သိရှိထားသင့်သည့်အစားအသောက်ဖြည့်စွက်ပစ္စည်း(Food Additives)များ၏ဂုဏ်သတ္တိများ

Powered by Drupal
Thu, 10/19/2023 - 13:21 -- consumer_admin

    အစားအသောက်ဖြည့်စွက်ပစ္စည်းများလို့ဆိုလျှင် ကျွန်ုပ်တို့ပတ်ဝန်းကျင်နှင် ပတ်သက်မှုရှိမည်ဟု ထင်မိသူနည်းပါလိမ့်မည်။ သို့သော် ကျွန်ုပ်တို့အိမ်ရှိ မီးဖိုဆောင်မှာပင် အစားအသောက် ဖြည့်စွက်ပစ္စည်းများကို နေ့စဉ်အသုံးပြုနေကြသည်ကို သတိမပြုမိကြပေ။ လူသားတို့သည် မီးကိုအသုံးပြု၍ ချက်ပြုတ်စားသောက်ခြင်းသည် အစိမ်းလိုက် စားသောက်ခြင်းထက်ပို၍ အရသာရှိသည်ကို စတင်သိရှိခဲ့သည့်အချိန်မှစ၍ အစားအစာများကို ချက်ပြုတ်စားသောက် လာကြသည်မဟုတ်ပါလော။ ထိုမှတဆင့် မိမိတို့ကြိုက်နှစ်သက်သည့် အစားစာများကို ကြာရှည်ခံအောင် ထားသိုသိမ်းဆည်းလိုသည့်အလျောက် ဆားကိုအသုံးပြု၍ ဆားနယ်ခြင်း၊ အချည်တည်ခြင်း၊ ကျက်ခိုးတိုက်ခြင်းစသည့်နည်းလမ်းများဖြင့် တာရှည်ခံအောင်ပြုလုပ် လာကြသည်။ ယနေ့ခေတ်တွင်လည်း ကျွန်ုပ်တို့ နေ့စဉ်အစားအစာများချက်ပြုတ်ရာတွင် မပါမဖြစ်ထည့်သွင်းချက်ပြုတ်လေ့ရှိသည့် ဆား၊ ဟင်းချိုမှုန့်၊ အရောင်တင်မှုန့်၊ အရသာမှုန့်နှင့် သကြားတို့သည့် အိမ်ရှင်မများအသုံးများဆုံးသော မီးဖိုချောင်သုံး  အစားအသောက်ဖြည့်စွက် ပစ္စည်းများဖြစ်ကြပေသေည်။ အစားအစာဖြည့်စွက်ပစ္စည်းများအား မည်သည့်အတွက် အသုံးပြုကြသည်ကို စာဖတ်သူတို့သိရှိပြီးသည့်အတိုင်း အရောင်းအဆင်းလှပစေရန်၊ အရသာကောင်းမွန်စေရန်၊ တာရှည်ခံစေရန်၊ ဘက်တီးရီးယား၊ မှိုပေါက်ပွားမှုမဖြစ်စေရန်၊ အစားအစာများ နူးညံ့စေရန်၊ မာကျောစေရန်၊ ပွစေရန်၊ အာဟာရတန်ဖိုးတိုးစေရန်နှင့် အသီးများမှည့်စေရန် စသည့်တို့အတွက် ထည့်သွင်း အသုံးပြုရခြင်းဖြစ်ပေသည်။

    ရှေးခေတ်တရုတ်လူမျိုးတို့ဟာ ဖယောင်းကုန်ကြမ်းကို မီးရှို့ပြီးအသီးများမှည့် လာစေရန်အတွက် အသုံးပြုလေ့ရှိကြောင်း၊ ရောမလူမျိုးစုတွေဟာ ကျောက်ချည်ကို ပေါင်မုန့်များ ဖြူစေရန်အတွက် အသုံးပြုကြကြောင်း၊ ဘက်တီးရီးယားများကြောင့် အစားအသောက်များ ပျက်စီးတတ်သည်ဟု မသိသေးခင်အချိန်ကပင် အစားအသောက်များတာရှည်ခံစေရန် ဆားကို အသုံးပြုကြကြောင်းနှင့် နပိုလီယံခေတ်တွင် စစ်တိုက်ထွက်ရသည့် စစ်သားများအတွက် အစားအသောက်များတာရှည်ခံစေရန် သံဖြူဘူးများကို အလုံပိတ်အပူပေးခြင်းဖြင့် တာရှည်ခံအောင် ပြုလုပ်သည့်နည်းပညာကို ဆန်းသစ်ခဲ့ကြောင်း ဟောပြောပွဲတစ်ခုမှ မှတ်သားခဲ့ရပါသည်။

  ၁၉ရာစုလောက်မှစ၍ ထွန်းကားလာသော အစားအသောက်ဖြည့်စွက်ပစ္စည်းများ ထည့်သွင်းထုတ်လုပ်လာသည့် နည်းပညာများသည် ၂၀ရာစုအလယ်လောက်တွင် တွင်တွင်ကျယ်ကျယ် ထွန်းကားလာခဲ့သည်ဟု ဆိုရပေမည်။

   အစားအသောက်ဖြည့်စွက်ပစ္စည်းများကို သုံးစွဲလာရသည့် အဓိကအကြောင်းအရင်းကို လေ့လာကြည့်ပါက စားသုံးသူများအနေဖြင့် အရောင်အဆင်းလှပပြီး အနံ့အရသာ ကောင်းမွန်သည့် အစားအစာများကိုသာ စားသုံးလိုကြောင်း၊ ထုတ်လုပ်ရောင်းချသူများမှလည်း စားသုံးသူ လိုအပ်ချက်များဖြည့်ဆည်းရန်၊ တာရှည်ခံရန်နှင့် မိမိကုန်ပစ္စည်းများဈေးကွက် ထိုးဖောက်နိုင်စေရန်အတွက် Food Additivesများကို အသုံးပြုလာကြောင်း တွေ့ရှိရသည်။ ယနေ့ခေတ်တွင် အစားအစာဖြည့်စွက်ပစ္စည်းအမျိုးပေါင်း ၃၀၀၀ကျော်ခန့် ဈေးကွက်အတွင်းရောက်ရှိနေပြီး ဆားနှင့်သကြားသည် အသုံးအများဆုံးသော အစားအသောက်ဖြည့်စွက်ပစ္စည်းဖြစ်ကြောင်း လေ့လာမှတ်သားရပါသည်။

   အစားအသောက်ဖြည့်စွက်ပစ္စည်းများကို အုပ်စုခွဲခြားလေ့လာကြည့်ပါက သဘာဝဖြည့်စွက်ပစ္စည်း၊ သဘာဝတူဖြည့်စွက်ပစ္စည်းနှင့် လူတို့ဖန်တီးထားသောဖြည့်စွက်ပစ္စည်းဟူ၍ အုပ်စုကြီး(၃)ခုရှိပါသည်။ လူတို့ဖန်တီးထားသော ဖြည့်စွက်ပစ္စည်းများကြောင့် စားသုံးသူကို ဘေးဥပါဒ်ဖြစ်စေနိုင်သည့်အတွက် ၎င်းတို့အား မှန်မှန်ကန်ကန်နှင့် တိတိကျကျသုံးစွဲတတ်ရန် လွန်စွာရေးကြီးပါသည်။   အသုံးပြုနိုင်သည့် အဆင့် အနေဖြင့်ထပ်မံခွဲခြားကြည့်ပါက ‌ဆေးဝါးပစ္စည်းများတွင်အသုံးပြုသောအဆင့်၊ အစားအစာများတွင်အသုံးပြုသောအဆင့်၊ တိရိစ္ဆာန် အစားအစာများတွင်အသုံးပြုသောအဆင့်နှင့် စက်မှုလုပ်ငန်းသုံးအဆင့်ဆိုပြီး သန့်စင်မှုနှင့် အရည်အသွေးပေါ်မူတည်၍ အဆင့်(၄)ခွဲခြားထားပါသေးသည်။ အသုံးများသော အစားအသောက် ဖြည့်စွက်ပစ္စည်းများမှာ Aluminium silicate, Amimo acid compound, ammonium carbonates, sodium nitrate, propyl gallate, BHT, BHA, TBHQ, Monosodium glutamate, white sugar, potassium bromate, potassium sorbate, sodium benzoate, colours (erythrosine(red),cantaxanthin(orange), amaranth(azoic red) tartrazone( azoic yellow) စသည့်တို့ဖြစ်ကြပြီးသက်ဆိုင်ရာကဏ္ဍအလိုက် အစားအသောက် ဖြည့်စွက်ပစ္စည်း များကို ရွေးချယ်၍တိုက်ရိုက်ထည့်သွင်း၍သော်လည်းကောင်း၊ သွယ်ဝိုက်သောနည်းဖြင့်သော်လည်းကောင်း ထည့်သွင်းအသုံးကြလေ့ရှိပါသည်။

တန်ဆေး လွန်ဘေးဆိုသည့်အတိုင်း အစားအသောက်ဖြည့်စွက်ပစ္စည်းများကို အလွန်အကြူးသုံးစွဲပါက စားသုံးသူအား အစာခြေလမ်းကြောင်းဆိုင်ရာချို့ယွင်းမှုများဖြစ်သည့် ဝမ်းလျှောခြင်း၊ အာရုံကြောဆိုင်ရာရောဂါများ၊ အိပ်မ‌ပျော်ခြင်းများ၊ စိတ်တိုလွယ်ခြင်းများ၊ ပန်နာရင်ကြပ်ရောဂါ၊ အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်းစသည့် ဘေးဥပါဒ်အန္တရာယ် ဖြစ်စေနိုင်သည့်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများမှ ဥပဒေများ၊ နည်းဥပဒေများ၊ သုံးစွဲပုံ စံချိန်စံညွှန်းများ (CODEX)ချမှတ်ခဲ့ပါသည်။  အစားအသောက်ဖြည့်စွက်ပစ္စည်းပါဝင်မှုကို သာမာန်မျက်စိဖြင့် ခွဲခြားနိုင်ခြင်းမရှိသည့်အတွက် ပြင်ပဓါတ်ခွဲခန်းများသို့ ပေးပို့၍ HPLC, GC, GCMS စသည့် ခေတ်မီဓါတ်ခွဲစမ်းသပ်စက်ကိရိယာများဖြင့်သာ စမ်းသပ်စစ်ဆေးနိုင်ပါသည်။ ထို့ကြောင့် အစားအသောက်ဖြည့်စွက်ပစ္စည်းများကို မိမိတို့ထုတ်ကုန်များတွင် ထည့်သွင်း အသုံးပြုမည်ဆိုပါက သက်ဆိုင်ရာကျွမ်းကျင်သူများနှင့် တိုင်ပင်ဆွေးနွေးပြီး တိတိကျကျ မှန်မှန်ကန်ကန် သုံးစွဲရန်အထူးလိုအပ်လှပေသည်။ သို့မှသာ စားသုံးသူများအတွက် ဘေးဥပါဒ်ကင်းသော အစားအစာများကို ထုတ်လုပ်နိုင်မှာဖြစ်ပေသည်။

   လက်ရှိကာလတွင် အစားအသောက်ဖြည့်စွက်ပစ္စည်းများအဖြစ် ထည့်သွင်းအသုံးပြု လေ့ရှိသည့် အရောင်၊ အနံ့၊ အရသာ၊ စေးပျစ်ပစ္စည်း၊ ပျော်ဝင်ပစ္စည်း၊ တာရှည်ခံပစ္စည်းတို့ကို မှတ်ရလွယ်ကူစေရန်  E Code No.များဖြင့် တွဲ၍မှတ်သားကြရာ အရောင်လှပစေရန် ထည့်သည့် (Food Color)ဖြည့်စွက်ပစ္စည်းများကို E 100s ဖြင့်လည်းကောင်း၊ တာရှည်ခံဆေး (Preservative and Acid) E 200s ဖြင့်လည်းကောင်း၊ ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ (Antioxidents)ကို E 300s ဖြင့်လည်းကောင်း၊ Emulsifiers,Stabilisers and thickners ကို E 400sဖြင့်လည်းကောင်း၊ anti-caking agents ကို E 400s ဖြင့်လည်းကောင်း၊ Flavour ကို E 600s၊ Sweeteners, glazing agents, foaming agents and gases ကို(E 900s)ဖြင့်လည်းကောင်း၊ အခြားသော ဖြစည့်စွက်ပစ္စည်းများကို E 1000s စသည်ဖြင့် သတ်မှတ်ထားကြောင်း လေ့လာသိရှိရပါသည်။

    အချို့သော ထုတ်ကုန်များ၏ ပါဝင်ပစ္စည်း(Ingredients)တွင် ထည့်သွင်းအသုံးပြု ထားသည့် အစာအသောက်ဖြည့်စွက်ပစ္စည်းအမျိုးအစားကို အပြည့်အစုံဖော်ပြခြင်းမရှိပဲ E No. များသာဖော်ပြထားသည့်အတွက် မိမိဝယ်ယူသောပစ္စည်းတွင် မည်သည့်ဖြည့်စွက်ပစ္စည်များ ထည့်သွင်းအသုံးပြုထားသည်ကို ယေဘုယျအားဖြင့် သိရှိနိုင်မှာဖြစ်သလို မိမိထုတ်ကုန်အတွက် ထည့်သွင်းအသုံးပြုရမည့် ဖြည်စွက်ပစ္စည်းများ၏ အာနိသင်မှန်ကန်မှုရှိမရှိနှင့် အကျိုးအပြစ်များကို သိရှိစေရန် Google Search Boxတွင် E No.များရိုက်နှိပ်၍ အလွယ်တကူရှာဖွေ ဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ လေ့လာသိရှိထားသည်များကို မျှဝေပေးလိုက်ခြင်းဖြစ်ပါသည်။

ကိုးကား-       Useof Food additives ဆွေးနွေးပွဲ

                   https://dermnetnz.org/topics/food-additives-and-e-number

DOCA(မန္တလေး)