ဝါလကင်းလွတ်သီတင်းကျွတ်အချိန်အခါသည် မြတ်စွာဘုရားရှင်အား ဆီမီးပူဇော်သည့် အချိန်အခါဖြစ်သည်နှင့်အညီ မြို့ရွာများ၊ ရပ်ကွက်များရှိအိမ်များတွင် မီးပုံးများ၊ မီးအိမ်များချိတ်ဆွဲပူဇော်ကြ သည့်အပြင် မီးပုံးပျံများ လွှတ်တင်ပူဇော်ကြသည့် ရာသီလည်းဖြစ်ပါသည်။ သီတင်းကျွတ်ကာလတွင် မီးပုံးပျံများ လွှတ်တင်ပူဇော်ကြသည်မှာလည်း မြန်မာ့ရိုးရာယဉ်ကျေးမှုထုံးတမ်းတစ်ခုပင်ဖြစ်သည်။ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်သော တန်ဆောင်တိုင်မီးပုံးပျံပွဲသည်လည်း မြန်မာနိုင်ငံအတွင်းတွင်သာမက ကမ္ဘာ့နိုင်ငံများအထိပါ အထူးထင်ရှားကျော်ကြားသောပွဲတော်တစ်ခု ဖြစ်ပါသည်။ အဆိုပါ မီးပုံးပျံ များပြုလုပ်ရာတွင် ရှမ်းစက္ကူ (ခေါ်) မိုင်းကိုင်စက္ကူကို အသုံးပြုကြပါသည်။ ထိုသို့ အသုံးပြုရခြင်း အကြောင်းအရင်းမှာ အဆိုပါ ရှမ်းစက္ကူသည် အက်စစ်ကင်းပြီး သိပ်သည်းကျစ်လျစ်မှုအားကောင်း လွန်းသဖြင့် အလေးချိန်ကြီးကြီးမားမားကို ခံနိုင်ရည်ရှိသောကြောင့် ဖြစ်သည်ဟုသိရှိရပါသည်။
ရှမ်းစက္ကူ (ခေါ်) မိုင်းကိုင်စက္ကူ (Saa Paper)သည် ရှေးပဝေသဏီကတည်းကပင် ရှမ်းပြည်နယ်၏အဓိကထုတ်ကုန် တစ်ခုဖြစ်ခဲ့ပါသည်။ ကမ္ဘာ့စက္ကူသမိုင်းအရ အေဒီ၁ရာစုကတည်းက တရုတ်ပြည်မှ ဆင်းသက်လာသော စက္ကူပြုလုပ်သည့် နည်းပညာသည် မြန်မာနိုင်ငံအတွင်းရှိ ဂုံရှမ်းတိုင်းရင်းသားများထံသို့ စတင်ရောက်ရှိလာခဲ့ကာ ရှမ်းတိုင်းရင်းသားတို့၏ ဘာသာရေး စာပေယဉ်ကျေးမှုတို့တွင် အရေးပါ၍ တွင်ကျယ်စွာ အသုံးပြုခဲ့သော ပစ္စည်းဖြစ်ခဲ့သည်။ ရှမ်းလိုစေ့(စက္ကူ)၊ ဆာ (ပိုက်ဆံလျှော်) စေ့ဆာ ဟုခေါ်ပြီး မြန်မာလို မိုင်းကိုင်စက္ကူ(သို့)မိုင်းခံစက္ကူ(သို့) ရှမ်းစက္ကူဟူ၍ခေါ်ဆိုကြပါသည်။ ရှမ်းစက္ကူကို မိုင်းကိုင်၊ သီပေါ၊ ပင်းတယမြို့နှင့် အခြားမြို့များတွင်ရိုးရာမပျက်လုပ်ကိုင်ကြပါသည်။ ရှမ်းစက္ကူ ပြုလုပ်ပုံမှာ ရှမ်းလိုဆာ ဟုခေါ်သော (Broussonetia Papyrifera (L.)Vent) အပင်တစ်မျိုး၏အခေါက်ကို ဓါးဖြင့်ခွာရေဆေးကာ ဖြူသောအတွင်းပိုင်းအလွှာကို ရယူ၍ ထိုဆာဖြူများကို နေအိမ်အမိုးများအောက် တွင်(၄)ရက်ခန့်ထားကာ အခြောက်ခံရသည်။ ထိုဆာဖြူများကို နေအိမ်အမိုးများအောက်တွင်(၄)ရက် ခန့်ထားကာ အခြောက်ခံရသည်။ ထိုသို့ခြောက်သွေ့လျှင် ထုံးနှင့်ပြာတို့ကို ရေနှင့်ရောကာ(၂)နာရီခန့် မီးပြင်းတိုက်၍ပြုတ်ရသည်။ ထို့နောက်ပြုတ်အိုးမှ ထုတ်ယူပြီး တုတ်၊ တူစသည်တို့ဖြင့် ကြေညက်အောင် ထုထောင်းရသည်။ ထိုပျော့ဖတ်ကို ရေနှင့်သမအောင်ရောပြီး မွှေတံဖြင့်မွှေကာ ဘောင်ကွပ်ထားသော ခြင်ထောင်စတပ် ဖရိန်တွင် ပြန့်အောင်လောင်းထည့်ပေးရသည်။ ထိုဖရိန်ကို နေပူထုတ်လှန်းကာ နာရီအနည်းငယ်တွင် ခြောက်သွေ့လျှင် ယောင်းမကဲ့သို့ အတံတစ်မျိုးဖြင့်ခွာယူကာ ရှမ်းစက္ကူကို ရရှိမည်ဖြစ်ပါသည်။ ရရှိလာသောရှမ်းစက္ကူများကို အဓိကအားဖြင့် မီးပုံးပျံများပြုလုပ်ရာတွင် အဓိက သုံးစွဲကြပြီး ရှေးယခင်က ရှမ်းစာပေ၊ ပုရပိုက်များနှင့် ရိုးရာပန်းချီကားများတွင် ရေးဆွဲအသုံးပြုကြပြီး ယခုအခါတွင် ဆန်းသစ်တီထွင်လာသည်နှင့်အမျှ ရှမ်းစက္ကူများကို ရာသီအလိုက်ပွင့်သော သဘာဝပန်းပွင့် သစ်ရွက်များဖြင့် အရောင်စုံပြုလုပ်လာကြပြီး (Handmade)အလှဆင်ပစ္စည်းများထုပ်ပိုးသည့် စက္ကူများနေရာတွင် စတင်အစားထိုးအသုံးပြုလာကြသည့်အပြင် ရှမ်းစက္ကူဖြင့်ပြုလုပ်ထားသော ရောင်စုံမီးအိမ်များ၊ မီးပုံး၊ ယပ်တောင်၊ အိတ်များ၊ ထီးများအပြင် Decoration အဖြစ် နံရံကပ်စက္ကူများအဖြစ်လည်း အသုံးပြုလာကြပြီဖြစ်ကြောင်း လေ့လာသိရှိရပါသည်။
ရှမ်းစက္ကူအရွက်ထောင်ကျော်ကို အသုံးပြုပြီး ကျောက်ဖရုံသီးပုံစံ မီးပုံးပျံများပြုလုပ်ကာ မီးပုံးပျံ၏ကိုယ်ထည်ကို အနုပညာမြောက်လှသောဆေးပန်းချီအပြည့်ဆွဲ၍ ရိုးရာမပျက် ကျင်းပကြသော တောင်ကြီးတန်ဆောင်တိုင်ပွဲတော်သည် ပွဲတော်တစ်ခုထက်ပိုသည့် ယဉ်ကျေးမှုအမွေအနှစ် တစ်ခုပင် ဖြစ်ပါသည်။ ယနေ့ခေတ်တွင် သဘာဝပတ်ဝန်းကျင်အား အရုပ်ဆိုး အကျည်းတန်စေသော ပလတ် စတစ်များ အလွန်အကျွံသုံးခြင်း၊ A4/Legal စက္ကူများ တောရောမြို့ပါ အလွယ်တကူရရှိလာနိုင်သောခေတ်တွင် မိရိုးဖလာရှမ်းစက္ကူလုပ်ငန်းကို မှေးမှိန်မပျောက်ကွယ်ရလေအောင် ထိန်းသိမ်းစောင့်ရှောက်ရန်မှာ နိုင်ငံသားအားလုံး၏တာဝန်ပင်ဖြစ်ကြောင်း ဖော်ပြလိုက်ရပါသည်။
DOCA(ရှမ်း)