တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြည်ပဝင်ငွေရရှိနေသော ဝါးအခြေခံလက်မှုပစ္စည်းများ

Powered by Drupal
Mon, 10/09/2023 - 13:00 -- consumer_admin

ဝါးပင်

     ဝါးပင်သည် ဥရောပတိုက်မှအပ အရှေ့အာရှတိုက်နှင့် တောင်အာဖရိကတိုက်များတွင် ပေါများစွာပေါက်ရောက်လေ့ရှိသည်။ မြန်မာနိုင်ငံတွင် ဝါးပင်သည် သဘာဝပေါက်ပင်အဖြစ် အလယ်ရိုးမ၊ ပဲခူးတိုင်း၊ အနောက်ရိုးမ၊ ရခိုင်ပြည်နယ်၊ ရှမ်းကုန်းပြင်မြင့်၊ အထက်ချင်းတွင်းခရိုင်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး၌ ပေါများစွာပေါက်ရောက်သည်။ ဝါးသည် အမြစ်တစ်ခုတည်းတွင် ပင်စည်ပေါင်း ၁ဝဝခန့်အထိပေါက်ရောက်နိုင်ရာ တချို့မှာ ပေ၃ဝ၊ ပေ၅ဝနှင့် ပေ၁ဝဝအထိပင်မြင့်နိုင်လေသည်။ ပေါက်ရောက်ရာတွင်လည်း အလွန်လျင်မြန်သည်။  ဝါးပင်သည် များသောအားဖြင့် အကိုင်းများထွက်လေ့မရှိပေ။ ထိပ်ဖျားလောက်တွင်သာ  အကိုင်းများသည် ချုံများသဖွယ် ဖြာထွက်လေ့ရှိသည်။ ထိုအကိုင်းများတွင် တချို့ဝါးမျိုး၏ဝါးပွင့်များသည် အခိုင်ကြီးများအဖြစ်ပွင့်လေ့ရှိသည်။ တစ်ခါတစ်ရံတွင် တချို့ဝါးပင်မှာ နှစ်တိုင်းပွင့်လေ့ရှိသော်လည်း တချို့ဝါးပင်များကမူ လုံးဝမပွင့်ကြချေ။ တချို့ဝါးမျိုး၏အစို့များကို လူများက မျှစ်အဖြစ်စားသုံးလေ့ရှိကြသည်။ တချို့မျှစ်များကိုမူ အချဉ်တည်၍ မျှစ်ချဉ်အဖြစ်  စားလေ့ရှိကြသည်။

ဝါးအမျိုးအစားများ

  မြန်မာနိုင်ငံသည် ဝါးပေါက်ရောက်ရာ တိုင်းပြည်များအနက် တတိယအများဆုံးပေါက်ရောက်သည့်နိုင်ငံလည်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ဝါးမျိုးစုံပေါက်ရောက်သည့်အတွက် ဝါးမျိုးနွယ်ပေါင်း (၂၅)မျိုးနှင့် ဝါးမျိုးစိတ်ပေါင်း (၁၀၂)မျိုးခန့်ရှိသည်။ ထင်ရှားသောဝါးမျိုးများမှာ - ကရင်ဝါး (ဘရောင်းဝါး)၊ ကြခတ်ဝါး (ငကြက်ဝါး - ဝါးကြက်)၊ ကြသောင်းဝါး၊ ဂျဝါး၊ တစ်ပင်တိုင်ဝါး၊ တမြင်ဝါး၊ တင်းဝါး၊ ထီးရိုးဝါး၊ ပလောပီနံဝါး၊ မျှင်ဝါး၊ ရေဝါး၊ လစ်ဝါး၊ ဝါးကုပ် (ဝါးနွယ်၊ ဝါးဖြူကလေး၊ ငနက်ရှော၊ မဲနယ်၊ ဝါးဖြူကြီး၊ ဝါးကောက်)၊ ဝါးကြီး၊ ဝါးထွန်း၊ ဝါးယား၊ ဝါးဖြူ၊ သိုက်တံတားဝါး၊ ကျလို့ဝါး၊ ဝါးဘိုးကြီး၊ ဝါးဘိုး၊ ချက်ဆန်ကျယ်၊ ဝါးဘိုးအေ၊ သိုက်ဝါး (ဝါးပြောက်)၊ ဝါးပြောက် (တနင်္သာရီ)၊ ဝါးသပွတ်၊ သနပ်ခါး၊ သိုက်ဝါး (ကြက်ဝါး) စသည်တို့ဖြစ်ကြသည်။ လူသိများသောဝါးမျိုးမှာ ဝါးပိုး၊ ဝါးနက်၊ ဝါးဖြူ၊ ဝါးယား၊ သိုက်ဝါး၊ မျက်ဆန်ကျယ်၊ တင်းလယ်မဲ၊ တင်းဝါး၊ တပင်တိုင်ဝါး၊ ဝါးကောက်၊ ဝါးဖယောင်း၊ ကြသောင်းဝါး၊ မြင်ဝါး၊ ထီးရိုးဝါး၊ ကြခတ်ဖို၊ ကြက်ခတ်မ၊ ဝါးမင်း၊ ခဲလံဝါး စသည်တို့ဖြစ်ကြသည်။

ဝါးပင်စိုက်ပျိုးနည်း

      ခြောက်သွေ့ခြင်းဒဏ်ကိုခံနိုင်သော မျှင်ဝါး၊ သင်းဝါး စသည်တို့ကိုစိုက်ပျိုးမည်ဆိုပါက မိုးနည်းသောဒေသတွင် မြေနေရာရှာဖွေစိုက်ပျိုးရမည်။ အစိုဓာတ်များများကြိုက်သည့် ဝါဘိုး၊ ဝါးဘိုးမျက်ဆံ ကျယ်၊ တပင်တိုင်ဝါး စသည့်ဝါးမျိုးများအတွက် မိုးများသည့်ဒေသတွင် စိုက်ပျိုးရမည်။ ဒေသခံဝါးမျိုးစိုက်ပျိုးခြင်းသည် အောင်မြင်ရန် အသေခြာဆုံးဖြစ်သည်။ ဝါးစိုက်ခင်းတည်ထောင်မည့်နေရာအတွက် အနိမ့်၊ အမြင့် အသင့်အတင့်ရှိသောမြေမျက်နှာပြင်ရှိသည့် နေရာများကိုရွေးချယ်ရမည်။ တောင်ကုန်း၊ တောင်စောင်း၊ တောင်အောက်နေရာများကိုရွေးချယ်သင့်ပါသည်။ ရေဝပ်သည့်မြေပြန့်နေရာများကိုရှောင်ကြဉ်ရပါမည်။ နုန်းမြေမျိုးကိုရွေးချယ်စိုက်ပျိုးပါက အထူးကောင်းမွန်ပါသည်။ ဝါးစိုက်ပျိုးရာတွင် လက်တွေ့အသုံးပြုနိုင်သော ဝါးမျိုးပွားခြင်းငါးမျိုးရှိပါသည်။ ၎င်းတို့မှာ အစေ့ဖြင့်မျိုးပွားခြင်း၊ ဝါးအမြစ်ဆုံကိုအသုံးပြု၍ မျိုးပွားခြင်း၊ ဝါးကိုင်းတက်ဖြင့် မျိုးပွားခြင်း၊ ဝါးအဆစ်များမှ မျိုးပွားခြင်းနှင့် ဝါးကိုင်းတက်မြေထုပ်စည်းမျိုးပွားခြင်းတို့ဖြစ်သည်။

ဝါးကိုအသုံးပြုပုံ

     ဝါးပေါက်ရောက်ရာဒေသရှိ လူအများသည် ဝါးကိုအမျိုးမျိုးအသုံးပြုကြသည်။ ဝါးကို အိမ်တိုင်များအဖြစ်အသုံးပြု၍ ၎င်းဝါးကိုပင် ခြမ်းပြီးလျှင် အခင်းအဖြစ်လည်းအသုံးပြုကြသည်။ ထို့ ပြင် အိမ်၏အမိုးနှင့်အကာများအဖြစ်လည်း ဝါးကိုရက်၍အသုံးပြုလေ့ရှိကြသည်။ တချို့ဝါးကြီးများ၏ အဆစ်ပိုင်းများကို ချက်ပြုတ်ရန်အိုးအဖြစ် အသုံးပြုလေ့ရှိကြသည်။ လေးနှင့်မျှားများကိုလည်း ဝါးဖြင့်ပင်ပြုလုပ်ကြသည်။ လိုက်ကာများ၊ ကစားစရာများ၊ ကိရိယာတန်ဆာပလာများနှင့် တခြားလူ့အသုံးအဆောင်များကိုလည်း ဝါးဖြင့်ပင်ပြုလုပ်ကြလေသည်။ ယပ်တောင်များ၊ လမ်းလျှောက် တုတ်များနှင့် ငါးမျှားတံများအဖြစ်လည်း ဝါးကိုအသုံးပြုကြသည်။ ရေတန်လျှောက်အဖြစ်လည်း ဝါးကိုခြမ်း၍အသုံးပြုလေ့ရှိကြသည်။ တံတားများပြုလုပ်ရာတွင်လည်း ဝါးကိုအသုံးပြုလေ့ရှိကြသည်။ ငှက်လှောင်အိမ်၊ ဖျာ၊ ကုလားထိုင်၊ အိပ်ရာနှင့် ပုခက်များကို ဝါးဖြင့်ပင်ပြုလုပ်လေ့ရှိကြသည်။ ဝါး၏အတွင်းသားကိုထုပြီးလျှင် စက္ကူအမျိုးမျိုးပြုလုပ်နိုင်ရန် ပျော့ဖတ်အဖြစ် အသုံးပြုကြသည်။

   မြန်မာနိုင်ငံတွင် အိမ်တစ်ဆောင်လုံးကို ဝါးဖြင့်ဆောက်လုပ်နိုင်သည့်အပြင် ထမင်းအိုးမွှေသည့်ယောက်မကိုလည်း ဝါးဖြင့်ပင်ပြုလုပ်လေ့ရှိကြသည်။ ထမင်းအိုး၊ ဟင်းအိုးများတင်ရန် ကရွတ်များကိုလည်း ဝါးဖြင့်ပင်ပြုလုပ်ကြလေသည်။ ဆန်ထည့်စရာနှင့် ဆန်ပြာစရာ ဗန်း၊ ထမင်းထည့်စရာ ပလုံး၊ အမဲခြောက်လှန်းသောတံစို့၊ မီးမှုတ်သည့်မီးပြောင်းနှင့် ဈေးဝယ်ရန်လက်ဆွဲခြင်းတို့ကိုလည်း ဝါးဖြင့်ပင်ပြုလုပ်လေ့ရှိကြသည်။ ကောက်ညှင်းထုပ်များကို ဝါးပိုးရွက်များဖြင့်ထုပ်လေ့ရှိကြသည်။ အိမ်သုံးပစ္စည်းများဖြစ်သော ကွမ်းအစ်၊ ရေခွက်၊ ယွန်းချိုင့်၊ ကျောက်ကာနှင့် တခြားယွန်းထည်ပစ္စည်းများကိုလည်း ဝါးဖြင့်ပင်ပြုလုပ်ကြလေသည်။ ခြံစည်းရိုးကာရာတွင်လည်း ဝါးကိုအသုံးပြုနိုင်လေသည်။ အလှကိုင်တုတ်၊ ဝါးဆေးတံ၊ ဝါးဦးထုပ်၊ ဝါးခမောက်၊ ဝါးရေကျည်တောက်နှင့် ကြိုးတို့ကိုလည်း ဝါးဖြင့်ပြုလုပ်နိုင်လေသည်။ လှည်းပေါင်းမိုးပြုလုပ်ရာတွင်လည်း ဝါးကိုပင်အသုံးချလေ့ရှိကြသည်။ လှေများတွင် လှေထိုးသားများအသုံးပြုလေ့ရှိကြသော လှေထိုးဝါးများသည် ဝါးများပင်ဖြစ်လေသည်။ နှစ်ဖက်ချွန်ဝါး၊ လေးနှင့်မြား၊ လောက်စာလုံးနှင့်ပစ်ရသော တစ်ပင်တိုင်နှင့် နှစ်ပင်တိုင်ကိုင်းလေးမှာလည်း ဝါးနှင့်ပင်ပြုလုပ်ထားခြင်းဖြစ်သည်။ မီးသတ်ရန် မီးကပ်၊ ဝါးရင်းတုတ်နှင့် ရွာစည်းရိုးပတ်လည်တွင် ထောင်လိုက်စိုက်လေ့ရှိကြသော ဝါးစူးကြီးများသည်လည်း ဝါးများပင်ဖြစ်သည်။ တံငါ၊ အင်းသမားနှင့် ပိုက်သမားများအသုံးပြုကြသော မြှုံး၊ ယင်းတန်း၊ ငါးအုပ်ဆောင်းနှင့် မုန့်ဟင်းခါးသည်၊ အညာဆီသည်၊ မုန့်လက်ဆောင်သည်၊ ရေထမ်းသမားနှင့် တခြားအထမ်းသမားများအတွက် ပခုံးသက်သာစေသောထမ်းပိုးမှာလည်း ဝါးဖြစ်ပြုလုပ်သောပစ္စည်းများ ဖြစ်သည်။ ဂီတဘက်တွင်အသုံးပြုသော ပုလွေ၊ ပတ္တလားနှင့် ဝါးလက်ခုပ်တို့သည် ဝါးနှင့်မကင်းကြချေ။ တောင်ဝှေးနှင့် ချိုင်းထောက်တို့ကိုလည်း ဝါးဖြင့်ပြုလုပ်ခြင်းပင်ဖြစ်သည်။

     အလှူမဏ္ဍပ်၊ မင်္ဂလာဆောင် မဏ္ဍပ်၊ အစည်းအဝေးညီလာခံမဏ္ဍပ်၊ ပွဲရုံ၊ ဇာတ်ရုံ၊ ပြပွဲရုံ စသည့်ယာယီအဆောက်အအုံများကိုလည်း ဝါးဖြင့်ဆောက်လုပ်ကြသည်။ ဘုရားပုထိုး တိုက်တာ၊ အုတ်အင်္ဂတေတို့ဖြင့်ဆောက်လုပ်သော အဆောက်အအုံများတည်ဆောက်ရေးနှင့် ဘုရားကို ရွှေသင်္ကန်းကပ်လှူသည့်ကိစ္စများအတွက် ငြမ်းဆင်ကြရာတွင်လည်း ဝါးကိုပင်အသုံးပြုကြလေသည်။

      ဖရဲ၊ ဖရုံ၊ ဘူး၊ သခွား၊ ပဲ စသောအပင်မျိုးတို့စိုက်ပျိုးသည့်စင်များသည် ဝါးတိုင်များကိုစိုက်ထူပြီးလျှင် ဝါးခြမ်းများဖြင့် ကွက်ကျားရက်ထားသော ဝါးကပ်များတင်ထားသည့်စင်များဖြစ်ကြသည်။ စပါးများကိုလှေ့ကြရာတွင်လည်း ဝါးစင်များဖြင့်ပင်လှေ့လေ့ရှိကြလေသည်။ တောင်သူလယ်သမားသုံး ပလိုင်း၊ ရိုင်ပတ်၊ ပုတ် စသည်တို့ကို ဝါးဖြင့်ပြုလုပ်ထားကြသည်။  လယ်တောများတွင် ဆောက်လုပ်ထားလေ့ရှိကြသော နွားတင်းကုပ်နှင့် ကနားဖျင်းတို့ကိုလည်း ဝါးဖြင့်ပင်ဆောက်လုပ်ထားကြလေသည်။ ဝါးကွပ်ပြစ်များကိုလည်း မြန်မာများလွန်စွာကြိုက်နှစ်သက်ကြလေသည်။ ရေတွင်း၊ ရေကန်များမှ ရေများကိုခပ်ယူသုံးစွဲရာတွင် ဝါးမောင်းတက်များကိုအသုံးပြုလေ့ရှိကြသည်။ အိမ်တော် ရာထီး၊ ပုသိမ်ထီးနှင့် ငါးမျှားတံများကို ဝါးဖြင့်ပြုလုပ်ကြသည်။ ရဟန်းသံဃာများအတွက် ကနုတံကိုလည်း ဝါးဖြင့်ပြုလုပ်ကြလေသည်။

လက်မှုပစ္စည်းများပြုလုပ်ရန်အတွက် ဝါးများတာရှည်ခံရန် နည်းစနစ်များ

    ဝါးများတာရှည်ခံရန်အတွက် မိရိုးဖလာနည်း(၃)နည်းရှိပါသည်။ ကြပ်ခိုးတိုက်ခြင်း၊ ရေစိမ်ခြင်း၊ ပြုတ်ခြင်းတို့ဖြစ်ပါသည်။ ယခုအခါ ဝါးဖြင့်ပြုလုပ်ထားသောလက်မှုထည်များ မြန်ဆန်စွာထုတ်လုပ်နိုင်ရန်အတွက် ဝါးတစ်ပိဿာ၊ ကျောက်ချဉ်(၁)ကျပ်သား၊ ဆား(၃)ကျပ်သားထည့်၍ ရေပွက်ပွက်ဆူတွင် ထည့်၍ပြုတ်ကြပါသည်။ အဆောက်အဦဆောက်လုပ်ရန်နှင့် လုပ်ငန်းသုံးရန်အတွက် ဝါးများခုတ်ယူရာတွင် လပြည့်နေ့နှင့် ဒီရေတက်ချိန်တို့၌ ခုတ်ယူသုံးစွဲပါက  လ၏ဆွဲအားကြောင့် မြေကြီးအတွင်းမှ ရေများအထက်သို့ မြင့်တက်လာကြပါသည်။ ဝါးအတွင်းရှိ ကစီဓာတ် (ခေါ်) အချိုဓာတ်များ အပေါ်သို့မြင့်တက်လာမှုကြောင့် မှိုနှင့်ဝါးပိုးတို့၏အန္တရာယ်မှာအများဆုံးဖြစ်ပါသည်။ မိုး အကုန်၊ ဆောင်းအကူး တန်ဆောင်မုန်းလတွင် ဝါးများခုတ်ပါက မှိုနှင့်ဝါးပိုးများကင်းစင်နိုင်ကြောင်း သိရပါသည်။ ထို့ပြင် နေမထွက်ခင် နံနက်စောစော ခုတ်သောဝါးများသည် ဝါးပိုးလွတ်ကင်းနိုင်ပါသည်။

     ဝါးနှင့်ပတ်သက်၍ ထွက်ရှိသည့်နိုင်ငံများမှလည်း  အိန္ဒိယနိုင်ငံကမူ ဝါးကို ဆင်းရဲသားများအတွက် သစ်ဟုလည်းကောင်း၊ တရုတ်နိုင်ငံမှ လူသားများအတွက် မိတ်ဆွေဟုလည်းကောင်း၊ ဗီယက်နမ်နိုင်ငံကမူ မိတ်ဆွေဟုလည်းကောင်း၊ ထိုင်းနိုင်ငံကမူ ပြုလွယ်၊ ပြင်လွယ်ပြီး ခိုင်ခံမှုရှိသောအရာဟုလည်းကောင်း တင်စားခေါ်ဝေါ်ကြပြီး နှစ်စဉ် စက်တင်ဘာလ (၁၈)ရက်နေ့ကို ကမ္ဘာ့ဝါးပင်များနေ့အဖြစ်သတ်မှတ်ကြပြီး ဝါးမှထွက်ရှိသော ထုတ်လုပ်ထားသည့်လက်မှုပစ္စည်းများကို ထို့နေ့တွင် တခမ်းတနားဖော်ပြရောင်းချလေ့ရှိကြပါသည်။

ဝါးဖြင့်ပြုလုပ်သည့် လက်မှုပစ္စည်းများပြုလုပ်ပုံအဆင့်ဆင့်  

     ဝါးလင်ဗန်းပြုလုပ်ရန် ဝါးခြမ်းအရှည် (၁၃ X ၁)လက်မနှစ်ချောင်း၊ (၉ X ၂)လက်မနှစ်ချောင်း ဖြတ်ပြီး (၁၃ X ၁)နှစ်ချောင်းကိုမူ ၆၀ဒီဂရီထောင့်ချိုးအတိုင်းဖြတ်ရပါမည်။ ထို့နောက် ဝါးခြမ်းပြားအရှည် (၁၃ X ၁)လက်မတွင် (၉ X ၂)လက်မရှိသည့်ဝါးခြမ်းပြားကို ထိပ်ဆပ်ကပ်ရမည်။ ကပ်သည့်အခါ သပ်ကော်ကိုအသုံးပြုရပါမည်။ ဖရိန်ခွေပြီးပါက ထောင့်တန်းချုပ်တန်းထည့်ရမည်။ ချုပ်တန်းပေါ်တွင် ဝါး(၅)မူးပြားစီတန်းခင်း၍ကပ်ရမည်။ ကပ်ပြီးပါက ဝါးနှီးလောင်းဖြင့်ကြက်ခြေခတ်ရပါမည်။ ရရှိလာသောလင်ဗန်းအား ကော်ပတ်စားပြီး ဆေးသုတ်ရပါမည်။ ထိုအခါ (၁၃ X ၉) လက်မခန့်ရှိသော ဝါးလင်ဗန်းတစ်ချပ်ရရှိလာမည်ဖြစ်ပါသည်။

    ဝါးတစ်ရှူးဘောက်ပြုလုပ်ရန် ကတ္ထူစက္ကူပေါ်တွင် (၉ X ၁၀)လက်မရှိသော စတုဂံပုံရေးဆွဲရပါမည်။ ထိုရေးဆွဲထားသောစက္ကူပေါ်တွင် လိုအပ်သည့်ဒီဇိုင်းပုံစံချ၍ နှီးလောင်းကလေးများဖြင့်ကပ်ပါ။ ကပ်ပြီးလျှင် (၂ X ၂)လက်မ ပတ်လည်အချိုးအရာပေး၍ နှီးမိုပုံစံခေါက်ရပါမည်။ ထိုအခါ (၅ X ၆) လက်မပုံစံပေါ်လာပါမည်။ ထိုသို့ပေါ်လာသည့်အခါ အနားသားများအား ၁မတ်နှီးပြားဖြင့် အတွင်းအပြင်ပတ်ပေးရမည်။ အောက်ခံခွက်အတွက် ၅မူးပြားပေါင်ခွေ၍ ထောက်တန်းထည့်ရမည်။ ပေါင်ခွေပြီးသောအတွင်း၌မူ ရက်ထည်ရက်လုပ်၍ ပေါင်တွင် အံဝင်ခွင်ကျဖြစ်အောင်တပ်ဆင်ရပါမည်။ အောက်ခြေရှိ ဝါးခြမ်းပြားလေးဘက်အား ပန်းအလှထွင်းပါ။ (၅ X ၆) လက်မကပ်ထည့်ခွက် အလယ်တည့်တည့်တွင် တစ်ရှူးထုတ်ရန် အဝိုင်း (သို့မဟုတ်) လေးထောင့်ဖောက်ပေးရမည်။ ထိုအခါ (၅ X ၆ X ၂) လက်မရှိသော တစ်ရှူးဘောက်တစ်ခုရရှိလာမည်ဖြစ်ပြီး အရောင်လှစေရန် ဆေးသုတ်ရပါမည်။

     ဓာတ်ပုံဘောင်ပြုလုပ်ရန် ကပ်ထူစက္ကူပေါ်တွင် (၈ X ၁၀) လက်မရေးဆွဲပြီးလျှင် နှီးလောင်းများဖြင့် အောက်အပေါ်ထပ်ကပ်ရပါမည်။ ၈လက်မရှိသော ဝါးချောင်း ၂ချောင်းနှင့် ၁၀လက်မရှိသောဝါးချောင်း ၂ချောင်းဖြတ်ရပါမည်။ ဖြတ်ပြီးလျှင် ထောင့်မှန်ဒီဂရီ ၉၀ကျင်တွယ်ဖြင့်တိုင်းဖြတ်ရမည်။ (၈ X ၁၀) လက်မရှိသော ဝါးရက်ထည်ပေါ်တွင် ပေါင်ခွေရပါမည်။ အတွင်းဆိုဒ် ၅.၅လက်မနှင့် ၃.၅လက်မဖြတ်ရမည်။ မိုပေါ်တွင် ဝါးချောကပ်ပြီး နောက်ဘက်၌ အူသားကို ကော်ဖြင့်ကပ်ရပါမည်။ ကပ်ပြီးပါက နောက်ဖက်တွင် ပေါင်ခွေရမည်။ ဒေါက်ထည့်ရန်အတွက် ဒေါက်နှစ်ခုတပ်ဆင်ရပါမည်။ ဓာတ်ပုံပေါင်တစ်ခုရရှိလာပါက ကော်ပတ်အနုဖြင့်စားပြီး ဆေးသုတ်ရပါမည်။

        ပစ္စည်းထည့် Box တစ်ခုပြုလုပ်ရန် ကတ္ထူစက္ကူပြား (၅ X ၅) လက်မပတ်လည် ၂ခုဖြတ်ပါ။ ဖြစ်ပြီးလျှင် စက္ကူနှစ်ချပ်ပေါ်တွင် ဒီဇိုင်းပုံရေးဆွဲပါ။ ဒီဇိုင်းပုံပေါ်တွင် ဝါးနှီးလောင်းကလေးများကို ATM ကော်ဖြင့် အောက်တစ်ထပ် အပေါ်တစ်ထပ်ကပ်ပါ။ အဝအချင်း ၃.၅လက်မရှိသော ဝါးလုံးအရှည် ၅လက်မဖြတ်ပါ။ အလည်တည့်တည့်မှ ဓားဖြင့်ခွဲပါ။ (၅ X ၅) လက်မပတ်လည် ကပ်ထည် ၂ချပ်ပေါ်တွင် ၉၀ဒီဂရီထောင့်မှန်ချိုးထားသော ဝါးခြမ်းပြားလေးချောင်းကပ်၍ ပေါင်ခွေပါ။  ၅လက်မရှိသော ဝါးခြမ်း ၂ခုတွင် ပေါင်ခွေထားသော (၅ X ၅) လက်မရှိသည့်အပြားနှစ်ချပ်ကိုကပ်၍ ဝါးနှီးပတ်ပေးပါ။ အောက်ခံအတွက် အတွင်းဆိုဒ်ဖျာရက်လုပ်၍ထည့်ပါ။ အပေါ်အောက် ထောင့်တန်းများထည့်၍ ကော်ပတ်အချောတိုက်ပါ။ ထို့နောက်ရရှိလာသောပစ္စည်းထည့် Box အား အရောင်တင်၍ဆေးသုတ်ရပါမည်။

ဈေးနှုန်းဈေးကွက်

     ဈေးနှုန်းဈေးကွက်အနေဖြင့် ဝါးနာရီတစ်လုံးလျှင် ၁၅၀၀၀ကျပ်မှ ၃၀၀၀၀ကျပ်၊ တစ်ရှူး ဘောက်တစ်ခုလျှင် ၅၀၀၀ကျပ်မှ ၁၅၀၀၀ ကျပ်၊ မီးအိမ်အမျိုးမျိုးဆိုလျှင်  ၁၀၀၀၀ကျပ်မှ ၃၀၀၀၀ကျပ်၊ ဓါတ်ပုံပေါင်တစ်ခုလျှင် ၃၀၀၀ကျပ်မှ ၁၀၀၀၀ကျပ်၊ ဖုန်းတင်စင်တစ်ခုလျှင် ၅၀၀၀ကျပ်၊ လင်ဗန်းတစ်ခုလျှင် ၁၀၀၀၀ကျပ်မှ ၃၀၀၀၀ကျပ်၊ ရေခွက်တစ်ခွက်လျှင် ၃၀၀၀ကျပ်မှ ၅၀၀၀ကျပ်၊ ရေနွေးအိုးတစ်လုံးလျှင် ၁၅၀၀၀ကျပ်မှ ၃၀၀၀၀ကျပ်၊ ဝါးခမောက်တစ်လုံးလျှင် (၂၀၀၀-၅၀၀၀-၁၀၀၀၀) ကျပ်၊ သစ်သီးခြင်းတစ်လုံးလျှင် ၅၀၀၀ကျပ်မှ ၁၀၀၀၀ကျပ်တို့ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အများအားဖြင့် ပုဂံ၊ အင်း လေး၊ ငါးသိုင်းချောင်း၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ လက်မောင်ကွေးရွာ၊ ကျိုင်းတုံ၊ ယန်းကျိန် စသည့်မြို့များမှ အများဆုံးပြုလုပ်ကြကြောင်းလည်းသိရပါသည်။

    ပြည်ပဈေးကွက်ရှိသည့်   ကြိမ်၊   ဝါးလက်မှုထည်များပြုလုပ်နိုင်ရန် ကျေးရွာများအရောက် ကုန်ကြမ်းချပေးသည့်အတွက် ကျေးရွာနေပြည်သူများ   အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး  ဝင်ငွေရရှိနေကြကြောင်း မြန်မာနိုင်ငံကြိမ်နှင့်ဝါးလုပ်ငန်းရှင်များအသင်းမှ   တာဝန်ရှိသူ တစ်ဦး၏ပြောပြချက်အရသိရသည်။ အလုပ်လက်မဲ့ဖြစ်နေသော အမျိုးသမီးများနှင့်အိမ်ထောင်ရှင် မိခင်များ၏နေအိမ်၌ပင် ကြိမ်၊ ဝါးလက်မှုထည်များကို  တစ်နိုင်တစ်ပိုင်ထုတ်လုပ်နိုင်သည့်အတွက်    ဝင်ငွေရရှိနေကြကြောင်းသိရသည်။ ထို့ပြင် ကြိမ်၊ ဝါးလက်မှုထည်များကို ပြည်ပသို့တင်ပို့မှုမှ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၀သန်းခန့်ရရှိပြီး ကြိမ်၊  ဝါးလက်မှုထည်များကို   အဓိကအားဖြင့် ဥရောပ၊  ဂျပန်နှင့်  တောင်ကိုရီးယားနိုင်ငံတို့က  အများဆုံးမှာယူလျက်ရှိပြီး   အမေရိကန်၊ သြစတြေးလျနှင့်  နယူးဇီလန်နိုင်ငံတို့သို့လည်းတင်ပို့ကြောင်း၊ ပြည်ပသို့တင်ပို့ရာတွင် ဈေးနှုန်းအနေဖြင့် လက်မှုထည်ပစ္စည်းတစ်ခုလျှင် အမေရိကန်ဒေါ်လာ ၅ဒေါ်လာမှ ဒေါ်လာ၁၀၀ကျော်အထိရရှိကြောင်းသိရသည်။

    အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ Focal လုပ်၍ ၎င်းလုပ်ငန်းတာဝန်များထဲတွင် မြန်မာ့ရိုးရာလက်မှုလုပ်ငန်းများရှင်သန်ဖွံ့ဖြိုးရေးကို ဆောင်ရွက်ပေးရန်ဆိုသည့် အချက်လည်းပါဝင်သည့်အတွက် လက်မှုအတတ်ပညာသာမက ပညာရပ်ဗဟုသုတအနေဖြင့်လည်း ဝါးအမျိုးမျိုးအကြောင်း၊ ဝါးသက်တမ်းအလိုက် အသုံးဝင်မှုများ၊ ဝါးတာရှည်ခံနည်းပညာများကို စာတွေ့၊ လက်တွေ့သင်ကြားပေးခြင်း၊ ကျွမ်းကျင်မှု(Skill) နှင့် တီထွင်ဖန်တီးမှု(Creation) မြှင့်တက်စေရန် ကိုယ်တိုင်လေ့လာ/ လေ့ကျင့်စေခြင်း၊ ကျွမ်းကျင်မှုနှင့် တီထွင်ဖန်တီးမှုတို့ပေါင်းစပ်ပြီး Design အမျိုးမျိုးဖန်တီးထုတ်လုပ်နိုင်ရန်လည်း လေ့ကျင့်စေခြင်းများကို ဒေသအလိုက် သင်တန်းပို့ချပေးလျက်ရှိပါသည်။ သင်တန်းသားများအနေဖြင့် မိမိတို့တာဝန်ကျရာ ဒေသအသီးသီးသို့ ပြန်ရောက် သည့်အချိန်တွင်လည်း နိုင်ငံအတွင်း ပေါများစွာပေါက်ရောက်နေသော ဝါးသယံဇာတများကိုအသုံးပြု၍ တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်နိုင်ရန်အတွက် ဝါးလက်မှုထည်နည်းပညာများပြုလုပ်၍ ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများပွင့်လန်းလာစေရေးရည်ရွယ်၍ ဆောင်ရွက်ပေးနေကြောင်းလည်းသိရှိရ ပါသည်။

    အချုပ်အားဖြင့်ဆိုရလျှင် ယခုကဲ့သို့နိုင်ငံတော်အစိုးရ၏ ပံ့ပိုးပေးမှု၊ သက်ဆိုင်ရာဌာနများ၏ ပံ့ပိုးကူညီမှုများသည် ဒေသတွင်းတစ်ပိုင်တစ်နိုင်လုပ်ငန်းလုပ်ကိုင်လိုသည့်လုပ်ငန်းရှင်များအတွက် ကောင်းမွန်သည့်အခွင့်အလမ်းတစ်ရပ်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် MSME လုပ်ငန်းပေါင်း ၄၀၀၀၀ကျော်ရှိပြီး နိုင်ငံ့စီးပွားဖွံဖြိုးတိုးတက်လာစေရန် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဦးတည်ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ပြည်တွင်းထုတ်လုပ်မှုကို အလေးထားဆောင်ရွက်လျက်ရှိပြီး MSME နှင့် စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်တို့လည်း အပြန်အလှန်မှီခိုလျက်ရှိသဖြင့် စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်များကိုလည်း စဉ်ဆက်မပြတ်ကူညီပံ့ပိုးပေးလျက်ရှိပါသည်။ စွန့်ဦးတီထွင်ဆန်းသစ်နိုင်မှုသည် အလုပ်အကိုင်အခွင့်အလမ်းများပိုမိုဖန်တီးပေးနိုင်သည့်အပြင် ဆင်းရဲနွမ်းပါးမှုလျှော့ချပေးနိုင်မှု၊ ဈေးကွက်လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ပေးနိုင်မှုများလည်းရှိနိုင်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မကွေး)