ဖန်တီးတီထွင်လက်မှုပညာပင် ဗေဒါရိုးဖြင့်အလှဆင်

Powered by Drupal
Wed, 05/29/2024 - 12:25 -- consumer_admin

ဗေဒါပင်

          ဗေဒါပင်သည် အရွက်စိမ်းစိမ်းထူထူ ရိုးတံပွပွရှိပြီး ခရမ်းရောင်ဖျော့ဖျော့မှ ရင့်ရင့်အထိ အရောင်ရှိသည့် ပန်းကလေးများပွင့်သည်။ ဗေဒါပင်သည် ရေထဲတွင်ပေါက်ရောက်ကာ ရေကိုသန့်စင်ပေးပါသည်။  ရေပေါ်တွင် ပေါ်နိုင်ပြီး အရိုးတံမှ လေအိတ်ကလေးများကဲ့သို့ ထူထူဝိုင်းဝိုင်း အရွက်ကလေးများရှိပြီး အရောင်မှာ အစိမ်းရောင်ဖြစ်သည်။ အာရှနိုင်ငံအများစုတွင် ပေါက်ရောက်လေ့ရှိပြီး အများအားဖြင့် အလေ့ကျပေါက် ရောက်သည်။

ဗေဒါပေါက်ရောက်ရာဒေသ

          ဗေဒါပင်များသည် အစုလိုက်အပြုံလိုက်ပေါက်ရောက်လေ့ရှိပြီး အများအားဖြင့်  မြန်မာနိုင်ငံအနှံ အပြား၌ ရေငြိမ်သော အင်း၊ အိုင်၊ ချောင်း၊ မြောင်းများတွင် အများဆုံး ပေါက်ရောက်သည်။

ဗေဒါပင် စတင်ဆွတ်ခူးခြင်း

          ဗေဒါပင်များကို သီတင်းကျွတ်လ ပထမအပတ်တွင် စတင်ဆွတ်ခူးနိုင်သည်။ အရှည်တစ်တောင် အထက်ရှိသော ဗေဒါပင်ရိုးများကို ထိပ်မှ အရွက်ကိုဖြတ်ကာ အရင်းမှ အမြစ်ကိုဖြတ်ပြီး ဆွတ်ခူး ရပါသည်။ တစ်ပင်ခြင်းကို ခွာယူ၍ လက်ထဲတွင် အပင် (၁၀)ပင်လောက်စုယူပြီးမှ ထိပ်နှင့် အရင်းကို ဖြတ်တောက် ယူရပါသည်။ သို့ရာတွင် ဆွတ်ခူးပြီးသော ဗေဒါရိုးအစိမ်းများကို (၃)ရက်ထက် ပို၍စုပုံမထားသင့်ပါ၊ ထိုသို့ ထားပါက ဗေဒါရိုးများ ပုပ်တတ်ပါသည်။

ကျန်းမာရေးအတွက်အသုံးဝင်ပုံ

          အလေ့ကျပေါက်ရောက်သည့် ဗေဒါပင်သည် ကျန်းမာရေးအတွက်လည်း အထူးအကျိုးပြု စေသည်။ ဗေဒါပင် သတ္တုရည်ကို သံပုရာရည်နဲ့ ဆတူရောပြီး လိမ်းပေးတာက အရောင် ကျစေနိုင် သည့်အပြင် အဆစ်၊ ကြွက်သားများ ရောင်ရမ်းမှုကိုလည်း သက်သာစေပါသည်။ သန်ကျစေနိုင်ပြီး အူလမ်းကြောင်းကို ကျန်းမာစေဖို့လည်း အထောက်အကူပေးပါသည်။  ဗေဒါပင်ကို တရုတ် တိုင်းရင်းဆေးများတွင် သရက်ရွက် ကျန်းမာရေးအတွက် အသုံးပြုကြသည်။  အစာခြေစနစ်ကို အထောက်အကူပြုစေသဖြင့်  အစာကြေစေပြီး ဝမ်းပျက်ဝမ်းလျှောခြင်း၊  ဗိုက်အောင့်ဗိုက်နာခြင်း၊ အစာအိမ်နာရောဂါများကို သက်သာစေပါသည်။ ဗေဒါပင် ၏ နောက်ထပ် ကျန်းမာရေး အာနိသင်တစ်ရပ်မှာ သွေးတွင်းကိုလက်စထရောပမာဏကို ထိန်းညှိပေး ခြင်းဖြစ်၍ သွေးတွင်း အဆီများခြင်းကို ကာကွယ်ပေးပါသည်။ ထို့အပြင် ဗေဒါရွက်သတ္တုရည်ကို ဆန်မုန့်၊ နနွင်းမှုန့် တို့ဖြင့်ရောစပ်ပြီး အရေပြားတွင် လိမ်းကျံပါက နှင်းခူနှင့်အခြားအရေပြားရောဂါများကို သက်သာစေ ပါသည်။ ထို့အပြင်ဦးရေပြားကိုကျန်းမာစေပြီး ဦးရေပြားအဆီပြန်ခြင်း၊ ဗောက်ထခြင်းများကို ပျောက်ကင်း စေပါသည်။ ဗေဒါရွက်လေးများကို ရေစင်အောင်ဆေးကြောပြီး ရရှိလာသည့် သတ္တုရည်ကို လည်ချောင်း နာခြင်း၊ နားကိုက်ခြင်းတို့အတွက်လည်း အသုံးပြုနိုင်ပါသည်။

ဗေဒါရိုးအစိမ်းများကို အခြောက်လှမ်းခြင်း

          ဆွတ်ခူးပြီးသော ဗေဒါရိုးအစိမ်းများကို သံမံတလင်းပေါ်(သို့မဟုတ်)သွပ်ပြားပေါ်တွင် ညီညာစွာဖြန့်၍ နေလှန်းရပါသည်။ နေလှန်းသည့်အခါ အနည်းဆုံး (၅)ရက်မှ(၇)ရက်အထိ နေအပူချိန်ပေါ်မူတည်ပြီး မိမိလိုအပ်သော အရောင်အဆင်းမရမချင်းနေလှန်းရပါသည်။ ဗေဒါရိုးသည်ခြောက်လျှင် အဝါရောင်သမ်းလာ ပါသည်။ အကယ်၍ စတင်လှန်းသည့်နေ့မှ (၃)ရက်ခန့်ကြာလျှင် အောက်ခြမ်းမှ အစိမ်းရောင်ပျောက်အောင် တဖက်သို့ လှန်းပေးရပါသည်။ သို့မှသာ အဝါရောင်သမ်းသော ညီညာသည့် အရောင်အဆင်းကို ရရှိပါမည်။ အထူးသတိပြုရမှည်မှာ ဗေဒါရိုးများကျိုးကုန်တတ်၍ နေလှန်းရာတွင် နံနက်(၆)နာရီနောက်ပိုင်းတွင် လက်ဖြင့် မကိုင်မိစေရန် အထူးသတိထားရပါမည်။

ခြောက်သွေ့နေသော ဗေဒါရိုးများ ထားသိုခြင်း

          ခြောက်သွေ့ပြီးသော ဗေဒါရိုးများကို အပင် ၁၀၀ တစ်စည်းစည်း၍ စတိုခန်းထဲတွင် သေချာစွာ သိမ်းဆည်းရပါမည်။ သတိပြုရန်မှာ စတိုခန်းထဲတွင် သိမ်းဆည်းရာ၌ အောက်တွင် ပလပ်စတစ်ခင်းရန် လိုအပ်ပါသည်။ ဘေးနံရံများကိုလည်း ပလပ်စတစ်ကာရန် လိုအပ်ပါသည်။

ဗေဒါရိုးကျစ်ခြင်း

          ၁၀၀ ပင်စည်းထားသော ဗေဒါရိုးမှ တစ်ပင်ခြင်းကိုယူ၍ ကတ်ကြေးဖြင့် အရင်းအဖျားညှိကာ ညှပ်ရပါသည်။ ညှပ်ပြီးသော ဗေဒါရိုးကို သုံးပင်လိပ်ကျစ်ဆံမြီး ကျစ်ရပါသည်။ ဗေဒါကျစ်ကြိုးကို တစ်ထုံးလျှင် မီတာ ၃၀ သတ်မှတ်ပါသည်။ ထိုသို့သတ်မှတ်ရခြင်းမှာ ကုန်ချောထုတ်လုပ်ရာ၌ ခုံတစ်လုံး ပြုလုပ်မည်ဆိုပါက မည်မျှကုန်ကျနိုင်သည်ကို အလွယ်တကူတွက်ချက်နိုင်ရန်အတွက်ဖြစ်ပါသည်။ ဗေဒါ ကြိုးထုံးကို ဆိုဒ် (၃)မျိုးခွဲခြားထားပါသည်။ ကျစ်ကြိုးအကြီးကို B ၊ ကျစ်ကြိုးအလတ်ကို M၊  ကျစ်ကြိုးအသေးကို S ဟူ၍ ဖြစ်ပါသည်။ ကျစ်ကျိုး B ကို ဧည့်ခန်းသုံးဆက်တီခုံ (Sette)များတွင် အသုံး ပြု၍ အသုံးပြုပါသည်။ M အမျိုးအစားကျစ်ထုံးကို ထမင်းစားပွဲခုံများ၊ စားပွဲများ၊ စတူခြေတင်ခုံ (Stool) များတွင် အသုံးပြုပါသည်။ S အမျိုးအစား ဗေဒါကျစ်ထုံးကို အခန်းအလှဆင်ပစ္စည်းများဖြစ်သော ပန်းအိုး၊ ဗန်း၊ မှန်ဘောင်၊ ပန်းချီကား၊ ဘောင် စသည့် အသေးစားလူ့အသုံးအဆောင်ပစ္စည်းများတွင် အသုံးပြုပါသည်။

အသုံးဝင်ပုံ

ဗေဒါပင်ကို ယခုအခါဘဲစာအဖြစ် သာမက ဗေဒါရိုးကိုအသုံးပြုပြီး လူသုံးကုန်များစွာ ထုတ်လုပ် လာကြပါသည်။ မြန်မာ့ယဉ်ကျေးမှု လက်မှုပညာအများအပြားရှိသည့်အနက် တစ်ချိန်က တိရိစ္ဆာန်အစာ အဖြစ် လူသိများခဲ့သည့် ဗေဒါပင်သည် ယခုအခါ တန်ဖိုးကြီးထုတ်ကုန်အဖြစ်  အစားထိုး နေရာယူလာသည်။  ထိုကဲ့သို့ အစားထိုးနေရာယူလာသည်မှာ (၁၀)နှစ်ကျော်ခဲ့ပြီပင်ဖြစ်သည်။  ဗေဒါရိုးမှ လူသုံးကုန် ထုတ်လုပ် ခြင်းကို (၁၉၉၅)ခုနှစ်မှ သဘာဝကုန်ကြမ်းမှ အဆင့်မြင့်တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ်စတင် ထုတ်လုပ်လာ ကြသည်။ ၂၀၀၁ ခုနှစ်တွင် ပြည်တွင်းမှတစ်ဆင့် ပြည်ပသို့ တင်ပို့ နိုင်ခဲ့သည်။ ယခုအခါ ဆန်းသစ်သော လက်ရာကောင်းများနှင့်  နိုင်ငံတော်အစိုးရပံ့ပိုးကူညီမှုဖြင့် ဒီဇိုင်း ပေါင်း (၁၀၀)ကျော်ကို ပြည်တွင်း၌ သာမက ပြည်ပနိုင်ငံများအထိ တင်ပို့ရောင်းချနိုင်ပြီဖြစ်သည်။

ဗေဒါရိုးမှ ထုတ်ကုန်များ

ဗေဒါရိုးကိုအသုံးပြု၍  အဖုံးပါ ခြင်းများ၊ သေတ္တာဖာများ၊ အလှထည့် ခြင်းများ၊ အလှဓါတ်ပုံဘောင် များ၊  နံရံကပ်ပန်းအလှခြင်းများ၊  စားပွဲများ၊ ကုလားထိုင်များ၊ လက်ကိုင်အိတ်များ၊ ကန်တော့ခြင်းများ ထုတ်လုပ်လျှက်ရှိသည်။

ဈေးနှုန်းဈေးကွက်

          ဗေဒါရိုးဖြင့်ပြုလုပ်ထားသော အမျိုးသမီးသုံး အလှကိုင်အိတ်အသေးတစ်လုံးလျှင် ကျပ်(၈၅၀၀ မှ ၁၀၀၀၀)၊ အလှဘေးလွယ်အိတ်တစ်လုံးလျှင် ကျပ်(၁၅၀၀၀ မှ ၂၀၀၀၀)၊ ပန်းထိုးလက်ကိုင်အိတ် တစ်လုံး လျှင် ကျပ်(၃၀၀၀၀ မှ ၄၀၀၀၀)၊  အမျိုးသမီးအလှဖိနပ်တစ်ရံလျှင် ကျပ်(၁၀၀၀၀ မှ ၁၃၀၀၀)၊ ဗေဒါရိုးဖြင့် ပြုလုပ်ထားသော အလှကျောပိုးအိတ်တစ်လုံးလျှင် ကျပ်(၃၀၀၀၀ မှ ၄၀၀၀၀)တို့ဖြင့် ရောင်းချလျက်ရှိ ပါသည်။

နိဂုံးချုပ်

       ယခုအခါ နိုင်ငံတော်မှ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွား မြှင့်တင်နိုင်ရေးအတွက် တွန်းအားပေး ဆောင်ရွက်လျက်ရှိသည်။ စီးပွားရေးဦးတည်ချက် ဒုတိယအချက်ဖြစ်သော “တိုးတက် ကောင်းမွန်လာ သည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေး

        ဆောင်ရွက်ကာ  ပို့ကုန်ကဏ္ဍမြှင့်တင်ရေး”  ကိုဦးစားပေး ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်ရာတွင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ကူညီဆောင်ရွက်လျက်ရှိပြီး ကုန်စည်ပြပွဲများ ကျင်းပခြင်း၊ MSME ဖွံ့ဖြိုးတိုးတက်ရေး စကားဝိုင်းများ ကျင်းပခြင်း၊ နည်းပညာများ လွှဲပြောင်းပေးခြင်း၊ စီးပွားရေးဆိုင်ရာ တွေ့ဆုံပွဲနှင့်ပြပွဲများ၊ စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းများ၊ ငွေကြေးဆိုင်ရာ သုံးစွဲခွင့် MSME  မှတ်ပုံတင်ခြင်း၊ လုပ်ငန်းလမ်းညွှန် အကြံပေးခြင်းများ ဆောင်ရွက် လျက်ရှိသည်။ ယခုအခါ အသေးစား၊   အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME)များသည် နိုင်ငံ့စီးပွားရေး၏  ၉၀  ရာခိုင်နှုန်းကျော်ရှိသဖြင့်  MSME လုပ်ငန်းများ အရှိန်အဟုန် ဖြင့်ကြီးပွားတိုးတက် လာပါက နိုင်ငံ့စီးပွားရေး မှာလည်း မြင့်မားလာမည်ဖြစ်သည်။

        အချုပ်အားဖြင့်ဆိုရလျှင် အသေးစားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင် အထည်ဖော် ဆောင်ရွက်နိုင်သည့်အတွက် ပြည်သူများအလုပ်လက်မဲ့ဖြစ်ပေါ်မှုကို လျော့ချပေးနိုင်သည့် အပြင် မိသားစုတစ်ပိုင်တစ်နိုင် လုပ်ငန်းငယ်လေးများကို လုပ်ကိုင်နိုင်သည့် အခွင့်အလမ်းများ၊ ထိုလုပ်ငန်း ငယ်လေးများမှတစ်ဆင့် မိမိ တို့ထုတ်ကုန်များအပေါ် အရည်အသွေးမြှင့်တင်ပြီး ပြင်ပနိုင်များသို့ ထိုးဖောက် ဝင်ရောက်နိုင်ခြင်းဖြင့်  အသေးစားမှသည် အလတ်စားစီးပွားရေးလုပ်ငန်းဆီသို့ တိုးချဲ့လုပ်ကိုင်နိုင်မည် ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မကွေး)