မြန်မာ့ဆေးဖက်ဝင် သင်္ဘောသီးပင်

Powered by Drupal
Tue, 08/20/2024 - 14:44 -- consumer_admin

      သင်္ဘောပင်သည် အပူပိုင်းစားသုံး သီးပင်ဖြစ်သောကြောင့် မြန်မာနိုင်ငံတွင် နေရာအနှံ့အပြားစိုက်ပျိုးကြပြီး အပူပိုင်းဒေသနှင့် အပူအနည်းငယ်လျော့သည့်ဒေသများတွင် ပိုမိုဖြစ်ထွန်းပါသည်။ မြန်မာနိုင်ငံအရပ်ရပ်ရှိ အိမ်ဝန်း၊ ခြံဝန်းနှင့် ဥယျာဉ်များတွင် အများဆုံးတွေ့ရသော အပင်တစ်မျိုးလည်း ဖြစ်ပါသည်။ သင်္ဘောပင်စိုက်ပျိုးကြရာတွင် ပျိုးဘောင်၊ ပျိုးခင်း၊ ပလတ်စတစ်အိတ်စသည်တို့အား အသုံးပြု၍ စိုက်ပျိုးနိုင်ကြသည်။ မြေဆီလွှာသည် နွားချေးဆွေး၊ သဲ၊ မြေကြီးတို့ကို အတူရောစပ်ထားသောမြေမျိုးဖြစ်ရမည်။ သင်္ဘောပင်စိုက်ပျိုးရာတွင် သင်္ဘောသီး၏ အစေ့များမှ မျိုးစေ့ချန်၍ စိုက်ပျိုးတတ်ကြသည်။ အစေ့အားစိုက်ပျိုးရာတွင် မြေနက်နက်တူး၍ စိုက်ပျိုးလျှင် ပျိုးစေ့များဖုံးအုပ်မိပြီး မျိုးစေ့များပုတ်သွားကာ အပင်ပေါက်ညံ့ဖျင်းတတ်သောကြောင့် ပျိုးစေ့များကို မြေပါးပါးဖုံး၍ စိုက်ပျိုးပြီး အပေါ်တွင် ကောက်ရိုးပါးပါးဖုံးအုပ်ပေးထားရမည်။ ထိုသို့ ကောက်ရိုးပါးပါးဖုံးအုပ်ထားပါမှ ရေလောင်းသည့်အခါ အစေ့ပေါ်မလာအောင်ထိန်းပေးနိုင်၍ အပူဒဏ်ကိုကာကွယ်ပေးနိုင်မည်ဖြစ်သည်။ သင်္ဘောပင် စိုက်ပျိုးသည့်နေရာသည် ရေမဝပ်နိုင်သော နေရာဖြစ်ရမည်။ ပုံသဏ္ဍာန်အားဖြင့် ရှင်သန်ရလွယ်သော အပင်မျိုးဖြစ်၍ အမြင့်မှာ (၁၅)ပေမှ ပေ (၂၀)ကျော်အထိ ရှိနိုင်ပါသည်။

       သင်္ဘောပင်တွင် အဖိုပင်၊ အမပင်နှင့် လိင်စုံပင်ဆိုပြီး အမျိုးအစား(၃)မျိုးရှိပါသည်။ အဖိုပင်မှာ ပန်းပွင့်များစောထွက်လေ့ရှိပြီး အခိုင်လိုက်ပွင့်ကာ အသီးသီးလေ့မရှိပါ။ အသီးသီးအောင် သင်္ဘောအဖိုပင်ကို ထိခိုက်မှုရှိအောင် ထိပ်ပိုင်းဖြတ်ပေးခြင်း၊ ပင်စင်အောက်ခြေကို တုတ်ချောင်းရိုက်၍ အဝတ်စပတ်ပေးခြင်းပြုလုပ်ပေးပါက အဖိုပင်များကြားတွင် အမပွင့်များပြောင်းလာကာ အသီးငယ်များသီးလာတတ်သည်။ ထိုအပင်ကို “သင်္ဘောပဒေသာပင်” ဟုလည်းခေါ်ပါသည်။ အမပင်မှာ အသီးသီးနိုင်သော အပင်ဖြစ်သည်။ အမပင်၏ အပွင့်မှာ ပင်စည်နှင့် ကပ်၍ ထွက်လျက်ရှိပြီး အပွင့်အရွယ်အစားပိုကြီး၍ အပွင့်အောက်တွင် ဖောင်းနေသော သန္ဓေအိမ်ပါရှိသည်။ လိင်စုံပင်မှာ (၂)မျိုးခွဲခြားနိုင်သည်။ လိင်စုံပင်မှာ တစ်ပင်တည်းတွင် အဖိုပွင့်နှင့် အမပွင့် (၂)ပွင့်လုံးပါသောအပင်နှင့် အဖိုပွင့်နှင့် အမပွင့် ပူးတွဲပါသော အပင်ဟူ၍ဖြစ်သည်။ အဖိုပွင့်နှင့် အမပွင့်(၂)ပွင့်လုံးပါ သောအပင်သည် ဝတ်မှုန်ကူးလွယ်၍ အသီးသီးမြန်သည်။ အပွင့်အောက်တွင် သန္ဓေအိမ်ပါသည်။ အဖိုပွင့်နှင့်အမပွင့် ပူးတွဲပါသောအပင်သည် အဖိုပွင့်၊ အမပွင့်သီးသန့်မပါပဲ အပွင့်(၁)ပွင့်ထဲတွင် လိင်(၂)မျိုးလုံးပါသည်။ ထို့ကြောင့် အသီးအများဆုံးရနိုင်သော အပင်ဖြစ်ပါသည်။ အပွင့်ကိုခွဲကြည့်ပါက အဖိုဝတ်မှုန်အိပ်ဖတ်အပြင် အမဝတ်မှုန်ခံတိုင်နှင့် သန္ဓေအိမ်နှစ်မျိုးလုံး တစ်ပွင့်တည်းတွင် ပါဝင်သည်။

      သင်္ဘောသီးသည် မြန်မာတစ်နိုင်ငံလုံးတွင်သာမက တစ်ကမ္ဘာလုံးတွင်တွေ့နိုင်ပါသည်။ သင်္ဘောသီးသည် လူတိုင်းကျန်းမာသက်ရှည်ရေးအတွက် အဖိုးတန်သော အသီး၊ အာဟာရဓာတ်အလွန်ကောင်းမွန်သော အသီးတစ်မျိုးဖြစ်ပါသည်။ သင်္ဘောသီး၏ ရုက္ခဗေဒအမည်မှာ “ကာရီကာပယာ”ဟုခေါ်ပြီး ရခိုင်ပြည်နယ်တွင် “ပဒကာသီး”၊ တနင်္သာရီတိုင်းနှင့် မြိတ်ဒေသတို့တွင် “ရှိန်းခိုသီး” ဟုခေါ်ကြပါသည်။ သင်္ဘောသီးကို ရှေးမြန်မာလူမျိုးများက “နံနက်သင်္ဘော ညငှက်ပျော” ဟုဆိုခဲ့ကြသည်။ နံနက်စာစားပြီးပါက သင်္ဘောသီးစိမ်းစားပေးခြင်းဖြင့် အစာကြေ၍ ရင်တောင့်ရင်ခံခြင်းမှ သက်သာကင်းဝေးစေပါသည်။ သင်္ဘောသီးမှည့်သည် အလွန်အာဟာရ ဖြစ်သော ဓာတ်ဆာတစ်မျိုးဖြစ်သောကြောင့် အမှည့်ကိုမှန်မှန်မှီဝဲသူတို့သည် နုပျိုစိုပြေပြီး ကျန်းမာရွှင်လန်းစေပါသည်။

        သင်္ဘောပင်မှရရှိသော သင်္ဘောရွက်ကို မြန်မာလူမျိုးတို့သည် ဟင်းသီးဟင်းရွက်အဖြစ် အသုံးပြုကြသည်။ သင်္ဘောရွက်သည် ဗီတာမင်စီနှင့် ဗီတာမင်အီးအပြင် စုစုပေါင်း အာဟာရဓာတ် (၆)မျိုး ခန့် ပါသောကြောင့် အာဟာရရှု‌ထောင့်မှကြည့်လျှင် အဖိုးတန်သောအရွက်ပင်ဖြစ်ပါသည်။ သင်္ဘောရွက်အနုကို ပြုတ်၍ ကတ်ကြေးဖြင့်ညှပ်ပြီး လက်ဖက်သုတ်ကဲ့သို့ နှမ်း၊ ကြက်သွန်ဖြူတို့ဖြင့်တွဲ၍ စားသုံးပေးခြင်းဖြင့် လေနာတတ်သူများအတွက် စားသုံးရန် အလွန်ပင်ကောင်းမွန်ပါသည်။ သင်္ဘောရွက်ကို ထောင်းပြီးရရှိလာသော အရည်ကို နေ့စဉ်မှန်မှန်သောက်ပေးပါက ဝမ်းမှန်၍ တုတ်၊ သန်၊ ပိုးများ အောက်သို့ သက်စေပါသည်။ ထိုအရည်ကို “သင်္ဘောရွက်သတ္တုရည်” ဟုလည်းခေါ်ပါသည်။ သင်္ဘောရွက်ဟာ ထင်ရှားသည့် သဘာဝဆေးဖက်ဝင် အရွက်တစ်မျိုးဖြစ်သောကြောင့် သွေးလွန်တုပ် ကွေးရောဂါနှင့် ပတ်သက်သောရောဂါများကို ကုသနိုင်ခြင်း၊ အသည်းကိုကျန်းမာစေခြင်း၊ အမျှင်ဓာတ်များစွာပါဝင်သောကြောင့် အစာချေစနစ်ကိုကောင်းမွန်စေခြင်း၊ သွေးတွင်းသကြားဓာတ်ပါဝင်မှု လျော့နည်းသောကြောင့် ဆီးချို‌‌ဝေဒနာသည်များအတွက် သင်္ဘောရွက်ကို   မှန်မှန်စားသုံးပေးလျှင် သက်သာစေနိုင်ခြင်း၊ အရွက်တွင် Karpain ဓာတ်ပါဝင်သောကြောင့် အရေပြားမှာရှိသော အဆိပ်အတောက်များကို သန့်စင်ပေးနိုင်ခြင်း၊ သင်္ဘောရွက်တွင်ပါဝင်သည့် acetogenin အင်ဇိုင်းဟာ ကင်ဆာအမျိုးမျိုးပျောက်ကင်းအောင် ကုသပေးနိုင်ခြင်း၊ ရောင်ရမ်းခြင်းနှင့် ဓာတုဆေးကြောင့် ဘေးထွက်ဆိုးကျိုးများမဖြစ်စေရန် ကူညီပေးနိုင်ပါသည်။

     သင်္ဘောသီးအစေ့အား နေပူတွင် အခြောက်လှန်း၍ အမှုန့်ထောင်းကာ ပျားရည်နှင့်ရော၍ တစ်နေ့ကို (၂)ကြိမ် (၁)ကျပ်သားခန့်သောက်ပေးခြင်းဖြင့် ကျီးပေါင်းဝေဒနာနှင့် အရိုးအဆစ်ကိုက်ခြင်းအား သက်သာပျောက်ကင်းစေပါသည်။ သင်္ဘောသီးအစေ့ကို အရွယ်နှင့် ချင့်ချိန်၍ စားသော်ဝမ်းတွင်းရှိ သန်များကျစေ၍ သန်ချဆေးအဖြစ် အသုံးပြုလေ့ရှိပါသည်။ သင်္ဘောသီးစိမ်းအခွံမှ ထွက်သောအစေးသည်လည်း မြန်မာ့ပရဆေးများတွင် ပါဝင်သည်ဟု သိရပါသည်။

      သင်္ဘောပင်တစ်ပင်လုံးဆေးဖက်ဝင်ပြီး “တန်ဆေးလွန်ဘေး” ဆိုသည့်အတိုင်း သင်တင့်မျှတစွာဖြင့် အသီး၊ အပွင့်၊ အရွက်နှင့် အစေ့တို့အား စားသုံးပေးခြင်းဖြင့်ရရှိနိုင်သော အကျိုးကျေးဇူးများအား ရေးသားတင်ပြလိုက်ပါသည်။

DOCA(မကွေး)