မန်ဂျန်ရှားပင်သည် မလေးရှားပိတောက်ပင်နှင့် အလားသဏ္ဍာန်တူသည်။ မန်ဂျန်ရှားပင်သည် အဖြူရောင်ရိုးတံအပွင့်ပွင့်ပြီး မလေးရှားပိတောက်သည် အဝါရောင်အပွင့်ပွင့်သည်။ မန်ဂျန်ရှားပင်၏ အသီးသည် ကုလားမန်ကျည်းသီးကဲ့သို့ ခွေ၍သီးသည်ကိုတွေ့ရပါသည်။ မန်ဂျန်ရှားနှင့် မလေးရှား ပိတောက်တို့၏ အစေ့များမှာ ခွဲရခက်သည်။ မျိုးစိတ်ပေါင်း (၂၀၀)ကျော်ရှိသည်ဟုသိရသည်။ အစေ့နှင့် အရွက်မှာ သဘာဝပတ်ဝန်းကျင်နှင့် ကျေးငှက်တိရစ္ဆာန်များကို အန္တရာယ်ဖြစ်စေသော အဆိပ်သင့် ဇီဝဖွဲ့စည်းမှုမရှိကြောင်း သိရပါသည်။
မန်ဂျန်ရှားသည် အရွက်ဖားပြီး ထိပ်ပိုင်းတုံးတုံးဝိုင်းဝိုင်းဖြစ်ပြီး ပင်စည်မှာ ဖြောင့်စင်း၍ ညိုဝါရောင်ဖြစ်သည်။ အကြီးမြန်သော အပင်မျိုးဖြစ်၍ တစ်နှစ်အတွင်း ၁၀ ပေဝန်းကျင်အမြင့် အထိကြီးနိုင်သည်။ အကြီးမြန်သော်လည်း မြေကြီးမှရေကို အနည်းငယ်သာ စုပ်ယူပြီး အပေါ်ယံ မြေဆီလွှာတွင် နိုက်ထရိုဂျင်ကို မြင့်တက်စေပြီး မြေဆီလွှာထဲတွင် ရှင်သန်နေသော အနုဇီဝပိုးများကိုလည်း ရှင်သန်ပေါက်ဖွားစေသည်။ အဆွေးမြန်သောအရွက်များကြောင့် မြေဆီလွှာကို ပို၍အား ကောင်းစေပါသည်။ အပူချိန်အမြင့်ဆုံး 31-34'C ဝန်းကျင်ရာသီဥတုများတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်ပြီး ထို့ထက်ပိုလျှင်လည်း ခံနိုင်ရည်ရှိသည်။
မန်ဂျန်ရှားပင်သည် စတင်စိုက်ပျိုးချိန်မှစပြီး (၃)နှစ်မှ (၅)နှစ်သားအရွယ်တွင် ပင်ကြပ်ခုတ်ရမည်ဖြစ်ပြီး ဈေးကွက်အတွင်းသို့ ပျော့ဖတ်၊ မျောတိုင်များအနေဖြင့် ရောင်းချကာ စိုက်ပျိုးပြီး (၁၀)နှစ်မှ (၁၂)နှစ်ကြားကာလတွင် ဈေးကွက်ဝင် စက်မှုကုန်ကြမ်းသစ်အနေဖြင့် ရောင်းချနိုင်သောကြောင့် စီးပွားဖြစ်စိုက်ပျိုးနိုင်သော မန်ဂျန်ရှားပင်အကြောင်း လေ့လာတင်ပြအပ်ပါသည်။
DOCA(ဧရာဝတီ)