ပြည်သို့ ခရီးသွားများလာလည်စေချင်

Powered by Drupal
Mon, 10/02/2023 - 15:43 -- consumer_admin

  “ခရီးသွားများ” ဆိုတာ အမှန်တကယ်တော့ လူတိုင်းအားလုံးဟာ ဘာသာရေးရှုထောင့်မှကြည့်မယ်ဆိုရင် သံသရာခရီးသွားများဖြစ်ပြီး လူတိုင်းနီးပါးအားလုံး အကြောင်းအမျိုးမျိုးကြောင့် ခရီးသွားများကြပါသည်။ အလုပ်ကိစ္စ၊ ရုံးကိစ္စများနဲ့ ခရီးသွားကြသလို အလုပ်တာဝန်နှင့်တွဲ၍သော်လည်း အပန်းဖြေခရီးသက်သက်သော်လည်းကောင်း ချစ်ရတဲ့ မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေများနဲ့အတူ ခရီးတွေသွားကြပါတယ်။

     ခရီးသွားခြင်းနှင့်ပတ်သက်၍ ကမ္ဘာလှည့်ခရီးသွားအဖွဲ့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ Tourist တိုးရစ် (သို့) ကမ္ဘာလှည့်ခရီးသည်ဆိုသည်မှာ မိမိတို့အမြဲနေထိုင်ရာဒေသ၏ အပြင် ဘက်တွင် စီးပွားရေးကိစ္စအလို့ငှာ (သို့) တခြားသော အခကြေးငွေမရသည့်အကြောင်း တစ်ခုခုအတွက် ၂၄နာရီနှင့် ၁နှစ်အကြား နေထိုင်သူများကိုခေါ်ဆိုခြင်းဖြစ်ကြောင်း လေ့လာသိရှိရပြီး အနောက်တိုင်းသားများက ခရီးသွားခြင်းကို အသက်ရှည်ဆေးအဖြစ် တင်စားခေါ်ဝေါ်ကြသလို ခရီးသွားခြင်းနဲ့ပတ်သက်ပြီး လေ့လာချက်များအရ ခရီးသွားခြင်းသည် အကောင်းဆုံးသော သင်ကြားမှုတစ်ခုဖြစ်ကြောင်းလည်း လေ့လာသိရှိရပါတယ်။ ခရီးသွားဓာတ်ပုံလေးတွေရိုက်ပြီး Facebook ပေါ် တင်ရုံ၊ Instagram နဲ့ Tiktak ပေါ်တင်ရုံလောက်အတွက်ပဲမဟုတ်ပါဘူး။

          ခရီးသွားခြင်းကြောင့် ဘယ်လိုပညာတွေ သင်ကြားရယူနိုင်မလဲဆိုရင်

(၁)     ဒေသန္တရဗဟုသုတရခြင်း     

ကိုယ်ခရီးသွားရောက်ရှိရာဒေသရဲ့ ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုတွေ၊ ဒေသအစားအစာတွေ၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာ အစရှိတဲ့လုပ်ကိုင်ဆောင်ရွက်မှုတွေကို မြင်တွေ့နိုင်တဲ့အတွက် အသိပညာဗဟုသုတအသစ်တွေရရှိနိုင်ပါသည်။

(၂)      သမိုင်းကြောင်းတွေကို လည်းပြန်လည်သိရှိနိုင်ခြင်း

  ဒီနေရာမှာ ကျွန်မတို့ရဲ့ ပြည်ခရိုင်၊ ပြည်မြို့မှာဆိုရင် ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် ပျူလူမျိုးတို့၏ ရှေးဟောင်းမြို့တော် အသရေမချို့သော သရေခေတ္တရာပျူမြို့ဟောင်းအကြောင်းကို လေ့လာနိုင်သလို သမိုင်းဝင်မြေစိုက်ဘုရားများဖြစ်တဲ့ ဘောဘောကြီးဘုရား၊ ဘုရားကြီးဘုရားနဲ့ ဘုရားမာဘုရားများကိုဖူးမြော်နိုင်မှာ ဖြစ်ပါတယ်။ တစ်ခြားသမိုင်းဝင် နေရာများဖြစ်တဲ့ အာဇာနည် (၉) ဦးထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ သခင်မြရဲ့မွေးရပ်မြေ ပန်းတောင်းမြို့နယ်၊ ထုံးဘိုမြို့၊ လှေဆိပ်မှတစ်ဆင့် ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်၊ သောကြာဒူးကျေးရွာအုပ်စုရှိ အကောက်တောင်သို့သွားရောက်ခြင်းဖြင့် ဧရာဝတီမြစ်ကမ်းပါးယံရှိ ကျောက်သားနံရံများ၊ ရှေးခေတ်ကျောက်ဆစ် ပညာရှင်များတွင် ရေးထွင်းထားသော ရှေးဟောင်းဘုရားဆင်းတုတော်များကိုဖူးမြော်ရခြင်းကြောင့် ရှေးခေတ်သမိုင်းကြောင်းများကို ပြန်လည်သိရှိစေပြီး ဗဟုသုတအသစ်တွေတိုးပွားနိုင်ပါတယ်။ ဒီနေရာမှာ ခရီးသွားခြင်းကို ဘုရင့်နောင်မင်းတရားကြီးက “သမိုင်းကိုသင်လျှင် နန်းစိုက်ရာအရပ်ကို စာမကျက်ဘဲနှင့်သိ” ဟူ၍ တင်စားပြောဆိုခဲ့တာကိုလည်းလေ့လာသိရှိရပါသည်။

(၃)     အတွေးအမြင်သစ်များရရှိနိုင်ပြီး ဖန်တီးနိုင်စွမ်းမြင့်မားလာခြင်း  

    လူတိုင်းအလုပ်တာဝန်တွေ၊ မိသားစုတာဝန်တွေကြားမှာ   တစ်ချိန်လုံးနစ်မြှုပ်ပြီး Robot စက်ရုပ်တွေကို သံပတ်ပေးထားတဲ့အတိုင်း စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ငြီးငွေ့မှုတွေနဲ့အတူ ပိတ်မိနေတတ်ပါတယ်။ အဲဒီလိုအခြေအနေမှာ ကိုယ့်ကိုကိုယ်ရင်းနှီးမြှုပ်နှံမှုပြုလုပ်တယ်လို့သဘောထားပြီး ခရီးထွက်ပေးသင့်ကြောင်း လေ့လာသိရှိရပါတယ်။ စိတ်ဖိစီးမှုကင်းတဲ့ ဦးနှောက်တစ်ခုဟာ ပိုမိုစဉ်းစားတွေးခေါ်နိုင်စွမ်းတွေရှိတဲ့အတွက် ပတ်ဝန်းကျင်အသစ်မှာ ရှုလိုက်ရတဲ့လေကအစ မတူတော့ဘဲ ကိုယ်စိတ်နှစ်ပါးပေါ့ပါးလန်းဆန်းပြီး စိတ်ဖိစီးမှုတွေကနေ လျော့ကျလာကာ စိတ်ခံစားမှုပိုမိုအားကောင်းလာစေပြီး အတွေးအမြင်သစ်တွေတွေးခေါ်နိုင်တာ ဖန်တီးနိုင်စွမ်းတွေ မြင့်မားလာမှာပဲဖြစ်ပါတယ်။

(၄)     ဘာသာစကားအသစ်  တွေနဲဒေသအစားအစာ      အသစ်တွေသင်ယူသိရှိနိုင်ခြင်း

    မတူညီတဲ့ နေရာဒေသပတ်ဝန်းကျင်မှာ တွေ့ရတဲ့ဘာသာစကားအခေါ်အဝေါ်တွေနဲ့ ဒေသအစားအစာတွေဟာ အထူးအဆန်းတွေဖြစ်နေပြီး သင်ယူမှုတွေကြောင့် ဦးနှောက် မှတ်ဉာဏ်ကိုလည်းတိုးပွားစေမှာဖြစ်ပါတယ်။ ဥပမာ- ကျွန်မတို့လို မြန်မာပြည်အောက်ဘက်ပိုင်းမှာနေတဲ့သူတွေအဖို့ ရှမ်းတို့၊ ကချင်တို့ကို အထက်ပိုင်းအရပ်ဒေသတွေကို သွားတဲ့အခါ ဘာသာစကားနဲ့ ဒေသအစားအစာမတူညီမှုတွေဟာ ပိုမိုသိသာထင်ရှားစေမှာဖြစ်ပါတယ်။

(၅)     လူမှုဆက်ဆံရေးအဆင်ပြေခြင်းနှင့် မတူညီသော ရှုထောင့်များဘက်မှ ဖြည့်တွေး ပေးတတ်လာခြင်း

    ခရီးသွားတဲ့အခါ မိသားစုအချင်းချင်း၊ မိတ်ဆွေသူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်း ခရီးစုသွားကြသည့်အတွက် ခရီးစဉ်တစ်လျှောက် တစ်ဦးရဲ့အကျင့်နဲ့စိတ်ဓာတ်ကို တစ်ဦးက သိလာကြပြီး လမ်းခရီးတွင်း မောင်ရင်းနှမကဲ့သို့ စောင့်ရှောက်ကြတဲ့ အလေ့အထကောင်းများရရှိလာမှာဖြစ်ပါတယ်။ အကျင့်စရိုက်နဲ့ စိတ်ဓာတ်တူတဲ့သူအချင်းချင်း ပိုမိုခိုင်မြဲတဲ့ဆက်ဆံရေးကောင်းများကိုလည်းရရှိလာမှာဖြစ်ပြီး မတူညီတဲ့သူများကိုလည်း ခရီးစဉ်ပြီးမြောက်အောင်မြင်ဖို့အတွက် သူ့ဘက်/ ကိုယ့်ဘက် မျှမျှတတဖြင့် မတူညီသောရှုထောင့်များဘက်မှဖြည့်တွေးကာ တစ်ခရီးတည်းသွားသူအချင်းချင်း ပြဿနာမဖြစ်စေဘဲ သည်းခံနားလည်ပေးတတ်လာမှာဖြစ်ပါတယ်။ လူကြီးလူကောင်းဆန်သည့် အတ္တ/ ပရမျှတသည့်စိတ်ဓာတ်များပိုမိုဖြစ်ထွန်းလာမှာ မလွဲဧကန်ပါပဲ။ ခရီးစဉ်အတွင်း မတူညီတာတွေခဏဖယ်ထားပြီး တူညီမှုတွေနဲ့ပေါင်းစည်းရှေ့ဆက်သွားနိုင်တဲ့ Positive Thinking အလေ့အကျင့်ကောင်းတွေလည်းရရှိလာမှာဖြစ်ပါတယ်။ သူ့အမြင်ကိုယ့်အမြင် သူ့အတွေးကိုယ့်အတွေး စသည်ဖြင့် ကိုယ်ချင်းစာတရားများ ရင်မှာကိန်းအောင်းလာကာ စိတ်တည်ငြိမ်အေးချမ်းမှုကိုလည်းရရှိလာမှာဖြစ်ပါတယ်။ ကိုယ်နေထိုင်ရာအရပ်ဒေသသို့ ပြန်ရောက်ချိန်မှာလည်း သူများအတွက် မတွေးပေးမိတာလေးတွေကိုပြန်သုံးသပ်မိပြီး ရှေ့ဆက်သွားရမည့်ဘဝခရီးအတွက် အဆင်ပြေစေမယ့် ကောင်းမွန်တဲ့ပညာတစ်ခုကို ခရီးသွားခြင်းကနေ သင်ယူရာလည်းရောက်ရှိသွားပါတယ်။

(၆)   ကျန်းမာဖို့သင်ယူနိုင်လာခြင်း

   ခရီးသွားသူတွေဟာ နိစ္စဓူဝအလုပ်တာဝန်များထဲမှ ရုန်းထွက်ပြီးသွားရတဲ့အတွက် ပတ်ဝန်းကျင်အသစ်နဲ့ထိတွေ့ရခြင်းကြောင့် စိတ်ဖိစီးမှုလျော့ကျစေမှာဖြစ်ပြီး ခရီးသွားတဲ့အခါ ခံစားရတဲ့စိတ်ပျော်ရွှင်မှုနဲ့ လှုပ်ရှားသွားလာမှုတွေကြောင့် ကိုယ်ခန္ဓာကြံ့ခိုင်မှုတွေနဲ့အတူ နှလုံးကျန်းမာရေးကိုကောင်းမွန်စေပါတယ်။ ခရီးသွားတဲ့အခါ စားချင်တာတွေနဲ့ မစားဖူးသေးတဲ့ဒေသအစားအစာတွေကိုစားနေပေမယ့် သွားချင်တဲ့နေရာတွေကိုလည်း ရောက်အောင်သွားနေရတဲ့အတွက် ဒီလိုလုပ်ဆောင်မှုတွေက ပေါင်ချိန်တွေတိုးမလာအောင် ထောက်ပံ့ပေးနိုင်ပါတယ်။ ခရီးသွားခြင်းအားဖြင့် ကိုယ်ရောစိတ်ပါကျန်းမာစေနိုင်သလို မိမိကိုယ်ကို ကျန်းမာရေးကောင်းအောင် ဂရုစိုက်သင့်တယ်ဆိုတာကို သတိပေးပြီးသားဖြစ်သွားစေပါတယ်။ ဘာ့ကြောင့်လဲဆိုရင် ခရီးသွားခြင်းကြောင့် ရရှိလာတဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေ၊ လူမှုပေါင်းသင်းဆက်ဆံရေးတွေ၊ သမိုင်းကြောင်းတွေ၊ အမြင်ကျယ်စွာတွေးခေါ်နိုင်စွမ်းတွေ စသည်ဖြင့် အများကြီးရရှိတဲ့အတွက် ခရီးသွားခြင်းကိုနှစ်ခြိုက်လာတဲ့အခါ နောက်ထပ်ခရီးတွေအများကြီးသွားနိုင်ဖို့ ကျန်းမာမှ အရာအားလုံးဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက် ကိုယ်ကိုကိုယ်ကျန်းမာရေးဂရုစိုက်သင့်ကြောင်းသိလာပြီး ကျန်းမာရေးနဲ့ညီညွတ်အောင် ဂရုစိုက်နေထိုင်တတ်ဖို့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ သင်ယူလေ့လာရေးတွေကို အထူးသတိပြုလေ့လာသင်ယူမိလာမှာဖြစ်ပါတယ်။

 ခရီးသွားခြင်းကြောင့် ကောင်းကျိုးတွေရရှိသလို ခရီးစဉ်အတွင်း လိုရာခရီးကိုရောက်အောင်သွားရတဲ့အတွက် အိပ်ရေးမဝတာတွေ၊ ယာဉ်မတော်တဆထိခိုက်မှုဘေးအန္တရာယ်တွေ စတဲ့ဆိုးကျိုးများလည်းရရှိနိုင်ပါတယ်။ ထို့ကြောင့် အတွေးမများဖို့နဲ့ ယာဉ်ကိုဂရုစိုက်မောင်းနှင်ဖို့လည်း လိုအပ်မှာဖြစ်ပါသည်။

   ခရီးသွားခြင်းကြောင့် ရရှိမယ့်အကျိုးကျေးဇူးတွေကိုသိရှိသွားပြီဆိုတော့ အားလပ်ချိန်များရှိရင် ပြည်ခရိုင်သို့လာလည်ဖို့ ဖိတ်ခေါ်ချင်ပါသည်။ ပြည်ခရိုင်တွင် မြို့နယ်(၄)မြို့နယ်ရှိပြီး မြေလတ်ဒေသဖြစ်ကာ မြို့နယ်အလိုက် တည်ထားကိုးကွယ်တဲ့အထင်ကရဘုရားများရှိပါသည်။ ပြည်မြို့နယ်ရှိ သုဒဿနတောင်တော်တွင် တည်ထားကိုးကွယ်ထားသော ဟိုးအရင်က မြသိတင်လို့ခေါ်တဲ့ လေးဆူဓာတ်ပျော်ရွှေဆံတော်ဘုရားရှိပြီး တန်ဆောင်မုန်းလတွင် ဘုရားပွဲတော်ကျင်းပလေ့ရှိပါသည်။ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာသူများနှင့်စည်ကားပြီး ပုံမှန်အဓိဋ္ဌာန်ပုတီးစိပ်သူများက ဘုရားပေါ်ရှိ အောင်မြေ (၉)နေရာတွင် အဓိကထားပြီး အဓိဋ္ဌာန်ဝင် ပူဇော်ကြောင်းလည်းသိရပါသည်။  တစ်လက်စတည်း ဆယ်ထပ်ကြီးဘုရားကိုလည်းဖူးမြော်နိုင်ပါသည်။  “ပြည်ဝင် ပြည်ထွက် စီးပွားတက်” ဟုဆိုသည့်အတိုင်း “ပြည်ရောက်ရင် အားလုံးပြေပျောက်ရမယ်၊ မပြေလည်တာရှိရင် ပြည်ကိုဝင်ခဲ့ပါ”  ဆိုတဲ့ အဆိုလေးအတိုင်းပဲ မြန်မာပြည်အနှံ့ ဘုရားဖူးများအနေနဲ့ မင်းကြီးတောင်ပေါ်ရှိ ဒွတ္တပေါင်မင်းကြီး တည်ထားကိုးကွယ်ခဲ့တဲ့ ဝန်ချတောင်တွင် သွားရောက်ဝန်ချတောင်းပန်ဖူးမြော်ခြင်းအားဖြင့် စိတ်၏ဖြေရာအပြစ်များကင်းလွတ်ကာ အားလုံးအဆင်ပြေချောမွေ့စေမှာဖြစ်ကြောင်းနှင့် တစ်လက်စတည်း မင်းတုန်းမင်းကြီးတည်ထားခဲ့တဲ့ လက်ရှင်သစ်ကနက် ရုပ်ပွားတော်မြတ်ကိုလည်းဖူးမြော်နိုင်မှာဖြစ်ပါသည်။ မင်းကြီးတောင်တစ်လျှောက်ရှိ တခြားနေရာများဖြစ်သော သမိုင်းဝင်ဗေဒါရီဂူ၊ ကိုလိုနီခေတ်သပြေသူမရွှေထားစံအိမ်၊ အလောင်းတော်ကဿပတောင်တော်နှင့် ပြည်မြို့မှ ပေါင်းတလည်မြို့နယ်အထွက် လမ်းပေါ်တွင် တည်ထားကိုးကွယ်ထားသော မင်းကြိုက်စိုးကြိုက် ဗေဒင်ယတြာကောင်းသည့် အနန္တသဗ္ဗသိဒ္ဓရွှေလက်ရစေတီတော်မြတ်ကြီးကိုလည်း ဖူးမြော်ပူဇော်နိုင်မှာဖြစ်ပါသည်။

 ပြည်ခရိုင်အတွင်း ပြည်ပနိုင်ငံခြားခရီးသွားများစိတ်ဝင်စားမှုရှိသည့် ပြည်မြို့တောင်ဘက် (၆)ဖာလုံအကွာ မိချောင်းရဲဘက်ရှိ ပြည်မြို့ကျွန်းတော်ကြိုးဝိုင်းတွင် ဗြိတိသျှအစိုးရခေတ် ၁၉၅၂ခုနှစ်၌ မြန်မာနိုင်ငံအလယ်ပိုင်း ပဲခူးရိုးမရဲ့သစ်တောများထိန်းသိမ်းနိုင်ရေး လာရောက်တာဝန်ထမ်းဆောင်ခဲ့တဲ့ ဂျာမန်ရုက္ခဗေဒပညာရှင် ဒေါက်တာဘရင်းဒစ် (Dr Brandis) ထိန်းသိမ်းစောင့်ရှောက်ခဲ့သည့် နှစ်ပေါင်း ၁၆၀သက်တမ်းရှိ ကျွန်းသစ်ပင်ကြီးများကိုလည်းလေ့လာနိုင်သလို ရန်ကုန် - ပြည် လမ်းမကြီးဘေးရှိ ပြည်မြို့နယ်မှ ရွှေတောင်မြို့နယ်သို့ အထွက်တွင်ရှိသည့် နတ်မှော်ဆင်စခန်းသို့လည်းသွားရောက်လည်ပတ်ဆင်စီးနိုင်ပြီး ကျွန်းစိုက်ခင်းများ ကိုလည်းလှည့်ပတ်ကြည့်ရှုလေ့လာနိုင်ပါသည်။ ပြည်မြို့နယ်ရဲ့ အထိမ်းအမှတ်လက်ဆောင်တစ်မျိုးဖြစ်သော နိဗ္ဗိန္ဒတောလက်ဖက်ရှိရာ ရန်ကုန်- ပြည် လမ်းမကြီးဘေး ပြည်မြို့အဝင်ရှိ နိဗ္ဗိန္ဒတောင်တော်၏ ပွဲတော်ကျင်းပသည့် ဝါဆိုလပြည့်ကျော် (၁)ရက်နေ့တွင် ဝါဆိုပန်းခူးပွဲတော်ကိုကျင်းပလေ့ရှိပြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲလည်းကျင်းပကြောင်းသိရပါသည်။ ယာဉ်သွားလာမှုများ အဆင်ပြေချောမွေ့စေရေးအတွက် ရန်ကုန်နှင့် မြန်မာပြည်အောက်ပိုင်း နယ်ပေါင်းစုံမှ ကန်ပေါင်နတ်ကွန်းတွင် လာရောက်ပူဇော်ပသမှုများပြုလုပ်ကြောင်းလည်းသိရပါသည်။

      ဆက်လက်၍ ၂၀၁၄ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည့် သရေခေတ္တရာပျူမြို့ဟောင်းသို့လည်း သမိုင်းကြောင်းလေ့လာရေးခရီးအဖြစ် လာရောက်လည်ပတ်လို့ရပြီး သရေခေတ္တရာပျူမြို့ဟောင်းသည် အေဒီ ၄ရာစု မှ ၉ရာစုအတွင်း ထွန်းကားခဲ့တဲ့ ရှေးပျူမြို့ဟောင်းတစ်ခုဖြစ်ကာ ပြည်မြို့ရဲ့ အရှေ့တောင်ဘက် ၅မိုင်ခန့်အကွာ မှော်ဇာကျေးရွာတွင်တည်ရှိ၍ အခြားပျူမြို့ဟောင်းများဖြစ်သည့် မကွေးခရိုင် (ဗိဿနိုး)နှင့် ရွှေဘိုနယ်ရှိ (ဟန်လင်း) တို့နှင့်နှိုင်းယှဉ်လျှင် သရေခေတ္တရာသည် အရွယ်အစားအကြီးဆုံးဖြစ်ကာ စတုရန်းမိုင်ပေါင်း ၅မိုင်ခွဲပတ်လည်ရှိကြောင်းလည်းလေ့လာသိရှိရပါသည်။ မြို့ရိုးမှာ အဝိုင်းပုံသဏ္ဌာန်တည်ရှိပြီး ၅ဒသမ ၅စတုရန်းမိုင်ဧရိယာကျယ်ဝန်းကာ လေးထောင့်ပုံမြို့ရိုးများထက် ပို၍ရှေးကျကြောင်းသိရပြီး မြန်မာရာဇဝင်အရ သရေခေတ္တရာမြို့ကြီး၌ တံခါးကြီး ၃၂ခု၊ တံခါးငယ် ၃၃ခုနှင့် မှော်ဇာအပါအဝင် ကျေးရွာပေါင်း ၁၇ရွာပါဝင်ကြောင်းလည်းလေ့လာသိရှိရပါသည်။ သရေခေတ္တရာဟူသည့် စကားလုံးမှာ ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံသောမြို့ဟု အဓိပ္ပါယ်ရပြီး ယခုထက်တိုင် ' အသရေမချို့တဲ့ သရေခေတ္တရာ ပြည်မြို့ ' ဟုတင်စားခေါ်ဝေါ်မှုရှိနေပါတယ်။ သရေခေတ္တရာ ပျူမြို့ဟောင်းအလယ်ဗဟိုမှာ နန်းတော်ကုန်းလို့ခေါ်တဲ့ စတုဂံအုတ်ရိုးကာထားတဲ့ ကုန်းမို့မို့ကိုတွေ့နိုင်ပြီး တောင်ဘက်မြို့ရိုးအပြင်ဘက်မှာ အရှေ့ပျူတိုက်၊ အနောက်ပျူတိုက်နဲ့ ဗိဿနိုးမိဖုရားသင်္ချိုင်းတို့တည်ရှိပါတယ်။ အလားတူ ရဟန္တာဂူဘုရား၊ ရဟန္တာရေကန်၊ သံမယ်နုပန္နစိုက်ရာနေရာ၊ မြို့ဝင်တံခါးပေါက်တွေ၊ မသီးကျကုန်း၊ ဦးဘခင်ကုန်း၊ ဘုရားထောင်၊ ကုန်းအမှတ် ၅၃ပျူသင်္ချိုင်းရှိ အရိုးပြာအိုး စတာတွေကိုလေ့လာနိုင်သလို အားလုံးဟာ အုတ်ရိုးတွေ၊ အုတ်ပုံတွေဖြစ်ပေမယ့် ခေတ်ဟောင်းနဲ့ခေတ်သစ်ကိုဆက်သွယ်ပေးတဲ့ ခံစားချက်မျိုးကိုရရှိနိုင်မှာဖြစ်ပြီး တစ်လက်စတည်း ဘောဘောကြီး၊ ဘဲဘဲကြီးဂူ၊ အောင်မြင်မာဟု၊ ဘုရားမာ၊ ဘုရားကြီး စတဲ့ ပျူခေတ်ရှေးဟောင်းဘုရားလက်ရာများကိုလည်း ဖူးမြော်ပူဇော်နိုင်မှာဖြစ်ပါတယ်။ မှော်ဇာကျေးရွာမှာတည်ရှိတဲ့ သရေခေတ္တရာယဉ်ကျေးမှုပြတိုက်တွင်လည်း ပျူခေတ်ယဉ်ကျေးမှုကချေသည် ကြေးရုပ်တုတွေ၊ ဒင်္ဂါးတွေ၊ ဆင်းတုတော်တွေ၊ ရွှေပေလွှာတွေ၊ ပျူခေတ်အသုံးအဆောင်များဖြစ်တဲ့ မြေအိုး၊ မြေခွက်၊ ပျူပုတီးတွေနဲ့ ပျူခေတ် ရွှေပန်းတိမ်၊ ငွေပန်းတိမ်လက်ရာ၊ ဗိသုကာလက်ရာများကိုလေ့လာနိုင်မှာဖြစ်ပါတယ်။ မှော်ဇာရှေးဟောင်းနယ်မြေထဲမှာ ပျူခေတ်ရဲ့ ဒဏ္ဍာရီအဖြစ်ထင်ရှားတဲ့ သုံးပန်လှမင်းသမီးနတ်ကွန်းနဲ့ လက်သည်းရေကန်ကျောင်းတိုက်ကိုလည်း လည်ပတ်ကြည့်ရှုလေ့လာနိုင်မှာဖြစ်ပါတယ်။

     ဆက်လက်၍ ပြည်မြို့ရဲ့ အနောက်ဘက်ကမ်း ပန်းတောင်းမြို့နယ်ရှိ မုနိလေးဆူတွင် တစ်ဆူအပါအဝင်ဖြစ်သော ရွှေဘုံသာမုနိဘုရား၊ ပရဟိတအောင်တော်မူစေတီ (ဦးကျော်သူတည်ထားလို့ ကျော်သူဘုရားလို့ လူသိများပါသည်။) ကျော်သူဘုရားမှာ ဓာတ်ဖမ်းဖို့ လှတဲ့နေရာလေးတွေစုံလင်စွာရှိပါတယ်။ ကျောက်ဖြစ်ရုပ်ကြွင်းလိပ်ခွံကြီး၊ ကံငါးပါးစေတီတော်၊ ငရဲခန်းသရုပ်ဖော်အရုပ်တွေ၊ ပုသိမ်ထီးအလှဆင်နေရာ စသည်ဖြင့် စုံလို့ပါပဲ။ ရွှေဘုံသာဘုရားနဲ့ ကျော်သူဘုရားအပြန်လမ်းမှာ မြန်မာပြည်ရဲ့ အသက်သွေးကြောအဖြစ် တင်စားရလောက်တဲ့ ဧရာဝတီမြစ်ကြီးနဲ့ နဝဒေးတံတားအလှကိုကြည့်ရှုခံစားအမောပြေစေဖို့ River Bank ကိုလည်းဝင်ရောက်လည်ပတ်လေ့လာကြည့်ရှုခံစားနိုင်ပါသေးတယ်။ ထို့နောက် ပန်းတောင်းမြို့ရဲ့ အထင်ကရဘုရားတစ်ဆူဖြစ်တဲ့ မြတ်စွာဘုရားရှင်ကြွချီခဲ့ရာ ပွေးဖို၊ ပွေးမ ရာဇဝင်တွင် အမုန်းပွားခဲ့တဲ့ သမိုင်းဝင်နေရာ တောင်တော်ပေါ်မှာ တည်ထားကိုးကွယ်ထားတဲ့ ဖိုးဦးတောင်စေတီတော်ကိုလည်း သွားရောက်ဖူးမြော်နိုင်ပါတယ်။ ဒေသခံဘုရားဖူးများအနေနဲ့ ဖိုးဉီးတောင်ဘုရားပွဲတော်ကျင်းပရာ တပို့တွဲလပြည့်နေ့တွင် ပြည်မြို့၊ ရွှေဆံတော်ဘုရားတွင် အဆိုပါတပို့တွဲလပြည့်နေ့မှာပူဇော်တဲ့ ဉာဏ်ရိုးပူဇော်ပွဲအပြီး စက်လှေများဖြင့် ဖိုးဦးတောင်သို့ တစ်လက်စတည်းသွားသည့်ဓလေ့ရှိပါသည်။ ဆက်လက်ပြီး မြန်မာပြည်အနှံ့ဘုရားဖူးခရီးစဉ်များထဲတွင် တစ်ခုအပါအဝင်ဖြစ်တဲ့ ပြည်ခရီးစဉ်လို့ဆိုလိုက်တာနဲ့ အကောက်တောင်ဘုရားဖူးခရီစဉ်ဟာ မပါမဖြစ်ခရီးစဉ်တစ်ခုပါပဲ။ အကောက်တောင်သည် ပဲခူးတိုင်း၊ ပြည်ခရိုင် ပန်းတောင်းမြို့နယ်၊ ထုံးဘိုမြို့အဆုံးနှင့် ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်အစ သောကြာဒူးကျေးရွာအုပ်စု၌ တည်ရှိပါသည်။ ပြည်မြို့မှ ထုံးဘိုမြို့သို့ ကားလမ်းဖြင့် မိုင် ၄၀ခန့်သွားရပြီး ထုံးဘိုမြို့မှတစ်ဆင့် အကောက်တောင်သို့ လှေဆိပ်မှ စက်လှေဖြင့် မိနစ် ၂၀ခန့်အကြာတွင် အကောက်တောင်သို့ရောက်ရှိပြီဖြစ်ပါသည်။ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းတို့ နယ်နိမိတ်ချင်းဆုံဆည်းရာ ဧရာဝတီမြစ်ကမ်းပါးယံရှိ ကျောက်သားနံရံများတွင် ကျောက်ဆစ်ပညာရှင်များရေးထွင်းတားသော ဗုဒ္ဓဆင်းတုတော်များကို စက်လှေဖြင့် အကောက်တောင်သို့သွားရာလမ်းတွင် ဖူးမြော်နိုင်မှာပဲဖြစ်ပါသည်။ ရှေးအခါက အကောက်တောင်နေရာသည် လှေသင်္ဘောများကို အခွန်ကောက်ယူရာနေရာဖြစ်ခဲ့တာကြောင့် လှေသင်္ဘောများနဲ့ပါလာကြတဲ့ ကျောက်ဆစ်ပညာရှင်များက ကျောက်တောင်ကမ်းပါးယံကြီးများကိုထွင်းထု၍ နှောင်းလူတို့ဖူးမြော်ပူဇော်နိုင်ရန် မိမိတို့တက်မြောက်ထားတဲ့ပညာများဖြင့် လုပ်အားဒါနပြုခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ မြစ်ကမ်းပါးယံတွင် ထိုင်တော်မူဗုဒ္ဓဆင်းတုတော် (၂၄၆)ဆူ၊ ရပ်တော်မူဗုဒ္ဓဆင်းတုတော် (၁၅)ဆူရှိကြောင်းသိရပြီး လက်ရာများမှာ ကုန်းဘောင်ခေတ်လက်ရာ အများဆုံးဖူးမြော်နိုင်မှာဖြစ်ကာ အင်းဝခေတ်လက်ရာအချို့လည်းပါဝင်နေကြောင်း လေ့လာသိရှိရပါသည်။ အကောက်တောင်ပေါ်ရောက်သည်နှင့် လှေကားမှတစ်ဆင့်တက်လာရသော မောပန်းမှုများပြေပျောက်ကာ တောင်ပေါ်လေ၏လတ်ဆတ်မှုကြောင့် ကိုယ်စိတ်နှစ်ပါးပေါ့ပါးလန်းဆန်းပြီး စိတ်ဖိစီးမှုများမှ ကင်းဝေးစေမှာဖြစ်ပါသည်။ အကောက်တောင်ပေါ်တွင် ရွှေမြင်းတင်စေတီတော်နှင့် သာသနိကအဆောက်အဦများရှိပြီး အကောက်တောင်ဆရာတော်က လှူးဒါန်းကျွေးမွေးသော သက်သက်လွတ်လွတ်စတုဒီသာထမင်းဟင်းများကိုလည်း စားသုံးနိုင်မှာဖြစ်ပါသည်။

    ထို့နောက် ပြည်ခရိုင်အတွင်းရှိ ရွှေတောင်မြို့နယ်တွင်လည်း အထင်ကရဘုရားတစ်ဆူဖြစ်တဲ့ တပေါင်းလပြည့်နေ့မှာ ပွဲတော်ကျင်းပလေ့ရှိတဲ့ ရွှေနတ်တောင်ဘုရားကို လည်းသွားရောက်ဖူးမြော်နိုင်ပါတယ်။ 'ပဲခူးတိုင်းက မြို့ရွှေတောင် ကုက္ကိုလ်ပင်တန်းလမ်းကလေး ၄မိုင်ကျော်အဝေးမှာ လူတစ်ရစ်နတ်တစ်ရစ်တည်လို့ထား ရွှေနတ်တောင်ဘုရား' မှာလည်း စာဆိုရှိကြောင်းသိရပါသည်။ ရွှေတောင်မြို့နယ်ရဲ့ ထူးခြားမှုတစ်ခုဖြစ်တဲ့ ရွှေမျက်မှန်ဘုရား၊ ရွှေပြောင်ပြောင်ဘုရား၊ ပြည်လုံးချမ်းသာဘုရား စတဲ့ဘုရားသုံးဆူရဲ့ တစ်ပြိုင်တည်း နတ်တော်လပြည့်တွင် ဘုရားပွဲကျင်းပခြင်းပဲဖြစ်ပါတယ်။ ပြည်မြို့အတွက် ရွှေတောင်မြို့နယ်အစတွင် ရဟန္တာ(၈၀) မဟာသိမ်တော်ကြီးနှင့် ကမ္ဘာလုံးဆိုင်ရာ ပြည်လုံးချမ်းသာဘုရားကိုလည်း ခရီးသွားရင်း ရန်ကုန်-ပြည် လမ်းမကြီးဘေးတွင်ရှိသည့်အတွက် ဝင်ရောက်ဖူးမြော်နိုင်ပါသည်။

      ဆက်လက်၍ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် တည်ရှိတဲ့ ကမ္ဘာလှည့်ခရီးသွားများအကြိုက်ဖြစ်သည့် ယခုနောက်ပိုင်း ခရီးသွားအစီအစဉ်များတွင် ပါဝင်လာပြီဖြစ်သည့် Bago Yoma Eco Resort နေရာလေးကို ခရီးသွားလာရောက်ကြည့်ရှုခံစားဖို့ ဖိတ်ခေါ်ခင်ပါတယ်ရှင်။ မြို့ပြရဲ့မွန်းကြပ်မှုတွေကနေ ခဏတာလွတ်မြောက်ဖို့လိုအပ်နေသူများအတွက် စိမ်းလန်းတဲ့ပဲခူးရိုးမသစ်တောကြီးထဲက ကျွန်းသစ်ပင်တွေနဲ့အတူ Forest Zone လေးတစ်ခုဖြစ်တဲ့ သဘာဝတောတောင်ရေမြေအလှရှိရာ Eco Resort ဟာဆိုရင် ပြည်မြို့နဲ့ ၄၃မိုင်ဝေးကွာပြီး ပေါက်ခေါင်း-အုတ်တွင်း-ရိုးမဖြတ်လမ်းပေါ်ရှိ တောင်နဝင်းကြိုးဝိုင်းသစ်တောမှာ တည်ရှိပါသည်။ ကမ္ဘာလှည့်ခရီးသွားများအကြိုက် ကျွန်းသစ်စိုက်ခင်းများကိုတွေ့ရှိရမှာဖြစ်ပြီး ပဲခူးရိုးမရဲ့အလှကို လွှမ်းခြုံကြည့်ရှုခံစားနိုင်ဖို့ စိုင်ကျတောင်ထိပ်ကိုသွားမယ့် Trekking Tour ခရီးစဉ်လေးနဲ့လည်းလိုက်ပါနိုင်မှာဖြစ်ပါသည်။ လမ်းအများကြီးမလျှောက်နိုင်တဲ့ ခရီးသွားများအတွက် Resort ကစီစဉ်ပေးတဲ့ Tractor ကားလေးနဲ့ဖြစ်ဖြစ်၊ Mourtain Bike စက်ဘီးလေးစီးလို့ပဲဖြစ်ဖြစ် ပဲခူးရိုးမတစ်ခွင် လှည့်ပတ်ကြည့်ရှုနိုင်မှာဖြစ်ပါသည်။ သစ်ပင်စိုက်ဝါသနာပါသူများအနေနဲ့လည်း အမှတ်တရအပင်လေးများကို မိမိတို့နှစ်သက်ရာနာမည်လေးနဲ့ အမှတ်တရစိုက်ပျိုးနိုင်ပြီး ရိုးမမှာရှိတဲ့ ဆင်လေးနှစ်ကောင်ကိုလည်း Elephant Showering အစာကျွေး၊ ရေချိုးပေးလို့ရကြောင်းသိရပါသည်။ မိုးရာသီမှာ ရောက်သွားခဲ့ရင်တော့ ပဲခူးရိုးမအတွင်းက သဘာဝရေတံခွန်လေးတွေဖြစ်တဲ့ ချင်းရဲရေတံခွန်နဲ့ ကရင်မသေရေတံခွန်တို့ကိုသွားရောက်လည်ပတ်နိုင်ပြီး ဆောင်းရာသီမှာဆိုရင်တော့ ငှက်ကြည့်ခရီးစဉ် Bird Watching Tour ရှိတဲ့အတွက် ပဲခူးရိုးမအတွင်းက ငှက်မျိုးစိတ်မျိုးစုံကို သွားရောက်ကြည့်ရှုလေ့လာနိုင်ကြောင်းသိရပါသည်။

   Bago Yoma Eco Resort နေရာလေးမှာ နိုင်ငံကျော်သရုပ်ဆောင်များဖြစ်တဲ့ ကျော်ရဲအောင်၊ ပြေတီဦး၊ ဗေလုဝ၊ သင်ဇာဝင့်ကျော်တို့ခေါင်းဆောင်ပါဝင်ထားတဲ့ ' တိုးကျော်မန်းနဲ့ နန်းဆန်တဲ့ရွာ ' ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးခဲ့ကြောင်းလည်းသိရပါသည်။ အလည်အပတ်သဘောမျိုးပဲလာလာ၊ တစ်ညအိပ်နှစ်ညအိတ်တည်းခိုလို့ပဲဖြစ်ဖြစ် လာရောက်လည်ပတ်မယ်ဆိုရင် ကျွန်းသစ်များနဲ့ အခန်းတိုင်းလိုလို၊ နေရာတိုင်းလိုလိုကို အလှဆင်ဆောက်လုပ်ထားပြီး မြင်နေကျနေရာမျိုးမဟုတ်ဘဲ သဘာဝဆန်တဲ့အလှအပများနဲ့ လတ်ဆတ်တဲ့လေကိုရှူရှိုက်ရတဲ့အတွက် idea အသစ်တွေရရှိပြီး ဖန်တီးနိုင်စွမ်းတွေမြင့်မားလာမှာပဲဖြစ်ပါသည်။ အစားအသောက်အနေနဲ့လည်း Eco Resort ဖြစ်တဲ့အတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရေးဆောင်ရွက်တာဖြစ်လို့ တောတွင်းမို့ တောကောင်သားများစားရမယ်လို့မထင်ပါနဲ့။ တောတွင်းသားများမရပါဘူး။ Eco Resort မှာ ကိုယ်တိုင်စိုက်ပျိုးတဲ့ စိုက်ခင်းများမှရရှိတဲ့ လတ်ဆတ်တဲ့သီးနှံများနဲ့ချက်ပြုတ်ထားတဲ့ ဟင်းလျာများကိုသုံးဆောင်နိုင်မှာဖြစ်ပြီး နွားမွေးမြူရေးခြံလေးထဲမှ သဘာဝနွားနို့စစ်စစ်လေးကိုလည်းသောက်သုံးလို့ရနိုင်ကြောင်းသိရပါသည်။ Bago Yoma Eco Resort မှာအထိမ်းအမှတ်နေ့အလိုက် Package လေးတွေစီစဉ်ထားရှိပြီး ဆောင်ရွက်လျက်ရှိရာ (ဥပမာ- Happy New Year Countdown အစီအစဉ်၊ Christmas နေ့အထိမ်းအမှတ်၊ Thingyan Special Promotion, Adventures Trip Activities မင်္ဂလာမောင်နှံများ Pre-Wedding အလှအပပုံလေးများဖန်တီးချင်သူများအတွက် အဆင်ပြေဖို့ Pre-Wedding Package လေးလည်းစီစဉ်ပေးပါကြောင်း၊ Eco Resort ရဲ့ အလှပဆုံးအချိန်ဖြစ်တဲ့ Monsoon Season မိုးရာသီ Package လေးလည်းရှိကြောင်း၊ ပတ်ဝန်းကျင်ဆူညံမှုကင်းဝေးပြီး အေးချမ်းတိတ်ဆိတ်တဲ့နေရာလေးဖြစ်တဲ့အတွက် Company နှစ်ပတ်လည်အခမ်းအနားတွေ၊ လုပ်ငန်းခွင်ဆိုင်ရာ အရေးကြီးတဲ့အစည်းအဝေးတွေနဲ့ စာတမ်းဖတ်ပွဲများကျင်းပရန် Seminar နဲ့ Meeting Room များလည်းရှိကြောင်းသိရပါသည်။ Car Package များနဲ့လည်းချိတ်ဆက်ပြီး လာရောက်နိုင်ကြောင်း၊ တောတွင်းဖြစ်လို့ ဖုန်းလိုင်းမမိပေမယ့် Wifi သုံးလို့ရကြောင်းလည်းသိရပါသည်။ Package အစီအစဉ်များအကြောင်း အသေးစိတ်သိရှိလိုပါက Facebook Page ရဲ့ Search မှာ Bago Yoma Eco Resort ဟုရိုက်ရှာပြီး ကြည့်ရှုလေ့လာနိုင်ကြောင်း သတင်းကောင်းပါချင်ပါသည်။

     ၁၉၈၀ခုနှစ်တွင် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ (UNWTO) United Nation World Tourism Organization မှ ခရီးသွားလုပ်ငန်းအား နိုင်ငံအသီးသီး၏ အဓိကစီးပွားရေး မောင်းနှင်အားတစ်ရပ်အဖြစ် ပူးပေါင်းဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ UNWTO စတင်တည်ထောင်ခဲ့တဲ့ နှစ်ပတ်လည်နေ့ဖြစ်သည့် စက်တင်ဘာလ(၂၇)ရက်နေ့ကို ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အဖြစ် သတ်မှတ်ခဲ့ကြောင်းသိရပြီး မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာခရီးသွားလုပ်ငန်းအဖွဲ့ကို ၂၀၁၂ ခုနှစ်မှစတင်၍ အဖွဲ့ဝင်နိုင်ငံအဖြစ် ပြန်လည်ဝင်ရောက် ခဲ့ကာ နှစ်စဉ် စက်တင်ဘာ(၂၇)ရက်နေ့ရောက်တိုင်း ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းမြှင့်တင်ရေးအတွက် ကျွန်မတို့ဌာနရဲ့ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကျင်းပသလိုပဲ စာစီစာကုံးပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲ၊ ဓာတ်ပုံပြိုင်ပွဲ စသည်တို့အပြင် မြန်မာနိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းများမှ အရည်အသွေးမြှင့်တင်မှုရှိစေရန် အကောင်းဆုံးဟိုတယ်ဆုများနှင့် အကောင်းဆုံးခရီးသွားကုမ္ပဏီဆုများကိုလည်း ရွေးချယ်ဆုချီးမြှင့်ပေးအပ်ကြောင်းလည်းသိရှိရပါသည်။

  Covid – 19 ကပ်ရောဂါနှင့် လုံခြုံရေးအခြေအနေများအရ ခရီးသွားလာခြင်းများကို မဖြစ်မနေသွားရသည့်ကိစ္စများမှအပ အပျော်ခရီး၊ အပန်းဖြေခရီးများမသွားဖြစ်ကြသည်မှာ ၂၀၁၉ခုနှစ်ကုန်မှစပြီး ယခု ၂၀၂၃ခုနှစ်ဆိုလျှင် ၅နှစ်အတွင်းသို့ ဝင်ရောက်လာပြီဖြစ်ပါသည်။ ယခုလိုခရီးသွားနားထားရသည်မှာ ကြာမြင့်ပြီဖြစ်၍ ယခုအခါ ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးလာစေရန်အတွက် နိုင်ငံတော်အစိုးရ၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းရှင်များ၊ ဟိုတယ်/တည်းခိုခန်းလုပ်ငန်းရှင်များ၊ အစားအသောက်ရောင်းချသည့်လုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူလူထုများအားလုံး ယုံကြည်မှုရှိစွာအရှိန်အဟုန်မြှင့်ပြန်လည်ပူးပေါင်းလုပ်ဆောင်သွားရန် လိုအပ်မှာဖြစ်ကြောင်း ၂၀၂၂ခုနှစ်၊ ဩဂုတ်လအတွင်း ပြည်ခရိုင်သို့လာရောက်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတော်ဝန်ကြီးချုပ်လမ်းညွှန်ချက်ထဲတွင် ထည့်သွင်းပြောကြားခဲ့ပြီး ပြည်ခရိုင်အတွင်း ပြည်တွင်း/ပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်သောနေရာများစွာရှိသည့်အပြင် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် သရေခေတ္တရာပျူမြို့ဟောင်းတည်ရှိတဲ့အတွက် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့ ပဲခူးတိုင်းဒေသကြီးအစိုရအဖွဲ့မှ ယဉ်ကျေးမှုဇုန်တစ်ခုလုံးကို ခြုံငုံမြင်တွေ့လေ့လာနိုင်ရန် View Point မျှော်စင်တစ်ခုကို ပျူမြို့ဟောင်းအတွင်းရှိ သောင်းပြည်ကုန်းတွင် တည်ဆောက်မည်ဖြစ်ကြောင်းနှင့် ခရီးသွားကျယ်ဝန်းလွတ်လပ်စွာသွားလာနိုင်ရေး (၄)လမ်းသွားကားလမ်းဖောက်လုပ်မည်ဖြစ်ရာ ပျူမြို့ဟောင်းသို့ သွားရာလမ်းတစ်လျှောက်၌ ရှင်းလင်းရေးလုပ်ငန်းများကို ၂၀၂၂ခုနှစ် အောက်တိုဘာမှစတင်၍ ဆောင်ရွက်လျက်ရှိကြောင်းသိရပါသည်။

    နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ ကျမတို့ပြည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဟိုတယ်နှင့်ခရီးသွားလာရေးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဌာန၊ စည်ပင်သာယာရေးအဖွဲ့အစည်းများနှင့်ပူးပေါင်းကာ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ပြည်ပခရီးသွားများ အဆင့်အတန်းမြင့်စွာတည်းခို/ စားသောက်/ အပန်းဖြေနိုင်ရေးအတွက် ပြည်မြို့ပေါ်ရှိ အဆင့်မြင့် Coffee Shop ကော်ဖီဆိုင်များ၊ Bakery ပေါင်မုန့်/ ကိတ်မုန့်ရောင်းချသော မုန့်တိုက်ဆိုင်ကြီးများသို့သွားရောက်၍ ဆိုင်ခင်းကျင်းမှုအပြင်အဆင် သေသပ်လှပသန့်ရှင်းမှုရှိစေရေး ဘေးအန္တရာယ်ကင်းရှင်းစွာအစားအသောက်များထုတ်လုပ်ရောင်းချမှုရှိစေရေးနှင့် စားသုံးသူသို့ တိကျမှန်ကန်ရိုးရှင်းသော ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ဆိုင်ရာ သတင်းအချက်အလက်များပေး၍ မှန်ကန်စွာရောင်းချမှုရှိစေရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။

    သို့ဖြစ်ပါ၍ ပြည်ခရိုင်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် ဘုရားစေတီပုထိုးများ၊ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် ပျူမြို့ဟောင်းနှင့် အထင်ကရမြို့နယ်အလိုက် တည်ထား ကိုးကွယ်သည့်ဘုရားစေတီများ၊ နံရံကျောက်ဆစ်ဗုဒ္ဓဆင်းတုတော်များ၊ သဘာဝတောတောင်အလှအပရှုခင်းများရှိရာ Forest Zone Eco Resort အစရှိတဲ့နေရာများသို့ လာရောက်လည်ပတ်ဖို့ ထပ်မံဖိတ်ခေါ်လိုပါသည်။ ခရီးသွားရင်းဖြင့် ယာဉ်လိုင်းဝန်ဆောင်မှုများ၊ Package ဝန်ဆောင်မှုများ၊ ဟိုတယ်/ တည်းခိုခန်းဝန်ဆောင်မှုများ၊ စားသောက်ဆိုင်ဝန်ဆောင်မှုများ၊ ကုန်စည်ဝယ်ယူအသုံးပြုမှုများ အစရှိတဲ့သုံးစွဲမှုများကြောင့် တစ်စုံတစ်ရာနစ်နာဆုံးရှုံးမှု၊ စိတ်မကျေနပ်မှုများရှိခဲ့ပါက ကျွန်မတို့ပြည်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၏ CICC (Consumer Information and Complaint Center) စားသုံးသူ သတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာသို့ လူကိုယ်တိုင်လာရောက်တိုင်ကြားလို့ပဲဖြစ်ဖြစ်၊ ဖုန်းနံပါတ် ၀၅၃-၂၀၂၈၀၂၀ သို့ ဖုန်းဆက်၍ပဲဖြစ်ဖြစ် တိုင်ကြားလို့ရနိုင်ကြောင်း၊ စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရရှိစေရေးတို့အတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည်၊ ဝန်ဆောင်မှုများကိုဖော်ဆောင်ဖြည့်ဆည်းနိုင်စေရန် ကျမတို့စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အစဉ်တစိုက် အလေးဂရုပြုလုပ်ဆောင်လျက်ရှိပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)