ခေတ်မီနည်းစနစ်များဖြင့် ဘက်စုံဖွဲ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေး

Powered by Drupal
Fri, 08/23/2024 - 10:11 -- consumer_admin

       စိုက်ပျိုးရေးကဏ္ဍမှ ပြည်တွင်းထုတ်ကုန်သည်  မြန်မာ့စီးပွားရေးတွင် ကျောရိုးသဖွယ်တည်ရှိနေပြီး GDP (ပြည်တွင်းအသားတင်ထုတ်ကုန်) ကို သိသိသာသာပံ့ပိုးပေးပြီး လူဦးရေအများစုကို အလုပ်အကိုင်အခွင့်အလမ်းတိုးတက်စေသည်။ စိုက်ပျိုးရေးကဏ္ဍသည် ရာသီဥတုပြောင်းလဲမှု၊ ခေတ်မမီသောစိုက်ပျိုးရေးနည်းစနစ်များနှင့် ကမ္ဘာ့ကုန်ဈေးနှုန်းအတက်အကျများကဲ့သို့ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသော်လည်း ခေတ်မီသောစိုက်ပျိုးရေး၊ အခြေခံအဆောက်အအုံများမြှင့်တင်ရန်နှင့် ဈေးကွက်များသို့ လက်လှမ်းမီမှုကို မြှင့်တင်ရန် ရည်ရွယ်သောလုပ်ဆောင်ချက်များသည် ပြည်တွင်းထုတ်ကုန်အတွက် ၎င်း၏ပံ့ပိုးကူညီမှုကိုတည်ငြိမ်စေပြီး တိုးမြှင့်စေသည်။

    စိုက်ပျိုးရေးကဏ္ဍတွင် နည်းပညာသုံးစွဲမှုမြင့်တက်လာပြီး နည်းပညာအသုံးပြုမှုတိုးတက်လာလျက်ရှိသည်။ ဒေတာအခြေပြု စိုက်ပျိုးရေးနည်းလမ်းများနှင့် ထောက်ပံ့ရေးစနစ်များကိုအသုံးပြုလာခြင်းကြောင့် ယခင်နှစ်များထက် ပိုမိုကောင်းမွန်သော လယ်ယာ အထွက်နှုန်းကိုရရှိစေသည်။ လယ်ယာပေါ်တွင်စိုက်ပျိုးသည့် သီးနှံအမျိုးအစားများမတူညီသော အမျိုးအစားများကို ပိုမိုစိုက်ပျိုးလာခဲ့သည်။ ဂျပန်စပါး၊ နှမ်း၊ ငရုတ်၊ ထီလာ စသည်ကဲ့သို့သော  သီးနှံအမျိုးအစားများပိုမိုစုံလင်လာခြင်းကြောင့် ထုတ်ကုန်အရောင်းဈေးကွက်ပိုင်းတွင် လမ်းမှန် တစ်ခုဖြစ်လာခဲ့သည်။ 

      မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင်နှင့်ကိုက်ညီသော စိုက်ပျိုးရေးစနစ်များ စတင်ဖြန့်ချိလျက်ရှိရာ အော်ဂဲနစ်စိုက်ပျိုးရေး၊ ရေလှောင်တမံစနစ်များအသုံးပြုခြင်း စသည်ဖြင့် လယ်ယာအတွက် အပေါ်ယံဒဏ်များကိုလျော့နည်းစေသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံ သူများသည် စိုက်ပျိုးရေးနည်းပညာဆိုင်ရာသုတေသနများ၊ လယ်ယာသိပ္ပံပညာရပ်များနှင့် စိုက်ပျိုးရေးလုပ်ငန်းများကို ပိုမိုကောင်းမွန်သော လုပ်ငန်းစနစ်များဖော်ဆောင်လာခဲ့သည်။ စိုက်ပျိုးရေးထွက်ကုန်များကို နိုင်ငံတကာဈေးကွက်များတွင်  ပိုမိုအောင်မြင်စွာရောင်းချနိုင်ခဲ့သည်။ နိုင်ငံတကာဈေးကွက်တွင် လျှော့ဈေးရှိနေသော်လည်း ကုန်ပစ္စည်းအသစ်များနှင့် စီးပွားရေးမူဝါဒများကြောင့် ကုန်သွယ်မှုအတွက် အသွားအလာပိုမိုရှိလာခဲ့သည်။ အဆိုပါအချက်များကြောင့် မြန်မာနိုင်ငံ၏စိုက်ပျိုးရေးကဏ္ဍမှာ တိုးတက်မှုဖြစ်ပေါ်လျက်ရှိသည်။

    ကုန်ထုတ်လုပ်မှုနှင့် စက်မှုလက်မှုလုပ်ငန်းသည် ထင်သာမြင်သာဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ စီးပွားရေးနှင့် နည်းပညာပိုင်း အပြောင်းအလဲများကြောင့် စက်မှုလုပ်ငန်းများတွင် စက်ရုံသစ်များဖွင့်လှစ်ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများရရှိခြင်းနှင့် အဆင့်မြှင့်တင်ခြင်းတို့ကြောင့်  စက်မှုလုပ်ငန်းများမှာ ပြိုင်ဘက်စွမ်းအားများမြင့်တက်လာခဲ့သည်။ ၎င်းတို့သည် ထုတ်ကုန်များကို ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ရန် အသစ်ထပ်မံဖြစ်လာသည့် သတင်းအချက်အလက်နည်းပညာများကိုအသုံးပြု၍ ထိန်းချုပ်ပေးနိုင်ခဲ့သည်။ ကုန်ထုတ်လုပ်မှုနှင့် စက်မှုလက်မှုလုပ်ငန်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနည်းပါးသော်လည်း အာရှဈေးကွက်များမှ ဝယ်လိုအားကြောင့် တဖြည်းဖြည်းပြန်လည်ကောင်းမွန်လာလျက်ရှိသည်။ အထူးသဖြင့် အထည်ချုပ်လုပ်ငန်းတွင် တချို့သောနယ်ပယ်များတွင် ခံနိုင်ရည်ရှိမှုလက္ခဏာများရှိနေသည်။

       ထိုကဏ္ဍများတိုးတက်မှုကြောင့် အလုပ်အကိုင်များ စွမ်းဆောင်ရည်မြှင့်တင်နိုင်ခဲ့ပြီး နိုင်ငံတကာ အဆင့်မှတ်ချက်များတွင်လည်း မြန်မာ့စက်မှုလက်မှုလုပ်ငန်းများသည် ထင်ပေါ်ကျော်ကြားလာခဲ့သည်။

    ဝန်ဆောင်မှုကဏ္ဍသည် တဖြည်းဖြည်းတိုးတက်လာပြီး အမျိုးမျိုးသော အကြောင်းအရာများကြောင့် ကဏ္ဍအသီးသီးတွင် တိုးတက်မှုများရရှိနေသည်။ ခရီးသွားလုပ်ငန်းနှင့် ဟိုတယ်စီးပွားရေးကဏ္ဍသည် COVID- 19 ၏အကျိုးဆက်များ လျော့နည်းလာခြင်း စသည့်အကြောင်းရင်းများကြောင့် နိုင်ငံတကာမှ ခရီးသွားသူများ ပြန်လည်လာရောက်စေသည်။ ပညာရေးနှင့် နည်းပညာဝန်ဆောင်မှုကဏ္ဍတွင်လည်း အွန်လိုင်းပညာရေးစနစ်များကြောင့် ထူးချွန်မှုရှိခဲ့သည်။ နည်းပညာသုံးသောစနစ်များကို အားပေးကူညီလျက်ရှိရာ ပညာရေးကဏ္ဍတွင် အရည်အသွေးစံချိန်ကိုရောက်ရှိလာစေခဲ့သည်။

       မြန်မာနိုင်ငံ၏ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ဆောင်မှုများသည် အင်တာနက်နှင့် ဆက်သွယ်ရေးနည်းပညာများပြည့်စုံလာမှုကြောင့် ပိုမိုမြန်ဆန်လာလျက်ရှိသည်။ စီးပွားရေးလုပ်ငန်းများတွင် အွန်လိုင်းစနစ်အသုံးပြုမှုများ အလွန်များပြားလာပြီး နိုင်ငံတကာလုပ်ငန်းများမှ လုပ်ငန်းလုပ်ကိုင်နိုင်စွမ်းကိုမြင့်မားစေသည်။ ကျန်းမာရေးဝန်ဆောင်မှုများအနေဖြင့် ဆေးရုံ၊ ဆေးခန်းများတွင် နည်းပညာအသုံးပြုမှုများတိုးမြှင့်လာခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများအတွက် သင်တန်းနှင့် လေ့ကျင့်ရေးအစီအစဉ်များ ပိုမိုပြုလုပ်လာခဲ့သည်။

      ဝန်ဆောင်မှုကဏ္ဍတွင် ခရီးသွားလုပ်ငန်း၊ လက်လီနှင့် ဘဏ်လုပ်ငန်းအပါအဝင် သိသာထင်ရှားသော စိန်ခေါ်မှုများနှင့်ရင်ဆိုင်နေရသည်။ ခရီးသွားလာမှုကန့်သတ်ချက်များနှင့် ဘေးကင်းရေးဆိုင်ရာစိုးရိမ်မှုများကြောင့် ပြင်းထန်စွာအကျိုးသက်ရောက်ခဲ့သည်။ မြန်မာနိုင်ငံကို ဘေးကင်းပြီး ဆွဲဆောင်မှုရှိသော နေရာတစ်ခုအဖြစ်မြှင့်တင်ရန် ကြိုးပမ်းပါက ဝန်ဆောင်မှုကဏ္ဍသည် ပြန်လည်တိုးတက်လာမည်ဖြစ်သည်။ ဝန်ဆောင်မှုကဏ္ဍတွင် တချို့သောစိန်ခေါ်မှုများရှိနေသော်လည်း စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုရုံသာမက လူမှုဘဝနှင့် စီးပွားရေးဘဝများလည်း တိုးတက်လာလျက်ရှိကြောင်း ရေးသားလိုက်ရပါသည်။

ကိုးကားချက်- Myanmar’s Domestic product and Economic Outlook 2024.

DOCA(ရန်ကုန်)