အသုံးအဆောင်၊ အဝတ်အထည်တို့ကို ရွှေခြည်၊ငွေခြည်၊ရွှေကြယ်ငွေကြယ်တို့ဖြင့် ပုံဖော်၍ ထိုးသည့် လုပ်ငန်းကို ရွှေခြည်ထိုးလုပ်ငန်းဟုခေါ်သည်။ရွှေချည်ထိုးလက်မှုအနုပညာမှာ ပန်းဆယ် မျိုးတွင် မပါဝင်သော်လည်း ပန်းချီကိုအခြေခံ၍ ပြုလုပ်ရသည့် လက်မှုပညာဖြစ်ပါသည်။ ရွှေခြည်ထိုး လက်မှုပညာလုပ်ငန်းသည် ရှေးနှစ်ပေါင်း များစွာကထဲက တည်ရှိခဲ့သော မြန်မာ့လက်မှု အနုပညာ လုပ်ငန်းတစ်ခုဖြစ်ပြီး အစောဆုံးသမိုင်း အထောက်အထားအဖြစ် အလောင်းမင်းတရားခေတ် (၁၇၅၂-၆၀) တွင်တွေ့ရှိနိုင်ပြီး ထိုင်းလူမျိုး ပညာရှင်များမှတဆင့် ဆင်းသက်လာနိုင်ချေရှိသည်ဟု ယူဆရ ပါသည်။ မင်းတုန်းမင်းတရားလက်ထက် (၁၈၅၃-၇၈) တွင်မူ မြန်မာတို့က မိမိကိုယ်ပိုင် မြန်မာမှု မြန်မာဟန်ဖြင့် ရွှေချည်ထိုးအတတ်ကို ပြုပြင်ပြောင်းလဲနိုင်ခဲ့ပြီး ကုန်းဘောင် ခေတ်နှောင်းပိုင်း ၊ ရတနာပုံ ခေတ်ဦးတွင် ပြည်ပ အနောက်တိုင်းနိုင်ငံများဖြင့် ကုန်စည်စလယ် တွင်ကျယ်ကျွမ်းကျင်စွာ ပြုလုပ်လာနိုင်သဖြင့် ဥရောပတိုင်းမှလာသော ပိုး၊ဖဲ၊ ကတ္တီပါ၊ သက္ကလပ် သာမက ဘော်ကြယ်များ အပြင် အိန္ဒိယမှ လာသော ရွှေချည်၊ငွေချည်များအားတန်းကာ ပြည်တွင်းဖြစ် တန်ဖိုးနည်း တွင်းထွက် ကျောက်များဖြင့် ရောယှက်၍ အလွန် လက်ရာပြောင်မြောက် လှပဆန်းကြယ်သော ရွှေချည်ထိုး ကားများကို အံ့မခန်းလိလိရက်လုပ်ခဲ့ကြသည်။
အစောဆုံးရွှေချည်ထိုးကားများသည် ရွှေချည်၊ငွေချည်၊ဘော်ကြယ်များထက် သက္ကလပ်ကိုဦး စားပေးကာ ပုံဖော်ခဲ့ကြပြီး နိုင်ငံရပ်ခြားရှိ ကမ္ဘာလှည့်ခရီးသွားတို့၏ အာရုံကို ညှို့ယူဆွဲဆောင် နိုင်ခဲ့ပါသည်။ ရွှေချည်ထိုးလုပ်ငန်းများ၏ အချက်အချာဗဟိုမှာ ၁၉ရာစုနှစ် မြန်မာနိုင်ငံတော်၏ နောက်ဆုံးမြို့တော် မန္တလေးဆိုသည်ကို ငြင်းမရပေ။ မန္တလေးမြို့၏အထင်ကရ ရွှေခြည်ထိုးလုပ်ငန်း များ လုပ်ကိုင်သည့်နေရာများစွာ ရှိသည့်အနက် မန္တလေးမြို့ နန်းတော်ရှေ့မှ ဆရာကြီး ဦးစိန်မြင့်၏ ဦးစိန်မြင့်ရွှေချည်ထိုးလုပ်ငန်းကို သွားရောက်လေ့လာခဲ့ပါသည်။
ဆရာကြီးဦးစိန်မြင့်၏ ရွှေခြည်ထိုးအလုပ်ရုံသည် မန္တလေးမြို့၊ ဒေါနဘွား၊ နန်းရှေ့၊ ၁၆-၁၇ ကြား၊ ၆၂လမ်းတွင် တည်ရှိပြီး ယခုအခါ ၃၅နှစ်ကြာရပ်တည်ခဲ့သည့် မြန်မာ့ရွှေခြည်ထိုး လက်မှုလုပ်ငန်း ဖြစ်ပါသည်။ဆရာကြီးဦးစိန်မြင့်သည် ပန်းချီပညာရှင်တစ်ဦးဖြစ်ပြီး ပန်းချီပညာကို ဦးပေါ်ဦးသက်၊ ဦးလူတင်တို့ကဲ့သို့သော နိုင်ငံကျော်ပန်းချီပညာရှင်ဆရာကြီးများထံတွင် လေ့လာသင်ယူခဲ့သူဖြစ် သည်ဟု သိရှိရပါသည်။ ပန်းချီဖြင့်အနုပညာလုပ်ငန်းများကို စတင်လုပ်ကိုင်ခဲ့သော်လည်း ၁၉၈၅ ခုနှစ်မှ စကာ မြန်မာ့ရွှေချည်ထိုးပညာရပ်များအား စိတ်ဝင်တစားလေ့လာခဲ့ပြီး ရွှေချည်ထိုးလုပ်ငန်းပါ တွဲဖက်လုပ်ကိုင်ခဲ့ပါသည်။
ရွှေချည်ထိုးအလုပ်ရုံတွင် ကုန်ကြမ်းပစ္စည်းများဖြစ်သည့် ပိတ်စများ၊ ချည်ကတ္တီပါ အမျိုးမျိုး တို့ကို အိမ်နီးချင်းတရုတ်နိုင်ငံမှ ဝယ်ယူရရှိပြီး ကျန်အလှဆင်ပစ္စည်းများဖြစ်သည့် နာဂထာကြိုး ရောင်စုံများကို အမရပူရမြို့နယ်မှ ဝယ်ယူကြောင်း၊ သဒ္ဓါစေ့၊ဘော်ကြယ်၊ စီးကွင့်မျိုးစုံ စသည့် အိန္ဒိယမှထွက်ရှိသည့် ပစ္စည်းများကို မန္တလေးမြို့တွင်း လက်လီ၊ လက်ကား ရောင်းချသည့် ဆိုင်များမှ ဝယ်ယူပြီး ဘောင်အနားသတ်လှပရန်အတွက် သံနှင့် ပြုလုပ်ထားသည့် ကြယ်ခွက်၊ ကြယ်ပြား ကလေးများကို မန္တလေးမြို့ စိန်ပန်းရပ်မှ ဝယ်ယူရရှိကြောင်းသိရှိရပါသည်။
ရွှေချည်ထိုးပြုလုပ်ရာတွင် ပြုလုပ်ရသည့် အဆင့်မြောက်မြားစွာမရှိဘဲ အဓိကလုပ်ငန်းလေး ဆင့်သာရှိကြောင်း သိရှိရသည်။ ကားကြတ်ခြင်း၊ ပုံရေးအကွက်ဖော်ခြင်း၊ ချည်ထိုးခြင်းနှင့် ကော်ကပ် ပုံဖော်ခြင်း တို့ဖြစ်ပြီး ပညာရှင်များမှ ကားချပ်ဘောင်ပြုလုပ်ခြင်းနှင့် ပန်းချီအရုပ်ရေးရခြင်းနှစ်ပိုင်းသာ တာဝန်ယူရကြောင်း သိရှိရပါသည်။ရှေးဦးစွာ သရုပ်ဖော်ပုံရေးဆွဲထားသည့် ပိတ်စအဖြူကို သစ်သား (သို့မဟုတ်) ဝါးကိုအသုံးပြုကာ ဘောင်ကွပ်ရခြင်းဖြစ်ပြီး ပိတ်စပေါ်တွင် ရေးဆွဲပြီးသား ပန်းချီ ကောက်ကြောင်းအတိုင်းလိုက်၍ အပ်နှင့်ချည်ကို အသုံးပြုပုံဖော်ရသည်ဟု သိရှိရပါသည်။ ထို့နောက် ပိတ်ဖြူပေါ်တွင်ရေးဆွဲထားသော ပန်းချီကောက်ကြောင်းများအားလုံးကို ချည်ဖြင့် ချုပ်ပြီးလျှင် ယင်းပန်းချီပုံကို ညှပ်ယူကာ နောက်တကြိမ်ဘောင်ကွပ်ထားသော ပိတ်စပေါ်တွင် ပန်းချီပုံတင်ခင်းကာ အခင်းပေါ်တွင် နဂထာကြိုးရောင်စုံများဖြင့် သီချုပ်ခြင်း ၊ ရုပ်လုံးကြွစေရန်အတွက် ဂွမ်းဖောင်းရန် လိုအပ်ပါက ဂွမ်းဖောင်းခြင်း၊ စီးကွင့်ထိုးခြင်း စသည်ဖြင့် အဆင့်ဆင့် အချောသတ်လုပ်ကိုင်ရကြောင်း၊ ထို့နောက် ရွှေချည်ထိုးကားကို သစ်သားဘောင်အတွင်း ထည့်သွင်းအချောသတ်ပြီး မှာယူထားသူထံ ပေးပို့ရသည်ဟု သိရှိရပါသည်။
မြန်မာ့ရိုးရာရွှေချည်ထိုးအနုလက်ရာများအနေဖြင့် မြန်မာ့ရိုးရာဇာတ်တော်ကြီးဆယ်ဘွဲ့၊ ရှေးယခင် နန်းမြို့ရိုးနှင့် ကျုံးအလှ၊ ရွှေမန်းတောင်အလှ၊ အတုမရှိကျောက်တော်ကြီး၊ ရွှေကျောင်းကြီးနှင့် ကုသိုလ်တော်ဘုရား၊ ကျေးလက်ဒေသအလှတရားများကို နဂထာကြိုးရောင်စုံများ၊ ဘော်ကြယ် စီးကွင့်တို့ဖြင့် သေသပ်ကျနအချိုးကျစွာ ဖန်တီးပြုလုပ်ထားသည်ကိုလည်း တွေ့ရှိခဲ့ရပါသည်။
မြန်မာ့ရိုးရာ ရွှေချည်ထိုးအနုပညာလက်ရာများကို အိမ်၊ဧည့်ခန်းများ၊ ရုံးခန်းများ၊ ဟိုတယ်၊ မိုတယ်ဧည့်ခန်းများတွင် ခမ်းနားစွာဖြင့် ထားရှိကြပါသည်။ ရွှေချည်ထိုး ပန်းချီကားဆိုဒ်များကို အသေးဆုံး ဆိုဒ် အလျား-၁၅လက်မ-အနံ-၁၂လက်မမှ စတင်၍ မှာယူနိုင်ပြီး ဆိုဒ်အကြီးဆုံး အလျား-၁၂ပေ အနံ-၆ပေထိရရှိနိုင်ကြောင်း မှာယူသူများအနေဖြင့် မိမိတို့မှာယူလိုသည့် အရွယ်အစားနှင့် ပုံများကို မှာယူနိုင်ကြကြောင်း သိရှိရပါသည်။ လတ်တလောတွင် ပြည်တွင်းမှာယူမှုများသာရှိပြီး နေပြည်တော်နှင့် ရန်ကုန်မှ အများဆုံးမှာယူကြကြောင်း ၊ နိုင်ငံခြားသို့ လက်ဆောင်ပေးရန်အတွက်လည်း ဝယ်ယူမှုများရှိကြောင်း သိရှိရပါသည်။
ဦးစိန်မြင့်ရွှေချည်ထိုးအလုပ်ရုံတွင် ရွှေခြည်ထိုးပန်းချီကားများအပြင် ရွှေချည်ထိုးနှင့်ပြုလုပ် ထားသည့် အမျိုးသမီးသုံးပိုက်ဆံအိတ်လေးများကိုလည်း တွေ့ရှိခဲ့ရရာ အလုပ်ရုံတွင်လက်ရှိ အလုပ် သမား (၃) ဦးဖြင့်သာ လည်ပတ်နေပြီး အလုပ်သမားအင်အား မလုံလောက်သဖြင့် ပန်းချီကားများ သာ ပြုလုပ်နိုင်ပြီး ရွှေခြည်ထိုးအိတ်များကို မန္တလေးတိုင်း ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်မှ ဝယ်ယူ၍ ရောင်းချခြင်းဖြစ်ပြီး အဆိုပါပိုက်ဆံအိတ်များကိုလည်း ပြည်တွင်းသာမက နိုင်ငံခြားသို့ လက်ဆောင်ပေးရန် ဝယ်ယူသူများရှိကြောင်း လေ့လာသိရှိခဲ့ရပါသည်။
ယခင်က ရွှေချည်ထိုးအနုပညာလက်ရာများကို ပြည်တွင်းသာမက နိုင်ငံတကာဈေးကွက်ရရှိရေးအတွက် ပြည်ပနိုင်ငံများသို့လည်း သွားရောက်ပြသခြင်း၊ ဈေးပွဲတော်များတွင် ခင်းကျင်းပြသ ရောင်းချခြင်းများ ဆောင်ရွက်ခဲ့သော်လည်း ယခုအခါ မြန်မာရွှေချည်ထိုးအနုလက်ရာများကို နေပြည်တော်နှင့် ရန်ကုန်မြို့များမှ လိုအပ်သည့်အခါ မှာယူလိုသော အရွယ်အစားနှင့် ပုံစံအလိုက် မှာယူသူများ စိတ်တိုင်းကျ ပြုလုပ်ရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။
ဦးစိန်မြင့် မြန်မာမှုအနုလက်ရာ ရွှေခြည်ထိုးလုပ်ငန်းသည် လွန်ခဲ့သည့်နှစ်ပေါင်း ၃၅နှစ်ကျော်ကထဲက လုပ်ဆောင်ခဲ့သည့် မိရိုးဖလာလုပ်ငန်းဖြစ်ပြီး ယခင်ကကဲ့သို့ ခရီးသွားများ လာရောက် လေ့လာဝယ်ယူမှုများ နည်းပါးသော်လည်း ပြည်တွင်းမှ ဝယ်ယူမှုများ၊ နိုင်ငံခြားသို့သွားရောက်သူများမှ ဝယ်ယူမှုများဖြင့် မိရိုးဖလာရွှေခြည်ထိုးလုပ်ငန်းကို တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းစောင့်ရှောက် လျက်ရှိပါကြောင်း လေ့လာတင်ပြလိုက်ရပါသည်။
DOCA(မန္တလေး)