မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားမျိုးနွယ်စု ၁၃၅မျိုးရှိရာ တိုင်းရင်းသားလူမျိုးများအလိုက် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဘာသာစကား၊ ကိုယ်ပိုင်စာပေများကို အမြတ်တနိုးတန်ဖိုးထား နေထိုင်ကြသည်ကို တွေ့ရှိရမည် ဖြစ်ပါသည်။ နေထိုင်ရာဒေသ မတူညီသည့်အပြင် ကိုးကွယ်ယုံကြည်မှုများလည်း မတူညီကြပေ။ ဝတ်စားဆင်ယင်မှုများမှာလည်း မိမိတို့၏ ရိုးရာသင်္ကေတများအလိုက် ကွဲပြားခြားနားသွားသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။
တိုင်းရင်းသားလူမျိုးများအနက် ချင်းတိုင်းရင်းသားလူမျိုးစုကြီးတွင် မျိုးနွယ်စု ၅၃မျိုးဖြင့် မြန်မာနိုင်ငံ၏ အနောက်ဖက်ဒေသတွင် နေထိုင်ကြသည်ကို တွေ့ရသည်။ ချင်းတိုင်းရင်းသားများအနက် နာမည်ကြီးသော တိုင်းရင်းသားဝတ်စုံများမှာ ဖလမ်းလူမျိုးတို့၏ ရိုးရာဝတ်စုံ၊ တီးတိန်လူမျိုး တို့၏ ရိုးရာဝတ်စုံ၊ ဇိုမီးလူမျိုးတို့၏ ရိုးရာဝတ်စုံ၊ ဟားခါးလူမျိုးတို့၏ ရိုးရာဝတ်စုံများ ဖြစ်သည်။ ရိုးရာဂျပ်ခုတ် ရက်ကန်းလုပ်ငန်းသည် ဆယ်စုနှစ်များစွာ ချင်းအမျိုးသမီးများ၏ လူသိများပြီး ထင်ရှားကျော်ကြားသော လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ရှေးယခင်က ချင်းလူမျိုးများသည် ကိုယ်တိုင် ဝါပင်များကို စိုက်ပျိုးကြပြီး၊ ရရှိလာသည့်ဝါဂွမ်းများကို ဗိုင်းငင်၊ ချည်ချ၊ ချည်ဆေးဆိုး၍ ချည်ထည်များကို လက်ရက်ကန်းစင်ဖြင့် အဆင်ဒီဇိုင်းမျိုးစုံ၊ တဘက်၊ စောင်၊ လုံချည်(ကွင်းပြည့်)၊ ပတ်လုံချည် အမျိုးမျိုးကို ရက်လုပ်ကြပါသည်။
ချင်းရိုးရာဝတ်စုံများသည် အလွန်လှပပြီး၊ မြန်မာနိုင်ငံသာမက ပြည်ပနိုင်ငံများကပါ ရိုးရာ ဝတ်စုံများကို နှစ်သက်မြတ်နိုးတန်ဖိုးထားကြသည်။ ချင်းအမျိုးသမီးများသည် ရက်ကန်းရက်လုပ်ရာတွင် လူမျိုးစုပေါ်မူတည်၍ အလျားလိုက် အစင်း၊ အကွက် သို့မဟုတ် ပန်းပွင့်ပုံများ၊ ချင်း လူမျိုးတို့၏ သင်္ကေတဖြစ်သည့် အောက်ချင်းငှက် ပုံဖော်ထားသည့် အဆင်ဒီဇိုင်းသည် အခြားဒီဇိုင်းများနှင့် မတူ ပေါ်လွင်ထင်ရှားလှပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးရှိ ကလေးမြို့သည် ခရိုင်ရုံးစိုက် မြို့တစ်မြို့ဖြစ်ပြီး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်း၊ စိုက်ပျိုးမြေကျယ်ပြန့်စွာပေါများခြင်း၊ ရေသယံဇာတကြွယ်ဝခြင်း၊ ရာသီဥတုကောင်းမွန်ခြင်းတို့ကြောင့် ကလေးမြို့တွင် ချင်းတိုင်းရင်းသားများ အခြေချနေထိုင်သူ ပေါများသည်။ ကလေးမြို့တွင် လူဦးရေ သုံးသိန်းခုနှစ်သောင်းကျော် ရှိသည့်အနက် ချင်းတိုင်းရင်းသား တစ်သိန်းခုနှစ်သောင်းကျော်(၄၆ရာခိုင်နှုန်း)ခန့် နေထိုင်သော မြို့တစ်မြို့ဖြစ်ပြီး၊အခြေချနေထိုင်သည့် ချင်းတိုင်းရင်းသားများမှာ ဖလမ်း၊ တီးတိန်၊ ဇိုမီး၊ ဟားခါးဒေသတို့မှ လူမျိုးများ အများစုနေထိုင်သော မြို့တစ်မြို့ ဖြစ်သည်။ ချင်းရိုးရာ ရက်ကန်းပညာကို ဆွေစဉ်မျိုးဆက် အမွေဆက်ခံ၍ ရက်လုပ်လာခဲ့သည်မှာ ယခုကလေးမြို့တွင် ရပ်ကွက်၃ရပ်ကွက်နှင့် ကျေးရွာ ၃ရွာတို့မှ ရက်ကန်းလုပ်ငန်းလုပ်ကိုင်သည့် လုပ်ငန်းရှင် ၆၀ကျော်၊ ရက်ကန်းစင် ၂၄၆စင်ခန့်ဖြင့် ချင်းရိုးရာလုံချည်များကို အစဉ်အလာမပျက် ရက်လုပ်၊ဝတ်ဆင်၊ရောင်းချလျက်ရှိကြောင်း လေ့လာသိရှိရသည်။
ချင်းရိုးရာလုံချည်များရက်လုပ်ရာတွင် အဓိကအနေဖြင့် အိန္ဒိယချည်ကို အသုံးပြုမှုများပြီး၊ အရောင်လိုအပ်ချက်အရ ဒီဇိုင်းများဖော်ရန်အတွက် တရုတ်ချည်များကို အသုံးပြုကြောင်း သိရှိရပါသည်။ အိန္ဒိယချည်တစ်ထုပ် ၆၅ဝဝဝ/-ကျပ်၊ တရုတ်ချည်တစ်ထုပ် ၆၇ဝဝဝ/- ကျပ် ဈေးနှုန်းများဖြင့် ဝယ်ယူရက်လုပ်ကြောင်း သိရသည်။ ရက်ကန်းရက်လုပ်သူများသည် မိမိရက်လုပ်သော အထည် အမျိုးအစား၊ ဒီဇိုင်းပေါ်မူတည်၍ လုပ်အားခ ရရှိပြီး၊ ရိုးရာဝတ်စုံ ရိုးရိုးအထည်များရက်လုပ်မည်ဆိုပါက တစ်ရက်လျှင် နှစ်ထည်ခန့်ပြီးစီး၍ ဒီဇိုင်းဆန်း၍ လက်ကောက်များသည် လုံချည်ရက်လုပ်မည် ဆိုပါက တစ်ထည်ကို နှစ်ရက်ခန့်ရက်လုပ်ရကြောင်း သိရသည်။
ယခု ချင်းတိုင်းရင်းသားရိုးရာဝတ်စုံများအပြင်တဘက်၊ စောင်၊ ဦထုပ်၊ လက်ကိုင်အိတ်၊ ဆံထိုး၊ နားကပ်၊ ရောင်စုံလည်ဆွဲရှည်၊ ဆံအုပ်၊ ကလစ်၊ ဆွယ်တာ၊ ပိုက်ဆံအိတ်နှင့် လွယ်အိတ် စသည့် လူသုံးပစ္စည်းအမျိုးမျိုးကိုလည်း ရက်လုပ်လာကြောင်းသိရသည်။ ချင်းရိုးရာဝတ်စုံ တစ်ထည် လျှင် အနိမ့်ဆုံးဈေးနှုန်း ကျပ်တစ်သိန်းငါးသောင်းမှ အမြင့်ဆုံးဈေးနှုန်း ကျပ် ၁၀သိန်းထိရှိကြောင်း သိရှိရသည်။ အရောင်းအဝယ်အနေဖြင့် ပုံမှန်ရောင်းဝယ်မှုရှိပြီး၊ ဈေးကွက်မှာ ဒေသတွင်းဈေးကွက်၊ ရန်ကုန်၊ မန္တလေး၊ မုံရွာမြို့များအပြင် ယခု ချင်းတိုင်းရင်းသားများသည် နိုင်ငံအနှံ့အပြား နေထိုင် လျက်ရှိသဖြင့် ၎င်းနိုင်ငံများက အမှာစာရှိပါက တင်ပို့ရောင်းချလျက်ရှိကြောင်း ကလေးမြို့ရှိ ချင်းရိုးရာ အထည်ဆိုင်ရှင်တစ်ဦးထံမှ သိရသည်။
ချင်းလူမျိုးများသည် အစဉ်အလာမပျက် ရိုးရာဝတ်စုံများကို ဝတ်ဆင်၍ ဘုရားကျောင်းတက်ခြင်း၊ ဆုတောင်းပွဲအခမ်းအနားများ၊ ဘာသာရေးဆိုင်ရာ ပွဲလမ်းများနှင့် မင်္ဂလာပွဲ အခမ်းအနားများတွင် တူညီဝတ်စုံများ ဝတ်ဆင်သည့်ဓလေ့များကို တန်ဖိုးထားကြသည့်အတွက် ချင်းရိုးရာ လက်ရက်ကန်းလုပ်ငန်းသည် တိမ်ကောပပျောက်သွားမည်မဟုတ်ဘဲ အစဉ်ရှင်သန်လျက်ရှိနေမည်ဟု ယုံကြည်ပါသည်။
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ပြည်တွင်းစီးပွားရေးကို အားပေးဆောင်ရွက်ခြင်းသည် အကောင်းဆုံးနည်းလမ်းတစ်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် ကုန်ထုန်လုပ်မှုလုပ်ငန်းများဖြစ်သည့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး(MSME) လုပ်ငန်းများကို အားပေးကူညီဆောင်ရွက်လျက်ရှိရာ လုပ်ငန်းရှင်များဘက်မှလည်း ဒေသတစ်ခု ထုတ်ကုန်တစ်မျိုးမှသည် ပိုမိုတိုးတက်မှုရှိသည့် ဒေသစီးပွား၊ နိုင်ငံ့စီးပွားရေး ဖြစ်လာစေရန် ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
DOCA(စစ်ကိုင်း)