ရှမ်းပြည်နယ်တောင်ပိုင်းသည် အေးသောရာသီဥတုနှင့် ချယ်ရီပန်းများပွင့်ဖူးရာ တောင်တန်းကြီးများ ဝန်းရံလျက်ရှိသည့် တောင်ပေါ်ဒေသဟုသိရှိကြပေသည်။ ဒေသခံပြည်သူများ၏ စိတ်ထားမှာ လည်းအနေအေး၍ ကူညီရိုင်းပင်းကြသော အရိုးခံစိတ်ကလေးများနှင့် ပြည့်စုံကြသည်။ အလှူအတန်းများ၌လည်း “တစ်မှုးရှိလို့တစ်ပဲလှူ ဒို့ရှမ်းတောင်သူတူနိုင်ရိုးလား” ဟုဆိုရိုးစကားအတိုင်း မြန်မာဆယ်နှစ်လရာသီပွဲများတွင် ဘုန်းကြီးကျောင်းများ၌ စည်းကားလျက်ရှိပြီး အလှူဒါနရက် ရောသောစိတ်ထားဖြင့် ဖြူစင်လှပေသည်။ ရှမ်းပြည်နယ်တွင် မည်သည့်ဒေသ နှင့်မျှမတူညီသော ဓလေ့မှာဘုရားစင်တွင် ဆွမ်းတော်စာမုန့်နှင့်အသီးများ အလှဆင်ခြင်းဖြင့် ဗုဒ္ဓမြတ်စွာဘုရားကို ကပ်လှူပူဇော်ထားသည်ကိုမြင်ရသူများမှာ အလွန်အမင်းစိတ်ကြည်နူးပိတီဖြစ်ရသည်။ တန်ခူးလ၊ သီတင်းကျွတ်လ၊ တန်ဆောင်တိုင်စသည့် ပွဲတော်ကာလများတွင်လည်း ဘုန်းကြီးကျောင်း၊ စေတီပုထိုးများ၊ မိမိတို့အိမ်ရှိဘုရားစင်များတွင် ဓနုတိုင်းရင်းသားရိုးရာဆွမ်းတော်စာမုန့်များဖြင့် အလှဆင်ကပ်လှူ လေ့ရှိသည်။
ဆွမ်းတော်စာမုန့်သည် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပင်းတယမြို့၊ ရှမ်းရပ် ရပ်ကွက်တွင် တနိုင်တပိုင်ပြုလုပ်၍ ရောင်းချလျက်ရှိသည်။ ဓနုရိုးရာဆွမ်းတော်စာမုန့်သည် အမျိုးအစား စုံလင်စွာရှိပြီး အရောင်မှာလည်း အဖြူ၊ အနီ၊ အဝါဟူ၍ရှိသည်။ ဓနုရိုးရာဆွမ်းတော်စာမုန့်၏ အမျိုးအစားများမှာ မုန့်ဖြူ၊ မုန့်နီ၊ မုန့်ဝါ၊ မုန့်ခရု၊ မုန့်လိပ်ပြာ၊ ပဲခွေ၊ ခါချာ၊ မုန့်ကြိုးလိမ်၊ ဟူ၍ခွဲခြားထားသည်။ မုန့်ဖြူ၊ မုန့်နီ၊ မုန့်ဝါ၊ မုန့်ခရု၊ မုန့်လိပ်ပြာ၊ ခါချာ၊ နှင့် မုန့်ကြိုးလိမ် တို့ကိုဂျုံဖြင့်ပြုလုပ်ပြီး ပဲခွေမုန့်ကိုပဲဖြင့်ပြုလုပ်သည်။ ဆွမ်းတော်စာမုန့်ပြုလုပ်ရာတွင် ဂျုံနှင့် ကိုယ်လိုချင်သော အရောင်တင်ဆေးမှုန့် ကိုရောစပ်၍သမအောင်နယ်ပြီး (ထင်)ခေါ်ပုံစံခွက်ဖြင့် ထည့်ကာ ဆီဖြင့် ကြော်ရသည်။ ထိုသို့ကြော်ရာတွင် ဝယ်ယူသူကြိုက်နှစ်သက်သော အရောင်ရရှိရန်အတွက် ဆေးမှုန့်သည် အဓိကကျပေသည်။ အရောင်တင်ဆေးမှုန့်မှာ အိန္ဒိယနိုင်ငံမှတင်သွင်းသော ဆေးမှုန့် ကိုအဓိကအသုံးပြုလျက်ရှိပါသည်။ ယခုလို သီတင်းကျွတ်အခါသမယတွင် ဓနုရိုးရာဆွမ်းတော်စာ မုန့်သည် အများဆုံး ရောင်းချလျက်ရှိသည်။ ယနေ့ဒေသပေါက် ဈေးအနေဖြင့် တစ်ခုကို(၄၀၀)ကျပ် ၊ ဆယ်ခုကို (၄၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ဆွမ်းတော်စာမုန့်သည် တောင်ကြီးမြို့ နှင့်အခြားမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)