ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ဒေသထွက်ကုန်တစ်မျိုး ဖြစ်သည့် “မောက်မယ်ရှောက်ချိုသီး” ဟာဆိုရင် စက်တင်ဘာလ တတိယအပတ်မှစ၍ ဈေးကွက် ရောက်ရှိလာပြီဖြစ်ပါတယ်။ ရှမ်း(တောင်)မှထွက်ရှိတဲ့ ရှောက်ချိုသီးများအနက် မောက်မယ်ရှောက်ချိုသီးဟာ အေး၍ချိုမြသော အရသာရှိပြီး အရည်ရွှမ်းအခွံပါးတဲ့ အသီးမျိုးဖြစ်တဲ့အတွက် ကိုယ်ခံစွမ်းအားကို တိုးမြှင့်စေပါတယ်။ ဒါကြောင့် မောက်မယ်ရှောက်ချိုသီးဟာ “စားသုံးသူများရဲ့ အသည်းစွဲ” ဆိုရင်လည်း မမှားပါ။
မောက်မယ်မြို့နယ်အတွင်းရှိ နမ့်လွတ်၊ ဖာဟင်၊ ကွန်ခံ၊ ဝမ်နားနှင့် ကဒူးလေး ကျေးရွာများတွင် စိုက်ပျိုးထားရှိသဖြင့် ရှောက်ချိုသီးကုန်သည်များဟာ ကျေးရွာ(ခြံ)များအထိ သွားရောက်၍ ခြံပြတ် ဝယ်ယူရောင်းချနေကြောင်း သိရှိရပါသည်။ ရှောက်ချိုသီးများကို ပီနံအိတ်ဖြင့် ထည့်၍ သယ်ယူလေ့ရှိပါသည်။ “တစ်နှစ်တစ်ခါပေါ်လို့လာ”ဟု ဆိုလိုက်လျှင် “မှို” ကို မြင်မိကြသလို “ရှောက်ချိုသီး” ဆိုတာနဲ့ “မောက်မယ်ရှောက်ချိုသီး” ဟာ ဒီနှစ် ဒီအချိန်မှာတော့ ရာသီပေါ် သီးနှံလေးအဖြစ် ဈေးကွက် စတင် ဝင်ရောက်နေပြီဖြစ်ပါသည်။ စက်တင်ဘာလမှာ စတင်ထွက်ရှိပြီး အောက်တိုဘာလတွင် လှိုင်လှိုင်ပေါ်သည့် သီးနှံတစ်မျိုးဖြစ်ပါသည်။ ဈေးကွက်စတင် ဝင်ရောက်ချိန်တွင် ရှောက်ချိုသီးတစ်လုံးကို ၆ဝဝ ကျပ် မှ ၁ဝဝဝ ကျပ်အထိ ဈေးကောင်းရရှိသဖြင့် စိုက်ပျိုးသူတောင်သူများ အကျိုးအမြတ်ရရှိပြီး စားသုံးသူများ၏ ကျန်းမာရေးကိုလည်း အထောက်အကူ ပြုသည့် သီးနှံဖြစ်ပါကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။
DOCA( ရှမ်း)