စစ်ကိုင်းမြို့ရှိ တန်ဖိုးမြှင့်ထုတ်ကုန် (Value Added) ပဲမှုန့်လုပ်ငန်းများ

Powered by Drupal
Tue, 09/12/2023 - 13:03 -- consumer_admin

   မြန်မာလူမျိုးများသည်ကုလားပဲကို ပြုတ်စားခြင်း၊ ကြော်စားခြင်း၊ လှော်စားခြင်း၊ ပဲခြမ်းပြုလုပ် ၍ ဟင်းလျာအမျိုးမျိုးအဖြစ်စားသုံးကြသည့်အပြင် ကုလားပဲကို အမှုန့်ကြိတ်ပြီး တို့ဟူးအစို၊ တို့ဟူး အခြောက်ပြုလုပ်ရာ၌လည်းကောင်း၊ မုန့်ဟင်းခါး/အုန်းနို့ခေါက်ဆွဲ/ နို့စိမ်းခေါက်ဆွဲ ချက်ပြုတ်ရာ၌ လည်းကောင်း၊ မုန့်တီ/ခေါက်ဆွဲ/ဟင်းသီးဟင်းရွက်စသည့်တို့ကို အသုပ်စုံများ ပြုလုပ်ရာ၌လည်းကောင်း ထည့်၍ စားသောက်ကြပါသည်။

  စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ပေါ်၌ ရတနာ ပဲခွဲစက်နှင့်အမှုန့်ကြိတ်စက်၊ မြသီတာ၊ ရွှေကြိုးကြာ၊ မြနှင်းဆီ၊ မိုးမခနှင့် ဒေါ်စိုးဝင်း ပဲမှုန့်ကြိတ်စက်များ စုစုပေါင်း ၆ စက်ရှိပြီး၊ ကုလားပဲ အကျက်မှုန့်နှင့် အစိမ်းမှုန့်များကို ထုတ်လုပ်ပြီး ဒေသတွင်း၊ တိုင်းတွင်းနှင့် တိုင်းပြင်ပသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ဒေသတွင်းစိုက်ပျိုးသည့် ကုလားပဲမျိုးများမှာ V2၊  V3၊  929 နှင့် ထိုင်ဝမ်မျိုး များဖြစ်ပြီး၊ ကုလားပဲခွဲခြမ်းနှင့် ကုလားပဲအမှုန့်များ ပြုလုပ်ရာတွင် 929 ကုလားပဲကို အများဆုံး အသုံးပြုကြောင်း သိရပါသည်။ ပဲမှုန့်ကြိတ်စက် ၆စက်အနက် စစ်ကိုင်းမြို့ရှိ ရတနာ ပဲခွဲစက်/အမှုန့်ကြိတ်စက်နှင့် ရွှေကြိုးကြာအမှုန့်ကြိတ်စက်လုပ်ငန်းများအကြောင်း တင်ပြလိုက် ရပါသည်။

ရတနာပဲခွဲစက်နှင့် အမှုန့်ကြိတ်စက်

    ရတနာပဲခွဲစက်သည် စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်၌ တည်ရှိပြီး ၂၀၀၀ခုနှစ်က စတင်၍ စက်ပစ္စည်းတန်ဖိုး ရင်းနှီးငွေ ကျပ်သိန်း ၁၅၀၀ဖြင့်စတင်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ ကုန်ကြမ်း 929 ကုလားပဲလုံးကို မုံရွာကုန်စည်ဒိုင်၊ မန္တလေးကုန်စည်ဒိုင်နှင့် ပခုက္ကူကုန်စည်ဒိုင်များက ဝယ်ယူပြီး၊  တစ်ရက်လျှင်  ကုလားပဲလုံး(အခွံပါ) တစ်တင်းခွဲဝင်အိတ် ၂၀၀ခန့် ခွဲခြမ်းပြုလုပ်ပြီး၊ တစ်လလျှင် ပျမ်းမျှ ကုလားပဲလုံး ၆၆၀၀တင်း ခန့် ခွဲခြမ်းပြုလုပ်နိုင်ကြောင်း၊ ကုလားပဲလုံး(အခွံပါ)ကို ခွဲခြမ်းပြုလုပ် ပါက ၇၅ရာခိုင်နှုန်း ခွဲခြမ်းရရှိပြီး၊ တိရိစ္ဆာန်အစာ(ပဲခွံ)အဖြစ် ၂၅ရာခိုင်နှုန်း ထွက်ရှိကြောင်း သိရပါ သည်။

    ကုလားပဲခြမ်း ခွဲရာတွင် ပထမဦးစွာ ကုလားပဲလုံးများအား ဖုန်၊သဲ၊ခဲများ သန့်စင်ဖယ်ရှားခြင်းနှင့် အရွယ်အစားခွဲခြားခြင်းကို စက်တစ်လုံးတည်းက တစ်ပြိုင်တည်း ပြုလုပ်ပါသည်။ ပဲလုံး အရွယ်အစား တူများကို ချောမွေ့စေရန် ပွတ်ချောစက်ဖြင့်ပွတ်တိုက်ပြီး၊ ဆိုင်ကလုံအိုးထဲသို့ ထည့်၍ မီးအပူပေးပြီးပါက ခွဲခြမ်းစက်သို့ပို့ဆောင်ပါသည်။ မီးဖြင့်အပူပေးရာတွင် လောင်စာအဖြစ် ဆီးစေ့ ခွဲခြမ်းခွံကို အသုံးပြုကြောင်း သိရပါသည်။ ဆီးစေ့ခွဲခြမ်းခွံကို အသုံးပြုရခြင်းမှာ မီးခိုးမထွက်ခြင်းနှင့် ပြာမလွင့်ခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ ဆီးစေ့ခွဲခြမ်းခွံကို ရွှေဘိုခရိုင်မှ တစ်ပိဿာလျှင် ၂၀၀ကျပ်ဖြင့်ဝယ်ယူခြင်းဖြစ်ကြောင်း သိရပါသည်။ ခွဲခြမ်းစက်သည် ခွဲခြမ်းကြိတ်ခွဲခြင်းနှင့် အခွံချွတ်ခြင်းကို တစ်ပြိုင်တည်း ပြုလုပ်ပါသည်။ ပြီးနောက်အခွံချောချွတ်စက်သို့ ထပ်မံပို့ဆောင်ပါသည်။ ထွက်ရှိ လာသောခွဲခြမ်းများတွင် အခွံများကျန်ရှိနေခြင်း၊ လုံးပိန်/လုံးညှပ်များ ကျန်ရှိနေခြင်း မဖြစ်စေရန် ကွန်ပြူတာစနစ်ဖြင့် ခွဲခြားသန့်စင်ခြင်းလုပ်ငန်းပြုလုပ်ပါသည်။ သန့်စင်ပြီးသော ကုလားပဲခြမ်းများသည် ရောင်းတန်းဝင်အဆင့်သို့ ရောက်ရှိပြီဖြစ်သဖြင့် စက်ဖြင့် အိတ်အတွင်းသို့ ထည့်သွင်းကြောင်း သိရပါသည်။ ရောင်းဈေးနှုန်းမှာ ကုလားပဲခြမ်း ၃၀ ပိဿာဝင်တစ်အိတ်လျှင် စက်ရုံလက်ကား (ဖောက်သည်)ဈေး ကျပ်(၁၈၃၀၀၀-၁၈၉၀၀၀-၁၉၂၀၀၀) ဈေးနှုန်းအသီးသီးဖြင့် ရောင်းချပါသည်။

     ရတနာပဲခွဲစက်သည် ထွက်ရှိလာသော ကုလားပဲခွဲခြမ်းများကို ခွဲခြမ်းအတိုင်းရောင်းချခြင်း အပြင် ကုလားပဲအစိမ်းမှုန့်နှင့် ကုလားပဲအကျက်မှုန့်များကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိ ကြောင်း သိရှိရပါသည်။ ကုလားပဲအစိမ်းမှုန့်ကြိတ်ခြင်းကို တစ်ရက်လျှင် ကုလားပဲခြမ်း ပိဿာ ၆၀ ခန့်၊ တစ်လလျှင် ပျမ်းမျှကုလားပဲခြမ်း ပိဿာ ၁၃၀၀ကျော်ကိုလည်းကောင်း၊ ကုလားပဲအကျက် မှုန့် ကြိတ်ခြင်းကို တစ်ရက်လျှင် ကုလားပဲခြမ်းပိဿာ ၅၀ခန့်၊ တစ်လလျှင် ပျမ်းမျှကုလားပဲခြမ်း ပိဿာ ၁၁၀၀ခန့် ကိုလည်းကောင်း ကြိတ်ခွဲထုတ်လုပ်နိုင်ကြောင်း သိရပါသည်။ ကုလားပဲ အကျက်မှုန့် ပြုလုပ်ရာတွင် ကုလားပဲခွဲခြမ်းများကို လှော်ပြီးမှ အမှုန့်ကြိတ်ရပါသည်။ ကုလားပဲခြမ်း ပိဿာ ၃၀ကို အမှုန့်ကြိတ်ပါက တစ်ပိဿာခန့်လျော့ပြီး ကုန်ချောကုလားပဲအမှုန့် ၂၉ ပိဿာခန့် ရရှိကြောင်း သိရပါသည်။ ကုလားပဲအကျက်မှုန့်နှင့် ကုလားပဲအစိမ်းမှုန့်များအား တစ်ဆယ်ကျပ်သား၊ နှစ်ဆယ့်ငါးကျပ်သား၊ ငါးဆယ်ကျပ်သား အထုပ်များကို အမျိုးသမီးအလုပ်သမားများက လေလုံ အောင် ပလပ်စတစ်အိတ်ဖြင့် ထုပ်ပိုးပါသည်။  ၎င်းပလပ်စတစ်အိတ်ပေါ်၌ စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈)၌ ပြဌာန်းထားသည့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းကို ဥပဒေပါပြဌာန်းချက်အတိုင်း လိုက်နာဆောင်ရွက်ဖော်ပြထားကြောင်း စိစစ်တွေ့ရှိရပါသည်။ ၎င်းအထုပ်ငယ် ကလေးများကို ၅ပိဿာဝင် သို့မဟုတ် ၁၀ပိဿာဝင် သို့မဟုတ် ၂၀ပိသာဝင် ပီနံအိတ်များဖြင့် ထုပ်ပိုး၍ ဈေးကွက် များနှင့် ဖောက်သည်များထံသို့ ဖြန့်ဖြူးရောင်းချကြောင်း သိရပါသည်။ ကုလားပဲမှုန့်များ ထားရှိသုံးစွဲနိုင်မှု သက်တမ်းမှာ လေလုံအောင်ထားပါက  ပဲမှုန့်အကျက် ၃လ၊ ပဲမှုန့်အစိမ်း ၄လထိ ကြာအောင် ထားရှိနိုင်ကြောင်းသိရပါသည်။ ရောင်းဈေးနှုန်းမှာ စက်ရုံလက်ကား(ဖောက်သည်)ဈေး ပဲမှုန့်အကျက် တစ်ပိဿာ ၇၀၀၀ကျပ်မှ ၇၁၀၀ကျပ်ကြား၊ ပဲမှုန့်အစိမ်း တစ်ပိဿာ ၆၉၀၀ ကျပ်မှ ၇၀၀၀ကျပ်ကြား ဈေးနှုန်းများဖြင့် ရွှေဘိုခရိုင်အတွင်းသို့ အများဆုံးတင်ပို့ရောင်းချရပြီး၊ မန္တလေးမြို့နှင့် မြန်မာနိုင်ငံအထက်ပိုင်းသို့ တင်ပို့ရောင်းချကြောင်း သိရပါသည်။

     ရတနာပဲခွဲစက်နှင့်အမှုန့်ကြိတ်စက်၌ အမျိုးသား ၉ဦးနှင့် အမျိုးသမီး ၁၂ဦး စုစုပေါင်း လုပ်သား ၂၁ဦးအား အလုပ်အကိုင်အခွင့်အလမ်းများ ပေးထားနိုင်ပါသည်။ လုပ်အားခများအနေဖြင့် အမျိုးသမီး တစ်ဦးတစ်ရက်လုပ်ခ ကျပ် ၆၀၀၀မှ ကျပ် ၇၀၀၀ထိ၊ အမျိုးသား တစ်ဦးတစ်ရက်လုပ်ခ ကျပ် ၈၅၀၀မှ ကျပ် ၁၀၀၀၀ ထိ ရရှိကြောင်း သိရပါသည်။

ရွှေကြိုးကြာ ပဲမှုန့်ကြိတ်စက်

    ရွှေကြိုးကြာ ပဲမှုန့်ကြိတ်စက်သည် စစ်ကိုင်းမြို့၊ နန္ဒဝန်ရပ်ကွက်၌ တည်ရှိပြီး၊ ၂၀၁၀ခုနှစ်က စတင်၍ စက်ပစ္စည်းတန်ဖိုး ရင်းနှီးငွေ ကျပ်သိန်း ၅၀၀ဖြင့် စတင်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ ကုလားပဲ ခွဲခြမ်းများကို မန္တလေးကုန်စည်ဒိုင်မှဝယ်ယူပြီး ကုလားပဲအစိမ်းမှုန့်ကြိတ်ခြင်းကို တစ်ရက်လျှင် ကုလားပဲခွဲခြမ်းပိဿာ၆၀ခန့်၊တစ်လလျှင် ပျမ်းမျှကုလားပဲခြမ်း ပိဿာ၁၃၀၀ကျော်ကိုလည်းကောင်း၊ ကုလားပဲအကျက်မှုန့်ကြိတ်ခြင်းကို တစ်ရက်လျှင် ကုလားပဲခွဲခြမ်း ၁၀ ပိဿာခန့်၊ တစ်လလျှင် ပျမ်းမျှကုလားပဲခြမ်း ၂၂၀ ပိဿာကိုလည်းကောင်း ကြိတ်ခွဲထုတ်လုပ်နိုင်ကြောင်း သိရပါသည်။ ကုလားပဲအကျက်မှုန့်နှင့် ကုလားပဲအစိမ်းမှုန့်များအား တစ်ဆယ်ကျပ်သား၊ နှစ်ဆယ့်ငါးကျပ်သား၊ ငါးဆယ်ကျပ်သား အထုပ်များကို လေလုံအောင် ပလပ်စတစ်အိတ်ဖြင့် ထုပ်ပိုးပါသည်။  ထားရှိသုံးစွဲ နိုင်မှု သက်တမ်းမှာ လေလုံအောင်ထားပါက  ပဲမှုန့်အကျက် ၃လ၊ ပဲမှုန့်အစိမ်း ၄လထိ ကြာအောင် ထားရှိနိုင်ကြောင်းသိရသည်။ ရောင်းဈေးနှုန်းများမှာ စက်ရုံလက်ကားဈေး ပဲမှုန့်အကျက် တစ်ပိဿာ ၆၇၅၀ကျပ်မှ ၇၀၀၀ ကျပ်ကြား၊ ပဲမှုန့်အစိမ်း တစ်ပိဿာ ၆၃၀၀မှ ၆၆၀၀ကျပ် ကြား ဈေးနှုန်းများဖြင့်  ဒေသတွင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြင်ဦးလွင်၊ ကျောက်ဆည်မြို့နှင့် မိတ္ထီလာမြို့ များသို့ အများဆုံးတင်ပို့ရောင်းချကြောင်း သိရပါသည်။ အမျိုးသမီးလုပ်သား ခုနှစ်ဦးအား တစ်ဦး တစ်ရက်လျှင် ၈၀၀၀ကျပ်နှုန်း ဖြင့် ခုနှစ်ဦးကို အလုပ်အကိုင်အခွင့်အလမ်းများ ပေးထားနိုင်ကြောင်း သိရပါသည်။

    ရတနာပဲခွဲစက်နှင့် ရွှေကြိုးကြာပဲခွဲစက်သည် ခေတ်မီစက်များကို အသုံးပြု၍ ကုလားပဲခွဲခြမ်းနှင့် ကုလားပဲမှုန့်များကို ကြိတ်ခွဲကြောင်း သိရပါသည်။ ခရိုင်အလိုက်၊ တိုင်းဒေသကြီးအလိုက် အသေးစား၊ အငယ်စား၊ အလတ်စား(MSME)စက်မှုလုပ်ငန်းများဖြစ်သည့် ပဲခွဲစက်လုပ်ငန်း၊ ပဲမှုန့်ကြိတ် စက်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေခြင်းဖြင့် ဒေသတွင်း၊ တိုင်းအတွင်း လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပြီး ပိုလျှံသည်များကို ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်သည်ထိ ကြိုးပမ်းဆောင်ရွက်သွားခြင်းဖြင့် ပို့ကုန်ကဏ္ဍမြှင့်တင်ရာရောက်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)