သန့်ရှင်းကောင်းမွန်သည့် အွန်လိုင်းရောင်းချခြင်းစနစ်ဆီသို့

Powered by Drupal
Wed, 10/11/2023 - 16:08 -- consumer_admin

     မြန်မာနိုင်ငံမှာ ၂၀၁၀ခုနှစ်ခန့်ကပင် အင်တာနက်ကို တွင်တွင်ကျယ်ကျယ်အသုံးပြုလာပြီး ၂၀၁၄ခုနှစ်ခန့်တွင် Onlineမှတစ်ဆင့် စီးပွားရှာလာသည့် လူငယ်များ တစ်စတစ်စတိုးပွားလာရာ  ကိုဗစ်-၁၉ကာလနောက်ပိုင်းတွင် အွန်လိုင်းစနစ်ဖြင့် စားသောက်ကုန်များ၊ အဝတ်အထည်များ၊ လူသုံးကုန်ပစ္စည်းများ၊ တိရစ္ဆာန်အစားအစာများ ရောင်းချခြင်းလုပ်ငန်းများထွန်းကားလာခဲ့သည်မဟုတ်ပါလား။ တိုးတက်မှုများနှင့်အတူ ဆုတ်ယုတ်မှုများလည်း ပူးတွဲပါလာတတ်ရာ အွန်လိုင်းမှလိမ်လည်ရောင်းချခြင်း၊ ငွေကြိုရှင်းရပြီး ပစ္စည်းမရရှိခြင်း၊ ပစ္စည်းရရှိသော်လည်း ပေးရသည့်ငွေကြေးနှင့် တန်ဖိုးမျှတသည့် အရည်အသွေးမရရှိခြင်း၊ မှာယူသည့်ပစ္စည်းမဟုတ်ဘဲ တခြားပစ္စည်းများပေးပို့ခြင်း စသည့်စားသုံးသူများအပေါ် မမှန်မကန်လိမ်လည်မှုများ မကြာခဏကြုံတွေ့နေရသည်ကို အားလုံးကြားဖူးကြပါလိမ့်မယ်။ လိပ်စာအတိအလင်းဖော်ပြမထားခြင်း၊ ဆက်သွယ်ရမည့်ဖုန်းနံပါတ်များကို မှန်မှန်ကန်ကန်ဖော်ပြမထားခြင်းတို့ကြောင့်  မသမာမှုများပြုလုပ်သူများကို အရေးယူဆောင်ရွက်ရန် အခက်အခဲရှိသည့်အတွက် အွန်လိုင်းရောင်းချမှုများကိုထိန်းကျောင်းနိုင်ရန် နိုင်ငံတော်အစိုးရမှ အွန်လိုင်းစနစ်ဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများရောင်းချခြင်းကို အရေးကြီးကုန်စည်အဖြစ်သတ်မှတ်သည့် အမိန့်ကို ၂၀၂၃ခုနှစ် ဇူလိုင်လ ၂၁ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃) ဖြင့် ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါအမိန့်ကြော်ငြာစာမှာ မည်သူမဆို အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများကို မှတ်ပုံတင်ပြီးမှသာ လုပ်ကိုင်ရမည်ဖြစ်ပြီး အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး (၆)လပြည့်သည့်နေ့ရက်မှစတင်၍ မှတ်ပုံတင်မရှိဘဲ ရောင်းချပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ ပုဒ်မ(၅)အရ အရေးယူခံရမည်ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ အလားတူပင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်ကိုလည်း ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၂၁ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၂၃) ဖြင့် ထုတ်ပြန်ခဲ့ပြီး ကြော်ငြာစာမှာ မှတ်ပုံတင်လျှောက်ထားခြင်းနှင့် လျှောက်ထားသူ၏သတ်မှတ်ချက်၊ မှတ်ပုံတင်ပြင်ဆင်လျှောက်ထားခြင်း၊ သက်တမ်းတိုးခြင်း၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များနှင့်အခွင့်အရေးများ၊ မှတ်ပုံတင်ထုတ်ပေးခြင်း၊ မှတ်ပုံတင်လက်မှတ်ဆိုင်းငံ့ခြင်းနှင့် ပယ်ဖျက်ခြင်း စသည်တို့ကို အခန်း(၈)ခန်းဖြင့် အတိအလင်းဖော်ပြပါရှိပါတယ်။

ဘယ်သူတွေက မှတ်ပုံတင်ရမှာလဲ။

     ပြည်တွင်း၌အခြေစိုက်သည်ဖြစ်စေ၊ ပြည်ပ၌ အခြေစိုက်သည်ဖြစ်စေ အွန်လိုင်းအသုံးပြု၍ Social media (Facebook Page၊ Youtube၊ Wechat၊ Line၊ Whatsapp၊ Tiktok၊ Instagram စသည်ဖြင့်)၊  Mobile application၊ website တို့မှ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုလုပ်ငန်းများကို မြန်မာနိုင်ငံအတွင်း နေထိုင်သူများကို ဦးတည်ရောင်းချသည့် ကုမ္ပဏီ (သို့) အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးချင်း (Individual)အနေဖြင့် မှတ်ပုံတင်ခြင်းလုပ်ငန်းကို မဖြစ်မနေလုပ်ဆောင်ရပါမယ်။

     ကုမ္ပဏီ (သို့) အဖွဲ့အစည်းများဟုဆိုရာတွင် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ၊ အထူးကုမ္ပဏီများအက်ဥပဒေ၊ သမဝါယမအသင်းဥပဒေ၊ တခြားတည်ဆဲဥပဒေတစ်ရပ်ရပ်အရ ဖွဲ့စည်းတည်ထောင်ထားသော ကုမ္ပဏီ (သို့) အဖွဲ့အစည်းဖြစ်ပြီး အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းပြုလုပ်မည့်နေရာကို ‌ဖော်ပြနိုင်ဖို့လိုပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးချင်း (Individual) ဆိုပါက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း အခြေချနေထိုင်သူ၊ စိတ်ပေါ့သွပ်ခြင်းမရှိသူ၊ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းမှ အမည်ပျက်စာရင်းကြေညာထားခြင်းမရှိသူ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းပြုလုပ်မည့်နေရာကို ‌ဖော်ပြနိုင်သူဖြစ်ဖို့လိုပါတယ်။ ဒါ့ပြင် Influencer များကလည်း မိမိတို့ကိုယ်ပိုင်ဖွင့်လှစ်ထားသော Page၊ Youtube Channel များရှိပါကလည်း မှတ်ပုံတင်ခြင်း ဆောင်ရွက်ရမှာဖြစ်ပါတယ်။

ဘယ်လိုကုန်စည် (သို့) ဘယ်လိုဝန်ဆောင်မှုတွေပါမလဲ။

     အွန်လိုင်းမှတ်ပုံတင်ခြင်းလုပ်ဆောင်ရမည့်ကုန်စည်များဟာ သက်ဆိုင်အစိုးရဌာနမှ တရားဝင်ရောင်းဝယ်ခြင်းပြုလုပ်ရန် ခွင့်ပြုထားသည့်ကုန်စည်ဖြစ်ဖို့လို့ပါတယ်၊ အွန်လိုင်းမှတ်ပုံတင်ခြင်းစနစ်တွင် မိမိတို့ရောင်းချသည့်ကုန်စည်ကို အလွယ်တကူရွေးချယ်နိုင်ရန် အသေးစိတ်ဖော်ပြထားပါတယ်။ ဥပမာ- FDA မှ အတည်ပြုထားသော စားသောက်ကုန်များ၊ FDA မှ အတည်ပြုပေးထားသည့် ဆေးဝါးနှင့်ဖြည့်စွက်စာများ၊ အိမ်သုံးပစ္စည်းများ၊ ကလေးအသုံးအဆောင်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ ယာဉ်နှင့်ဆက်စပ်ပစ္စည်းများ၊ စက်မှုလုပ်ငန်းသုံးစီးပွားရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ အီလက်ထရောနစ်ပစ္စည်းများ၊ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ (GYM, Yoga, Wheel Chair)၊ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ၊ အထည်အလိပ်၊ အဝတ်အစားနှင့် ဆက်စပ်ပစ္စည်းများ၊ ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ၊ တိရစ္ဆာန်အစားအစာနှင့် ဆက်စပ်ပစ္စည်းများ၊ ပန်းချီ၊ ဓာတ်ပုံနှင့်ဆပ်စပ်ပစ္စည်းများ၊ အားကစားနှင့်ဆက်စပ်ပစ္စည်းတို့ကိုဖော်ပြထားပြီး လက်ရှိ အွန်လိုင်းမှရောင်းချနေသည့်ကုန်စည်များပါဝင်ပါတယ်။ အကယ်၍ မိမိတို့ရောင်းချသည့် ကုန်စည်များဟာ အခုဖော်ပြထားတဲ့ကုန်စည်အမျိုးအစားစာရင်းမှာ မပါဝင်ခဲ့ဘူးဆိုရင်လည်း အွန်လိုင်းမှရောင်းချနေပါက မှတ်ပုံတင်ထားရှိရန်လိုတဲ့အတွက် တခြားကုန်စည်များအုပ်စုကိုရွေးချယ်၍ မှတ်ပုံတင်လျှောက်ထားရမှာဖြစ်တယ်လို့သိရပါတယ်။ အလားတူပင် ဝန်ဆောင်မှုလုပ်ငန်းတွင်လည်း ဝန်ဆောင်မှုအမျိုးအစား(၂၀)ပါဝင်ပြီး အသေးစိတ်စာရင်းတွင် မပါဝင်သေးသည့်ဝန်ဆောင်မှုများအနေဖြင့် တခြားဝန်ဆောင်မှုများအုပ်စုကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ ဖော်ပြထားတဲ့ ဝန်ဆောင်မှုတွေကတော့ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း၊ ရောင်းချပြီးနောက် ဝန်ဆောင်မှုပေးခြင်းလုပ်ငန်း၊ စီးပွားရေးဝန်ဆောင်မှုလုပ်ငန်း၊ ပညာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ ရုပ်သံနှင့်ကြော်ငြာဝန်ဆောင်မှုလုပ်ငန်းများ၊ အီလက်ထရွန်ကူးသန်းရောင်းဝယ်ရေးဝန်ဆောင်မှု၊ ငွေကြေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများ၊ ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းများ၊ ကုန်ပစ္စည်းပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းများ၊ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများ၊ ခရီးသွားလာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ၊ စားသောက်ဆိုင်ဝန်ဆောင်မှု၊ ကျန်းမာရေးဝန်ဆောင်မှု(ဆေးရုံ၊ ဆေးခန်းနှင့် အွန်လိုင်းမှ ဆေးကုသမှုများ၊ ကျန်းမာရေးဆိုင်ရာနှင့် လူမှုရေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများ၊ ကျန်းမာရေးဆိုင်ရာနှင့် ခရီးသွားနှင့်ဆက်စပ်သည့်ဝန်ဆောင်မှုလုပ်ငန်းများ၊ ဆောက်လုပ်ရေးနှင့် တခြားဆက်စပ်ဝန်ဆောင်မှုလုပ်ငန်းများ၊ ဖြန့်ဝေခြင်းဝန်ဆောင်မှုလုပ်ငန်းများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ဆောင်မှုလုပ်ငန်းများ၊ အပန်းဖြေလုပ်ငန်း၊ ယဉ်ကျေးမှုနှင့်အားကစားဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများ၊ မည်သည့်ကဏ္ဍတွင်မှ ပါဝင်ခြင်းမရှိသေးသော ဝန်ဆောင်မှုလုပ်ငန်းများအတွက် မှတ်ပုံတင်ဆောင်ရွက်ရမှာဖြစ်သည့်အတွက် စနစ်မှာ ဖော်ပြထားပြီးဖြစ်ပါတယ်။ လျှောက်ထားသူရဲ့ဝန်ဆောင်မှုဟာ စနစ်မှာအတိအကျဖော်ပြထားခြင်းမရှိသေးသည့် ဝန်ဆောင်မှုဖြစ်ခဲ့ပါက တခြားဝန်ဆောင်မှုလုပ်ငန်းများကိုရွေးချယ်ပြီး မှတ်ပုံတင်ဆောင်ရွက်ရမှာဖြစ်ပါတယ်။

မှတ်ပုံတင်ဆောင်ရွက်ဖို့ဘာတွေလိုအပ်မလဲ။

   ကုမ္ပဏီ (သို့မဟုတ်) စီးပွားရေးအဖွဲ့အစည်းအတွက် လျှောက်ထားရာတွင် ပူးတွဲတင်ပြရန် ကုမ္ပဏီမှတ်ပုံတင်လက်မှတ် PDF (သို့) JPEG၊ SME မှတ်ပုံတင်လက်မှတ် PDF (သို့) JPEG၊ ဆိုင်လိပ်စာမှန်ကန်ကြောင်း ရပ်ကွက်‌ထောက်ခံစာ PDF (သို့) JPEG၊ ရဲစခန်းထောက်ခံစာ PDF (သို့) JPEG၊ လုပ်ငန်းရှင်၏ Passport Photo (JPEG)၊ မှတ်ပုံတင်ပူးတွဲတင်ပြရန် မှတ်ပုံတင်ရှေ့ခြမ်းနှင့် နောက်ခြမ်း PDF (သို့) JPEG၊ နိုင်ငံခြားသားလုပ်ငန်းရှင်ဖြစ်ပါက Passport ရှေ့ခြမ်းစာမျက်နှာ PDF (သို့) JPEG၊ လျှောက်ထားသူ Owner ၏ နေထိုင်ကြောင်း လိပ်စာမှန်ကန်ကြောင်းအတွက် ရပ်ကွက်နှင့် ရဲစခန်းထောက်ခံစာများကိုပူးတွဲတင်ပြရန် PDF (သို့) JPEG၊ မိမိတို့လျှောက်ထားမည့် Online Shop များ၏ LOGOများ JPEG file များတင်ပြရန်လိုအပ်မှာဖြစ်ပါတယ်။ Individual စီးပွားရေးလုပ်ငန်းများလျှောက်ထားရာ၌ Company မှတ်ပုံတင်လက်မှတ်တင်ပြရန်မလိုအပ်ပါ။

မှတ်ပုံတင်ကြေးဘယ်လိုပေးသွင်းရမလဲ

    အွန်လိုင်းရောင်းချခြင်းမှတ်ပုံတင်လျှောက်ထားရာ၌ Online Registration Fees၊ Application form fees တို့ကိုပေးဆောင်ရမှာဖြစ်ပြီး ပထမအကြိမ် လျှောက်ထားခြင်းအနေဖြင့် ၃၉၀၀ကျပ်သာကုန်ကျမှာဖြစ်ပြီး MPU၊ AYA Pay၊ KBZ Pay၊ Wave Pay၊ Citizen Pay၊ Visa Card၊ Master Card၊ Bank Transfer စသည်ဖြင့် မိမိတို့အဆင်ပြေသည့် Online Payment စနစ်ဖြင့် ပေးချေနိုင်မှာဖြစ်ပါတယ်။ ၂၀၂၃ခုနှစ် ဒီဇင်ဘာ ၃၁ရက်နေ့အတွင်း လျှောက်ထားသူများကို မှတ်ပုံတင်ကြေး ကင်းလွတ်ခွင့်ပြုသွားမှာဖြစ်ပါတယ်။

ဘယ်လိုမှတ်ပုံတင်ရမလဲ။

     မှတ်ပုံတင်ခြင်းကို e-Submiton စနစ်ဖြင့် ဆောင်ရွက်နိုင်မှာဖြစ်ပြီး https:// www. ecomreg. gov. mm မှာဝင်ရောက်၍ Register ပြုလုပ်ရမှာဖြစ်ပါတယ်။ ဆောင်ရွက်ရန် အဆင့်(၃)ဆင့်ပါရှိပြီး အထက်မှာဖော်ပြခဲ့တဲ့လိုအပ်ချက်များကို ကြိုတင်ပြင်ဆင်ပြီး ဖြည့်ပေးခြင်းဖြင့် လွယ်လွယ်ကူကူဆောင်ရွက်နိုင်ရန်စီစဉ်ထားရှိပြီးဖြစ်ပါသည်။ မှတ်ပုံတင်ဆောင်ရွက်ရာတွင် လွယ်ကူစေရန် User Guide များလည်းဖော်ပြထားပြီးဖြစ်သည့်အတွက် User Guide ကိုကြည့်ပြီး လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

မှတ်ပုံတင်ခြင်းက ဘာကိုအထောက်အကူဖြစ်စေလဲ။

     ဒီနေရာမှာ မှတ်ပုံတင်ဆောင်ရွက်ထားရင်လုပ်ငန်းရှင်အတွက် ဘာကောင်းကျိုးရမလဲဆိုရင် မှတ်ပုံတင်ဆောင်ရွက်ထားပါက မိမိလုပ်ငန်း Logo ပါဝင်သော Digital format ဖြင့် မှတ်ပုံတင်လက်မှတ်ရရှိမည့်အပြင် QR code လည်းရရှိမှာဖြစ်ပြီး QR Link ကိုရယူကာ မိမိတို့ဖွင့်လှစ်အသုံးပြုနေသော Page or Website or  Mobile application မှာ ထည့်သွင်းဖော်ပြထားနိုင်မှာဖြစ်ပါတယ်။ Customer များမှ QR Code ကို Scan ဖတ်ခြင်းဖြင့် မိမိတို့ကုန်စည်ဝယ်ယူမည့် Page (သို့) Website (သို့)   Mobile application တရားဝင်မှတ်ပုံတင်ထားကြောင်းသိရှိနိုင်ပြီး ယုံကြည်စွာရွေးချယ်ဝယ်ယူနိုင်မှာဖြစ်သလို လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့ Page (သို့)  Website (သို့)   Mobile application ကိုတုပပြီး ရောင်းချမည့်မသမာသူများအန္တရာယ်မှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ဒါ့ပြင် မှတ်ပုံတင်ဆောင်ရွက်ထားသည့်လုပ်ငန်းများကို https:// www. ecomreg. gov. mm မှာလည်းဖော်ပြထားမှာဖြစ်တဲ့အတွက် မိမိတို့လုပ်ငန်းကို ကြော်ငြာပေးပြီးသားဖြစ်ပြီး မိမိကုန်စည် (သို့) ဝန်ဆောင်မှုအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ရှိကြောင်း Customer များကလည်း သိရှိသွားမှာဖြစ်ပါတယ်။

     ဒါ့ကြောင့် Customer များအနေဖြင့် အွန်လိုင်းရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ထားသည့် လုပ်ငန်းရှင်များထံမှသာ ကုန်စည် (သို့) ဝန်ဆောင်မှုကိုဝယ်ယူသုံးစွဲခြင်းဖြင့် အရည်အသွေးကောင်းမွန်သည့် ကုန်စည် (သို့) ဝန်ဆောင်မှုများကိုရယူနိုင်ပြီး လိမ်လည်ရောင်းချမှုများမှကင်းဝေး၍ အွန်လိုင်းစနစ်ကိုအသုံးပြုပြီး စီးပွားရေးဆောင်ရွက်ရာမှ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ရှိသည့် ကောင်းမွန်သန့်ရှင်းသော အွန်လိုင်းရောင်းချခြင်းစနစ်တစ်ရပ်ပေါ်ပေါက်လာစေရေး ရည်ရွယ်၍ အွန်လိုင်းရောင်းချခြင်းမှတ်ပုံတင်ခြင်းလုပ်ငန်းများကို လွယ်ကူစွာလုပ်ဆောင်နိုင်ရန်အတွက် လေ့လာသိရှိရသည်များကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

DOCA(မန္တလေး)