထန်းမတက်မီ ထန်းပင်ပြုပြင်ခြင်းလုပ်ငန်းကို (၁)လခန့်ကြိုတင်ပြင်ဆင်ရပြီး ထန်းရည်အထွက်ကောင်းစေရန်အတွက် နှစ်စဉ် ထန်းပင်ကိုပြုပြင်ပေးရကြောင်း၊ ထန်းပင်မှ မလိုအပ်သော ထန်းလက်၊ ထန်းရွက်၊ ထန်းဆစ်၊ ထန်းဆံဖက်များကို နင်းဖဲ့စုတ်ပြစ်ပေး၍ ထန်းပင်ကို သန့်ရှင်းရေးလုပ်ပေးရပြီး အအေးဓာတ်များချိန် တပို့တွဲလကုန်နှင့် ပြာသိုလဆန်းပိုင်းတွင် ထန်းရည်အများဆုံးထွက်ကြောင်း၊ နေရာဒေသလိုက်၍ ထန်းရည်ရရှိမှုကွာခြားပြီး ထန်းရည်အထွက်ကောင်းစေရန် ထန်းပင်ပြင်ဆင်မှုမှာ အဓိကအရေးပါကြောင်း၊ မိုးများစွာရွာသွန်းသော ဒေသများမှထွက်ရှိသည့်ထန်းရည်သည် မိုးရေရော၍ အရည်အသွေးညံ့ကြောင်း၊ ထန်းရည်မှတစ်ဆင့် ထန်းလျက်ကျိုချက်ခြင်းဖြစ်၍ အပူပိုင်းမိုးနည်းရပ်ဝန်းဒေသမှထွက်ရှိသော ထန်းရည်၊ ထန်းလျက်များသည် အရည်အသွေးကောင်း၍ ဈေးကွက်ဝင်ကြောင်းသိရှိရပါသည်။

  ထန်းဖိုရည်အထွက်ပေါများသော ကာလများတွင် ထန်းတက်သမားတစ်ဦးသည် တစ်ရက်လျှင် ထန်းအပင်(၆၀)ခန့်တက်နိုင်ပြီး ပင်ကျရည် ထန်းမြူအိုး(၁၂၀)ခန့်ရရှိကြောင်း၊ ထန်းလျက်ချက်ရာတွင် မြူအိုး (၄)မြူလျှင် ထန်းလျက်(၁)ပိဿာထွက်ရှိပြီး (၁)ရက်လျှင် ထန်းလျက်ပိဿာ (၃၀)ခန့်ချက်လုပ်နိုင်ကြောင်းသိရှိရပါသည်။   ထန်းလျက်တွင် ထန်းဖိုထန်းလျက်နှင့် ထန်းမထန်းလျက်ဟူ၍ (၂)မျိုးရှိသည်။ ထန်းဖိုထန်းလျက်ဆိုသည်မှာ အသီးမသီးသော ထန်းဖိုပင်အဖူးမှရရှိသည့် ထန်းရည်ချိုကို ကျိုချက်၍ရရှိသော ထန်းလျက်ဖြစ်ပြီး ထန်းမထန်းလျက်မှာ အသီးသီးသော ထန်းမပင်၏ ထန်းနုခိုင်မှ အသီးခိုင်ကိုယူ၍ရသော ထန်းလျက်ဖြစ်သည်။ ထန်းလျက်(၂)မျိုးတွင် ထန်းဖိုထန်းလျက်သည် ပို၍ဆေးဖက်ဝင်‌ကြောင်းသိရှိရသည်။

ထန်းလျက်ချက်လုပ်ငန်း

    ထန်းရည်ကို ကျိုချက်ခြင်းဖြင့် ထန်းလျက်ကိုရရှိပါသည်။ နေရာဒေသလိုက်၍ ထန်းရည်ရရှိမှုကွာခြားပြီး မိုးများစွာရွာသွင်းသောဒေသများ၌ ထန်းရည်ထဲတွင် မိုးရေရောပါရှိသောကြောင့် ထန်းရည်အရည်အသွေးကျဆင်းပြီး ထန်းလျက်ကောင်းမရရှိကြောင်း၊ မြန်မာနိုင်ငံအလယ်ပိုင်း၊ မိုးနည်း ရပ်ဝန်းအပူပိုင်းဒေသများတွင် ပေါက်ရောက်စိုက်ပျိုးသော ထန်းပင်များမှရရှိသော ထန်းရည်ကိုကျိုချက်၍ ထွက်ရှိသောထန်းလျက်များမှာ အရည်အသွေးကောင်းမွန်ပြီး ဈေးကွက်ဝင်ကြောင်းသိရှိရသည်။

   ထန်းလျက်ကျိုချက်ရာတွင် မချက်ခင်၌ ထန်းရည်အိုးထဲသို့ ထန်းရည်များအနံ့အသက်ကင်းပြီး တာရှည်အထားခံစေရန် မြေအိုးထဲသို့ တည်ခေါက်ထည့်ပေးရကြောင်းသိရှိရသည်။ ထန်းလျက်အညိုချက်လုပ်ရာတွင်  ထန်းရည်ချိုအားအပူပေးကာ မိုးဗြဲဒယ်ထဲတွင်ထည့်ပြီး ထန်းရည်များပွက်လာပြီး အရည်ပျစ်လာသည်အထိ မီးအချိန်အဆပေါ်မူတည်၍ မွှေပေးရသည်။ မွှေချိန် မိနစ်(၂၀) ခန့်ကြာပြီး ထန်းလျက်အလုံးများပြုလုပ်နိုင်သည့်အနေအထားမျိုးတွင် မီးဖိုမှချကာ(၁၀)မိနစ်ခန့်မွှေပြီး ခပ်နွေးနွေးအနေအထားတွင် ထန်းလျက်အလုံးများစတင်ပြုလုပ်နိုင်ပြီဖြစ်သည်။ ထန်းလျက်အဖြူချက်ရာတွင် ထန်းရည်ချို၏ အပေါ်ရည်ကိုခပ်ယူပြီး သေချာသန့်စင်ကာ ကျိုချက်ရကြောင်းသိရှိရသည်။

     ဆိပ်ဖြူဒေသတွင်းရှိ ထန်းစိုက်ပျိုးဖြစ်ထွန်းရာ ကျေးရွာများတွင် ထန်းလျက်ချက်သည့်လုပ်ငန်းကို ထန်းတောထဲ၌ပင် လုပ်ကြခြင်းဖြစ်၍ တောထန်းလျက်ဟုခေါ်ဆိုကြခြင်းဖြစ်သည်။ တောထန်းလျက်ပြုလုပ်ရာတွင် မိုးဗြဲဒယ်အတွင်းမှ ထန်းလျက်သားကို ယောင်းမဖြင့်ကော်ယူပြီး မိမိလိုသလို အလုံးလေးများလုံးခြင်းဖြစ်သည်။ ထန်းလျက်လုံးလေးများကို စကော၊ စကာ(သို့) ဖျာပေါ်သို့တင်ကာ အခြောက်ခံပေးခြင်းဖြင့် ထန်းလျက်လုံးများစတင်ရရှိခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၌ ထန်းလျက်ကို တောရော မြို့ပါမကျန် မြန်မာ့ရိုးရာစားသုံးစရာ မုန့်လုပ်ရာတွင် အသုံးပြုနေကြသည်မှာ မြန်မာ့ရိုးရာဓလေ့တစ်ခုပင်ဖြစ်နေပါသည်။

ထန်းလျက်ဈေးကွက်

   မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင်းရှိ ထန်းစိုက်ပျိုးရာဒေသများ၌ ထန်းဖိုရာသီပြီးဆုံးပြီး ထန်းမရာသီစတင်ချိန်တွင် ထန်းလျက်ဈေး နှစ်စဉ်မြင့်တက်ကြောင်း၊ ထန်းလျက်ဈေးကောင်းရရှိမှသာ ထန်းတောင်သူများအဆင်ပြေကြောင်း၊ ၂၀၀၈ခုနှစ်မှ ၂၀၁၁ခုနှစ်ထိ ထန်းလျက်(၁)ပိဿာလျှင် ကျပ်(၅၀၀)မှ (၁၀၀၀)ဈေးဖြစ်ခဲ့ပြီး ၂၀၁၂ခုနှစ်မှ ၂၀၁၈ခုနှစ်ထိ ထန်းလျက်(၁)ပိဿာလျှင် ကျပ်(၁၃၀၀ခန့်ဈေးနှုန်းဖြစ်ခဲ့ကြောင်း၊ ၂၀၁၉ခုနှစ်တွင် ထန်းလျက် (၁)ပိဿာလျှင် ကျပ်(၁၈၀၀)ထိဈေးမြင့်တက်ခဲ့ကြောင်း၊ (၂၀၂၀-၂၀၂၁) ခုနှစ်တွင် (၁)ပိဿာလျှင် ကျပ်(၂၂၀၀) ဈေးနှုန်း၊ ၂၀၂၂ခုနှစ်တွင် (၁)ပိဿာလျှင် ကျပ်(၃၀၀၀)ဈေးဖြင့် ရောင်းချခဲ့ရကြောင်း၊ ၂၀၂၃ခုနှစ်၊ ယခုထန်းမရာသီချိန်တွင် ထန်းလျက်တစ်ပိဿာလျှင် ကျပ်(၄၀၀၀)ဈေးဖြင့် လက်လီလက်ကား ရောင်းချရကြောင်း၊ ယခုနှစ်တွင် ထန်းလျက်ကို ပြည်တွင်းဝယ်ယူသုံးစွဲမှုများ၍ ဈေးနှုန်းမြင့်တက်လျက်ရှိပြီး ဈေးကွက်ကောင်း၍ ထန်းတောင်သူများအဆင်ပြေကြောင်းသိရှိရပါသည်။ ထန်းလျက်များကို ဒေသတွင်းရှိ ပွဲစားများက လာရောက်ဝယ်ယူကြောင်းသိရှိရသည်။ ပြည်ပဈေးကွက်အနေဖြင့် ကျေးလက်ဒေသထွက်ထန်းလျက်များကို မုန့်အချိုအများဆုံးပြုလုပ်သော တရုတ်၊ အိန္ဒိယနိုင်ငံများမှ အများဆုံးဝယ်ယူကြောင်း ထန်းလျက်ဈေးကွက်မှသိရှိရပါသည်။

လုပ်သားရှားပါးခြင်းကြောင့် ထန်းတောင်သူလုပ်ငန်းနည်းပါးလာခြင်း

  ထန်းတောင်သူလုပ်ငန်းနည်းပါးလာခြင်းသည် ထန်းလျက်ဈေးကွက်နည်းပြီး ဝင်ငွေနည်းခြင်းကြောင့် လုပ်သားရှားပါးမှုဖြစ်လာ၍ ထန်းလုပ်ငန်းများ တိမ်ကောလာကြောင်း၊ မိရိုးဖလာမိသားစုလုပ်ငန်းဖြစ်၍ မိသားစုဝင်သုံးဦးခန့် နေ့စဉ် မနားမနေ ပင်ပင်ပန်းပန်းလုပ်ရကြောင်း၊ ထန်းတက်လုပ်ငန်းကို အသက်စွန့်၍လုပ်ရပြီး ယခင်ဆယ်စုနှစ်ခန့်တွင် ထန်းလျက်ဈေးကွက်နည်း၍ ထန်းတောင်သူများဝင်ငွေနည်းခြင်းကြောင့် ထန်းလုပ်ငန်းနည်းပါးလာပြီး ဝင်ငွေကောင်းပြီး အလုပ်ကောင်းသောအခြားဒေသများသို့ သွားရောက်လုပ်ကိုင်ကြကြောင်း၊ ထန်းတောင်သူလုပ်ငန်းသည် ပင်ပန်းသလောက် အကျိုးအမြတ်နည်း၍ လုပ်ကိုင်သူနည်းလာကြောင်းသိရှိရသည်။  ယခုနှစ် (၂)နှစ်ဆက်တိုက် ထန်းလျက်ဈေးကွက်မြင့်မားလာပြီး ထန်းသီးဆံတစ်ဆံလျှင် ကျပ်(၂၀)၊ ထန်းသီးတစ်လုံးတွင် ထန်းသီးစေ့သုံးစေ့ပါ၍ တစ်လုံးလျှင် ကျပ်(၆၀)ရရှိကြောင်း၊ ထန်းသီးစေ့များကို မြို့ပေါ်ရှိ ပွဲစားများက ကျေးလက်ထိဆင်း၍ ဝယ်ယူလျက်ရှိကြောင်း၊ စားသုံးမှုများပြီး ဈေးကွက်မြင့်မားလာ၍ ယခုအချိန်တွင် ထန်းလုပ်ငန်းကို ထန်းတောင်သူများ ပြန်လည်စိတ်ဝင်စားမှုများပြားလာကြောင်းသိရှိရပါသည်။

သုံးသပ်ချက်

   ထန်းပင်မှရသည့် ထန်းလျက်သည် မြန်မာနိုင်ငံမှထွက်ရှိသော မြန်မာ့ရိုးရာအစားအစာတစ်မျိုးဖြစ်ပြီး ၎င်းကို အစားအစာနှင့်မုန့်များတွင် ထည့်သွင်းအသုံးပြုနိုင်သကဲ့သို့ ဆေးဝါးအဖြစ်လည်းအသုံးပြုကြသည်။ ထန်းလျက်ကို သကြားအစားထိုး အချိုဓာတ်အဖြစ်အသုံးပြုကြပါသည်။

    မြန်မာ့ရိုးရာမုန့် အားလုံးနီးပါးသည် မိရိုးဖလာနည်းအတိုင်း ထန်းလျက်ချက်လုပ်ခြင်းဖြစ်၍ ကျန်းမာရေးအရ အသုံးဝင်သောဆေးထန်းလျက်ဖြစ်ပါသည်။ မြန်မာလူမျိုးများအတွက် ထန်းလျက်သည် အမြဲလိုအပ်လျက်ရှိသည်။ ထန်းပင်မှထွက်သော ပစ္စည်းများဖြင့် လူ့အသုံးအဆောင်ပစ္စည်းအမျိုးမျိုးကို ပြည်တွင်းပြည်ပခရီးသွားများဝယ်ယူအားပေး၍ ဝင်ငွေကောင်းလျက်ရှိပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ထန်းလျက်လုပ်ငန်းရှင်များနှင့်ပူးပေါင်း၍ ထန်းလျက်အခဲကုန်ကြမ်းမှတစ်ဆင့် အမှုန့်ကုန်ချောထုတ်လုပ်၍ ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ရေးအတွက် ဒေသခံထန်းတောင်သူများ၊ ကုန်သည်ပွဲစားများ၊ နည်းပညာရှင်များနှင့်ပူးပေါင်း၍ ဆောင်ရွက်သင့်ပါသည်။ သို့မှသာ ထန်းလုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရှာဖွေပေးနိုင်ပြီး ထန်းတောင်သူလုပ်သားဘဝပိုမိုတိုးတက်လာကာ ထန်းတက်လုပ်သားများဝင်ငွေကောင်းလာမည်ဖြစ်ကြောင်း၊ ထန်းတက်လုပ်ငန်းခွင်မြင့်မားခြင်းဖြင့် ထန်းတောင်သူလုပ်သားပေါများလာပြီး ကျေးလက်အညာဒေသ မြန်မာ့ရိုးရာထန်းလျက်လုပ်ငန်းများလည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မကွေး)